အပိုင်း ၅ - ရေထဲက အရိပ်
“ယိုး~ ငါ့ရဲ့ ဘိုးဘိုးလေးရယ် ၊ ငါ့ကို မခြောက်စမ်းပါနဲ့ ၊ ငါက လူကောင်သာကြီးတာ အဲဒီလိုဘာမှန်းမသိတဲ့အရာဆိုတာကို အကြောက်ဆုံးပဲ ၊ မင်းက ဓားပြတစ်သိုက်လို့ ပြောလာရင်တောင် ငါ သာ့ခွေက အာရုံထဲ မထည့်ဘူး ၊ ဒီဟာက ဘာမှန်းတောင် မသိဘူးဆိုတော့ မင်းကြည့် ငါ့ခြေထောက်တွေတောင် ပျော့ခွေလာပြီ”
ဒီနေရာမှာ ဆက်နေနေလို့ ဘာအကြောင်းမှ မရှိဘူးလို့ ကျွန်တော့်စိတ်ထဲတွေးမိလာတယ် ။ နောက်ပြီး ကျွန်တော့်စိတ်ထဲမှာ မသက်မသာ ခံစားချက်မျိုး တစ်လျှောက်လုံး ပေါ်တလှည့် ပျောက်တလှည့် ဖြစ်နေသေးတယ် ။ ဒီလှိုဏ်ဂူရဲ့ ဖိအားက ကျွန်တော်စိတ်အခြေအနေကို သက်ရောက်မှုဖြစ်စေတာပဲလား ဘာလားတော့ မသိဘူး ။ အဲဒါနဲ့ ကျွန်တော်လည်း ပြောလိုက်တယ် ။
“ဘာပဲဖြစ်ဖြစ် ဂရုစိုက်မနေနဲ့တော့ အခုအရေးအကြီးဆုံးက အမြန်ဆုံးထွက်ဖို့ပဲ ၊ ကျွန်တော်တို့ အခု ရေဆန်သွားနေတာဆိုတော့ နောက်ပြန်ထွက်လိုက်ရင် လာတုန်းကထက် အချိန်ပိုမြန်နိုင်မယ် ၊ ကျွန်တော့်အထင် ကျွန်တော်တို့ ဒီဂူထဲဝင်လာတာ ဆယ်မိနစ်တောင် မရှိတတ်သေးဘူး ၊ ပြန်ထွက်ရင် ဘာမှ ပြဿနာမရှိလောက်ဘူး”
“ဟုတ်တယ် ဟုတ်တယ် တတိယသခင်ငယ်လေး ပြောတာမှန်တယ်” သာ့ခွေက ခပ်မြန်မြန် သံယောင်လိုက်တယ် ။ “ တတိယသခင်လည်း နည်းနည်းပါးပါး ပြောပါဦး ၊ အလွန်ဆုံးမှ ကျွန်တော်တို့ ပြန်ထွက်ပြီးရင်လည်း တောင်ကို ပတ်သွားရရုံပေါ့ ၊ ပစ္စည်းတွေ အကုန်လုံး ကျွန်တော်သယ်မယ် ၊ ကျွန်တော်က အားကြီးပါတယ် ၊ တစ်ရက် နှစ်ရက်ဆိုတဲ့ အချိန်က ဘာမှ သိပ်မကွာပါဘူး ကျွန်တော်တို့ ဂူမြန်မြန်တူးလိုက်ရင် ပြန်ကာမိနိုင်တာပဲ ဟုတ်တယ် မဟုတ်လား”
တတိယသခင်က မန့်ယိုဖျင်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်ပြန်တယ် ။
“အစ်ကိုလေး မင်းဘယ်လိုထင်လဲ?”
မန့်ယိုဖျင်က တည်ငြိမ်စွာနဲ့ ပြောတယ် ။
“အခုမှ ပြန်ထွက်ချင်လို့ မမှီတော့မှာ စိုးရိမ်ရတယ် ၊ ဟိုလူနှစ်ယောက် ကျွန်တော်တို့ကို ပေးဝင်လိုက်တာက ကျွန်တော်တို့ ပြန်ထွက်မရမှန်း သေချာနေလို့ ဖြစ်ရမယ်”
“မထွက်လို့ ဒီမှာပဲ အိုသေဖို့ စောင့်နေရမှာလား ?”
ဖန်းကျစ်က သူ့ကို ကြည့်လိုက်တော့ မန့်ယိုဖျင်က တစ်ချက်ကြည့်ပြီး တစ်ဖက်လှည့်သွားကာ မျက်လုံးတွေမှိတ်ပြီး အနားယူနေတော့တယ် ။
ဖန်းကျစ်တစ်ယောက် ကြိုဆိုမခံရရှာဘဲ အိမ်ရှင်က တံခါးပါပိတ်သွားသလို ခံလိုက်ရတာကြောင့် မတတ်သာပဲ တတိယဦးလေးကိုသာ ပြောလိုက်ရတယ် ။
“ကျွန်တော်တို့ ဒီအတိုင်းဆိုရင် ရှေ့ဆက်သွားဖို့က မဖြစ်နိုင်ဘူး ၊ အားခွေကိုပဲကြည့် ကြောက်လို့သေတော့မယ် ၊ ကျွန်တော်တို့ နောက်ပြန်လှည့်ရင် အခုဝင်လာတဲ့ လမ်းက သိပ်မရှုပ်ထွေးသေးဘူး ထွက်လို့ ရကောင်းရနိုင်တယ် ၊ တကယ်ကြီး ချီမန်သွမ့်ကျာ (အံ့ဖွယ်တံခါး ဂမ္ဘီရဝင်္ကဘာ) တို့ဘာတို့နဲ့တွေ့တယ်ဆိုလည်း ကျွန်တော်တို့ နည်းလမ်းထပ်ရှာကြတာပေါ့”
“ဒီနည်းလမ်းပဲ ရှိတော့တယ်” တတိယဦးလေးက ခေါင်းညိတ်ရင်း ဖန်းကျစ်ကိုပြောလိုက်တယ် ။
“ရှေ့မှာရော နောက်မှာရော မီးအိမ်တစ်ခုစီထွန်း ၊ မင်း ဟိုအမဲလိုက် ရိုင်ဖယ်တွေအားလုံးကို ထုတ်ပိုးလိုက် ၊ ငါနဲ့ အားခွေနဲ့က အဲဒါတွေကို သုံးပြီး လှေထိုးမယ် ၊ ဖန်းကျစ်နဲ့ ငါ့တူနဲ့က နောက်ဘက်ကိုသေချာကြည့်ထား ၊ အစ်ကိုလေး မင်းက ငါ့ကို လမ်းညွှန်ပေး”
ကျွန်တော်တို့အားလုံး သဘောတူလိုက်ကြတယ် ။ ဖန်းကျစ်က သတ္ထုတွင်းသုံးမီးအိမ်တစ်လုံး ထုတ်ယူလိုက်ပြီး ကျွန်တော်တို့ရဲ့ နောက်မှာ ထွန်းလိုက်တဲ့အခါ နောက်ကလှေပေါ်က နွားဟာ မီးအလင်းရောင်စူးသွားတာကြောင့် တစ်ချက်အော်လိုက်တယ် ။ ဖန်းကျစ်တစ်ယောက် ဆဲရေးလိုက်မိတော့တယ် ။
“တတိယသခင် ဒီနွားကို ရေထဲတွန်းချလိုက်မှရမယ် မဟုတ်ရင် ဘယ်လိုမှ လှေထိုးလို့ရမှာ မဟုတ်ဘူးလေ”
စောစောက မီးကို ရှေ့ဘက်မှာပဲ ထွန်းထားခဲ့တာကြောင့် ကျွန်တော်တို့ဟာ သတိမပြုမိတော့ဘဲ မူလက လှေနောက်တစ်စီး နောက်မှာ ဆွဲလာခဲ့သေးတယ်ဆိုတာကို လုံးဝမေ့သွားခဲ့ကြတာလေ ။ အခုမြင်လိုက်တော့မှ အလန့်တကြားဖြစ်သွားကြတယ် ။ ကြည့်ရတာ ဟိုသူခိုးကြီးနှစ်ကောင်က စဉ်းစားတာ တကယ် အကွက်စိပုံပဲ ။ ဒီဂူရဲ့ အမြင့်ကဖြင့် အဲဒီနွားတောင် ထရပ်လို့ မရဘူး ။ နွားကို ရေထဲချဖို့ အသာထား အဲဒီလှေတစ်စီးစာ ပစ္စည်းတွေနဲ့ နွားနဲ့တင် လှေက ရေထဲတော်တော်နစ်ဝင်နေပြီ ကျွန်တော်တို့ လူတွေပါ ထပ်တက်လိုက်ရင် လှေထိုးနိုင်ဖို့အသာထား လှေတောင်မြှုပ်သွားနိုင်တယ် ။ လက်ရှိပုံစံက နောက်ဖက်က ဒီလှေဟာ ဗူးဆို့ တစ်ခုလို ကျွန်တော်တို့ထွက်ပေါက်ကို ပိတ်ဆို့ထားသလို ဖြစ်နေတော့တယ် ။
အဲဒီအချိန် ဂူရဲ့ နက်ရှိုင်းတဲ့ အတွင်းပိုင်းဆီက ထွက်လာတဲ့ ထူးဆန်းတဲ့ အသံကို ကျွန်တော် နားနဲ့ဆတ်ဆတ်ကြားလိုက်ရတယ် ။ နောက်ပြီး အသံက အရင်တစ်ခေါက်ကြားခဲ့ရတာထက် ပိုပြီး နီးကပ်လာတာ သိသာလွန်းတယ် ။ အဲဒီအသံက မရေမတွက်နိုင်တဲ့ သရဲလေးတွေ ကွယ်ရာမှာ တိုးတိုးတိတ်တိတ် အတင်းပြောနေကြတဲ့ စကားသံတွေလိုပဲ ။ လူကိုအတော်လေး စိတ်မသက်မသာ ခံစားရစေတယ် ။ အားလုံး တိတ်ဆိတ်သွားကြပြီး တစ်ချိန်တည်း ခြောက်ချားဖွယ်ရာ အခြေအနေက အထွပ်ထိတ်ကို ရောက်ရှိလာတယ် ။ ရုတ်တရက်ဆိုသလို ကျွန်တော့်ရဲ့ အာရုံတွေအားလုံးက အဲဒီအသံဆီကိုပဲ ရောက်သွားခဲ့တယ် ။ အကြိမ်ပေါင်းများစွာ အာရုံကို ပြန်စုစည်းဖို့ကြိုးစားပေမဲ့ ချက်ချင်း ပြန်ဆွဲယူသွားခံရပြန်တယ် ။ စိတ်ထဲ မဟန်ဘူး ဒီအသံက ထူးဆန်းတယ် ! လို့ အော်လိုက်မိသွားတယ် ။ ကျွန်တော့်မှာ သိပေမဲ့လည်း ဘယ်လိုမှ အာရုံပြန်စုစည်းလို့ မရနိုင်ဘူး ။ တစ်ချိန်လုံး ခေါင်းထဲမှာ အဲဒီအသံတွေချည်းပြည့်နေတယ် ။ အဲဒီအချိန် ဘယ်သူက ကျွန်တော့်ကို ခြေထောက်နဲ့ ခပ်ပြင်းပြင်းကန်ထည့်လိုက်တယ်မသိဘူး ကျွန်တော်ဟန်ချက်ပျက်ပြီး ရေထဲပြုတ်ကျသွားတော့တယ် ။
ချက်ချင်းဆိုသလို ခေါင်းထဲက ထူးဆန်းတဲ့ အသံဟာ ပျောက်ကွယ်သွားတယ် ။ တစ်ချိန်တည်းမှာ ဖန်းကျစ်လည်း ပြုတ်ကျလာတာကို ကျွန်တော် မြင်လိုက်ရတယ် ။ နောက်တော့ တတိယဦးလေးနဲ့ သာ့ခွေ ။ နောက်ဆုံးမှာ မန့်ယိုဖျင်က မီးအိမ်တစ်လုံးနဲ့ ခုန်ချလာတယ် ။ ရေအောက်ထဲမှာဆိုရင် အဲဒီအသံက အတော်လေး ဝေဝါးသွားပြီး ကျွန်တော်တို့အားလုံးအပေါ် ဘာသက်ရောက်မှုမှမရှိတော့ဘူး ။ ဒါပေမဲ့ ရေအောက်ထဲမှာ ရိုးရိုးမျက်စိနဲ့ ဘေးဘီကိုကြည့်ရတာ အတော်လေး မှုန်ဝါးဝါးနဲ့ ။ ကျွန်တော် မျက်လုံးကို မှေးကျဉ်းပြီး ကြည့်တာတောင် ဒူးခေါင်းပဲ မြင်ရတယ် ။ မန့်ယိုဖျင်က ကျွန်တော်တို့ကို ရေအောက်ထဲ လက်ညိုးထိုးပြတယ် ။ ပြီးတော့ မီးထိုးပြတယ် ။ ရေက သိပ်မနက်လှဘူး ။ ရေအောက်ကြမ်းပြင်က သဲဖြူဖြူတွေကိုတောင် မြင်နေရတယ် ။ သူက နေရာတဝိုက်ကို မီးထိုးပြတဲ့အခါ ဘာအပင်မှ မရှိသလို ဘာငါးဘာပုဇွန်မှလည်း ရှိမနေဘူး ။ ကျွန်တော် အသက်အကြာကြီး မအောင့်နိုင်တာကြောင့် ရေပေါ်တက်ပြီး အသက်ရှုလိုက်ရတယ် ။ ကျွန်တော့် မျက်လုံးပေါ်က ရေကို သုတ်ချလိုက်တဲ့ အချိန်မှာပဲ သွေးအလိမ်းလိမ်းနဲ့ မျက်နှာတစ်ခု ဇောက်ထိုးဆွဲထားတာကို ကျွန်တော် မြင်လိုက်ရတယ် ။ မျက်လုံးနှစ်လုံးဟာ ကျွန်တော့်ကို အသေကြီး စိုက်ကြည့်လို့ ။
ကျွန်တော် ဒီတိုင်း သူ့ကို စိုက်ကြည့်နေတော့ သူကလည်း ကျွန်တော့်ကို စိုက်ကြည့်နေတယ် ။
အဲဒီလူက ကျွန်တော့်တို့ကို လှေထိုးပေးတဲ့ သက်လတ်ပိုင်းအရွယ် လှေထိုးသမားမှန်း ကျွန်တော် မှတ်မိလိုက်တယ် ။ ကျွန်တော် ခေါင်းမော့ကြည့်လိုက်တဲ့အခါ သူ့မှာ ကိုယ်ခန္ဓာအပေါ်တစ်ပိုင်းပဲရှိတော့တာကို တွေ့လိုက်ရတယ် ။ ဂူရဲ့ မျက်နှာကျက်ကနေ အမည်းရောင် ပိုးကောင်ကြီးက သူ့ရဲ့ အူတွေကို ကိုက်ဖြတ်နေပြီး အချိန်မရွေး ပစ်ချလိုက်နိုင်တယ် ။ ကျွန်တော် ချက်ချင်းတောင့်ခဲသွားခဲ့တယ် ။ ဒါက ကြောက်စရာဧရာမ အလောင်းစားပိုးကောင်ကြီး မဟုတ်လား ? ဘုရားရေ လူသေကောင်တွေ ဘယ်လောက်များ စားထားလို့ ဒီလောက်ကြီးမားနေရတာတုံး ! ?
အဲဒီအချိန် ဖန်းကျစ်ရဲ့ ခေါင်းကလည်း တစ်ဖက်မှာပေါ်လာတယ် ။ ဒါပေမဲ့ သူက ကျွန်တော့်လောက် ကံမကောင်းရှာဘူး ။ ဘာတွေဖြစ်နေမှန်း သူနားမလည်သေးခင်မှာတင် အဲဒီပိုးကောင်ဟာ “ကွိ”ခနဲ တစ်ချက်အော်ပြီး အလောင်းကို ပစ်ထားခဲ့ကာ သူ့ခေါင်းပေါ်ကို ခုန်တက်လိုက်ပြီးတာနဲ့ ကြီးမားတဲ့ ညှပ်လက်မကြီးနှစ်ခုက ဖန်းကျစ်ရဲ့ ဦးရေပြားပေါ်ကို “ရွှား”ခနဲ ထိုးစိုက်ချလိုက်တော့တယ် ။
အဲဒီ ဖန်းကျစ်ကလည်း ခေသူတော့ မဟုတ်ဘူး ။ အဲဒီလို အခြေအနေမျိုးမှာ သူ့ရဲ့ဘယ်လက်က ဖတ်ခနဲ လှုပ်ရှားပြီးသား ဖြစ်နေခဲ့တယ် ။ လက်ထဲမှာလည်း စစ်သုံးဓားက ဘယ်အချိန်ကတည်းကမှန်းမသိ ရှိနေခဲ့ပြီး ဓားနဲ့ အဲဒီပိုးကောင်ရဲ့ ခြေထောက်အောက်ခြေပိုင်းကို ထိုးစိုက်ချလိုက်ကာ ညှပ်လက်မတစ်ခုကို ဆွဲဖြတ်ပစ်လိုက်တယ် ။ သူ့နေရာမှာ ကျွန်တော်သာဆိုရင်တော့ ပိုးကောင်ကြီး တိုက်ခိုက်တာ ခံရတာနဲ့တင် ယမမင်းကြီး ရှေ့တော်မှောက်မှာ သတင်းပို့နေရလောက်ပြီ ။ အဲဒီပိုးကောင်က ဘယ်ကမှန်းမသိ “ကွိ”ခနဲ အသံတစ်ချက်ထုတ်အော်လိုက်ပြီး ကျန်ညှပ်လက်မတစ်ဖက်နဲ့ အားကို မထိန်းထားနိုင်ဖြစ်နေချိန် ဖန်းကျစ်က အခွင့်ကောင်းယူကာ လက်သီးတစ်ချက်နဲ့ အဝေးကို ရိုက်ထုတ်ပစ်လိုက်တယ် ။ ဒီအဖြစ်အပျက်တစ်ခုလုံးဟာ လျပ်တပြက် မီးတခတ်အတွင်း ဖြစ်ပျက်သွားခဲ့တာဖြစ်ပြီး ဖန်းကျစ်က ကျွန်တော့်ကို မမြင်ဘဲ အဲဒီပိုးကောင်ကို ကျွန်တော့်မျက်နှာပေါ် ပစ်ထုတ်လိုက်တယ် ။
ကျွန်တော် စိတ်ထဲက ပစ်ပစ်နှစ်နှစ် ဆဲရေးပစ်လိုက်မိတယ် ။ ဒီဖန်းကျစ်က တော်တော်သစ္စာမဲ့တာပဲ ၊ နေ့တိုင်းတော့ ကျွန်တော့်ကို ဘယ်လို ဘယ်လို ကာကွယ်ပေးမယ် ပြောနေခဲ့ပြီး အခုပြဿနာရှိလာတော့ အသက်ကို နှုတ်ယူမဲ့ဟာကြီး ကျွန်တော်မျက်နှာပေါ် တိုက်ရိုက် ပစ်ပေါက်လိုက်တယ်တဲ့လား ။ ခင်ဗျားမှာမှ စစ်သုံးဓားရှိနေသေးတယ် ဒီဘိုးအေမှာက လက်ဗလာနဲ့ သေပြီပေါ့ ။ အဲဒီပိုးကောင်ကလည်း တကယ် ရက်ရက်စက်စက်ပဲ ။ သူ့ရဲ့ ချွန်ထက်လှတဲ့ လက်သည်းကို သုံးပြီး ကျွန်တော့်မျက်နှာပေါ်မှာ အရေပြားတပိုင်းကို ထိုးခွဲလှီးဖြတ်သွားခဲ့တယ် ။ ကျွန်တော် အံတင်းတင်းကြိတ်လိုက်ပြီး ပိုးကောင်ကို ခါထုတ်ဖို့ကြိုးစားလိုက်တယ် ။ ဒါပေမဲ့ သူ့လက်သည်းတွေမှာ ဆူးထစ်တွေပါမှန်း မသိလိုက်ဘူး ။ သူက ကျွန်တော်အင်္ကျီပေါ်မှာ မြဲမြဲမြန်မြန် တွယ်ချိတ်ထားပြီး လက်သည်းတချို့က ကျွန်တော့်အသားထဲကို တိုက်ရိုက်စိုက်ဝင်သွားတယ် ။ နာလွန်းလို့ ကျွန်တော့်မှာ မျက်ရည်တွေတောင်ထွက်ကျလာတော့တယ် ။
အဲဒီအချိန် မန့်ယိုဖျင်လည်း ရေမျက်နှာပြင်ပေါ် ပေါ်လာတယ် ။ ကျွန်တော် တောင့်မခံနိုင်တော့မှန်း မြင်လိုက်တာနဲ့ အပြေးရောက်လာပြီး ချက်ချင်း ရှည်လျားတဲ့ လက်ချောင်းနှစ်ချောင်းနဲ့ ပိုးကောင်ရဲ့ ကျောဘက်ကို ထိုးစိုက်ချလိုက်တယ် ။ အားတစ်ချက်သုံးလိုက်ပြီး ဆွဲထုတ်လိုက်တာနဲ့ မကာရိုနီဆန်ဆန် ဖြူတူတူ အမျှင်တမျှင်ပါလာခဲ့တယ် ။ သနားစရာ ပိုးကောင်ခမျာ စောစောကလေးတင် အသာစီးအနေအထား ရှိနေခဲ့ရာက တစ်မိနစ်တောင်မကြာလိုက်ဘူး တစ်ချက်တည်း ရပ်ဆိုင်းသွားတော့တယ် ။ ကျွန်တော်က အဲဒီပိုးကောင် အသေကောင်ကို လှေပေါ် ပစ်တင်လိုက်တယ် ။ ခံစားချက်ကတော့ အိပ်မက်တစ်ခုကနေ ပြန်နိုးထလာခဲ့သလိုပါပဲ ။
သာ့ခွေက မန့်ယိုဖျင်ကို လက်မထောင်ပြလိုက်ပြီး “အစ်ကိုလေး ၊ ကျွန်တော် သာ့ခွေကတော့ ခင်ဗျားကို တကယ်လေးစားတယ်ဗျာ ၊ ဒီလောက်ကြီးတဲ့ ပိုးကောင်ကြီးကို ခင်ဗျားက အူတွေတောင် ဆွဲထုတ်လာနိုင်တာ မလေးစားပဲ မနေနိုင်ဘူး”
“သွားစမ်း” ဖန်းကျစ်ရဲ့ ခေါင်းပေါ်မှာ သွေးစို့နေရဲ့ အပေါက်ရာနှစ်ခုရှိနေတယ် ။ တော်သေးတာက ဒဏ်ရာက သိပ်မနက်ဘူး ။ သူက အံကြိတ်ထားရင်းနဲ့ပြောတယ် ။ “ မင်းရဲ့ ပညာအရည်အချင်းကတော့လေ အဲဒါကို ပိုးကောင်ရဲ့ အာရုံကြောစနစ်က အာရုံကြောကလာပ်စည်းလို့ ခေါ်တယ် ၊ ဒီကောင်က ပိုးကောင်ကို တစ်ချက်တည်းနဲ့ အကြောသေသွားအောင်လုပ်လိုက်တာ”
“ မင်းပြောတဲ့သဘောက ဒီပိုးကောင်က မသေသေးဘူးပေါ့?” သာ့ခွေက လှေပေါ်ကို ခြေတစ်ဖက်တက်ပြီးပြီ ။ ဒါပေမဲ့ သူဒါကိုကြားတော့ ခြေထောက်ကိုရေထဲပြန်ချလိုက်တယ် ။
မန့်ယိုဖျင်က ကိုယ်ကိုယ်တပတ်လှည့်လိုက်ပြီး လှေပေါ်တက်လိုက်တယ် ။ သူက ပိုးကောင်ကို တစ်ဖက်ကို ကန်ထုတ်လိုက်ပြီး ပြောတယ် ။
“သူ့ကို သတ်လို့မရသေးဘူး ၊ ဒီအလောင်းဂူထဲက ထွက်ဖို့ သူ့ကို အားကိုးရဦးမယ်”
“ မင်းပြောတော့ စောစောက အသံက ဒီပိုးကောင်ဆီက ထွက်လာတာဆို?” တတိယဦးလေးက သူ့ကို မေးလိုက်တယ် ။ စောစောက ဒီပိုးကောင်ဟာ အကြိမ်များစွာ အော်ခဲ့ပေမဲ့ မတူသလိုပဲ ။
မန့်ယိုဖျင်က ပိုးကောင်ကို ပက်လက်လှန်လိုက်တယ် ။ သူ့ရဲ့ အမြီးပေါ်မှာ လက်သီးဆုတ်လောက်အရွယ် ချိတ်ပိတ်ထားတဲ့ ဆဋ္ဌဂံကြေးနီခေါင်းလောင်းတစ်လုံးကို ကျွန်တော်တို့ တွေ့လိုက်ရတယ် ။ ဘယ်အချိန်ကတည်းက ပိုးကောက်ရဲ့ ကိုယ်ထဲမှာ ထည့်သွင်းချိတ်ဆွဲထားခဲ့မှန်းမသိနိုင်ဘဲ လက်ရှိမှာတော့ ကြေးနီက အစိမ်းရောင်တောင်သန်းနေပြီး ကြေးညှိတက်ကာ ရစရာမရှိဖြစ်နေခဲ့ပြီ ။ အဲဒီခေါင်းလောင်းရဲ့ မျက်နှာပြင် ခြောက်ခုလုံးမှာ မန္တာန်စာသားတွေ ပြွတ်သိပ်စွာ ထွင်းထုထားတယ် ။ ဖန်းကျစ်က ဒဏ်ရာကို ပတ်တီးစည်းရင်း ခြေထောက်နဲ့ တစ်ချက်ကန်လိုက်တယ် ။ အဲဒီဆဋ္ဌဂံကြေးနီခေါင်းလောင်းဟာ ရုတ်တရက် သူ့ဟာသူ ထလှုပ်လာတော့တယ် ။
ခေါင်းလောင်းက ထွက်လာတဲ့ အသံဟာ စောစောက ကြားရတဲ့ အသံနဲ့ အတူတူပဲ ။ ဒါပေမဲ့ စောစောက ကြားရတဲ့ အသံဟာ သိပ်ကိုညင်သာဝေဝါးလွန်းပြီး ငရဲပြည်ကနေ လွင့်မျောထွက်လာခဲ့သလိုနဲ့ အခု ဒါကို နားထောင်ကြည့်လိုက်တော့ သိပ်ကို ရှင်းလင်းပြတ်သားလွန်းနေတယ် ။ ကြည့်ရတာ ဒီခေါင်းလောင်းက အဲဒီအသံရဲ့ ရင်းမြစ်ဖြစ်ပေမဲ့ ကျယ်ပြောလှတဲ့ လှိုဏ်ဂူတွင်းက ပဲ့တင်သံနဲ့ပေါင်းစပ်မှ လူစိတ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိလာနိုင်တာဖြစ်ရမယ် ။ အဲဒီဆဋ္ဌဂံကြေးနီခေါင်းလောင်းထဲမှာ အင်မတန်သေသပ်လွန်းတဲ့ စက်ယန္တရားမျိုး သေချာပေါက်ရှိလိမ့်မယ် ။ နောက်ပြီး နှစ်ထောင်ပေါင်းများစွာကြာသည့်တိုင်အောင် မဆွေးမြေ့ဘဲ ရှိနေတာဟာ ရွှေငွေ သတ္ထုတမျိုးမျိုးနဲ့ လုပ်ထားလိမ့်မယ်လို့ ခန့်မှန်းရတယ် ။ ဒါပေမဲ့ သူက ဘယ်လိုလုပ် သူ့ဟာသူ အသံမြည်လာအောင် လုပ်နိုင်တာလဲ ?
ကျွန်တော် တွေးရခက်နေချိန်မှာပဲ အဲဒီကြေးနီခေါင်းလောင်းဟာ ပိုပြီး ကြမ်းကြမ်းတမ်းတမ်းမြည်လာတယ် ။ကြည့်ရတာ အထဲက ပြဿနာရှိတဲ့ ဝိညာဉ်တစ်ကောင်က သူ့ကို ချုပ်နှောင်ပိတ်လှောင်ထားတဲ့ မှော်ပစ္စည်းထဲက လွတ်မြောက်အောင် ကြိုးစားနေသလိုပဲ ။ စိတ်မကောင်းစရာက ဒီပစ္စည်းက သိပ်သေးလွန်းတာကြောင့် ကျွန်တော့်ကို ရယ်ချင်စိတ်ပေါက်လာစေတယ် ။ ဖန်းကျစ်တစ်ယောက် သူ့ဘဝမှာ ဒီလို နေ့တိုင်း ဒဏ်ရာရနေကျလို ပုံစံမျိုးနဲ့ ဒဏ်ရာကို ကိုယ့်ဟာကိုယ် ကျွမ်းကျင်စွာ ပတ်တီးစည်းလို့ ပြီးသွားတယ် ။ ခေါင်းလောင်းထဲက ကလင်ကလင် ကလောင်ကလောင် နဲ့ အဆက်မပြတ် အသံတွေ ထွက်နေတဲ့အခါ သူက စိတ်ရှုပ်လာဟန်နဲ့ ခေါင်းလောင်းကို ခြေထောက်နဲ့ နင်းဖိထားဖို့ စိတ်ကူးလိုက်တယ် ။ ဒါပေမဲ့ မထင်မှတ်ဘဲ ဒီကြေးနီရဲ့ အပြင်အခွံက သိပ်ကို သက်တမ်းကြာလွန်းနေပြီ ဖြစ်ပြီး အထိအခိုက်မခံတော့ဘူး ။ သူတက်နင်းလိုက်တဲ့အခါ ခေါင်းလောင်းဟာ ခွပ်ခနဲ ကွဲကြေသွားပြီး အထဲက အင်မတန် နံဟောင်တဲ့ စိမ်းရွှင်ရွှင် အရည်တွေ ပန်းထွက်လာတယ် ။
တတိယဦးလေးဟာ ဒေါသထွက်သွားပြီး ဖန်းကျစ်ရဲ့ ခေါင်းကို တစ်ချက် ထုပစ်ချင်သွားတယ် ။ ဒါပေမဲ့ သူ့ခေါင်းပေါ်က လတ်လတ်ဆတ်ဆတ် ဒဏ်ရာနှစ်ခုကို သတိရလိုက်ပြီး သူထုလိုက်မှ ခေါင်းလောင်းလို အဖြစ်ဆိုးသွားမှာ စိုးတာကြောင့် မရိုက်ဘဲ ထားလိုက်ပြီး ဆူဆဲလိုက်တော့တယ် ။
“ မင်းဆိုတဲ့ကောင်ကတော့ ခြေထောက်ကို နည်းနည်းပါးပါး သတိထားပါဦးလား ! ဒီပစ္စည်းက အနည်းဆုံးတော့ ရှေးဟောင်းမှော်ပစ္စည်းတစ်ခုပဲ မင်းက ဒီလိုပဲ ခြေထောက်နဲ့ တစ်ချက်တည်း ငါ့ကို ဖြုန်းတီးပေးနေရလား”
“ တတိယသခင်ကလည်း ဒီပစ္စည်းက အဲ့လောက် အထိအခိုက်မခံမှန်း ကျွန်တော်ဘယ်လိုလုပ်သိပါ့မလဲ”
ဖန်းကျစ်ခမျာ မတရားခံရတယ်လို့ ခံစားနေရရှာတယ် ။ တတိယဦးလေးက စိတ်တိုတိုနဲ့ ခေါင်းကိုခါယမ်းလိုက်ပြီး စစ်သုံးဓားမြှောင်ကိုယူကာ ကွဲကြေသွားတဲ့ ကြေးနီခေါင်းလောင်းရဲ့ အပိုင်းအစတွေကို ဖယ်ကြည့်လိုက်တဲ့အခါ အထဲမှာ ပျားအုံသဖွယ် အရွယ်အစားအမျိုးမျိုးနဲ့ ချူလုံးလေးတွေကို တွေ့လိုက်ရတယ် ။ ချူလုံးတွေဟာ အပေါ်ဘက်က သိပ်အနုစိတ်တဲ့ အခေါင်းပွစက်လုံးပုံအရာတစ်ခုဆီမှာ တွယ်ချိတ်ထားပြီး အဲဒီစက်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အပေါက်လေးတွေနဲ့ ပြည့်နှက်နေတယ် ။ အခုတော့ အဲဒီစက်လုံးဟာ နင်းမိလို့ ကွဲကြေသွားခဲ့ပြီး အထဲမှာ နင်းမိလို့ ခေါင်းပြားနေတဲ့ အစိမ်းရောင် ကင်းခြေများတစ်ကောင်ကို တွေ့ရတယ် ။ အဲဒီ ကင်းခြေများဟာ လက်ညှိုးလုံးလောက်ရှိပြီး အစိမ်းရောင်အရည်တွေဟာ အဲဒီကင်းခြေများကိုယ်ထဲက ထွက်လာခဲ့တာပဲ ။
တတိယဦးလေးက ဓားဖျားလေးနဲ့ အခေါင်းပွ စက်လုံး အပိုင်းအစကို လှန်လိုက်တဲ့အခါ စက်လုံးရဲ့ ထိပ်က ထွက်လာတဲ့ ပြွန်တစ်ခုကို တွေ့လိုက်ရပြီး အဲဒီပြွန်က စောစောက ဧရာမအလောင်းစားပိုးကောင်နဲ့ တိုက်ရိုက် ဆက်သွယ်ထားတာကို တွေ့လိုက်ရတယ် ။ သူက ပြောတယ် ။
“ဒီကင်းခြေများ ဗိုက်ဆာလာတဲ့အခါ ဒီပြွန်အတိုင်း အလောင်းစားပိုးကောင်ရဲ့ အစာအိမ်ထဲဝင်သွားပြီး အထဲမှာ အစာစားတာဖြစ်ရမယ် ၊ ဒီလို သဟဇီဝ စနစ်မျိုးကို ဘယ်လိုများတီထွင်နိုင်ရတာလဲ?”
လှေထိုးသမားရဲ့ ကိုယ်တပိုင်းပြတ်အလောင်းဟာ ရေပေါ်မှာ ပေါလောမျောနေပြီး မြုပ်ချည် ပေါ်ချည်နဲ့ ။ တတိယဦးလေးက သက်ပြင်းချလိုက်ပြီး “ ဒါက ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန် ဆိုတာမျိုးပဲ သူတို့က ငါတို့ကို ဒီအလောင်းဂူထဲမှာ ပစ်ထားခဲ့ပြီး ငါတို့သေမဲ့အချိန်ကို စောင့်နေမှာ သေချာတယ် ပြီးမှ ပြန်လာပြီး ငါတို့ပစ္စည်းတွေကို သိမ်းယူမှာ ၊ ဒီနေ့တော့ ထင်မထားတဲ့ ဘယ်လိုကိစ္စရပ်မျိုးနဲ့ ကြုံတယ်မသိဘူး ကိုယ့်ဟာကိုယ်ပဲ ဒီအလောင်းစားပိုးကောင်ရဲ့ လက်ထဲမှာ သေသွားရတယ် တကယ် သူ့ထိုက်နဲ့သူ့ကံပဲ ”
“ဒါကို တိုက်ဆိုင်မှု မရှိဘဲနဲ့ ဇာတ်လမ်းတွေ ဖြစ်မလာဘူးလို့လည်း ခေါ်တယ် ၊ ကြည့်ရတာ ကျွန်တော်တို့ ကံက သိပ်ဆိုးပုံမရဘူးပဲ” လို့ ကျွန်တော်ဝင်ပြောလိုက်တယ် ။
ဖန်းကျစ်က ခေါင်းကို ခါယမ်းလိုက်ပြီး ပြောတယ် ။
“ အဲ့ဒီအကောင်ရဲ့ ညှပ်လက်မအားက အချိန်တိုအတွင်း လူကိုယ်ခန္ဓာကို နှစ်ပိုင်းပြတ်ထွက်သွားလောက်အောင် အားမရှိလောက်ဘူး ၊ သူ့မှာသာ အဲ့ဒီလောက်အားရှိရင် ငါ့ဦးနှောက်က သူနှိုက်ထုတ်သွားလောက်ပြီပဲ ၊ ငါ့အထင် အဲ့ကောင်မျိုး တစ်ကောင်တည်း မကလောက်ဘူး ဒီတစ်ကောင်က အလောင်းနှစ်ပိုင်းပြတ်သွားပြီးနောက် သူ့ဟာသူ တစ်ကောင်တည်းစားချင်လို့ သယ်လာတာဖြစ်ရမယ်”
လက်ရှိမှာ စိတ်အေးလက်အေး ဖြစ်နေပြီဖြစ်တဲ့ သာ့ခွေတစ်ယောက် ဒီစကားကြားတဲ့အခါ တံထွေးကို ဂလုခနဲ မျိုချမိသွားတယ် ။
“ မကြောက်နဲ့ ၊ စောစောက ဒီကအစ်ကိုလေး ပြောတယ်မဟုတ်လား ငါတို့ ဒီကောင်ကို အားကိုးပြီး ဂူအပြင်ကို ထွက်လို့ ရတယ်လို့ ! ငါတို့ ဒီအလောင်းစားပိုးကောင်ကို လှေဦးမှာ တင်ပြီး ငါတို့အတွက် သူ့ကို လမ်းဖွင့်ခိုင်းလိုက်တာပေါ့ ၊ ဒီကောင်က တသက်လုံး အလောင်းကောင်တွေစားလာတာ ယင်ဓာတ်က သိပ်ပြီး သိပ်သည်းလွန်းတော့ ဟိုအလောင်းကောင်တွေ ဘာတွေကို ဒုက္ခပေးနိုင်စွမ်းရှိတယ် ၊ ဒီဂူထဲမှာ သူတို့က အုပ်စိုးသူလို့ ယူဆရတော့ ဒီကောင်ငါတို့လှေပေါ်မှာ ရှိနေရင် သေချာပေါက် ငါတို့ ဒီကနေ ထွက်သွားနိုင်လိမ့်မယ်” လို့ တတိယဦးလေးက ပြောလာတယ် ။
“လာကြ ! ငါတို့ နောက်ပြန်မလှည့်တော့ဘူး ဒီလိုပိုးကောင်ကြီးမျိုး မွေးထုတ်ပေးနိုင်တာ ရှေ့က ဘယ်လို နေရာမျိုးလည်းလို့ ငါကြည့်ကြည့်လိုက်စမ်းမယ်”
တတိယဦးလေးပြောတာကို နားထောင်ပြီး ကျိုးကြောင်းသင့်တယ်လို့ ကျွန်တော်လည်း ထင်မိတယ် ။ တွက်ကြည့်ရင် ကျွန်တော်တို့ ဒီဂူထဲ ရောက်နေတာ အချိန် မနည်းတော့ဘူး ။ ဒီလို ခေါင်းတောင် မမတ်နိုင်တဲ့ နေရာမျိုးက သိပ်ဆိုးဝါးလွန်းတယ် ။ ကျွန်တော်တို့ဟာ နောက်က ပစ္စည်းထုတ်တွေထဲက ခေါက်ဂေါ်ပြားတွေ ထုတ်ယူပြီး လှော်တက်အဖြစ် အသုံးပြုကာ ကျောက်နံရံတစ်လျှောက် လှော်ခတ်ရင်း ဂူအတွင်းပိုင်းဆီသို့ ဦးတည် ချီတက်ခဲ့ကြတယ် ။
ကျွန်တော် လှေလှော်ရင်း ဘေးက ဂူနံရံတွေကိုကြည့်ရှုလေ့လာနေခဲ့ရာက ရုတ်တရက်ဆိုသလို မေးခွန်းတစ်ခု ပေါ်လာခဲ့တာကြောင့် တတိယဦးလေးကို မေးလိုက်တယ် ။
“ ဦးလေးကြည့် ဒီနံရံ တစ်ခုလုံးက ကျောက်သားတွေချည်းပဲကို ရှေးတုန်းက သင်္ချိုင်းဖောက်သမားတွေက ဘယ်လိုများ တူးခဲ့ကြတာတုံး? အခုနေဆိုရင်တောင် ဒီလောက်နက်တဲ့ ဂူမျိုးတူးဖို့ လူရာနဲ့ချီမက လိုလိမ့်မယ်ထင်တယ်”
တတိယဦးလေးကပြောတယ် ။
“ မင်းကြည့် ဂူက ဒီလောက်ဝိုင်းတာ တော်တော်ကို ရှေးကျနေပြီ ၊ အဲဒီတုန်းက ဒီဂူကို တူးတာ အထူးတလည် သင်္ချိုင်းတူးတဲ့ စစ်တပ်အဖွဲ့ အရာရှိမင်းတွေ ဖြစ်ရမယ် ၊ ဒီပုံစံအတိုင်းဆို ငါတို့ မြေပုံပေါ်မှာ မှတ်သားထားတဲ့ဂူကို ရှာဖို့က ထင်သလောက်မလွယ်ကူမှာ စိုးရတယ်”
“ တတိယသခင်က အဲဒီဂူရှိနေတုန်းပဲလို့ ဘာလို့ ဒီလောက်သေချာနေရတာလဲ ၊ သူများတွေကဖြင့် စစ်တပ်တစ်တပ်လုံးလာပြီး ဒီလောက်ရှည်တဲ့ ဂူကြီး တူးသွားတာကိုပဲကြည့် ၊ ပြောမရဘူး ပစ္စည်းတွေအားလုံး သူများယူသွားလို့ ပြောင်သလင်းခါနေလောက်ပြီ !” သာ့ခွေက ပြောလာတယ် ။ “ ကျွန်တော့် အထင်တော့ ကျွန်တော်တို့ ဝင်သွားတဲ့အခါကျ အခေါင်းဖုံးတောင် မရှိလောက်တော့ဘူးထင်တယ်”
တတိယဦးလေးက တစ်ချက်ညီးတွားလိုက်ပြီး ပြောတယ် ။
“ တကယ်လို့ ဒီဂူက လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက သူများ ခိုးယူသွားပြီးသားဆိုရင်တော့ ငါတို့လည်း ဘာမှ မပြောတတ်ဘူး ဒါပေမဲ့ မင်းသိရမှာက ဒီလှိုဏ်ဂူတွင်းက မြေပုံပေါ်မှာ တိတိကျကျကို ရှိနေတာ ၊ ဒါက ဘာကို ပြောသလဲဆိုရင် ဒီသင်္ချိုင်းတူးသမားဂူက ဂူသင်္ချိုင်းရှင်ကို မြှုပ်နှံတဲ့ အချိန်ကတည်းက ရှိနေနှင့်ပြီးသား ဆိုတာပဲ ၊ ဒီသင်္ချိုင်းတူးသမားဂူရဲ့ သက်တမ်းက ငါတို့ ရှာနေတဲ့ ရှေးဟောင်းဂူမတိုင်ခင်ကဖြစ်မယ် ၊ ပြီးတော့ အဲဒီနေရာမှာ သင်္ချိုင်းဂူ တစ်ခုတည်းလည်း ကချင်မှ ကမယ် ၊ ဘယ်သူသိမှာလဲ ဒီသင်္ချိုင်းတူးသမားဂူက အဲဒီတုန်းက သင်္ချိုင်းဖောက်ဖို့ တူးထားတာဖြစ်နေဦးမယ်”
“ အဲဒါဖြင့် ဆိုလိုတာက” တတိယဦးလေးရဲ့ စကားတွေက လူကို အလိုလို ကျောချမ်းစေမိတဲ့ သဘောရှိမှန်း ကျွန်တော် ခံစားမိတယ် ။ “ ကျွန်တော်တို့ အခု ကြုံတွေ့ရသမျှ အားလုံး ဧရာမအလောင်းစားကောင်ကြီး ဆဋ္ဌဂံကြေးနီခေါင်းလောင်း သူတို့ကို ထိန်းချုပ်တဲ့ အရှင်သခင် အဲဒါတွေအားလုံးက ထီးပြိုင်နန်းပြိုင် ခေတ်ထက် ပိုရှေးကျနေနိုင်တာလား ?”
တတိယဦးလေးက ခေါင်းကို ခါယမ်းလိုက်ပြီး “ ငါပိုပြီး စိတ်ပူတာက ငါတို့ရဲ့ ဒီဂူသင်္ချိုင်းရှင်က ဘာကြောင့် သူ့ရဲ့ သင်္ချိုင်းဂူကို သင်္ချိုင်းတူးသမားလှိုဏ်ခေါင်းတွေ ရှိနေပြီးသားနေရာကို ရွေးချယ်ခဲ့ရတာလဲ ဒါက ဘူမိကြန်အင်ပညာအရ ရှောင်ကျဉ်အပ်တဲ့ ကိစ္စကြီးကို ချိုးဖောက်နေသလိုဖြစ်မနေဘူးလား ?”
မန့်ယိုဖျင်က ရုတ်တရက် လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျွန်တော်တို့ကို တိတ်တိတ်နေခိုင်းကာ ရှေ့ကို လက်ညိုးညွှန်ပြတယ် ။ ကျွန်တော်တို့ရဲ့ သတ္ထုတွင်းသုံး မီးအိမ်အလင်းမရောက်နိုင်တဲ့ နက်ရှိုင်းတဲ့ ဂူအတွင်းပိုင်းဆီမှာ မီးစုန်းအလင်းရောင်တွေ ရှိနေတာကို ကျွန်တော်တို့ မြင်လိုက်ကြရတယ် ။ တတိယဦးလေးက သက်ပြင်းချလိုက်တယ် ။
“ အလောင်းကျင်းကိုတော့ ရောက်ပြီ”
TBC
Translator note
奇门遁甲 - Qí mén dùnjiǎ - ချီမန်သွမ့်ကျာ - အံဖွယ်တံခါး ဂမ္ဘီရပညာ ဆိုတာ တရုတ်ရိုးရာ ဂမ္ဘီရဗေဒင် အတတ်ပညာ တစ်ခုဖြစ်ပြီးတော့ ရှေးခေတ်အခါက စစ်မဟာဗျူဟာ ၊ စစ်နည်းပရိယာယ်တွေ ရေးဆွဲရာမှာ အသုံးပြုကြပါတယ် ။ ဒီပညာက ရန်သူကို မျက်စိလည်အောင် ၊ မှားယွင်းပြီး ထောင်ချောက်အတွင်း သက်ဆင်းမိအောင် လုပ်နိုင်တဲ့ ပညာရပ်မျိုးပါ ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဒီဘက်ခေတ်မှာတော့ ချီမန်သွမ့်ကျာအတတ်ပညာကို အိမ်ထောင်ဘက်ရွေးချယ်မှု ၊ ကလေးမွေးခြင်း ၊ ခရီးထွက်ခြင်း နဲ့ ကံကြမ္မာတွက်ချက်မှု စတဲ့ နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ ။
ချီမန်သွမ့်ကျာ ပညာဟာ နက္ခတ်ဗေဒင်ပညာအပေါ်မှာ အခြေခံထားပြီး တရုတ်ရိုးရာ ရုပ်လွန်ပညာရှုထောင့်အမျိုးမျိုးပါဝင်ပါတယ် ။ ယင်နဲ့ ယန် အယူအဆတွေ ၊ ဓာတ်ကြီးငါးပါး ၊ ပါ့ကွ (八卦) နဲ့ တရုတ်ရိုးရာ အချိန်ပြသင်္ကေတ ၁၀မျိုး ( 天干) ၊ အချိန်ကာလပြအမှတ်လက္ခဏာ ၁၂မျိုး ( 地支 )၊ ရာသီချိန် ၂၄ခု စတာတွေ ပါဝင်ပါတယ် ။ နန်းတော်ကိုးခုက သူ့ရဲ့ အခြေခံဖြစ်ပြီးတော့ အဲဒီမှာ ကောင်းကင်နဲ့ မြေကြီးအပိုင်း ၊ ဝိညာဉ်အပိုင်း ၊ တံခါးရှစ်ပေါက်နဲ့ ကြယ်တာရာ အပိုင်းတို့ ပါဝင်ပါတယ် ။
တံခါးရှစ်ပေါက်မှာလည်း မရဏတံခါး ၊ ရှင်သန်ခြင်း တံခါး ၊ နားနေခြင်း တံခါး ၊ ဒဏ်ရာရခြင်း တံခါး ၊ ထိတ်လန့်ခြင်း တံခါး ၊ ဖွင့်လှစ်ခြင်း တံခါး ၊ ကြည့်ရှုခြင်း တံခါး နဲ့ ထင်ယောင်ထင်မှား တံခါးဆိုပြီး ရှိပါတယ် ။ အဲဒီအရာတွေကို ကြည့်ရှူပြီး အခြေအနေကို တွက်ချက်သုံးသပ်ရတဲ့ ပညာရပ်မျိုး ၊ တစ်ဖက်က ချီမန်သွမ့်ကျာနဲ့ ထောင်ချောက်ဆင်ထားရင်လည်း ဒါတွေအပေါ်ကြည့်ရှုတွက်ချက်ပြီး ချိုးဖျက်နိုင်တဲ့ ပညာရပ်မျိုးပါ ။
No comments:
Post a Comment