ခုနှစ်စဉ်ကြယ် လူဘုရင့်နန်းတော်
အပိုင်း ၁ - သွေးအလောင်းကောင်
လွန်ခဲ့သော နှစ်ငါးဆယ် ။
ချန်ရှားမြို့ ၊ ပျောင်းဇီတောင်တန်း ။
ပညာရှင်ဆန်ဆန် လူလေးယောက်မှာ ပွင့်နေသည့် သင်္ချိုင်းဂူ၏ အစွန်း၌ ငုတ်တုတ်ထိုင်နေကြပြီး စကားတစ်ခွန်းမှ မဆိုကြဘဲ မြေကြီးပေါ်မှ ဂေါ်ပြားတစ်ချောင်းအား စူးစူးစိုက်စိုက်ကြည့်နေကြသည် ။ သင်္ချိုင်းတူးရာတွင် အသုံးပြုသည့် လော့ယန်ဂေါ်ပြားဟု သိကြသော အဆိုပါဂေါ်ပြားမှာ တမူထူးခြားသည့် ပစ္စည်းကရိယာ တစ်မျိုးဖြစ်၏ ။ သင်္ချိုင်းဂူထဲမှ ယခုပင် ဆွဲထုတ်လိုက်သည့် ရှည်မျောမျော ပြွန်ပုံစံ ဂေါ်ပြားထဲ၌ မြေဆွေးများပါလာပြီး ထိုမြေလက်တစ်ဆုတ်စာထဲမှ အနီရောင် အရည်ပျစ်ပျစ်များ ထူးဆန်းစွာ ယိုဖိတ်စိမ့်ထွက်ကျနေပုံမှာ လောလောလတ်လတ် သွေးထဲ နှစ်စိမ်ထားခဲ့ သလိုလိုပင် ။
“ ဒီအောက်မှာတော့ အတော်လေး ပြဿနာရှိတယ်”
အဖွဲ့ထဲမှ အသက်အကြီးဆုံး လူကြီးက သူ၏ ဆေးတံကို မြေကြီးပေါ် ခေါက်ချလိုက်ရင်း ပြောသည် ။
“ အောက်မှာ သွေးအလောင်းကောင်ရှိနေတယ် ၊ တကယ်လို့ ငါတို့သတိမထားရင် အားလုံးဒီနေရာမှာ ထာဝရ မြှုပ်ပြီးသား ဖြစ်သွားလိမ့်မယ်”
“ ဆင်းမှာလား မဆင်းဘူးလား ၊ လုပ်မှာလား မလုပ်ဘူးလား တစ်ခွန်းပဲပြော ခင်ဗျားရဲ့ အဓိပ္ပါယ်မရှိ အပိုစကားတွေ နားမထောင်ချင်ဘူး ”
မျက်လုံးအုပ်တစ်ဖက်တပ်ထားသည့် ဆယ်ကျော်သက်အရွယ် ကောင်လေးက ပြော၏ ။
“ ခင်ဗျားရဲ့ အိုမင်းမစွမ်း ခြေထောက်တွေက အဆင်မပြေဘူးဆိုရင်လဲ ကျုပ်နဲ့ ကျုပ်ညီ ဆင်းမယ် ၊သူကဘာကောင်မလို့လဲ ဂရုစိုက်လို့ ၊ ကျည်တစ်ကဒ်လုံးပစ်ထည့်ပေးလိုက်မယ်”
အဖိုးကြီးက စိတ်ဆိုးရမည့်အစား ရယ်မောလိုက်ပြီး သူ့ဘေးနားက မုတ်ဆိတ်မွေးနှင့် လူကို ခပ်အေးအေးလှည့်ပြောလိုက်သည် ။
“ မင်းအိမ်က ဒုတိယကောင်ကတော့ လေကြီးမိုးကြီးတိုက်နေသလို အပြောဆိုးပါ့လား ၊ ဘယ်ချက်ကျမှ အဲဒီလေကြောင့် အိမ်ပြင်ဆောက်ရမယ်မသိဘူး၊ မင်း သေသေချာချာ သွန်သင်ဆုံးမပေးထားဦး ၊ ငါတို့ရဲ့ ဒီလုပ်ငန်းက စကားကြီးစကားကျယ်နဲ့ အသံတွေထွက်နေရုံတင် မပြီးဘူး နေရာတိုင်းမှာ သေနတ်နဲ့တင် ဖြေရှင်းလို့ရတဲ့ ကိစ္စတွေမဟုတ်ဘူး ဆိုတာတွေကို”
မုတ်ဆိတ်မွှေးနှင့် လူကြီးက ထိုလူငယ်လေးအား တစ်ချက်လှမ်းကြည့်လိုက်ပြီး …
“ခွေးကောင်လေး ! အဘိုးကို ဘယ်လိုပုံစံနဲ့ မရိုမသေစကားပြောနေတာလဲ မင်းအဘိုးဂူဖောက်နေတဲ့ အချိန်တုန်းက မင်းဆိုတဲ့ကောင်က မင်းအမေဗိုက်ထဲမှာ ချီးစားနေရတုန်းရှိသေးတယ်”
“ ကျွန်တော် စကားပြော… စကားပြောမှားသွားပါတယ် ဘိုးဘေးတွေပဲ ပြောခဲ့တာမဟုတ်ဘူးလား အဲဒီ သွေးအလောင်းကောင်ရှိနေတာ ကောင်းတာပဲလေ အောက်မှာရှိတဲ့ ရတနာတွေက နည်းမှာ မဟုတ်ဘူး မဆင်းရင် အခွင့်ကောင်းလွတ်သွားသလို ဖြစ်နေမှာပေါ့”
“မင်း ငါ့ကို ပြန်ပြောရဲတယ်လား ”
မုတ်ဆိတ်နှင့် လူက ရိုက်နှက်ရန် လက်မြှောက်ရွယ်လိုက်ချိန် အဖိုးကြီး၏ ဆေးတံဖြင့် ဖြတ်တားခြင်းကို ခံလိုက်ရသည် ။
“သူ့ကို မရိုက်နဲ့ __ မင်းချာတိတ်ဘဝတုန်းကလည်း ဒီအတိုင်းပဲကို ဒါက ခေါင်မှမလုံရင် တံစက်မြိတ်ကလည်း မလုံနိုင်ဘူးဆိုတဲ့ သဘောပဲ ”
မျက်လုံးတစ်ဖက်အုပ်ထားသည့် ကောင်လေးမှာ သူ့အဖေ အပြစ်တင်ခံရတာကို မြင်သည့်အခါ ခေါင်းငုံ့ပြီး ခိုးရယ်နေ၏ ။ အဖိုးကြီးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး မျက်လုံးတစ်ဖက်လပ် ကောင်လေးကို ခေါင်းတစ်ချက်ခေါက်လိုက်ရင်း ပြောသည် ။
“မင်းက ဘာရယ်နေတာတုံး၊ သွေးအလောင်းကောင်နဲ့ ကြုံတာက ဟာသမဟုတ်ဘူး ၊ ပြီးခဲ့တဲ့အခေါက် မင်းဒုတိယအဘိုး လော့ယမ်ထဲမှာ ဒါမျိုးတူးမိခဲ့တုန်းက နောက်ဆုံး အခုထိ ရူးကြောင်ကြောင်ဖြစ်နေတာ နေ့နေ့ညည တစ်ယောက်တည်း ဘာတွေပြောနေမှန်းမသိနဲ့ အခုခဏစောင့် ငါအရင်ဆုံးဆင်းမယ် မင်းက ငါ့နောက်က လိုက်ခဲ့ ၊ ဒုတိယကောင်က ထူဟောက်ဇီ ကို သင်္ချိုင်းနောက်ကို ယူသွား ၊ တတိယကောင်က မဆင်းနဲ့ လေးယောက်လုံး တပြိုင်နက် အောက်ကိုဆင်းရင် အမြန်ပြန်ထွက်ချင်တဲ့ အခါကျ အချိန်မမှီဖြစ်လိမ့်မယ် ၊ မင်းက ထူဟောက်ဇီရဲ့ အမြီးပိုင်း ကြိုးစကို ဆွဲထား ငါတို့ အထဲကနေအော်တဲ့အခါကျရင် မင်းအဲဒီကြိုးကို ဆွဲလိုက်”
[T/N - ထူဟောက်ဇီ - မြေကြွက်ဟု အမည်တွင်သော လက်နက်ကရိယာတမျိုး ]
အငယ်ဆုံးကောင်လေးက မကျေမနပ်နှင့် ညည်းညူ၏ ။
“ ဒါမတရားဘူး ၊ အဘိုးတို့ညာတာ ကျွန်တော်အမေ့ကို ပြန်တိုင်မှာ”
အဘိုးကြီးက ရယ်လေသည် ။
“ကြည့်ကြည့် တတိယကောင်လေး သတ္တိကလည်း မခေပါ့လား ၊ ပြဿနာမရှာနဲ့တော့ ခဏနေကျရင် မင်းအတွက် ရွှေဓားတစ်လက်ယူလာပေးမယ် ဟုတ်ပြီလား”
“ အဘိုးယူပေးစရာမလိုပါဘူး ကျွန်တော့်ဟာ ကျွန်တော်ယူမှာပေါ့”
“ မင်းဆိုတဲ့ ဒီအရှုပ်ထုတ်ကောင်ကတော့ ငါ့ကို ပြဿနာလာရှာနေပြန်ပြီ ၊ မင်းရဲ့ အဖိုးတန်ဒေါသလေးနဲ့ လူကြီးကို စိတ်အနှောင့်အယှက် ပေးနေရလား”
သူ့ညီလေး၏ နားရွက်ကို လိမ်ဆွဲလိုက်ရင်း မျက်လုံးတစ်ဖက်အုပ်ကောင်လေးက အော်လိုက်သည် ။
ထိုအငယ်ဆုံးကောင်လေးမှာ ခါတိုင်းလည်း အတော်လေး အရိုက်ခံရပုံရသည် ။ တစ်ချက်ကြည့်ရုံမျှဖြင့် သူ၏ ဒုတိယအစ်ကို အမှန်တကယ်ဒေါသထွက်နေမှန်း သိတာကြောင့် အသံသိပ်မထွက်ရဲတော့ဘဲ အကူအညီတောင်းခံလိုဟန်နှင့် သူအဖေအား လှမ်းကြည့်လိုက်၏ ။ သို့ရာတွင် သူ့အဖေက ပစ္စည်းကိရိယာများ သိမ်းဆည်းရန် ထွက်သွားနှင့်ပြီ ဖြစ်သည် ။ သူ၏ဒုတိယအစ်ကိုမှာ အတော်လေးကျေနပ်သွား၏ ။
“မင်းဘာကိစ္စနဲ့ ဒီလောက်အမြင်ကပ်စရာ ဖြစ်နေရတာလဲ ၊ ဒီတစ်ခါတော့ အဘိုးကြီးလည်း မင်းကိုမကူတော့ဘူး ၊ မင်းထပ်အော်ခေါ်နေရင် ငါမင့်ဟာကို မုန့်ကြိုးလိမ်ဖြစ်အောင် လိမ်ချိုးပစ်လိုက်မယ်”
အဘိုးကြီးက ဒုတိယကောင်လေး၏ ပုခုံးကို တဖတ်ဖတ်ပုတ်လိုက်ရင်း ခပ်ကျယ်ကျယ်အော်ပြောလိုက်သည် ။
“ကောင်လေးတို့ လက်နက်တွေကိုင်ထားကြ”
ပြောပြီးသည်နှင့် ဂေါ်ပြားတစ်ချောင်းကို လေပွေလို လွှဲယမ်းထုတ်လိုက်ပြီးပြီ ဖြစ်လေသည် ။
တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် တူးဖော်ထားသည့် လှိုဏ်ခေါင်းမှာ အောက်ခြေကို မမြင်ရလောက်အောင် နက်လာခဲ့ပြီ ။ လောင်အော့အပေါ်ကို တက်လာပြီး လေရှူသည့်အချိန်မှလွဲ၍ ဂူထဲမှ ဘာသံမှ မကြားရ ။ လောင်စန်းက စိတ်မရှည်နိုင်တော့ဘဲ ဂူအတွင်းသို့ လှမ်းအော်လိုက်တော့သည် ။
“ ဘိုးဘိုးကြီး တူးမိပြီလား”
စက္ကန့်တော်တော်များများကြာမှ အတွင်းထဲက မသည်းမကွဲအသံ တစ်သံ ထွက်ပေါ်လာသည် ။
“ မ…..သိဘူး ၊ မင်း……အပေါ်မှာပဲနေ ကြိုးကို….သေချာ…. သေချာဆွဲထား”
ဒုတိယအစ်ကို၏ အသံပင်ဖြစ်သည် ။ ထို့နောက် သူ အဘိုးကြီး၏ ချောင်းဟန့်သံ တစ်ချက်ကြားလိုက်ရ၏ ။
“တိတ်တိတ်နေ…… နားထောင်စမ်း ! လှုပ်ရှားမှုရှိတယ်”
ထို့နောက်တွင်မှု သုသာန်တစပြင်ပမာ တိတ်ဆိတ်သွားတော့သည် ။
အောက်ထဲ၌ အမှတ်မထင်ဖြစ်ပျက်လာသည့် အရေးအခင်းတစ်ခု သေချာပေါက် ရှိလာနေပြီ ဖြစ်ကြောင်း လောင်စန်းသိ၍ ကြောက်လွန်းပြီး စကားတောင် မပြောနိုင်တော့ပေ ။ ရုတ်ခြည်းဆိုသလို ဂူတွင်းမှ ထွက်ပေါ်လာသည့် လူကို မွေးညှင်းများ ထောင်ထသွားစေနိုင်လောက်သော ဖားပြုတ်အော်သံဆန်ဆန် ကျောချမ်းဖွယ်ရာ ဂရူးဂရူးမြည်သံများ ကြားလာရသည် ။
ထို့နောက် သူ၏ ဒုတိယအစ်ကိုက အောက်ထဲမှ အော်ပြောလေ၏ ။
“တတိယကောင်လေး…… ဆွဲ!”
သူကား နှောင့်နှေးမနေဝံ့ ။ မြေကြီးကို ခြေကန်ကာ ထူဟောက်ဇီ၏ အမြီးပိုင်းကို တင်းတင်းဆုတ်ကိုင်ကာ အပြင်သို့ ဆွဲထုတ်လိုက်သည် ။ အနည်းငယ်ဆွဲထုတ်ပြီးနောက် ရုတ်တရက်ဆိုသလို အောက်ထဲမှ တစ်စုံတစ်ရာက ကိုက်ဆွဲလိုက်သည့်အလား တန်ပြန်သက်ရောက်အား ရှိလာပြီး ကြိုးမှာ တွင်းထဲသို့ ဆွဲချခံလိုက်ရလေသည် ။ လောင်စန်းမှာ ဤကဲ့သို့သော အခြေအနေမျိုးအား တွေးမထားခဲ့ဖူးဘဲ တွင်းထဲသို့ ဆွဲချခံရလုနီးနီး ဖြစ်သွား၏ ။ သူက ရုတ်တရက်ဖြတ်ထိုးဉာဏ်ဖြင့် အမြီးပိုင်းကြိုးကို ခါးမှာ ပတ်ချည်ကာ သူ့နောက်ကျောက မြေကြီးနှင့် 30ဒီဂရီလောက်ထိ ရောက်အောင် နောက်ပြန်လှန် လှဲချလိုက်သည် ။ ဤသည်ကား ရွာ၌ အခြားကလေးများနှင့် လွန်ဆွဲကစားသည့်အခါ သုံးသည့် နည်းလမ်းကလေးပင် ။ ထိုနည်းလမ်းဖြင့် သူ၏အလေးချိန်တစ်ခုလုံးမှာ ကြိုးပေါ်တွင်ရှိနေပြီး ဆွဲသူမှာ လားပင်ဖြစ်ပါစေဦး သူလည်း တောင့်ခံထားနိုင်ပေသည် ။
အမှန်တကယ်ကိုပင် သည်နည်းလမ်းဖြင့် သူနှင့်တွင်းထဲမှအရာအား လိပ်ခဲတည်းလည်း အခြေအနေဖြင့် ထိန်းချုပ်ထားနိုင်လိုက်၏ ။
နှစ်ဖက်လုံးမှာ အပတ်တကုတ် ရုန်းကန်ကြိုးစားနေကြသော်ငြား တစ်ဖက်ကို တစ်ဖက် အနည်းငယ်သော်မျှ ဆွဲမချနိုင် ဆွဲမထုတ်နိုင်ကြပေ ။ ဆယ်စက္ကန့်ကျော်မျှ လိပ်ခဲတည်းလည်း အခြေအနေဖြစ်နေခဲ့ချိန် ဂူအတွင်းထဲဆီမှ ဆီမီးအော်တို ပစ္စတိုသေနတ်သံ တစ်ချက်ကြားလိုက်ရပြီးနောက် သူ့အဖေ၏ အော်သံကြားလိုက်ရသည် ။
“ တတိယကောင်ရေ အမြန်ပြေးတော့ ! ! ! ! !”
ကြိုးမှာ လျော့ကျသွားသလို ခံစားလိုက်ရပြီး ထူဟောက်ဇီမှာ မြေတွင်းထဲမှ ဝှီးခနဲလွင့်ထွက်လာခဲ့သည် ။ ၎င်း၌ တစ်စုံတစ်ရာ ချိတ်ပါလာခဲ့သေး သလိုလို ။ ထိုအခိုက်အတန့် လောင်စန်းမှာ ဘာကိုမှ မတွေးတောနိုင် ။ အောက်ထဲ၌ တစ်ခုခုဖြစ်နေပြီမှန်းသိသောကြောင့် ထူဟောက်ဇီကို ကောက်ပိုက်ကာ နောက်လှည့်ပြေးတော့သည် ။
နှစ်လီလောက် ဆက်တိုက်ပြေးလာခဲ့ပြီးမှ သူရပ်တန့်ရဲပြီး လက်ထဲပိုက်လာခဲ့သည် ထူဟောက်ဇီကို ကြည့်လိုက်မိသခိုက် ကြောက်လန့်တကြားထအော်မိတော့၏ ။ တကယ်တမ်း ထူဟောက်ဇီ၌ ချိတ်ပါလာသည်ကား သွေးအလိမ်းလိမ်းနှင့် လက်တစ်ဖက်ပင် ။ ထိုလက်တစ်ဖက်၏ သွင်ပြင်ကို သူမှတ်မိလိုက်ချိန် အလိုလိုငိုချမိတော့သည် ။ အနှီလက်တစ်ဖက်မှာ သူ့ ဒုတိယအစ်ကို၏ လက်တစ်ဖက်ဖြစ်နေခဲ့၏ ။ သည်အတိုင်းဆိုလျှင် သူ့အစ်ကိုမှာ မသေခဲ့ရင်တောင် ဒုက္ခိတဖြစ်သွားလောက်ပြီ ။
ထိုသို့တွေးလိုက်မိသောအခါ အလိုလိုအံတင်းတင်းကြိတ်မိသွားလျှက် သူ့အဖေနှင့် အစ်ကိုအား သွားပြန်ကယ်ချင်မိသည် ။ သူနောက်လှည့်လိုက်ချိန်တွင် သူ့နောက်ကျောဘက်၌ သွေးသံရဲရဲအရာတစ်ခုမှာ ငုတ်တုတ်ထိုင်လျှက် သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏ ။
အနှီလောင်စန်းမှာလည်း ခေသူမဟုတ် လူပေလူတေကလေးပင် ။ ခါတိုင်းသူ၏အဖေနှင့်အတူ အရည်အချင်းပေါ်လာစေနိုင်မည့် အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ခဲ့ဖူးပြီး ထူးခြားဆန်းကြယ်သည့် ကိစ္စရပ်များစွာကိုလည်း တွေ့ခဲ့ကြုံခဲ့ဖူးပေါင်း များပြီးဖြစ်သည် ။ သည်မြေအောက်လောက၌ မည်ကဲ့သို့သော ကိစ္စရပ်မဆို ဖြစ်ပွားနိုင်ကြောင်း သိထားပြီး ဖြစ်သလို အရေးအကြီးဆုံးမှာ သာမန်ကိစ္စအပေါ် အဆန်းထင်ပြီး ကြောက်လန့်တကြားဖြစ်ရန်မဟုတ် ၊ အခွင့်ရလျင် ရသလို ပါးနပ်လိမ္မာစွာ မီးစင်ကြည့်ကတတ်ဖို့ လိုသည် ။ စိုးရိမ်ဖွယ်ကောင်းသည့် တစ္ဆေသရဲပင်ဖြစ်ပါစေ လူသားထက်တော့ မသန်မာနိုင်သည်ကို သိထားရမည် ။ ဘာသရဲဖြူ သရဲနက်ဖြစ်ဖြစ် ၊ ဘာကောင်ကြီး ဖြစ်နေပါစေ ရူပဗေဒ နိယာမ သဘောတရားကိုတော့ နာခံရပေလိမ့်မည် ။ ကျည်တစ်ကဒ်လောက် ပစ်ခွင်း ဖြုတ်ရှင်းပစ်လိုက်လျှင် ဘာမှ ကြောက်စရာမလိုတော့ပေ ။
ထိုကဲ့သို့ တွေးမိလာပြီးသည့်နောက်တွင် သူ့စိတ်ကို တင်းလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ခြေတစ်လှမ်းနောက်ဆုတ်ရင်း ခါးမှာချိတ်ထားသည့် ဆီမီးအော်တို ပစ္စတိုကို လက်ထဲဆုတ်မိလျှက်သား ဖြစ်သွားပြီး အချက်အနည်းငယ်မျှ တရစပ်ပစ်ခတ်လိုက်သည် ။ အနှီ သွေးအလိမ်းလိမ်းသတ္တဝါ လှုပ်ရှားလိုက်သည်နှင့် အရင်ဆုံး ခေါင်းထက်မှာ မိုးကြိုးပစ်ခွင်းချလိုက်သလို ကျည်ပေါက်ရာ အထပ်ထပ်ဖြစ်သွားပေလိမ့်မည် ။ ထိုအခိုက်အတန့်မှာပင် အနှီသွေးအလိမ်းလိမ်းသတ္တဝါက ရုတ်တရက် ထရပ်လိုက်လိမ့်မည်ဟု မည်သူသိနိုင်မည်နည်း ။ လောင်စန်းတစ်ယောက် အနီးကပ် တချက်ကလေး မြင်လိုက်ရရုံနှင့် ခေါင်းနပန်းကြီးသွားပြီး အစာအိမ်မှာ တွန့်လိမ်သွားသည့်နှယ် ခံစားလိုက်ရသည် ။ အဲဒါကြီးက သိသိသာသာကြီးကို အရေခွံချွတ်ခံထားရတဲ့ လူကြီးလေ ! တစ်ကိုယ်လုံးကနေ သွေးတွေ တတောက်တောက်ကျနေတာ လူ့အရေခွံထဲကနေ အတင်းဆွဲထုတ်ခံထားရသလိုပဲ ။ ဒီလိုဟာကြီးက ဘယ်လိုလုပ် လှုပ်ရှားနိုင်နေသေးတာတုံး ? ဒါက အရမ်းကို အံ့ဖွယ်သရဲကိစ္စကြီးပဲ ! မဟုတ်မှလွဲရော ဒါက သွေးအလောင်းကောင်ရဲ့ တကယ့်အသွင်အစစ်များလား ?
သူတွေးတောနေစဉ်မှာပင် အနှီသွေးအလောင်းကောင်မှာ ၎င်း၏ကိုယ်ခန္ဓာကို ရုတ်တရက်ညွှတ်ကွေးလိုက်ပြီး ရှေ့သို့ကိုင်းချလိုက်လေသည် ။ တချိန်တည်းမှာပင် လောင်စန်းနှင့် ၎င်းတို့မှာ အကြည့်ချင်းဆုံသွားကြ၏ ။ ထိုသွေးအလိမ်းလိမ်းမျက်နှာကြီးမှာ သူ့မျက်နှာနား ဖိကပ်လာပြီး ချဉ်စူးစူးရနံ့များက သူ့နှာသီးဝဆီ တိုးတိုက်သွားလေသည် ။ လောင်စန်းမှာ နောက်လန်လဲကျသွားပြီး တချိန်တည်းမှာပင် ဆီမီးအော်တို ပစ္စတို၏ ကျည်တစ်ကဒ်လုံးမှာ ထိုသတ္တဝါ၏ရင်ဘတ်ဆီသို့ အနီးကပ် ပစ်ခွင်းဖောက်ဝင်သွား၏ ။ အကွာအဝေးမှာ နီးကပ်လွန်းသောကြောင့် ကျည်တောင့်များအားလုံး ဖောက်ဝင်သွားကာ အနှီသတ္တဝါအား သွေးများနေရာအနှံ့လွင့်စင်သွားအောင် အပစ်ခံလိုက်ရပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားစေသည် ။ လောင်စန်းစိတ်ထဲ တိတ်တခိုးဝမ်းသာသွားပြီး လက်ကို ပြင်ကာ အနှီသတ္တဝါ၏ ခေါင်းဆီသို့ ချိန်ရွယ်လိုက်ပြီးနောက် သေနတ်မောင်းခလုတ်ကို ဆွဲချလိုက်၏ ။ သေနတ်မှာ ကလစ်ဟု အသံတချက်မြည်သွားပြီးနောက် မောင်းကပ်သွားလေတော့သည် !
သည်ဆီမီးအော်တို ပစ္စတိုဟောင်းမှာ ဟိုးတုန်းက စစ်နယ်ရှင်ဟောင်းတစ်ယောက်၏ အုတ်ဂူတွင်းမှ သူ၏ ဒုတိယအဘိုးတူးယူလာခဲ့တာဖြစ်ပြီး တွေးကြည့်ရင် နှစ်ပေါင်းများစွာ အသုံးမပြုဘဲ ထားခဲ့ပုံပင် ။ ဒီနှစ်အတောအတွင်း သူ သူ့အဖေနှင့် သွားလာခဲ့ချိန်မှာလည်း ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ အခွင့်မသာခဲ့ ။ ပုံမှန်ဆို ပစ်ဖို့ခတ်ဖို့ကလည်း အခွင့်နည်းပါးလှသေးသည် ။ သည်လို သေရေးရှင်ရေး အခိုက်အတန့်မှာမှ သူက မောင်းကပ်သွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ !
အနှီလောင်စန်းမှာလည်း တကယ် မလွယ်ကျောလေးပင် ။ သေနတ်သုံးမရတော့မှန်း သိသည်နှင့် လက်ကို နောက်လွှဲလိုက်ပြီး အားကုန်သုံးကာ ပစ်ပေါက်ပစ်လိုက်တော့သည် ။ ထိုနောက် ထိလား မထိလားပင် မကြည့်တော့ပဲ တချိုးတည်း နောက်လှည့်ပြေးတော့၏ ။ ဒီတစ်ကြိမ်တော့ သူနောက်ကိုလှည့်မကြည့်ရဲပေ ။ ရှေ့တူရူဆီ၌ သစ်ပင်ကြီး တစ်ပင်တွေ့မိသည့်အခါ ထိုအရာကြီး သစ်ပင်မတက်နိုင်လောက်ပါစေနဲ့ တွေးရင်း ရုတ်တရက် ခြေခေါက် ပစ်လဲကျကာ သစ်ငုတ်နှင့် မျက်နှာ ရိုက်မိပြီး နှာခေါင်းနှင့်ပါးစပ်ဆီက သွေးများ ယိုစီးကျလာတော့သည် ။
လောင်စန်းတစ်ယောက် မြေကြီးကို လက်ဝါးနဲ့ ခပ်ပြင်းပြင်းရိုက်ချလိုက်ပြီး စိတ်ထဲ အတော် ဒေါသထွက်သွားမိသည် ။ မင့်မေကြီးတော်နဲ့မှ ဘာလို့ ဒီလောက် ကံဆိုးရတာလဲ !
အဲဒီအချိန် သူ့နောက်က လေတိုးသံကြားလာရသည် ။ ယမမင်းကြီး နာမည်စာရင်းလာခေါ်တာမှန်း သူသိလိုက်၏ ။ သူစိတ်ဆုံးဖြတ်ချက်ချလိုက်တော့သည် ။ သေလည်း သေပေါ့ ၊ လဲကျနေလက်စနဲ့ ထမနေတော့ဘူး ။ မမျှော်လင့်ဘဲ သွေးအလောင်းကောင်ဟာ သူ့ကို မမြင်တွေ့သည့်အလား တကယ်ကြီး ကိုယ်ပေါ်ကနေ နင်းဖြတ်သွားခဲ့လေသည် ။ အနှီသွေးအလိမ်းလိမ်းဖြင့် ခြေထောက်မှာ သူ့ကျောပေါ်၌ ခြေရာတစ်ခု ချန်ထားရစ်ခဲ့၏ ။ အဆိုပါ သွေးအလောင်းကောင်မှာ ထူးထူးခြားခြားလေးလံလွန်းပြီး ခြေတစ်ဖက်နင်းဖြတ်သွားရုံမျှဖြင့် လောင်စန်း၏ လည်ချောင်းမှာ ချိုလာသလိုထင်မိပြီး သည်းခြေရည်များ အန်ထွက်တော့မလို ထင်လာမိသည် ။ ထို့နောက် ကျောပေါ်မှ အနင်းခံလိုက်ရသည့်နေရာမှာ ချက်ချင်း ယားယံလာပြီး သူ့အမြင်အာရုံများမှာ ဝေဝါးလာခဲ့သည် ။ သူအဆိပ်မိသွားပြီမှန်း သိလိုက်ရသလို အဆိပ်မှာလည်း အင်မတန်ပြင်းထန်လွန်း၏ ။ ကယောင်ကတမ်း အခြေအနေတွင်းမှာပင် မလှမ်းမကမ်းဆီမှ ဒုတိယအစ်ကို၏ လက်ပြတ်ထဲ၌ တစ်စုံတစ်ခုအား ဆုတ်ထားခဲ့သည်ကို မြင်လိုက်ရသည် ။
သူမျက်တောင်ကို ကြိုးစားခတ်လိုက်ရင်း သေချာကြည့်လိုက်မိသည့်အခါ ထိုအရာမှာ ရှေးဟောင်း ပိုးထည်စတစ်စ ဖြစ်နေခဲ့၏ ။ သူတွေးမိသည် ။ အိမ်က ဒုတိယအစ်ကိုက အသက်နှင့်ရင်းပြီး သည်ပစ္စည်းကို ထုတ်ယူလာခဲ့မှတော့ သည်အရာဟာ လုံးဝသာမန်ပစ္စည်း မဖြစ်နိုင်ဘူး ။ အခု သူတို့ ဘာဖြစ်သွားကြပြီမှန်းလည်း မသိ ။ ငါဒီပစ္စည်းကို သေသေချာချာ သိမ်းထားမှဖြစ်မယ် ။ မတော်လို့ ငါတကယ် သေသွားခဲ့ရင်တောင် သူတို့ ငါ့အလောင်းကို ရှာတွေ့တဲ့အခါ ငါ့ကိုယ်ပေါ်ကနေ ရှာတွေ့နိုင်မှာပဲ ။ ဒါဆို ငါ့ဒုတိယအစ်ကိုရဲ့ဒီလက်လည်း အလကားပြတ်ရတာ မဖြစ်တော့ဘူး ။ ငါလည်း အလကားသေရတာ မဖြစ်တော့ဘူး ။ သူတွေးရင်း ကြိုးကြိုးစားစား ခက်ခက်ခဲခဲဖြင့် အနားရောက်အောင် တွားသွားကာ ဒုတိယအစ်ကို၏ ကျစ်ကျစ်ပါအောင် ဆုတ်ထားသော လက်ချောင်းများကို အားသုံးဖြေဖွင့်ပြီးနောက် လက်ထဲမှ ရှေးဟောင်းပိုထည်စကို ထုတ်ယူလိုက်ကာ သူ့အင်္ကျီလက်ဖျားစအတွင်းသို့ ထိုးထည့်လိုက်သည် ။
ထိုအချိန် သူ့နားတွင်းမှ တဝီဝီ တစီစီ အသံများကြားလာရပြီး မျက်လုံးများမှာလည်း ပိတ်ကြဲစတစ်စ ကာရံထားသည့်နှယ် ဝေဝါးလာကာ ခြေလက်များလည်း အေးစက်လာရ၏ ။
သူ၏ အတိတ်က အတွေ့အကြုံများအရ လက်ရှိအချိန်၌ သူ့ဘောင်းဘီထဲတွင် ချီးတွေ သေးတွေ ထွက်ကျနေလောက်ပြီ ။ အဆိပ်မိပြီး သေတဲ့လူတွေက အတော်ကြည့်ရဆိုးတယ်တဲ့ ။ လက်ရှိမှာ အမျှော်လင့်ဆုံးကတော့ သူ့ဒီပုံစံကို ရွာထဲက အိမ်နီးခြင်း ကောင်မလေး မမြင်ပါစေနဲ့ ဆိုတာပဲ ။
သူ ဤကဲ့သို့ ကယောင်ကတမ်း တွေးတောနေစဉ်မှာပင် ဦးနှောက်က သူ့ခိုင်းစေမှုကို ဘယ်လိုမှ နားမထောင်တော့ပေ ။ ထိုစဉ် သူဂူပေါက်ဝ၌ ရှိစဉ်က ကြားခဲ့ရသည့် ဂရူးဂရူးမြည်သံဆန်းကို သိုးသိုးသဲ့သဲ့ကြားလိုက်ရသည် ။
လောင်စန်းမှာ အနည်းငယ် မူမမှန်သည်ကို ခပ်ရေးရေးတွေးမိလိုက်၏ ။ စောစောက သွေးအလောင်းကောင်နဲ့ သတ်ပုတ်နေတဲ့ တလျှောက်လုံး သူ့ရဲ့အသံ တစ်ချက်မှ မကြားခဲ့ရဘဲ အခုမှ ဘာလို့ ထကြားလာရပြန်တာလဲ? မဟုတ်မှလွဲရော စောစောက သွေးအလောင်းကောင် မဟုတ်ဘူးလား ? ဒါဖြင့် စောစောက တွေ့ရတာကြီးကရော ဘာကြီးတုံး ? နှမျောစရာကောင်းသည်က သည်အချိန်မှာ သူဟာ အခြေခံအားဖြင့် စဉ်းစား ဆန်းစစ်တာမျိုး လုံးဝလုပ်နိုင်စွမ်းမရှိတော့တာပင် ။ သူဟာ အလင်းပြန်မှုကြောင့် ခေါင်းမော့ကြည့်လိုက်ချိန် ထူးဆန်းသည့် ဧရာမမျက်နှာကြီး တစ်ခုက သူ့အား ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရလေသည် ။ မျက်ဆန်မရှိသည့် မျက်လုံးနှစ်ပေါက်တွင်း၌ ဟာလာဟင်းလင်း ဗလာကျင်းကာ အသက်ကင်းမဲ့လျှက် ။
TBC
No comments:
Post a Comment