Tuesday, December 9, 2025

အပိုင်း (၆) - အလောင်းကျင်း

 အပိုင်း ၆ - အလောင်းကျင်း



ကျွန်တော်တို့ လှေကိုရပ်လိုက်ကြတယ် ။ ဒါက ဂူရဲ့ အန္တရာယ်အရှိဆုံး အပိုင်း ဖြစ်လိမ့်မယ် ။ ကျွန်တော်တို့ ဘာမှ သေချာ မပြင်မဆင်ဘဲ ဝင်မသွားသင့်ဘူး ။ တတိယဦးလေးက လက်ပတ်နာရီကို ကြည့်လိုက်ပြီး ပြောတယ် ။ “ ဒီအလောင်းဂူက ဝင်သွားပြီးရင် ပြန်ထွက်မလာနိုင်တော့တဲ့ ဂူမျိုးပဲ ငါတို့ သဲကျင်လာတာ ဒီလောက်ကြာပြီ ဒီလိုနေရာမျိုးကို ဒါပထမဆုံး ဝင်လာဖူးတာပဲ ငါ့အထင် ဒီဂူမှာ တကယ် ထူးဆန်းတာတွေ ရှိနိုင်တယ်”


ဖန်းကျစ်က လေသံတိုးတိုးနဲ့ တခွန်းထပြောတယ် ။ 


“ အကျိုးနဲ ၊ အဲဒါပြောဖို့ လိုနေသေးလို့လား”


တတိယဦးလေးက သူ့ကို မျက်လုံးတစ်ချက် ထောင့်ကပ်ကြည့်လိုက်ပြီး ဆက်ပြောတယ် ။ “ ဒါပေမဲ့ ဒါက ဟိုအဘိုးကြီးရဲ့ တဖက်သတ်ပြောစကားပဲ ၊ ဒီဂူက ဟိုလှေထိုးသမားပဲ ဝင်ထွက်လို့ရတယ် တခြားသူသွားလို့ မရဘူးဆိုတာ ဟုတ်လား မဟုတ်လား ငါတို့ သိနိုင်ဖို့ရာ မဖြစ်နိုင်တော့ဘူး တကယ်လို့ ဒီဂူက…” သူက အလေးအနက်ထားပြီး ဆက်ပြောလာတယ် ။ “ တကယ်ပဲ အလောင်းဂူဆိုရင်တော့ ရှေ့မှာ သေချာပေါက် အန္တရာယ်ရှိလာနိုင်တယ် ဘာနဲ့တွေ့မယ်ဆိုတာ ငါတို့ဘယ်လိုမှ မသိနိုင်ဘူး ၊ တစ္ဆေလှည့်စားလို့ ဝင်္ကပါထဲ တဝဲလယ်လယ်ဖြစ်ပြီး လှေက ဘယ်ကိုရောက်မှန်းမသိ ရောက်သွားတာမျိုး ဖြစ်နိုင်သလို ရေသရဲတွေရာနဲ့ချီရောက်လာပြီး ငါတို့လှေကို တိုက်ခိုက်မှောက်လှန်ပစ်တာမျိုးလည်း ဖြစ်နိုင်တယ်”


သာ့ခွေက သက်ပြင်းတစ်ချက်ရှိုက်သွင်းလိုက်ပြီး ပြောတယ် ။ “ အဲဒီလောက်ကြီးတော့ မဖြစ်လောက်ဘူး မှတ်လား?”


“ အတိုချုပ်ပြောရရင် ဘယ်လိုကိစ္စမျိုးမဆို ဖြစ်သွားနိုင်တယ် ငါတို့ ဒီတစ်ခေါက် သင်္ချိုင်းဖောက်တာမှာ ဂူသင်္ချိုင်းနေရာကိုတောင် မရောက်သေးဘူး ဒီလောက်အန္တရာယ်များတဲ့ ကိစ္စကြီးနဲ့ ကြုံရတာက ကံမကောင်းတာပဲ ၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သင်္ချိုင်းဖောက်ရင် တစ္ဆေမကြောက်နဲ့ တစ္ဆေကြောက်ရင် သင်္ချိုင်းမဖောက်နဲ့ ဒါပဲ ဒီလုပ်ငန်းကို လုပ်ပြီဆိုမှတော့ ထူးဆန်းတဲ့အရာတွေနဲ့ မကြုံတွေ့ဘူးဆိုရင် ဘာအဓိပ္ပါယ်ရှိမှာလဲ” တတိယဦးလေးက ကျောပိုးအိတ်တစ်လုံးထဲက နှစ်လုံးပြူးပြောင်းချော သေနတ်ကိုထုတ်ယူဖို့ ဖန်းကျစ်ကို လက်ဟန်ပြလိုက်ရင်း ပြောတယ် ။ “အခု ငါတို့လက်ထဲမှာ နည်းပညာက ဟိုခေတ်က အရင်လူတွေထက် ပိုမြင့်မားနေပြီ တကယ်ရေသရဲသာဆိုရင်လည်း သူတို့ကံဆိုးတာပဲ!”


သာ့ခွေက ကြောက်လွန်းလို့ တုန်ယင်နေတယ် ။ ကျွန်တော်က တတိယဦးလေးကို ပြောလိုက်တယ် ။ “ ဦးလေးရဲ့ စစ်မထွက်ခင် လှုံဆော်စည်းရုံးစကားက ဘယ်လိုလုပ် သရဲပုံပြင်လိုဖြစ်နေရတာလဲ ? သက်ရောက်မှုက ပြောင်းပြန်ဖြစ်သွားပြီ”


တတိယဦးလေးက သေနတ်မောင်းခလုတ်ကိုဆွဲလိုက်ပြီး “ ဒီကောင်ကတော့ ဒီတစ်ခေါက် ငါ့မျက်နှာကို အိုးမည်းသုတ်လိုက်တာပဲ ဒီလောက်အသုံးမကျမှန်း မထင်ထားဘူး ၊ သူ့အမေကြီးတော်နဲ့မှ မလာခင်ကတော့ စွမ်းအားကြီးမား မဟာလူသားလိုလို ကြွားပြောနေပြီးတော့” လို့ ပြောတယ် ။ 


နောက်တော့ သေနတ်ကို မန့်ယိုဖျင်ဆီ ကမ်းပေးလိုက်ပြီး “ ဒီကောင်က တစ်ခါကို နှစ်ချက်ပစ်လို့ရတယ် ပြီးရင်တော့ ကျည်ပြန်ဖြည့်ရမယ် ဒါတွေအားလုံးက ပြောင်းချောသေနတ်တွေချည်းပဲ ဒါကြောင့် အဝေးကြီးက ပစ်မှတ်အတွက်ဆိုရင်တော့ အစွမ်းသိပ်မရှိဘူး သေချာချိန်ပြီးတော့မှ ပစ်ပါ” လို့ ပြောလိုက်တယ် ။


ကျွန်တော်က နှစ်လုံးပြူးပြောင်းချောသေနတ်နဲ့ အတော်လေးရင်းနှီးတယ် ။ ငယ်ငယ်က skeet and trap shooting မှာ ဆုတောင်ရဖူးတယ် ။ ဒါကြောင့် သေနတ်ကို ကောင်ကိုင်ထားလိုက်တယ် ။ တတိယဦးလေးနဲ့ သာ့ခွေတို့က လက်တစ်ဖက်မှာ စစ်သုံးဓားမြှောင်နဲ့ ကျန်လက်တစ်ဖက်က လှေလှော်ရာမှာသုံးတဲ့ ခေါက်ဂေါ်ပြားတွေကို ကိုင်ထားကြတယ် ။ ဖန်းကျစ် ၊ ကျွန်တော်နဲ့ မန့်ယိုဖျင်တို့က သေနတ်တွေကိုင်ထားရင်း မီးစုန်းအလင်းများရှိရာ အလောင်းကျင်းဆီကို ဖြည်းဖြည်းချင်း ဦးတည်လှော်ခတ်သွားကြတော့တယ် ။ 


သတ္တုတွင်းသုံးမီးအိမ်ရဲ့ ခပ်ဖျော့ဖျော့ အလင်းရောင်အောက်မှာ ဒီဂူက တဖြည်းဖြည်းနဲ့ ကြီးမားကျယ်ပြန့်လာတာကို ကျွန်တော်တွေ့လိုက်ရတယ် ။ အဲဒီမီးစုန်းအလင်းရောင်တွေနဲ့ ပိုနီးသထက်နီးလာတဲ့အခါ အရင်ဆုံး ဘေးက မန့်ယိုဖျင်ဆီက ကျွန်တော်နားမလည်တဲ့ ဘာသာစကားတစ်ခုနဲ့ တိုးတိုးရေရွတ်သံကို ကြားလာရပြီးနောက် ဖန်းကျစ်ရဲ့ ခပ်ကြမ်းကြမ်း ဆဲရေးသံကိုလည်း ကြားလိုက်ရပြန်တယ် ။ အဲဒီနောက် ကျွန်တော် တစ်သက်လုံး မေ့မရနိုင်တော့မယ့် မြင်ကွင်းမျိုးကို မြင်တွေ့လိုက်ရတော့တယ် ။ 


အစိမ်းရောင်အလင်းတွေ တောက်နေတဲ့ ဂူရဲ့ ဒီအစိတ်အပိုင်းက ပွင့်လန်းသာယာလာပြီး အင်မတန်ကြီးမားတဲ့ သဘာဝ ကျောက်လှိုဏ်ဂူကြီးအဖြစ် ပြောင်းလဲလာတယ် ။ ရေလမ်းကြောင်းလေးဟာလည်း ကျောက်လှိုဏ်ဂူအတွင်းက မြစ်တစ်စင်းအဖြစ် ပြောင်းလဲလာပြီး မြစ်ကြောင်းရဲ့ ဘေးနှစ်ဖက်က ရေတိမ်သောင်ပြင်ပေါ်မှာ လူလား တိရိစ္ဆာန်လားတောင် ခွဲခြားလို့ မရနိုင်တော့တဲ့ စိမ်းဖန့်ဖန့်အလောင်းကောင်တွေချည်းပဲ ။ ဂူရဲ့ အတွင်းကျကျအပိုင်းမှာ လူက သေသေချာချာ စုပုံစီရီပေးထားသလို ထင်ရတဲ့ လုံးဝ စီစီညီညီရှိနေတဲ့ အရိုးခေါင်းတွေ အတန်းလိုက် အတန်းလိုက် ရှိနေတာကို မြင်နိုင်တယ် ။ ဒါပေမဲ့ အပြင်ဘက်ပိုင်းမှာတော့ ပိုပြီး ရှုပ်ရှုပ်ထွေးထွေး စုပုံနေကြတယ် ။ အထူးသဖြင့် မြစ်ကမ်းဘေးတလျှောက်ပေါ်မှာပေါ့ ။ ပုံစံမျိုးစုံနဲ့ ရှိနေပြီး လုံးဝ ပုပ်သိုးမသွားသေးတဲ့ အလောင်းတွေလည်း အများကြီးရှိနေသေးတယ် ။ အဲဒီအလောင်းကောင်တွေရဲ့ အပြင်ဘက်ပိုင်းမှာ မီးခိုးရောင်အလွှာပါးပါးတစ်ထပ် ဖုံးလွှမ်းနေပြီး သူတို့ရဲ့ ကိုယ်ခန္ဓာပေါ်မှာ ပလက်စတစ်တစ်ထပ် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထုတ်ပိုးထားသလို ထင်ရတယ် ။ တစ်ခါတစ်လေ ဧရာမအလောင်းစားပိုးကောင်ကြီးတွေဟာ အလောင်းတွေထဲကနေ ဖောက်ထွက်လာတတ်ပြီး အဲဒီအလောင်းစားပိုးကောင်တွေဟာ ကျွန်တော်တို့ လှေဦးပေါ်က ကောင်ထက်တော့ အတော်လေး သေးငယ်ပေမဲ့ ပုံမှန်အလောင်းစားပိုးကောင်တွေထက်တော့ လေးငါးဆပိုကြီးမားတယ် ။ အလောင်းစားပိုးကောင်ငယ်လေးတွေဟာ အစာဝေစုလာယူကြပေမဲ့ အလောင်းကောင်ပေါ် တွယ်တက်လိုက်တာနဲ့ ဟိုအလောင်းစားပိုးကောင်ကြီးတွေက အကောင်ငယ်တွေကို ကိုက်သတ် စားသောက်ပစ်လိုက်တော့တယ် ။ 


“ ဒီအလောင်းတွေ အများစုက မြစ်အထက်ပိုင်းကနေ မျောပါလာပြီး ဒီမှာ လာသောင်တင်နေတာပဲ ။ အားလုံးသတိထားကြ ဘေးဘီဝဲယာမှာ ထူးခြားတဲ့ အရာတွေ ရှိမရှိ ကြည့်ကြည့်”


“ကြည့်လိုက်” သာ့ခွေက မျက်စိလျင်လျင်နဲ့ ဘေးက တောင်နံရံပေါ်ကို လက်ညိုးထိုးပြတယ် ။ ကျွန်တော်တို့ လှည့်ကြည့်လိုက်တဲ့အခါ စိမ်းရောင်သန်းသန်း ကြည်လင်နေတဲ့ သလင်းကျောက်အခေါင်းတစ်ခုကို တောင်နံရံမှာ ထောင့်မှန်အနေအထားနဲ့ ကျောက်နံရံထဲကို အနည်းငယ်ထည့်သွင်းမြှုပ်နှံ ချိတ်ဆွဲထားတာကိုတွေ့ရတယ် ။ မြင်ရပုံက အခေါင်းဟာ လေဟာနယ်ထဲမှာ မျောလွင့်နေသလိုလိုနဲ့ အခေါင်းထဲမှာ အဖြူရောင်ဝတ်ဆင်ထားတဲ့ အမျိုးသမီးအလောင်းတစ်ခု ရှိနေသလိုပဲ ။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ သိပ်ဝေးလွန်းတာကြောင့် သေသေချာချာ မမြင်ရဘူး ။ 


“ ဟိုဘက်မှာလည်း ရှိတယ်” ဖန်းကျစ်က အခြားတစ်ဖက်ကို လက်ညိုးထိုးပြတယ် ။ ကျွန်တော်တို့ ကြည့်လိုက်တော့ တောင်နံရံရဲ့ အခြားတစ်ဖက် တူညီတဲ့နေရာမှာပဲ အလားတူ ကျောက်သလင်းအခေါင်းတစ်ခု ရှိနေပြီး အထဲမှာတော့ ဗလာကျင်းနေခဲ့တယ် ။ 


တတိယဦးလေးက ပင့်သက်ရှိုက်လိုက်ပြီး ပြောတယ် ။ 


“အလောင်းက ဘယ်ရောက်သွားတုံး?”


“ဇမ်ဘီ ဖြစ်သွားတာလား?” သာ့ခွေက မေးတယ် ။ “ တတိယသခင် ဒီနေရာမှာ ဇမ်ဘီတော့ မရှိနိုင်လောက်ဘူးလေ ဟုတ်တယ်မဟုတ်လား?”


“ မင်းတို့တွေ အားလုံး သတိထားကြ တကယ်လို့ လှုပ်နေတဲ့ အရာတစ်ခုခုတွေ့ရင် ဘာမှမေးမနေနဲ့ အရင်ပစ်” လို့ တတိယဦးလေးက ပတ်ဝန်းကျင်ကို သတိနဲ့ ကြည့်ရှုရင်း ပြောလာတယ် ။


အဲဒီအချိန် မြစ်ကြောင်းက တစ်ဖက်ကို ချိုးကွေ့သွားပြီး အရိုးတွေပုံထပ်နေတဲ့ နေရာကို ကျွန်တော်တို့ ဖြတ်ကျော်လာခဲ့တယ် ။ သာ့ခွေက အသံကျယ်ကျယ်ထအော်ပြီး လှေပေါ်နောက်လန်လဲကျသွားချိန် အဖြူရောင်ဝတ်ရုံနဲ့ မိန်းမတစ်ယောက်ကို ကျွန်တော်တို့ မျက်စိနဲ့ တပ်အပ်မြင်လိုက်ကြရတယ် ။ သူက ကျွန်တော်တို့ကို ကျောပေးထားပြီး အနက်ရောင်ဆံပင်တွေက ကျောပေါ်ကနေ ခါးလောက်ထိ ဖြာကျနေတယ် ။ သူ့ရဲ့ ဝတ်ရုံ ခါးစည်းက အဆင်တန်ဆာတွေကိုကြည့်ပြီး  ရှီးကျိုးခေတ်က ဖြစ်မယ်လို့ ကျွန်တော် ကောက်ချက်ချလိုက်တယ် ။ ကျွန်တော် အလိုလို တံထွေးမြိုချလိုက်မိပြီး “ အလောင်းက ဒီမှာလေ___” လို့ ပြောလိုက်တယ် ။


“ရပ် ___ရပ်” တတိယဦးလေးက နဖူးကချွေးစေးတွေကို သုတ်လိုက်တယ် ။ “ သာ့ခွေ အိတ်ထဲက မြည်းနက်ရဲ့ခွာကိုထုတ်ပေးစမ်း ! ဒါက နှစ်ပေါင်းတစ်ထောင်လောက်ရှိနေတဲ့ ဇမ်ဘီဖြစ်နိုင်တယ် ၁၉၂၃လောက်က ခွာကို ယူလိုက် အသစ်ဆို သူက ရမှာမဟုတ်ဘူး”


နှစ်ခါလောက်ထပ်ပြောပေမဲ့ သာ့ခွေက လှုပ်ရှားမလာဘူး ။ ကျွန်တော်တို့ နောက်လှည့်ကြည့်လိုက်တဲ့အခါ သူက ပါးစပ်မှာ အမြှုပ်တစီစီနဲ့ အဲ့နားမယ် အကျောဆွဲနေပြီ။ ကျွန်တော့်မယ် အခြေအနေက ခွင့်မပြုလို့သာ မဟုတ်ရင် ထရယ်မိလောက်တယ် ။ 


“ဖန်းကျစ် မင်းသွားယူစမ်း ၊ သူ့အမေကြီးတော်နဲ့မှပဲ နောက်တခါ ငါသူ့ကို ထပ်ခေါ်သွားမိရင် ကိုယ့်ဟာကိုယ်ပဲ ဇမ်ဘီစားခံလိုက်တော့မယ်” 


တတိယဦးလေးက ဖန်းကျစ်ဆီက မြည်းနက်ခွာကို ယူလိုက်ပြီး သူ့လက်ဖဝါးပေါ် တံထွေးနှစ်ခါထွေးလိုက်ရင်း “ ဝူအိမ်က တတိယသခင်ရဲ့ လက်စွမ်းကို ကြည့် ၊ ငါ့တူကြီး သေချာကြည့်ထားနော် ဒီနှစ်တစ်ထောင်ဇမ်ဘီက တွေ့နိုင်ခဲတယ် ငါ မအောင်မြင်ရင် မင်းငါ့ငယ်ထိပ်ကိုသာ တစ်ချက်တည်း ပစ်ပြီး မင့်တတိယဦးလေးကို မြန်မြန်သေရအောင် လုပ်ပေးလိုက်” လို့ ပြောလာတယ် ။


ကျွန်တော်သူ့ကို ဆွဲထားလိုက်တယ် ။ “ ဦးလေးဟာက ပိုင်နိုင်မှုရော ရှိလို့လား” 


တကယ်တော့ ကျွန်တော်သိပ်ကြောက်မနေခဲ့ဘူး ။ အရင်က ဒီလိုအဖြစ်မျိုး မကြုံဖူးထားတော့ အဲဒီတကိုယ်လုံး အဖြူဝတ်ထားတဲ့ သွယ်သွယ်နွဲ့နွဲ့ အမျိုးသမီးရဲ့ ကျောပြင်က အနည်းငယ် ဝမ်းနည်းစရာကောင်းနေသလို ထင်မိတယ် ။ ဒါပေမဲ့ ပုံမှန် ထိတ်လန့်သည်းဖို ရုပ်ရှင်ကားတွေထဲမှာ အဲဒီလို ဆံပင်ရှည်နဲ့ အဖြူရောင်ဝတ် မိန်းမတွေ တစ်ဖက်လှည့်လာရင် ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး ။ ဒီနေရာမှာ စိတ်ကို လွှမ်းမိုးသက်ရောက်မှု ရှိနေပြီး ကျွန်တော့်နှလုံးက တဒိန်းဒိန်းခုန်နေခဲ့တယ် ။ 


အဲဒီအချိန် မန့်ယိုဖျင်ကလည်း တတိယဦးလေးရဲ့ ပုခုံးကို တစ်ချက်ပုတ်ပြီး ပြောလာတယ် ။ 


“ မြည်းနက်ခွာက အလောင်းကောင်တွေကို ရင်ဆိုင်ရာမှာ သုံးတာမှန်တယ် ဒါပေမဲ့ ဒီကောင်က အလောင်းကောင်မဟုတ်ဘူး ကျွန်တော်ကိုင်တွယ်လိုက်ပါ့မယ်”


သူက အိတ်ထဲကနေ ရှည်မျောမျောအရာတစ်ခုကို ထုတ်ယူလိုက်တယ် ။ အဲဒါဟာ ကျွန်တော့်တတိယဦးလေးဆီက သူဝယ်သွားခဲ့တဲ့ နဂါးကျောရိုးအဆင့် ရှေးဟောင်းပစ္စည်းမှန်း ကျွန်တော်မှတ်မိလိုက်တယ် ။ သူက အဲဒီအရာကို ပတ်ထားတဲ့ ပိတ်ကို ဖြေချလိုက်တဲ့အခါ အထဲမှာ နက်မှောင်နေတဲ့ ရှေးဟောင်းဓားတစ်ချောင်းရှိနေတယ် ။ ကြည့်ရတာ သံနက်နဲ့ ပြုလုပ်ထားပုံရတယ် ။ 


သူက ဓားနဲ့ သူ့လက်ခုံပေါ် တစ်ချက် ခြစ်လိုက်ပြီး လှေဦးမှာ ရပ်ကာ သွေးစက်တွေကို ရေထဲ တစ်စက်တစ်စက်ကျသွားစေတယ် ။ သွေးတစ်စက် ရေထဲကျလိုက်တာနဲ့ အလောင်းစားပိုးကောင်တွေအားလုံးဟာ တစ္ဆေတွေ့လိုက်သလို အလောင်းကောင်တွေထဲကထွက်ပြီး ကျွန်တော်တို့လှေနဲ့ ဝေးဝေးဆီကို အသည်းအသန် ပြေးသွားကုန်တော့တယ် ။ တခဏအတွင်းမှာပဲ ကျွန်တော်တို့ လှေပတ်ပတ်လည် ရေထဲကအလောင်းစားပိုးကောင်တွေရော အလောင်းတွေထဲက အလောင်းစားပိုးကောင်တွေရော အားလုံးဟာ အရိပ်တောင် မကျန်အောင် ထွက်ပြေးသွားကုန်ကြတော့တယ် ။ 


တစ်ခဏအတွင်းမှာပဲ မန့်ယိုဖျင်ရဲ့ လက်တစ်ခုလုံးဟာ သွေးတွေနဲ့ ရွှဲနစ်လာတယ် ။ သူက အဲဒီသွေးရွှဲစိုနေတဲ့လက်နဲ့ အဖြူရောင်ဝတ်အမျိုးသမီးဆီ လက်ညှိုးညွှန်လိုက်တယ် ။ အဲဒီအမျိုးသမီးဟာ ရုတ်ခြည်း ဒူးထောက်ကျသွားတော့တယ် ။ ကျွန်တော်တို့အားလုံး အံ့ဩတကြီးနဲ့ ငိုင်ကျသွားကုန်တယ် ။ မန့်ယိုဖျင်က တတိယဦးလေးကို ပြောလိုက်တယ် ။ 


“ မြန်မြန်သွား လုံးဝနောက်လှည့်မကြည့်နဲ့ !”


အဲဒီအမျိုးသမီးက ဘယ်လိုပုံစံလည်းလို့ ကျွန်တော်အရမ်း ကြည့်ကြည့်ချင်ပေမဲ့ လှည့်ကြည့်လိုက်ရင် မာတောင့်တောင့်အလောင်းကောင် မျက်နှာကြီးများ ဖြစ်နေမလား တွေးမိပြီး အရဲမစွံ့တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ။ တတိယဦးလေးနဲ့ ဖန်းကျစ်တို့ဟာ လှေကို အသည်းအသန်လှော်ခတ်လာလိုက်တာ နောက်ဆုံးတော့ ရှေ့မှာ တဖြည်းဖြည်းသေးငယ်သွားတဲ့  လှိုဏ်ခေါင်းဝတစ်ခုကို တွေ့လိုက်ရတယ် ။ အဲဒီလှိုဏ်ခေါင်းက ကျွန်တော်တို့ ဝင်လာခဲ့တုန်းက လှိုဏ်ခေါင်းနဲ့ သိပ်မကွာလှဘူး ။ ကြည့်ရတာ ဒီဂူကြီးက တောင်ရဲ့ အလယ်တည့်တည့် ဖြစ်လောက်တယ် ။ ဘေးနှစ်ဖက်က တူးလာပြီးတဲ့ နောက်မှ ဒီရေလမ်းကြောင်း ရှိလာခဲ့ပြီး နှစ်ဖက်လုံးမှာ ရှိတဲ့ ဝင်ပေါက်ထွက်ပေါက်တွေက သေးငယ်လွန်းတဲ့ ဆံခြည်မျှင်လို ဖွဲ့စည်းတည်ဆောက်ပုံမျိုးဖြစ်နေတာ ဖြစ်မယ် ။ နှစ်ဘက်လုံးက ရေမျက်နှာပြင်က လှိုဏ်ခေါင်းလမ်းကြောင်းကို လွှမ်းသွားရင်တောင် အတွင်းထဲမှာ ခြောက်သွေ့နေအောင် ထိန်းသိမ်းထားနိုင်သေးတယ် ။ 


ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ သင်္ချိုင်းဖောက်သမား လှိုဏ်ခေါင်းထဲ ဝင်လာကြပြီး ခေါင်းမငုံလို့ မရတော့ပြန်ဘူး ။ သင်္ချိုင်းဖောက်သမား လှိုဏ်ခေါင်းထဲ မဝင်ခင်မှာ ကျွန်တော် သတိထားခဲ့တယ် ။ နောက်လှည့်မကြည့်ရဘူးလို့ ပြောထားတယ် မဟုတ်လား ။ ကျွန်တော်တို့နောက်ကနေ သူလိုက်လာမလာ ကျွန်တော် ရေထဲက အရိပ်ကို ကြည့်လိုက်ရင် ဖြစ်တာပဲ ။ ဒါပေမဲ့ ကျွန်တော် မကြည့်လိုက်မိရင်ကောင်းသား ။ ကြည့်လိုက်မိတာ တစ်ခါတည်း နှလုံးရပ်ချင်သွားတယ် ။ ရေထဲက အရိပ်ထဲမှာ ဘာမှန်းမသိတဲ့ဟာကြီး ကျွန်တော့်ကျောပေါ်မှာ တလျှောက်လုံး တွယ်ကပ်ပါလာနေခဲ့တာ ။ ကျွန်တော် ထအော်မိတော့မလိုနဲ့ အလိုလိုနောက်လှည့်ကြည့်လိုက်မိလိုက်ချိန် ခေါင်းနောက်ကို ခပ်လေးလေးအရာတစ်ခုနဲ့ ရိုက်ခံလိုက်ရပြီး အရာရာဟာ မည်းမှောင်သွားကာ ဘာမှကို မသိနိုင်တော့ဘူး ။ 



TBC

No comments:

Post a Comment

အပိုင်း (၆) - အလောင်းကျင်း

  အပိုင်း ၆ - အလောင်းကျင်း ကျွန်တော်တို့ လှေကိုရပ်လိုက်ကြတယ် ။ ဒါက ဂူရဲ့ အန္တရာယ်အရှိဆုံး အပိုင်း ဖြစ်လိမ့်မယ် ။ ကျွန်တော်တို့ ဘာမှ သေချာ မပ...