Tuesday, February 3, 2026

အပိုင်း (၁၂) - တံခါး

 အပိုင်း ၁၂ - တံခါး




ကျွန်တော်တို့ကို ခြောက်လှန့်ခဲ့တဲ့ ဟိုကောင်ရဲ့ အိတ်ထဲမှာ မြေပုံလိုလို ပုံကြမ်းတွေ ရေးဆွဲထားတဲ့ စာရွက်တွေ အများကြီးရှိတာကို ကျွန်တော် စဉ်းစားမိလိုက်တယ် ။ ကြည့်ရတာ အဲဒီပေါ်မှာ သဲလွန်စ တစ်ခုခုတော့ ရှိလိမ့်မယ် ။ အခုအချိန်မျိုးက ရောဂါပြင်းထန်လွန်းတာကြောင့် ကြုံရာဆေးကို ပျောက်လိုပျောက်ညား ဆွဲသောက်မိသလိုပဲ တခြားမျှော်လင့်ချက်လည်းမှ မရှိတာလေ ။ ရှေ့မှာက ပရိယာယ် ခုနှစ်စင်ကြယ် ခေါင်းတလား ၊ နောက်ဘက်မှာက မန့်ယိုဖျင်တောင် ဦးခိုက်ရတဲ့ မကောင်းဆိုးဝါး ၊ ဘယ်ဘက်မှ သွားမရဘူး ။ ဒီမှာက အန္တရာယ် အကင်းဆုံးပဲ ။ ကျွန်တော် မြေကြီးပေါ် ထိုင်ချလိုက်ပြီး စာရွက်တွေကို ဖြန့်ခင်းကာ လှန်လှောကြည့်လိုက်တယ် ။ အဲဒီထဲက တစ်ရွက်က သူတို့ သင်္ချိုင်းဖောက်သမား ဥမင်မတူးခင်က ပုံစံထုတ်ထားတဲ့ မြေပုံမှန်း ကျွန်တော် သိမြင်လိုက်တယ် ။ အောက်မှာ မှန်းဆချက်တွေ အများကြီး ရေးထားတယ် ။ အထူးသဖြင့် သွေးအလောင်းကောင်ဂူသင်္ချိုင်းရဲ့ ပုံစံဒီဇိုင်းနဲ့ ပတ်သက်တဲ့ တွက်ဆချက်တွေပဲ ။ ကျွန်တော်ကြည့်လို့ သိပ်နားမလည်ဘူး ။ ရေးထားတာက တော်တော်ကို ရှုပ်ယှက်ခတ်နေပြီး စဉ့်အုတ်ကြွပ်ခေါင် အမျိုးအစားဆိုတဲ့ စာလုံးလောက်ပဲ ကြည့်လို့တတ်တယ် ။ ကြည့်ရတာ သွေးအလောင်းကောင်ဂူသင်္ချိုင်းရဲ့ ထောင်ချောက်ယန္တရားတွေကို ဖျက်ဖို့ သူတို့ တော်တော် အကြံထုတ်ထားခဲ့ပုံပဲ ။ နောက်ဆုံး တကယ်လက်တွေ့ အကောင်အထည်ဖော်နိုင်လား မဖော်နိုင်လားတော့ မသိဘူး ။ နောက်ပြီး တစ်ရွက်ထပ်ရှိသေးတယ် ။ အဲဒီစာရွက်ပေါ်မှာ မာန်ဖီကာ အစွယ်ရောင်ပြနေတာနဲ့ ဆင်တူတဲ့ သစ်ပင်တစ်ပင်ပုံဆွဲထားတယ် ။ တစ္ဆေလက်သည်းလိုဟာမျိုးနဲ့လည်း တူသလိုလိုပဲ ။ 


ကျွန်တော် အဲဒီစာရွက်တွေကို ထပ်ပြီး လှန်လှောကြည့်လိုက်တော့ နောက်ဆုံး စာရွက်တစ်ရွက်ပေါ်မှာ စိတ်ဝင်စားစရာ အရာတစ်ခုကို တွေ့လိုက်ရတယ် ။ ဂူသင်္ချိုင်းကို ငှက်မြင်ကွင်းကနေ ဆွဲထားတဲ့ မြေပုံပဲ ။ ရေအောက် သင်္ချိုင်းဂူ စင်္ကြံလမ်းကို ကျွန်တော် တွေ့လိုက်ရတယ် ။ အဲဒီနောက် ပရိယာယ် ခုနှစ်စင်ကြယ်ခေါင်းတလားတွေ ချထားတဲ့ နေရာ ။ ဆွဲထားတာ တော်တော်လေး ရှင်းလင်းလွန်းတယ် ။ အဲဒီနောက် ကျွန်တော်တို့ ဆင်းလာတဲ့ ဟို သင်္ချိုင်းခန်းဆောင်နေရာကိုတော့ ထည့်ဆွဲမထားဘူး ။ ကြည့်ရတာ သူတို့ အဲဒီဘက် မရောက်သေးဘူးနဲ့ တူတယ် ။ ကျွန်တော် စောစောက တွားတက်သွားခဲ့တဲ့ သင်္ချိုင်းဖောက်သမား ဥမင်ကိုတောင် ကျွန်တော်တွေ့ရသေးတယ် ။ ဟိုလမ်းခွဆုံနေရာကိုလည်း သေသေချာချာ အမှတ်အသားလုပ်ထားတယ် ။ တကယ်လို့ ကျွန်တော်သာ တခြားလမ်းတစ်ခုကို ရွေးခဲ့မယ်ဆိုရင် တစ်နေရာရောက်တဲ့အခါ အမှတ်မထင် ပြတ်တောက်သွားတာကို တွေ့ရပြီး ဘေးမှာ စာလုံးတစ်လုံးရေးထားတယ် ။ “ပြိုကျ” 


အဓိပ္ပါယ်ကတော့ အတော်လေး ရှင်းလင်းပြတ်သားလာခဲ့ပြီ ။ သင်္ချိုင်းဖောက်သမားဥမင်ကို ဖြတ်ပြီး မြေပြင်ပေါ်ပြန်ရောက်ချင်တဲ့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်ကလေး ပျက်သုဉ်းသွားခဲ့ပြီလေ ။ ကျွန်တော်ထပ်ကြည့်လိုက်တော့ ဒီမြေပုံပေါ်မှာ အထူးဆန်းဆုံးက အခုကျွန်တော် ရပ်နေတဲ့ နေရာရဲ့ ဘယ်ဘက်မှာ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်ခုမှ မရှိပါဘဲနဲ့ သင်္ချိုင်းခန်းဆောင်တစ်ခုကို ရေးဆွဲထားတာပဲ ။ ပြီးတော့ ဒီသင်္ချိုင်းစင်္ကြံလမ်းနဲ့ အဲဒီ သင်္ချိုင်းခန်းဆောင်ကို အစက် အစက် မျဉ်းကြောင်းတစ်ခုနဲ့ ဆက်ထားပြီး အဲဒီသင်္ချိုင်းခန်းဆောင်က တခြား သီးခြားနေရာတစ်ခုလိုလို ကျွန်တော့်ကို ခံစားမိစေတယ် ။ ကျွန်တော် အလိုလို နောက်က နံရံကို စမ်းကြည့်လိုက်မိတယ် ။ ဒီနံရံရဲ့နောက်မှာ လျို့ဝှက်လမ်းကြောင်းတွေ ဘာတွေများ ရှိနေနိုင်လောက်လား ?


ကျွန်တော် နံရံကို သေချာ စစ်ဆေးလေ့လာကြည့်လိုက်ရင်း အဘိုးရဲ့ မှတ်စုထဲက လျို့ဝှက်ကျောက်တံခါး ဖွဲ့စည်းတည်ဆောက်ပုံတွေကို တစ်ချက် ပြန်သတိရလိုက်တယ် ။ ယေဘုယျအားဖြင့် ပြောရရင် ဒီစက်ခလုတ် ယန္တရားက နှစ်ထောင်ချီ မပျက်စီးဘဲ ရှိနေခဲ့တယ်ဆိုရင်တော့ သေချာပေါက် ကျောက်သားနဲ့ ပြဒါးကို အသုံးပြုပြီး အသက်သွင်းရလိမ့်မယ် ။ စက်ခလုတ်ကို မောင်းဖြုတ်ဖို့ တပ်ဆင်ထားတဲ့ အသုံးအဆောင် ပစ္စည်းကိရိယာက ကျောက်ပြားချပ်တစ်ချပ်ဖြစ်ရမယ် ။ ဒီနံရံပေါ်မှာ အားလုံးက ကမ္ဗည်းစာတွေ ထွင်းထုထားတဲ့ ကျောက်ပြားချပ်လေးတွေချည်းပဲ ။ တကယ်ပဲ လျို့ဝှက်တံခါးရှိနေခဲ့ရင် အဲဒီထဲက တစ်ချပ်က ရွေ့ပြောင်းလို့ရမှာသေချာတယ် ။ ဒါပေမဲ့ အဲဒီကျောက်ပြားချပ်က သတိပြုမိဖို့ အတော်လေး ခက်ခဲတဲ့ နေရာမျိုးမှာပဲ ရှိလိမ့်မယ် ။


အဲဒီအတွေးလမ်းကြောင်းအတိုင်း မီးခိုးကြွက်လျှောက်လိုက်တွေးမိသွားပြီးတဲ့နောက် ကျွန်တော် ကိုယ်ခန္ဓာကို ငုံ့ကိုင်းလိုက်ပြီး ကျောက်သားနံရံနဲ့ ကျောက်ခင်းစင်္ကြံလမ်း အနားတဝိုက်ကို သွားကြည့်ကြည့်လိုက်တဲ့အခါ တကယ်ကိုပဲ ကြမ်းပြင်နဲ့ ဆက်စပ်နေပြီး အတော်လေး သံသယဖြစ်စရာကောင်းတဲ့ စတုရန်းပုံ ကျောက်ပြားချပ်တစ်ချပ်ကို တွေ့လိုက်ရတယ် ။ ကျွန်တော် ဖိကြည့်လိုက်ပေမဲ့ ဘာတုံ့ပြန်မှုမှ ရှိမလာဘူး ။ နောက်တစ်ကြိမ် ထပ်ဖိလိုက်တော့လည်း ဘာမှတုံ့ပြန်မလာတာနဲ့ စိတ်နည်းနည်းတိုလာပြီး မတ်တပ်ရပ်ကာ ခြေထောက်နဲ့ တစ်ချက်နင်းချလိုက်မှ ဂရုန်းဂရုန်း အသံတစ်သံ ကြားလိုက်ရတယ် ။ 


ထိုတဒင်္ဂအတွင်း ကျွန်တော့် အတွေး စိတ်ကူးကလေးက နိုင်ငံခြားကားတွေထဲကလို နံရံက ဖတ်ခနဲ လှန်သွားပြီး ကျွန်တော့်ကို တခြားအခန်းတစ်ခုထဲ ရောက်သွားစေမှာလား ၊ ဒီလိုမှမဟုတ် နံရံက တခါးချပ်သဖွယ် ပွင့်ဟသွားမှာလားပေါ့ ။ အဲဒီလို တွေးနေခဲ့တာကြောင့် ရုတ်တရက်ကြီး ကျွန်တော်ခြေထောက်အောက်က မြေပြင်က ဟာလာဟင်းလင်း ဗလာကျင်း ဖြစ်သွားတဲ့အခါ တစက်ကလေးမှ ပြင်ဆင်ချိန်မရလိုက်ပဲ တကိုယ်လုံး အောက်ပြုတ်ကျသွားတော့တယ် ။ ဒီလိုပုံစံမျိုးက ဘယ်က လျို့ဝှက်တံခါးကမှာတုံး ထောက်ချောက်ဆိုတာ အသိသာကြီးကို ! ပြဿနာပဲ ငါတော့ သေပြီ ! လို့ ကျွန်တော် အသံတိတ် အော်လိုက်မိတယ် ။ အောက်မှာ ဘာတွေရှိနေမယ်မှန်း မသိဘူးလေ ။ မသကာ အရိုးတောင်ပြတ်နိုင်တဲ့ သံမဏိ ဆူးချွန်တွေလား ။ 


ကျွန်တော့်အတွေးမဆုံးလိုက်သေးခင် လျှပ်တပြက် မီးတစ်ခတ် အချိန်ကလေးအတွင်းမှာတင် ကျွန်တော်ဟာ ကြမ်းပြင်ပေါ် ဖင်ထိုင်ကျသွားတယ် ။ ကျွန်တော့်မယ် အသက်မသေခဲ့တဲ့ ကံကောင်းမှုကလေးကိုတောင် ဝမ်းမမြောက်အားသေး လက်ထဲမှာ ကိုင်ထားတဲ့ သတ္ထုတွင်းသုံး မီးအိမ်က ခွပ်ခနဲ မြေပြင်နဲ့ ရိုက်မိလိုက်ပြီး ဘက်ထရီပြုတ်ထွက်သွားကာ မီးငြိမ်းသွားပြီးနောက် ကျွန်တော်ဟာ ပိန်းပိတ်အောင် မှောင်မိုက်နေတဲ့ အမှောင်ထုကြီးထဲ ကျရောက်သွားတော့တယ် ။ 


ဒီလိုအခြေအနေမျိုးမှာ ဒီသတ္ထုတွင်းသုံး မီးအိမ်ဟာ ကျွန်တော့်ရဲ့ အသက်လိုပဲ အရမ်း အရေးကြီးတယ် ။ အလင်းရောင်သာမရှိရင် ဒီလို အလင်းရောင် အရင်းအမြစ် လုံးဝမရှိနိုင်တဲ့ ရှေးဟောင်း သင်္ချိုင်းဂူထဲမှာ သေဖို့တစ်လမ်းပဲ ရှိတယ် ။ ကျွန်တော် သတ္ထုတွင်းသုံးမီးအိမ်ကို လိုက်စမ်းကြည့်ဖို့ အမြန်တိုးသွားလိုက်တယ် ။ မီးအိမ် ဘယ်နားကျသွားတယ်ဆိုတာ ကျွန်တော် သေသေချာချာ မှန်းမိနေပြီး သိပ်မကြာခင်မှာပဲ စမ်းမိလိုက်တယ် ။ ဘက်ထရီကလည်း သူ့ရဲ့ ဘက်ဘက်ခြမ်းလောက်မှာ ရှိလောက်တယ် ။ ကျွန်တော် လက်ကို ဆန့်ပြီး ဘယ်ဘက် အပေါ်နားလောက်ကို စမ်းလိုက်ချိန် ရုတ်တရက် ရေခဲတမျှ အေးစက်နေတဲ့ လက်တစ်ဖက်ကို စမ်းမိသွားတော့တယ် ။ 




TBC 



အပိုင်း (၁၄) - မန့်ယိုဖျင်

  အပိုင်း ၁၄ - မန့်ယိုဖျင် ဟိုကောင်လေးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလာတယ် ။ “ရဲဘော်တို့ ငါ မင်းတို့ကိုပါ အမှုပတ်စေမိပြီ ၊ ကြည့်ရတာတော့ င...