Friday, November 24, 2023

Ore no kami sama ( My dear God )


Ore no kami sama ( My dear God )

By Manato Shinya 



နွေဦး​၏ ပြယုဂ်ဖြစ်သည့် ပုစဉ်းရင်ကွဲအော်မြည်သံ တစီစီမှလွဲ၍ တောအုပ်တစ်ခုလုံးဟာ တိတ်ဆိတ်လို့နေသည် ။ မျက်စိရှေ့မှာ မြင်နေရသည့် ယိုယွင်းပျက်စီးစ ပြုနေသော နတ်ကွန်းနန်းဆောင် သေးသေးလေးကို ကြည့်ရင်း ယူးအိချိ စိတ်လှုပ်ရှားနေခဲ့သည် ။ 

နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ ။ တောင်ပေါ်က ဆုတောင်းပြည့်သည်ဆိုသည့် နတ်ကွန်းလေး ။

သည်အကြောင်းတွေကို သူကြားခဲ့တာ မြို့ခံ လူငယ်တစ်ချို့ဆီက ဖြစ်သည် ။ ယူးအိချိ တစ်ယောက် သူ​၏အဘွားနေထိုင်ရာ သည်မြို့လေးဆီ အလည်အပတ်ရောက်နေခဲ့သည်မှာ အချိန်အားဖြင့် တစ်ပတ်ကျော်ကျော်ရှိခဲ့ပြီ ။ နေ့စဉ်နှင့်အမျှ မြို့ထဲက သူနှင့် မတိမ်းမယိမ်း လူငယ်တွေ ၊ ညီအစ်ကိုဝမ်းကွဲတွေနှင့် မြို့ငယ်လေးတစ်ခွင် ပြဲပြဲစင် သွားလာလည်ပတ်ခဲ့ကြဖူးပြီ ။ မြို့ငယ်လေး​၏ အနောက်ဘက် နှစ်မိုင်ခန့်က ကမ်းခြေတစ်ခုဆီကိုလည်း သူတို့သွားခဲ့ကြသလို မြို့ငယ်လေး​၏ အရှေ့ဘက်ယွန်းယွန်းမှ လယ်ကွင်းပြင်များဆီလည်း စက်ဘီးပတ်စီးခဲ့ကြသည် ။ သို့ပေသိ မြို့ငယ်​၏တောင်ဘက်တွင် တည်ရှိသည့် သည်တောင်ပေါ်ကိုတော့ ယူးအိချိတစ်ယောက်တည်းသာ လာခဲ့ပေသည် ။ အကြောင်းကား ဆုတောင်းပြည့်နတ်ကွန်းဆီ တစ်ယောက်တည်းသာ လာပြီး ဆုတောင်းပါမှ ပြည့်သည်ဆိုသည့် စကားကြောင့်ပင် ။ 

သည်နတ်ကွန်းလေးက ဆုတောင်းပြည့်သည်ဆိုသည်မှာ ရှေးကတည်းက ပြောစမှတ်စကားတစ်ခုဟု မြို့ခံ ဘော်ဒါအပေါင်းက သူ့ကို ပြောပြခဲ့ပြီး သူ​၏ ဆုတောင်းဟာလည်း သည်နတ်ကွန်းကပင် ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယူးအိချိ ယုံကြည်နေခဲ့သည် ။ 

အုပ်ဆိုင်းဆိုင်းတောအုပ်လေးအတွင်း နေတစ်ပြောက်နှစ်ပြောက် ထိုးကျလျက်ရှိနေသည့် အဆိုပါ ခနော်နီခနော်နဲ့ နတ်ကွန်းလေးကို ကြည့်ရင်း ယူးအိချိ ရင်ခုန်သံတွေ မြန်လာခဲ့သည် ။ သူတံထွေးကို မြိုချလိုက်ရင်း နတ်ကွန်းလေးနားကို အသာတိုးကပ်သွား၏ ။ တစ်လှမ်းချင်း ၊ တစ်လှမ်းချင်း ။ အနားရောက်မှ နတ်ကွန်းလေးက တော်တော်လေး ဟောင်းနွမ်းနေမှန်း သိရသည် ။ သစ်ပင်ကြီးတစ်ပင်အောက်မှာရှိသည့် ကစားစရာ အိမ်ကလေးသာသာ အဆိုပါ နတ်ကွန်းသဏ္ဌာန် အိမ်ပိစိကလေး​၏ အမိုးများသည်လည်း ပေါက်နေပေပြီ ။ တံခါးပေါက်သေးသေးလေးတွေက တံခါးရွက်များဟာလည်း ရွဲ့စောင်း ပြုတ်ကျလျက် ရှိနေ​၏ ။ ယူးအိချိတစ်ယောက် နောက်နေ့မှ သည်အမိုးလေးကို လာပြင်ပေးဦးမည်ဟု စိတ်ထဲမှတွေးတောရင်း ရွဲ့စောင်းပြီး ပြုတ်ကျလုလု တံခါးရွက်သေးသေးလေးတွေကို အသာအယာ ပြန်တည့်ပေးလိုက်မိသည် ။ ထို့နောက် လက်ထဲမှ ဆန်မုန့်ထုပ်ကလေးကို နတ်ကွန်းရှေ့ချလိုက်ရင်း လက်ခုပ်သုံးချက်တီးကာ ဆုတောင်းလိုက်သည် ။

“ခါစုဂါမိ ဆာမ ကျွန်တော့်…”

ဘုတ် ဘုတ် ဘုတ် 

ရုတ်တရက် ပစ္စည်းပြုတ်ကျသံတွေ ဆက်တိုက် ကြားလိုက်ရတာကြောင့် ယူးအိချိ ဂုတ်ပိုးက မွေးညှင်းတွေ ထောင်ထသွားပြီး နောက်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည် ။ သူ့နောက်မှာ ရပ်နေခဲ့တာ အသက်အရွယ် ခန့်မှန်း၍ မရနိုင်သည့်သွင်ပြင်နှင့် လူတစ်ယောက် ။ ထိုသူက နွေရာသီဝတ် ရိုးရာဝတ်စုံကိုဝတ်ဆင်ထားပြီး ထူးဆန်းသည့် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည် ။ သူ့ကို မြင်မြင်ချင်း “ ဒီနားမှာ နွေရာသီပွဲတော်တစ်ခုခုများ ရှိနေလို့လား?” ဟု တွေးမိလောက်အောင်ကို သူ၏ဝတ်စားဆင်ယဉ်ပုံက နွေရာသီပွဲတော် ဆန်နေပေသည် ။ ထို့နောက် မျက်နှာဖုံး ။ ဒီလို မျက်နှာဖုံးတွေက ပွဲတော်မှာ ကလေးတွေ ဝယ်တပ်ကြတာ မဟုတ်ဘူးလား? 

ယူးအိချိကြောင်အမ်းနေစဉ် ရုတ်တရက် ခြေထောက်နားကို တစ်စုံတစ်ခု လာရောက်တိုးတိုက်သည့်နှယ် ခံစားလိုက်ရတာကြောင့် ငုံ့ကြည့်လိုက်သည့်အခါ မက်မွန်သီးလေးတစ်လုံးကို တွေ့လိုက်ရ​၏ ။ ဟိုလူ​၏ လက်ထဲမှ ပြုတ်ကျလာတာ ဖြစ်မည် ။ ယူးအိချိကောက်ယူလိုက်ပြီး ထိုသူဆီ ကမ်းပေးလိုက်ရင်း ရယ်ကျဲကျဲနှင့် ပြောလိုက်သည် ။

“အဟဲ .. ဒီကအစ်ကိုလည်း ခါစုဂါမီ ဆာမ ကို လာဆုတောင်းတာလား .. လာပါ လာလာ.. နတ်ကွန်းက ကံစပ်တဲ့သူမှ ရောက်နိုင်တယ်ဆိုတာ တကယ်မှန်သား .. ကျွန်တော် အတော်လေးကို ရှာလိုက်ရတယ်.. တောင်ပေါ်မှာ လည်နေလို့ .. နောက်ဆုံး လက်လျှော့ခါနီး ခါစုဂါမိ ဆာမကို တမိလိုက်တော့မှ မကြာဘူးတွေ့တာပဲ .. တကယ်နတ်ကြီးတယ်နေမှာ”

ယူးအိချိ စကားကို ထိုသူက တိတ်ဆိတ်စွာပဲ နားထောင်နေပြီး ခါစုဂါမိ ဆာမ လို့ကြားတိုင်း သူ့ကိုယ်က အနည်းငယ် တွန့်တွန့်သွားသလိုလို ။ တောအုပ်ထဲ ခပ်ပါးပါးတိုက်ခတ်နေသည့် လေပြည်ကြောင့် ထင်မိတာလားတော့ မပြောတတ်ပေ ။ ထိုသူက ယူးအိချိရှိရာဆီ တစ်လှမ်းချင်း လျှောက်လာခဲ့သည် ။ ထိုသူ​၏ ခြေလှမ်းများက ပေါ့ပါးလွန်းပြီး လေပေါ် ရှပ်တိုက်ရွေ့လာသလားလို့တောင် ထင်မိလေသည် ။ 

“ ဒီလိုနေ့ရက်မျိုးမှာ ငါ့နာမည်ခေါ်တဲ့သူ ရှိလာလိမ့်မယ်လို့ ထင်တောင်မထင်မိဘူး”

ထိုသူက ယူးအိချိ လက်ထဲမှ မက်မွန်သီးလေးကို ကောက်ယူလိုက်ရင်း အသာအယာ ပြောလာခဲ့​၏ ။ ယူးအိချိ မျက်လုံးများက ဝိုင်းစက်သွားတော့သည် ။ 

သူ..  သူပြောလိုက်တာ သူ့နာမည်တဲ့လား ? ဒါဆို သည်လူက… ?

“သြော… တံခါးရွက်လေး မင်းတည့်ပေးထားတာလား ? ကျေးဇူးပါကွာ !”

ယူးအိချိ ချာခနဲ နောက်လှည့်ကြည့်လိုက်သည့်အခါ ထိုသူက သူပြန်တည့်ပေးထားသော တံခါးရွက်လေးကို တို့ထိ ကိုင်ကြည့်နေခဲ့သည် ။ 

ဟိုသည် တစ်ပြောက်စီ ထိုးကျနေခဲ့သည့် နေရောင်ခြည် အလင်းတန်းလေးများအောက် ခနော်နီခနော်နဲ့ နတ်ကွန်းသေးသေးလေးဘေးမှာ ရပ်နေခဲ့သည့်ထိုသူ​၏ ပုံရိပ်သည်ကား နွေဦး​၏ပန်းချီကားတစ်ချပ်နှယ် ။ လေတစ်ချက်ဝှေ့တိုက်ခတ်သွားတိုင်း သစ်ရွက်ခြောက်များနှင့်အတူ ထိုသူ​၏အညိုဖျော့ဖျော့ ဆံပင်ပျော့ပျော့လေးများသည်လည်း ဝေ့ဝဲလို့နေ​၏ ။ ထူးဆန်းသည့်မျက်နှာဖုံး​၏ နောက်ကွယ်ကို လှမ်းမြင်နိုင်စွမ်း မရှိပေမယ့် ထိုသူပြုံးနေခဲ့မည်ဟု ယူးအိချိ ထင်မိသေးသည် ။ 

“ခါစုဂါမိ ဆာမ..?”

ယူးအိချိ ယောင်ကမ်းကမ်းနှင့် တိုးဖွဖွ ရေရွတ်မိရင်းမှ ရုတ်ခြည်း ခေါင်းမွှေးထောင်ထသွားမိသည် ။

သူ..  သူ နတ်မင်းကို တွေ့နေရတာပဲ ! သူ ဆုတောင်းရမှာလေ !!

“ခါစုဂါမိ ဆာမ !! ဟုတ်တယ် !! ကျွန်တော် ဟိုလေ..  ဆုတောင်း..  အာ..  ဒီလို..”

ယူးအိချိတစ်ယောက် ရုတ်တရက် အယောင်ယောင်အမှားမှားနှင့် တောင်စဉ်ရေမရ ရေရွတ်ရင်း ပြောချင်သည့်စကားများက လည်ချောင်းဝ၌ အတင်းတိုးဝှေ့ကာ နှုတ်ဖျားဆီက သူ့ထက်ငါ အလုအယက် ခုန်ချဖို့ ကြိုးစားနေကြသည့်နှယ် အစီအစဉ်မကျ ထစ်ငေါ့သွားကုန်​၏ ။ 

“ စိတ်အေးအေးထားပါ”

ညင်သာတိုးဖျော့လွန်းပေမယ့် နွေဦးလေပြည်လေး တိုက်ခတ်သွားသည့်နှယ် စကားလေးတစ်ခွန်းကြောင့် ယူးအိချိ စိတ်တွေ ပြန်လည်တည်ငြိမ်သွားခဲ့သည် ။

သူ အသက်ကို မှန်မှန်ရှူသွင်းရင်း မျက်စိရှေ့က နတ်မင်းအား တိုင်တည်လိုက်​၏ ။

“ခါစုဂါမိ ဆာမ ကို ဆုတောင်းဖို့လာခဲ့တာပါ”

“......”

အရုပ်သာသာ နတ်ကွန်းပိစိလေးဘေးမှာ မက်မွန်သီးလေး တစ်လုံးကိုင်ရင်း ရပ်နေခဲ့သည့် ထိုသူက တိတ်ဆိတ်စွာ နားထောင်ပေးနေခဲ့သယောင် ။ ယူးအိချိ လက်သီီးလေးဆုပ်လိုက်ပြီး ထူးဆန်းသည့်မျက်နှာဖုံး နောက်ကွယ်က မျက်လုံးများအား စိုက်ကြည့်ရင်း တစ်လုံးချင်း ပြောလိုက်သည် ။

“ ကျွန်တော် ချစ်တဲ့သူရဲ့ အချစ်ကို ပြန်ရချင်ပါတယ်”

မျက်နှာဖုံးနောက်ကွယ်က ခါစုဂါမိ မျက်ခုံးတွေ ပင့်တက်သွား​၏ ။ သူ့မြင်နေရသည့် လူငယ်လေး​၏ မျက်ဝန်းတွေထဲ၌ မျှော်လင့်ချက်အရိပ်ယောင်များက တဖျပ်ဖျပ်လက်လျက် ရှိနေခဲ့သည် ။ ခါစုဂါမိ စိတ်ထဲမှ တိုးတိုးရေရွတ်မိတော့​၏ ။

[ လူငယ်ဘဝက ကောင်းလိုက်တာ ]

“ ဒါက ကျွန်တော့်ရဲ့ လှူဘွယ်လေးပါ ! ဒီမြို့လေးက အကောင်းဆုံး မန်ဂျူ !”

မျက်စိရှေ့ လာထိုးပေးသည့် စက္ကူထုပ်ကလေးဆီ ခါစုဂါမိ အကြည့်ရွှေ့မိသည် ။

“ နာရာ မန်ဂျူပဲ”

“အာ..  ဟုတ်တယ် ခါစုဂါမိ ဆာမ ! ဒီမြို့မှာ အဲဒီဆိုင်က မန်ဂျူက အကောင်းဆုံးပဲ ကျွန်တော် တအားကြိုက်တာ”

“ငါလည်းကြိုက်တယ် !”

ထိုတဒင်္ဂ သူတို့ကြားထဲက လေထုလေးဟာ နွေးထွေးသွားခဲ့သည် ။

**********


တောအုပ်​၏ မနက်ခင်းသည် ကျေးငှက်တို့ အော်မြည်သံနှင့် စိုးစိုးစီစီ သာယာလိ​ု့နေ​၏ ။ နတ်ကွန်းပိစိလေး​၏ နံဘေးက သစ်ပင်ကြီးပေါ်မှာ ထိုင်ရင်း ခါစုဂါမိတစ်ယောက် သူ့လက်ထဲမှ နောက်ဆုံးလက်ကျန် မန်ဂျူလေးကို ကြည့်နေပြီးနောက် အရှေ့ဆီကို လှမ်းမျှော်ကြည့်လိုက်မိပြန်သည် ။ သူ့အတွေးထဲမှာ မနေ့က ကတိအထပ်ထပ် ပေးသွားသည့် ကောင်လေး ယူးအိချိကို ပြန်မြင်ယောင်မိသည် ။ 

ဆုတောင်းတစ်ခု ပြည့်ချင်၍ အဆိုပါ ဆုတောင်းတစ်ခုကို ဖြည့်ပေးမည့် ခပ်ချာချာ နတ်မင်းတစ်ပါး​၏ တောင်းဆိုမှုကို အရင်ဖြည့်ဆည်းပေးပါမည်ဆိုသော ထိုလူသားလေး ။

ထိုဖြစ်ရပ်များ​၏ မြစ်ဖျားခံရာ သူ​၏ ဘဝအခြေအနေ ။

ခါစုဂါမိ​၏ အတွေးတို့က လေနှင်ရာ လွင့်ပါသွားရင်း လွန်ခဲ့သော တစ်ပတ်ခန့်အချိန်ကို ပြန်ရောက်သွားခဲ့သည် ။

“ခါစုဂါမိ ! မင်းရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ ငါကိုယ်တော် တွေးထားတာတော့ရှိနေတယ်”

“ဘယ်လိုဖြစ်ဖြစ် နာခံပါ့မယ် အီဇနာဂီ ဆာမ”

နတ်မင်းကြီး အီဇနာဂီ ဆာမက သက်ပြင်းဖွဖွချရင်း ဆက်ပြောလာသည် ။

“နတ်ဘုရားတွေ တောတောင်အစောင့်အရှောက်တွေ ဆိုတာက လူသားတွေရဲ့ သက်ဝင်ယုံကြည်မှုအပေါ်မှာ မူတည်တယ်ဆိုတာ မင်းသိတယ်မဟုတ်လား ?”

သူလို နှစ်ပေါင်းရာချီ တည်ရှိခဲ့ပြီး လူသားတွေ​၏ မေ့လျော့မှုကြောင့် သူ​၏ တည်ရှိမှုလေး မှေးမှိန်လာခဲ့သည့် ခပ်ချာချာ တောင်စောင့်နတ်တစ်ပါးက ဤကဲ့သို့သော ကိစ္စရပ်ကို မသိဘဲနေပါ့မလား ။ သူတိုးတိမ်စွာပဲ ပြန်ဖြေခဲ့မိသည် ။

“ဟုတ်ကဲ့ သိပါတယ်!”

“ မင်းရဲ့ လက်ကျန်အချိန်မှာ လူသားတစ်ယောက်ရဲ့ ဆန္ဒတစ်စုံတစ်ရာကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် မင်းရဲ့ အခြေအနေကို ငါကိုယ်တော် ပြန်လည်စဉ်းစားပေးလို့ ရနိုင်တယ်”

“.....”

“တကယ်လို့ နောက်ဆုံးသတ်မှတ်ရက် ပြည့်တဲ့အထိ မင်းဆီ လာရောက်ဆုတောင်းသူ မရှိဘူးဆိုရင်တော့… ဒီလောကကြီးထဲက ပျောက်ကွယ်သွားရလိမ့်မယ်!”

“ခါစုဂါမိ ဆာမ !”

ရုတ်တရက် သစ်ပင်အောက်က ခေါ်သံကြောင့် ခါစုဂါမိ​၏ စိတ်အလျဉ်ဟာ အတိတ်ကာလဆီမှ ပြန်ရုန်းထွက်လာခဲ့သည် ။ 

နေရောင်ခြည် စိုလက်လက်အောက်မှာ တောက်ပစွာ ပြုံးနေခဲ့သော ထိုလူသားငယ် ။ 

သူက လက်ထဲမှ နာရာဆိုင်က ဝယ်လာခဲ့သည့် မန်ဂျူထုတ်လေးကို ကိုင်မြှောက်ရင်း ခါစုဂါမိကို လက်ပြနေခဲ့​၏ ။

သွားတွေပေါ်အောင် ရယ်လိုက်သည့်အခါ ကော့တက်သွားသည့် နှုတ်ခမ်းတွေအောက်က ထပ်နေသည့် သွားစွယ်လေး ။

သည်လူသား ချစ်နေသည့် လူသားမိန်းကလေးက သည်လူသားကို ပြန်ချစ်မှာ သေချာလောက်ပါရဲ့ ။

အတွေးနှင့်အတူ ခါစုဂါမိ သစ်ပင်ပေါ်က ခုန်ဆင်းလိုက်သည် ။ 

​နွေဦးလေပြေကလေးနှင့်အတူ သူ​၏ရှေ့မှောက်ဆီ ခုန်ဆင်းလာခဲ့သည့် ခါစုဂါမိ ဆာမဟာ ချယ်ရီပွင့်ချပ်လေးပမာ ။ 

မြေပြင်ပေါ်က သစ်ရွက်ခြောက်များပေါ် နင်းဖြတ်ရင်း သူနှင့် ခြေတစ်လှမ်းအကွာမှာ ရပ်တန့်လိုက်ပြီး ခါစုဂါမိက သူ​၏ထူးဆန်းသည့်မျက်နှာဖုံးအား လှန်ချွတ်လိုက်​၏ ။

မျက်နှာဖုံးအောက်က မျက်နှာသည်ကား သွယ်လျပြီး နှုတ်ခမ်းများက အလိုလိုပြုံးနေခဲ့သယောင်ယောင် ။ 

“ ငါ့မျက်နှာမှာ ဘာပေနေလို့လဲ ?”

“အာ…  မဟုတ်ပါဘူး…  အဟီး တောင်စောင့်နတ်မင်းဆိုတော့ အသက်ကြီးကြီး ထင်နေမိတာ!”

“ငါလည်း အိုနေပါပြီ !”

လေတစ်သုတ်နှင့်အတူ ကြွေလွင့်သွားသည့် သစ်ရွက်ကလေးများအား ငေးကြည့်ရင်း ပြောနေသည့် ခါစုဂါမိ ဆာမကို ကြည့်ရင်း ယူးအိချိ ရယ်ချင်သလို ဖြစ်မိသည် ။

“ အဟက် ~ ခါစုဂါမိ ဆာမက အဖိုးစတိုင်နဲ့ ပြောနေတဲ့ လူငယ်လေးနဲ့ တူနေတယ်”

ခါစုဂါမိက သူ့အား ဖျတ်ခနဲ လှည့်ကြည့်လာသည့်အခါ ယူးအိချိက သူ့ဂုတ်ပိုးလေးကို အသာပွတ်ရင်း တိုးတိုးတောင်းပန်လာ​၏ ။

“ အာ..  ဟို…  ကျွန်တော် မရိုမသေပြုမိသလို ဖြစ်သွားပါတယ်… တောင်းပန်ပါတယ် ခါစုဂါမိ ဆာမ… ကျွန်တော်…”

“ဟားဟားဟား… ဘာတွေကို တောင်းပန်နေတာလဲ ? လာ သွားကြစို့ !”


ဤသို့ဖြင့် သူတို့အတူ တောင်ပေါ်က တောအုပ်ထဲ ဆက်ဝင်ခဲ့ကြသည် ။ သည်ကနေ့သည်ကား ခါစုဂါမိ ဆာမ တောင်းဆိုထားသည့်အတိုင်း သူ၏ဆန္ဒများကို ယူးအိချိက ကူညီလိုက်လံဖြည့်ဆည်းပေးရမည့် ပထမဆုံးရက် ။ သည်လိုမျိုး သုံးရက်တိုင်တိုင် ဆန္ဒများ လိုက်လံ ဖြည့်ဆည်းပေးပြီးလျှင် ခါစုဂါမိ ဆာမက ယူးအိချိ​၏ ဆုတောင်းအား ပြန်လည်ဖြည့်ဆည်းပေးမှာ ဖြစ်လေသည် ။ 

“ ခါစုဂါမိ ဆာမ အခုက ဘယ်ကိုသွားနေတာလဲ ?”
 
ယူးအိချိ​၏ အမေးစကားကြောင့် မန်ဂျူစားရင်း ရှေ့က သွားနေသည့် ခါစုဂါမိက လှည့်ကြည့်လာ​၏ ။ သူ့​၏ ပါးနှစ်ဖက်လုံးက ဆူဖောင်းနေပြီး နှုတ်ခမ်းထောင့်စွန်းမှာ ပဲအနှစ်မည်းမည်းလေးတွေ ကပ်နေသေးသည် ။ 

“ အဟက်”

ယူးအိချိ ရယ်မိသွားသည် ။ ပြီးမှ အလျင်အမြန် ပါးစပ်ကိ​ု အုပ်လိုက်ရသည် ။ တော်ကြာ တောင်စောင့်နတ်မင်း စိတ်ဆိုးသွားကာမှ ပြန်လမ်းမတွေ့ ဘဲ ဒုက္ခများနေပေဦးမည် ။ မသကာ ဆုတောင်းလေး မဖြည့်ပေးတော့မှဖြင့်…  ။ အတွေးနဲ့တင် ယူးအိချိ စိတ်ပူသွားပြီး ခါစုဂါမိ နှုတ်ခမ်းထောင့်စွန်းမှာ ပေကျံနေသည့် ပဲအနှစ်လေးကို လက်မလေးဖြင့် ဖိသုတ်ဖယ်ပေးလိုက်ရင်း အမူအရာကို ထိန်းချုပ်ကာ ပြန်ပြောလိုက်ရသည် ။

“ ဟို…  ပဲအနှစ်တွေ ပေနေလို့ပါ..  ဟို လှောင်ရယ်တာ မဟုတ်ပါဘူး…  ခါစုဂါမိ ဆာမ စိတ်မဆိုးပါနဲ့…  ကျွန်တော်…”

ခါစုဂါမိသည်ကား အနားက သစ်ပင်​၏ ပင်စည်ပမာ တောင့်တင်းနေပြီး ဘာစကားမှ မဆို ပါးအဖောင်းသား မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေလေသည် ။ 

ယူးအိချိ ဗျာများသွားပြန်​၏ ။ 

“ ဟို…  ကျွန်…  ကျွန်တော် မရိုမသေ လုပ်တာ မဟုတ်ပါဘူးဗျ ! ဒီတိုင်း.. ဒီတိုင်း ပေနေလို့…”

“... ရေပါလား ?”

“ဗျာ ?”

“ရေ…”

ခါစုဂါမိက စကားဆုံးအောင် မပြောနိုင် ။ သူ​၏ သာမန်ထက် ဖြူဖျော့လွန်းသည်​့ မျက်နှာက နီရဲလာသယောင် ။ ထို့နောက် ချက်ချင်းပဲ ခရမ်းရောင်သန်းသွားသည် ။ 

“နင်…  နင်နေတာလား ? ခါစုဂါမိဆာမ !?”

“.....”

ခါစုဂါမိက စကားပြန်မပြောနိုင် ။ ခေါင်းကို အဆက်မပြတ်ငြိမ့်ပြရှာသည် ။ ယူးအိချိတစ်ယောက် လွယ်လာသည့်အိတ်ထဲ ရေဘူးကို လှန်လှောရှာဖွေပြီး ကပျာကယာ ကမ်းပေးလိုက်ရ​၏ ။ ခါစုဂါမိက ရေဘူးကို အမြန်မော့သောက်ပြီး ရင်ဘတ်ကို တဖုန်းဖုန်းထုနေပြန်သည် ။ တစ်ခဏ အကြာမှ အသက်ရှုချောင်သွားသည့်နှယ် သက်ပြင်းချလိုက်သည် ။ ထို့နောက် သူ့ဆီ ရေဘူးပြန်ကမ်းပေးရင်း အမြဲ ပြုံးယောင်သန်းနေသလို နှုတ်ခမ်းလေးတွေက စိတ်လိုလက်ရ ပြုံးလာခဲ့သည် ။

“ ကျေးဇူးကွာ ! ဆက်သွားကြစိ​ု့ ရောက်တော့မှာပါ”

ထို့နောက် ရှေ့ဆက် ထွက်သွားတော့သည် ။

ပြန်ကမ်းပေးခဲ့သည့် ရေဘူးလေးကိုင်ရင်း ယူးအိချိ တစ်ယောက်ကတော့ အနည်းငယ်ကြောင်စီစီ ။ 

သဘာဝလွန်စွမ်းအားတွေရှိပြီး မသေမျိုးဖြစ်တဲ့ နတ်မင်းတွေကရော နင်တတ်တယ်လား ?

ခါစုဂါမိ ဆာမ ကတော့ ခပ်လှမ်းလှမ်းဆီကို ရောက်သွားခဲ့ပြီ ဖြစ်လေသည် ။ 

ရောက်တော့မှာပါဟု ပြောပြီး ရှေ့ဆက်တိုးသွားလိုက်သည်မှာ ကမ္ဘာတစ်ပတ် ပတ်မိပြီလားတောင် ယူးအိချိ ထင်မိလေသည် ။ ယခုချိန်ထိ သူတို့သွားရမည့် လမ်းဆုံးကို ရောက်ခါနီးသေးပုံမပေါ် ။ လက်ထဲက မန်ဂျူထုပ်လေးထဲမှ မန်ဂျူတွေ တစ်လုံးပြီး တစ်လုံးထုတ်စားရင်း ရှေ့ကနေ အေးအေးလူလူ လျှောက်နေသည့် လူသားမဟုတ်သော ခါစုဂါမိ ဆာမတော့ မသိ ယူးအိချိကတော့ ကျောပိုးအိတ်တစ်လုံးလွယ်ရင်း လျှာအပြားလိုက် ထွက်နေပေပြီ ။ 

မရတော့ဘူး ! သူ ဒီထက် ရှေ့ဆက်မလျှောက်နိုင်တော့ဘူး ! ရောက်လေရာမှာ တကယ်ကို ထိုးအိပ်ပစ်လိုက်ချင်နေပြီ !

ဤသည်ကား နဖူးစပ်က ချွေးစတွေကို ပွတ်သုတ်ရင်း ယူးအိချိ တွေးမိသည့် စိတ်ကူးများပါပေ ။

“ မောနေပြီလား ?”

လှည့်မေးလာသူ နတ်မင်း​၏ မျက်နှာဖြူနုနုက နေရောင်ခြည်အောက်မှာ ဝင်းလက်တောက်ပလျက် ။ 

“ကျွန်….တော်…  မ…”

ယူးအိချိ ဆက်မပြောနိုင်တော့၍ ဘေးနားမှ သစ်ပင်ပင်စည်ကို လက်တစ်ဖက်ဖြင့်ထောက်ထားရင်း လက်သာခါပြလိုက်တော့သည် ။ သူ့ရှေ့မှ အနှီနတ်မင်းသည်ကား မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ။ 

“ အာ ဟုတ်သား ! တကယ်ရောက်တော့မှာပါ လာလာ ငါတွဲပေးမယ် !”

မျက်စိရှေ့က ချွေးတွေ ရွှဲနစ်နေတဲ့ လူသားကောင်လေးကို မြင်မှ ခါစုဂါမိ သတိရသွားမိသည် ။ 

ဟုတ်သားပဲ ! သူကလူသားကို.. ဒီလောက် ဆက်တိုက်ကြီး တောက်လျှောက် တောင်ပေါ် ဘယ်တက်နိုင်ပါ့မလဲ !

“ လာ ရှေ့ဆိုရောက်ပြီ!”

“.......”

ရုတ်တရက် အနားကို ဖျတ်ခနဲရောက်လာပြီး လက်မောင်းတစ်ဖက်ကိုဆွဲကာ သူ့ပုခုံးပေါ်တင်ရင်း ဘေးကနေတွဲလိုက်သည့် ခါစုဂါမိကြောင့် ယူးအိချိ ကြောင်အမ်းအမ်းဖြစ်သွားရသည် ။ 

နီးကပ်သွားသည့် ခန္ဓာကိုယ်နှစ်ခု ။ 

သင်းသင်းလေး ပျံ့နှံ့လာခဲ့သည့် နွေဦးရနံ့ ။ 

ယူးအိချိ နှလုံးခုန်သံတွေက တောင်ပေါ် တောက်လျှောက် မရပ်မနား တက်ခဲ့ရ၍ ပေါက်ထွက်တော့မတတ် ဖြစ်နေခဲ့သည်လား မပြောတတ် ။ 

သည်လိုနှင့် မိနစ်အနည်းငယ်အကြာ ဆက်သွားပြီးနောက် __

“ ကဲ ရောက်ပြီ !”

“ဒါ…”

ယူးအိချိ စကားတို့ ရှေ့မဆက်နိုင် ။ မျက်စိရှေ့၌ မြင်နေရသည့် မြင်ကွင်းက သူ့အားဖမ်းစားထားခြင်းကြောင့် ဖြစ်သည် ။ 

ချယ်ရီတွေ ။

လေအဝှေ့မှာ တက်သုတ်ရိုက် လွင့်ပါသွားကြသည့် ချယ်ရီပွင့်ချပ်တွေနှင့် မြင့်မားကြီးမားလှသော ထီးထီးမားမား ချယ်ရီပင်ကြီးတစ်ပင် ။ 

“လှ….လှလိုက်တာ ! ကျွန်တော်.. ဒီလောက်ကြီးတဲ့ ချယ်ရီပင်ကြီးမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး”

ယူးအိချိ​၏ အံ့ဩမှင်သက်သံကို ခါစုဂါမိက ကျေနပ်ပီတိဖြစ်စွာ နားထောင်နေလေသည် ။ သူက လက်ကလေးနောက်ပစ်ကာ ချယ်ရီပင်ကြီးဆီ လျှောက်သွားရင်း ဖျတ်ခနဲ နောက်ပြန်လှည့်ကာ ပြောလိုက်​၏ ။ သူ​၏ပုံရိပ်သည်ကား နွေဦး​၏ ဆေးစက်များ စွန်းထင်နေသည့် ပုံကားချပ်တစ်ခုနှယ် ။

“ မင်း ဘယ်မြင်ဖူးမလဲ ! ဒီချယ်ရီပင်ကြီးရဲ့ သက်တမ်းက နှစ်တစ်ထောင်ကျော်ပြီ !”

အဲဒီနောက် ခါစုဂါမိက ချယ်ရီပင်ကြီးဆီမော့ကြည့်ရင်း လွမ်းလွမ်းဆွေးဆွေး ပြောလာခဲ့​၏ ။

“ ဟိုးအရင်ကတည်းက နွေဦးရာသီ ချယ်ရီပွင့်ချိန်တိုင်းဆို ဒီချယ်ရီပင်အောက်မှာ ဟာနမိပွဲ လုပ်ခဲ့တာလေ…အားလုံး ဒီမှာ လာဆုံကြ စားကြသောက်ကြ ပန်းကြည့်ကြ..”

“ဒါဖြင့် အခုရော ? ဒီမှာပွဲလုပ်မှာလား ? တခြားသူတွေရော လာဦးမှာလား လူတွေအများကြီး…”

“ အင်း ဟာနမိပွဲလုပ်မယ် ဒါပေမယ့် မင်းနဲ့ ငါနဲ့ နှစ်ယောက်တည်းပဲ”

နှစ်ယောက်တည်းပဲ ဆိုသည့် သူ​၏စကားသံက အနည်းငယ် ဆို့နင့်နေခဲ့သယောင်ယောင် ။ 

အရင်လိ​ု တခြားသူတွေ မလာနိုင်ကြလို့များလား ? ဘာလို့ပါလိမ့် !? 

ယူးအိချိ တွေးရင်း အသာရေရွတ်မိလိုက်သည် ။ 

“ နှစ်ယောက်တည်း ?”

“ငါမှာလိုက်တာတွေပါလား ? လုပ်လုပ် မြန်မြန် !”

သို့ပေမယ့် ခါစုဂါမိက မြန်မြန်လောဆော်သောကြောင့် ယူးအိချိ တစ်ချိန်လုံး သယ်ပိုးလာခဲ့သည့် ကျောပိုးအိတ်ကို ချလိုက်ပြီး အထဲက ပစ္စည်းပစ္စယတွေကို ထုတ်လိုက်သည် ။ မကြာခင်မှာပဲ ချယ်ရီပင်ကြီးအောက်မှာ ထိုင်စရာ အခင်းလေးနှင့် ဆာကေးပုလင်းတစ်ချို့က နေရာယူထားလေပြီ ။ 

ခါစုဂါမီက အခင်းလေးပေါ်  အကျအန တက်ထိုင်လိုက်ပြီး ဆာကေးခွက်ကလေးထဲ ဆာကေးအနည်းငယ် ငှဲ့ချလိုက်သည် ။ ထို့နောက် နှာခေါင်းဝလေးနား တေ့ကာ ရှူရှိုက်လိုက်ရင်း ပြော​၏ ။

“ ကောင်းလိုက်တဲ့ ဆာကေး ! အိုမီဝါ ဆိုင်က မဟုတ်လား ?”

ယူးအိချိ ရှေ့က အနှီနတ်မင်းသည် သည်တောင်ခြေက မြို့လေးအကြောင်း အူမချေးခါးကအစ သိသည်ထင်သည် ။ သူ့အတွက်တော့ သည်မြို့ သည်နေရာလေးဟာ သူကိုယ်တိုင်​၏ အစိတ်အပိုင်းတစ်ခုများဖြစ်နေသည်လား မပြောတတ်ပေ ။ တွေငေးရင်း ရပ်နေမိသော ယူးအိချိတစ်ယောက် ခပ်ကျယ်ကျယ် ခေါ်သံလေးတစ်ခုကြောင့် အသိပြန်ဝင်လာခဲ့သည် ။

“ ကောင်လေး ! လူသားကောင်လေး !!”

“.....”

“လာထိုင်လေ !”

“သြော…”

ယူးအိချိ ဝင်ထိုင်လိုက်ချိန် ခါစုဂါမိကတော့ ဆာကေးကို နှစ်နှစ်ခြိုက်ခြိုက် သုံးဆောင်နေပေပြီ ။

“ အာ !”

ရုတ်တရက် ထအော်တဲ့ ခါစုဂါမိကြောင့် ယူးအိချိ အလန့်တကြားဖြစ်သွားရပြန်သည် ။ 

“ ဘာ…  ဘာဖြစ်လို့လဲ ခါစုဂါမီ ဆာမ ?”

ဆာကေးသောက်ကာ ချယ်ရီပင်ကို ငေးနေခဲ့သည့် ခါစုဂါမီက မျက်နှာကလေး ရှုံ့မဲ့မဲ့နှင့် သူ့ဘက်လှည့်ပြီး ပြောလာသည်ကား _

“ ငါစောစောက မန်ဂျူတွေကို လမ်းမှာတင် အကုန်စားပစ်လိုက်မိတယ်”

“.....”

ယူးအိချိ မျက်လုံးက နားမလည်သယောင် မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် ခါစုဂါမိကို ငေးကြည့်နေခဲ့​၏ ။ 

“ ဆာကေးသောက်ရင်း မန်ဂျူစားရတာ သိပ်မိုက်တာကို”

ခါစုဂါမိ​၏ လေသံက ခပ်တိုးတိုး ။ ညှိုးငယ်နေခဲ့သည့် မျက်နှာကား မုန့်တွေ ကုန်သွားပြီမှန်း သိလိုက်ရသည့် ကလေးသူငယ်လို ။ ယူးအိချိ ဆွံ့အ သွားရပြန်သည် ။ 

သူက နတ်ရော ဟုတ်ရဲ့လား ?

“ ကျွန်တော် တာကိုယာကီ ( ရေဘဝဲလုံးကြော် ) ယူလာခဲ့တယ်..”

ယူးအိချိက သယ်လာတဲ့ ကျောပိုးအိတ်ထဲမှ စားစရာတွေကို တစ်ခုချင်း ထုတ်ရင်း ပြောလိုက်သည် ။

“  နောက်ပြီး အိုနီဂီရီ (ရေညှိထမင်းဆုပ်)... နောက်…”

ခါစုဂါမိ​၏ မျက်လုံးတွေကား အရောင်တဖျပ်ဖျပ် လက်လျက် ။ သူ့နှုတ်ခမ်းတွေဟာ ပြုံးလို့နေပေသည် ။

“ဝိုး ! မင်းတကယ်တော်တာပဲ ကောင်လေးရ !”

“ ယူးအိချိ”

“....”

“ကျွန်တော့်နာမည်… ယူးအိချိ…  မီဒိုကာဝါ ယူးအိချိ”

“အာ ! ယူးအိချိ”

ခါစုဂါမိ က ယူးအိချိ​၏ နာမည်အရင်းအတိုင်း ခေါ်ချလိုက်ပြီး အားပါးတရ ချီးကျူးလိုက်​၏ ။ 

“ယူးအိချိ တော်လိုက်တာ !”

စကားမဆုံးခင်ပင်လျှင် ရေဘဝဲလုံးကြော်သုံးလုံးလောက်က ခါစုဂါမိ ပါးစပ်ထဲ ရောက်သွားပေပြီ ။ ယူးအိချိလည်း ခေါင်းတယမ်းယမ်းနဲ့ ဆာကေးပုလင်းလေးဆီ လက်လှမ်းလိုက်​၏ ။

ဖတ် !

ရုတ်တရက် လက်ခုံကို အရိုက်ခံလိုက်ရ၍ ခါစုဂါမိကို မျက်လုံးပြူးနှင့် ယူးအိချိမော့ကြည့်လိုက်သည် ။ 

“ မင်း အသက်မှမပြည့်သေးဘဲနဲ့ ဆာကေးသောက်လို့ ဘယ်ရဦးမှာလဲ !”

“အာ…  ဒါဆို ကျွန်တော်က ဒီတိုင်းကြီး ထိုင်နေရမှာလား ?”

“မင်း အချိုရည်လေးဘာလေး မယူလာဘူးလား ?”

“မယူလာပါဘူး…  ဆာကေးတွေပဲ ပိုယူလာခဲ့တာ တောထဲမှာ ဘယ်သူမှမှမရှိတာ နည်းနည်းပါးပါး သောက်…”

“မရဘူး ! အသက်မပြည့်ရင် မသောက်ရဘူး !”

“ခါစုဂါမိ ဆာမ~”

ယူးအိချိလေသံကား ခွင့်ပြုချင်အောင် တောင်းခံဂျီတိုက်နေသည့် ကလေးတစ်ယောက်လို ။ ခါစုဂါမိ လက်ထဲမှ ဆာကေးပုလင်းအား ကမ်းပေးမိတော့ မတတ်ပင် ။ သို့ပေမယ့် __

“ ခွင့်မပြုဘူးဆို မပြုဘူးပဲ ! မင်းအတွက် မက်မွန်သီးဖျော်ရည် လုပ်ပေးမယ် !”

သည်လိုနှင့် ခါစုဂါမိတစ်ယောက် အင်္ကျီလက်ဖျားစထဲ ဟိုသည်လှန်လျောရှာဖွေပြီး မက်မွန်သီးတစ်လုံးကို ဆွဲထုတ်လိုက်သည် ။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ မက်မွန်သီးဖျော်ရည်တစ်ခွက်ဟာ မျက်လှည့်ပြလိုက်သည့်နှယ် လက်ထဲ ရောက်လာတော့သည် ။ 

“ ဝါး ! အဲဒါ ဘယ်လိုလုပ်လိုက်တာလဲ ?”

“ အဟက် အဲလောက်တော့ ငါစွမ်းပါသေးတယ် ! ရော့ !”

ခါစုဂါမိ ဆာမ ကမ်းပေးလာသော မက်မွန်သီးဖျော်ရည်အား တစ်ကျိုက်သောက်လိုက်သည့်အခါ ယူးအိချိ မျက်နှာက ဝင်းပသွားတော့သည် ။ 

“ ကောင်းလိုက်တာ ! ကျွန်တော်တော့ ခါစုဂါမိ ဆာမရဲ့ မက်မွန်သီးဖျော်ရည်ကို ဒီတစ်သက်မေ့တော့မယ် မထင်ဘူး!”

[ ငါတော့မထင်ပါဘူး… လူသားတွေက ကိစ္စတစ်ခုကို ကြာကြာမြဲမြဲ မှတ်မိနေကြမှာမို့လို့လား ?]

သည်စကားတွေကတော့ အမေ့ခံနတ်မင်းတစ်ပါး​၏ ရင်ထဲမှ စကားများပါပေ ။ 

“ ခါစုဂါမိ ဆာမ ! ကျွန်တော့်ကို ဒီသုံးရက်မှာ နေ့တိုင်း မက်မွန်သီးဖျော်ရည်တိုက်ပါလား ?”

“ဟားဟားဟား”

ခါစုဂါမိ သဘောကျစွာ ရယ်မောမိတော့သည် ။ သည်လူသားကောင်လေးဟာ တကယ်မလွယ်ပါလားလေ ။ လေတစ်ချက်အဝှေ့ ချယ်ရီပွင့်ချပ်များနှင့်အတူ ခါစုဂါမိ ဆာမ​၏ ရယ်သံတွေဟာလည်း လေထုထဲ ပျံ့နှံ့လို့ ။ 

ထိုနေ့က သူတို့တတွေ ညနေစောင်းမှ ချယ်ရီပင်အောက်က ပြန်ခဲ့ကြသည် ။ 

ထိုနေ့က အိမ်မပြန်မီ လူသားကောင်လေး ယူးအိချိက ခါစုဂါမိ​၏ နတ်ကွန်းပေါက်စလေး ခေါင်မိုးကို ဖာပေးသွားခဲ့သေးသည် ။ 

ထိုနေ့က ခါစုဂါမိတစ်ယောက် အမိုးလေးအား ပိတ်ဖာပေးထားသည့် သစ်သားစ အပိုင်းငယ်လေးကို ပွတ်သပ်ကြည့်ရင်း နောင်အသစ်ရောက်လာမည့် နတ်မင်းအတွက် အဆင်ပြေသွားတာပေါ့ ဟု တွေးတောနေခဲ့မိသည် ။

**********


“ ခါစုဂါမိဆာမ ကျွန်တော်တို့ ဘယ်သွားကြမှာလဲ ?”

“အင်း နှစ်ဘူတာလောက်တော့ ရထားစီးရလိမ့်မယ် !”

ခါစုဂါမိက ရထားလက်မှတ် ဝယ်ယူရာ နေရာလေးမှာ ရပ်ကာ မြေပုံလမ်းကြောင်းများအားကြည့်နေပြီး သူ့မေးစေ့သူ လက်နဲ့ ပွတ်နေရင်းက ပြောသည် ။ 

သည်နေ့သည်ကား အနှီနတ်မင်း​၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်ပေးရမည့် ဒုတိယရက် ။ မနက်လင်းအားကြီးအချိန် သူတို့နှစ်ယောက်ဟာ မြို့ငယ်လေး​၏ ဘူတာရုံဆီ ရောက်နေခဲ့တာဖြစ်သည် ။ 

မကြာမှီ ရထားဥဩသံ ထွက်ပေါ်လာပြီး သူတို့ နှစ်ဦးသား အစောဆုံးထွက်သည့် ရထားနှင့် ခရီးဆက်ခဲ့ကြ​၏ ။ လမ်းတစ်လျှောက်က ဝေလီဝေလင်း မှိုင်းပျပျ ပတ်ဝန်းကျင် ရှုမျှော်ခင်းတွေဟာ ရထားဘေးကနေ တရိပ်ရိပ် ဖြတ်ပြေးနေခဲ့ပြီး ခါစုဂါမိ ဆာမဟာလည်း မြင်ကွင်းအားလုံးကို အလွတ်မှတ်သားနေသည့်အလား မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း လိုက်ပါလာခဲ့ပေသည် ။ မကြာခင်မှာပဲ သူတို့ သွားလိုသည့် မြို့လေးတစ်မြို့ဆီသို့ ရောက်လာခဲ့ပြီး ခါစုဂါမိက ရထားပေါ်မှ သွက်သွက်လက်လက် ဆင်းကာ ရှေ့မှ ဦးဆောင်ထွက်သွားလေသည် ။ 

“ခါစုဂါမိ ဆာမ ! မြို့ထဲအဝင်လမ်းက ဒီဘက်မှာလေ..  အခုက ဘယ်ကို..”

“မြို့ထဲ မဝင်ဘူး..  လာလာ မြန်မြန် အချိန်မမီဘဲ နေလိမ့်မယ်”

ခါစုဂါမိက နေခြည်ဖျိုးဖျ ကောင်းကင်ကို မော့ကြည့်ရင်း လောဆော်ပြန်တာကြောင့် ယူးအိချိ သူ့နောက်ကို ခပ်သွက်သွက်လိုက်ရပြန်သည် ။ 

သူတို့ မိနစ်အနည်းငယ်လောက် လမ်းလျှောက်ပြီးသည့်အချိန် မြို့ငယ်လေး​၏ အနောက်ဘက် တောတန်းလေးအစပ်ကို ရောက်လာခဲ့​၏ ။ တောအုပ်သည်ကား စိမ့်ညိုမောင်းလျက် ။ နွေဦးမနက်စောစော နေခြည်သန်းချိန်ဖြစ်ပေမယ့် မြူနှင်းများ ရစ်သိုင်းလျက် ရှိနေသေးပြီး မြူနှင်းများကြားမှ နေရောင်ခြည်သည် ဟိုတစ်ကွက် သည်တစ်ကွက် ပြူထွက်လျက်ရှိသည် ။ 

ခါစုဂါမိကား အလျင်စလိုပင် တောအုပ်ထဲသို့ ဝင်သွားလေသည် ။ ယူးအိချိလည်း မဆိုင်းမတွ လိုက်ရပြန်တော့​၏ ။

တောအုပ်ထဲ ပိုတိုးဝင်လာမိလေလေ ပတ်ဝန်းကျင်တခွင်ဟာ မြူတို့နှင့် ပိုရစ်သိုင်းလာလေလေ ဖြစ်ပြီး တစ်ခါတစ်ရံ ရှေ့ကသွားနေသည့် ခါစုဂါမိ ဆာမ​၏ ကျောပြင်ကိုတောင် မမြင်ရချင်တော့ ။ 

ရုတ်တရက်ဆိုသလို ယူးအိချိခြေလှမ်းများက ရပ်တန့်သွားလေသည် ။ သူ​၏ဘေးဘီဝဲယာမှာ မြူများအုံ့ဆိုင်းနေပြီး ပတ်ဝန်းကျင်မှ အသံသိုးသဲ့သဲ့များသည်လည်း ရုတ်ခြည်း တိတ်ဆိတ်သွားကာ ငြိမ်သက်နေမှုသည်ကား ခြောက်ခြားဖွယ်ရာဖြစ်လာခဲ့သည် ။ ယုတ်စွအဆုံး သူ​၏ အသက်ရှုသံကိုတောင် ပြန်မကြားရနိုင်တော့ ။ သူတစ်ယောက်တည်း ဘာအသံမှ မရှိသည့် အခွံလွတ်တစ်လုံးထဲ ရုတ်တရက် ပိတ်မိသွားခဲ့သယောင်ယောင် ။ 

ယူးအိချိ နဖူးမှာ ချွေးစတို့ စို့လာပြီး သူ​၏ အာခေါင်က ခြောက်ကပ်လို့လာသည် ။ 

“ခါစုဂါမိ ဆာမ !”

သူ ခေါ်ထုတ်လိုက်ပေမယ့် သူ​၏အသံဟာ လည်ချောင်းဝမှာတင် ပျောက်ဆုံးသွားခဲ့သည့်နှယ် ။ 

“ခါ…”

သူထပ်မံကြိုးစားသော်လည်း သူ့တစ်ကိုယ်လုံးက လှုပ်ရှားမရတောင့်တင်းနေပြီး သူ​၏အသံဟာ ပျောက်ဆုံးလို့နေသည် ။ 

“... အိချိ…  ယူးအိချိ….  ယူးအိချိ !!”

ရုတ်တရက် ခပ်ကြမ်းကြမ်း ကိုင်လှုပ်လာသော အထိအတွေ့ကြောင့် ယူးအိချိတစ်ယောက် ခလုတ်ဖွင့်ခံလိုက်ရသလိုမျိုး အသိပြန်ဝင်လာခဲ့​၏ ။ 

“ခါစုဂါမိ ဆာမ?”

“ဘာမှမဖြစ်ဘူး လာ ဒီဘက်ကို မြန်မြန် !”

ခါစုဂါမိ ဆွဲခေါ်ရာပါသွားရင်းမှ ပတ်ဝန်းကျင်အခြေအနေက ပြောင်းလဲနေမှန်း ယူးအိချိ သတိထားမိသည် ။ စောစောက ရစ်သိုင်းနေတဲ့ မြူတွေအစား နေရောင်ခြည်ဖျော့ဖျော့အောက်မှာ ဖွဲဖွဲကျနေသည့် မိုးစက်ကလေးတွေ ။ ရုတ်တရက် ပြောင်းလဲသွားသည့် ပတ်ဝန်းကျင်ကြောင့် ယူးအိချိ ကြောင်အမ်းနေချိန် ချွင်ခနဲ ကြားလိုက်ရသည့် ချူသံကြောင့် သူ့ဂုတ်ပိုးက မွေးညှင်းတွေ ထောင်ထသွားခဲ့သည် ။ 

“ ဘာ..  ဘာ သံ..  ဒီမှာ ဘာတွေဖြစ်..”

“ရှူး !!”

ရုတ်တရက် လက်ချောင်းသွယ်သွယ်တွေနဲ့ လက်ဖဝါးတစ်ဖက်က သူ့နှုတ်ခမ်းကို လာအုပ်ပိတ်လိုက်ပြီး သူ့နောက်ကျောဟာ ရင်ခွင်တစ်ခုဆီ ဖိကပ်သွားတော့သည် ။ နွေဦးရနံ့တွေဟာ လေထုထဲ ထုံသင်းလို့ ။ ဖွဲဖွဲကျနေသည့် မိုးစက်များကြောင့် ထွက်ပြူလာသည့် မြေသင်းရနံ့လည်း ဖြစ်ဟန်တူသည် ။ 

“ တိုးတိုးနေ စကားမပြောနဲ့ !”

အမိန့်သံမဆန်သည့် ခပ်အေးအေးလေသံတိုးသဲ့သဲ့က သူ့နားရွက်နောက်နားလေးကနေ နားစည်ထဲကို ဖြတ်သန်းဝင်ရောက်လာခဲ့ပြီး ယူးအိချိ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည် ။ 

ဘာ တွေ… ဘာတွေဖြစ်တာလဲ !? 

နေရောင်ခြည်နုနုအောက် ဖွဲဖွဲကျနေသည့် မိုးပေါက်ကလေးတွေကြား မသည်းမကွဲ ရှေ့တူရူဆီကနေ ချူသံလေးတွေဟာ အချိန်တစ်ခုခြားဆီ မှန်မှန် ထွက်ပေါ်လာနေသည် ။ ခါစုဂါမိသည်ကား ယူးအိချိကို နောက်ကျောဆီမှ သိုင်းဖက်ကာ ယူးအိချိ​၏ နှုတ်ခမ်းကို အသံမထွက်နိုင်အောင် လက်တစ်ဖက်ဖြင့် အသာအယာ တင်းတင်း အုပ်ပိတ်ထားဆဲ ။ 

ပတ်ဝန်းကျင်တစ်ခွင်လုံး၌ ခပ်လှမ်းလှမ်းဆီမှ စည်းချက်မှန်မှန်ထွက်ပေါ်လာနေသည့် ချူသံလေးတွေမှ တပါး ဆိတ်ငြိမ်လျက် ။ ချူသံလေးတွေဟာ တဖြည်းဖြည်း နီးကပ်လာပြီး သူတို့နှစ်ယောက် ရှိနေသည့် သစ်ပင်ကြီး​၏ ရှေ့တည့်တည့်ဘက်ဆီမှ ပြာလဲ့လဲ့ မီးအလင်းရောင်လေးတွေ လှမ်းမြင်လိုက်ရသည် ။ မီးအလင်းရောင်လေးများက မီးပုံးလေးတွေ အတန်းလိုက် ချီတက်လာသည့်နှယ် ။ 

“ ငါတို့ နည်းနည်းလေး နောက်ကျသွားလို့ သတို့သမီး ပို့ဆောင်ဖို့ လှည့်လည်လာတဲ့အဖွဲ့နဲ့ တည့်တည့်တိုးတာပဲ”

“.....”

“အာ… စိတ်မရှိပါနဲ့ မြေခွေးတွေက သိပ်နားပါးလို့ အသံကြားရင် သူတို့ သတို့သမီးပို့ဆောင်တဲ့ လှည့်လည်ပွဲ အနှောင့်အယှက်ဖြစ်နိုင်တာကြောင့်ပါ”

ခါစုဂါမိက လေတိုးသံလေးလောက်သာရှိပေမယ့် ပီပီသသကြားရနိုင်လောက်တဲ့ အသံသဲ့သဲ့နဲ့ တိုးတိုးရှင်းပြရင်း ယူးအိချိ နှုတ်ခမ်းတွေကို ဖိအုပ်ထားခဲ့သည့် သူ့လက်ကို ဖယ်ခွာလိုက်သည် ။ 

တစ်လက်မ မခြား ထိကပ်နေခဲ့သည့် ယူးအိချိ ကျောပြင်နှင့် ခါစုဂါမိ ရင်ခွင်ဟာ အနည်းငယ် ဝေးသွားခဲ့သည်နှင့် ယူးအိချိ ရင်ထဲ တစ်စုံတစ်ရာ လစ်ဟာသွားခဲ့သယောင်ယောင် ။ 

ကြည့်ရတာ သူ​၏ကျောပြင်ဟာ အကာအကွယ် မဲ့သွားတာကြောင့် အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်သွားခဲ့တာကြောင့်များလား မသေချာ ။ 

ထိုတဒင်္ဂ သူ့မျက်စိရှေ့မှာ စီတန်းလှည့်လည်လာသော လူတစ်စုကို မြင်လိုက်ရလေသည် ။ ရှေ့ဆုံးက လျှောက်လာသူနှစ်ယောက်​၏ လက်ထဲ၌ လက်ဆွဲ မီးပုံးလေး တစ်လုံးစီ ကိုင်ထားပြီး ထိုမီးပုံးလေးထဲတွင် အပြာရောင် မီးတောက်ကလေးများ တောက်လောင်လျက်ရှိသည် ။ ရိုးရာဝတ်စုံကို ဆင်မြန်းထားကာ မြေခွေးမျက်နှာပေါက်မျိုးရှိသည့် ထိုသူနှစ်ယောက်သည်ကား တစ်လှမ်းချင်း မနှေးလွန်း မမြန်လွန်း တရွေ့ရွေ့ လျှောက်လှမ်းလာကြပြီး ပတ်ဝန်းကျင်ကို အင်မတန် သတိကြီးစွာ ထားနေကြပုံပေါ်သည် ။ ညာခြေတစ်လှမ်း ချပြီးသည့်နောက် ဘယ်ဘက်ကိုကြည့် ၊ ဘယ်ခြေတစ်လှမ်းချပြီးသည့်နောက် ညာဘက်ကို ကြည့်နှင့် ။ သူတို့နောက်မှာ လိုက်လာသူများသည်လည်း ထိုနည်းအတိုင်းပင် ။ သူတို့ ခြေတစ်လှမ်းကို ညီညီညာညာ ချလိုက်တိုင်း ချူသံလေးဟာ ထွက်ပေါ်လာပေသည် ။ စီတန်းလှည့်လည်လာသူများဟာ ဟန်ချက်ညီလွန်းတာကြောင့် ကပွဲတစ်ခု ဆင်နွဲနေခဲ့သယောင်ယောင် ။ 

ရှေ့ဆုံးက မီးပုံးကိုင်ဆောင်ထားသည့် လူနှစ်ယောက်နောက်တွင် ဆက်တိုက်ပါလာသူကား အဖြူဆွတ်ဆွတ် ရိုးရာသတို့သမီးဝတ်စုံကို ဆင်မြန်းထားသည်​့ မိန်းမလှလေးဖြစ်သည် ။ ဟုတ်သည် ။ မိန်းမလှလေး ။ သို့သော် သူမ​၏ မျက်နှာကား မြေခွေးတစ်ကောင်​၏ မျက်နှာပေါက်မျိုးပင် ။ သူမ​၏ဘေးတွင် ယှဉ်လျက်လိုက်ပါလာသူက သတို့သမီးကို မိုးဖွဲလေးများ မစိုစေရန် ထီးနီနီတစ်လက်မိုးပေးထားလျက်ရှိသည် ။ ထို့နောက်တွင်မူ မီးပုံးကိုင်ဆောင်ထားသောသူများ ၊ အမျိုးသမီးငယ်လေးများ ဆက်လက်လိုက်ပါလာ​၏ ။ 

စီတန်းလျှောက်လာသူများက တရွေ့ရွေ့ဖြင့် ယူးအိချိတို့ ပုန်းကွယ်နေခဲ့သည့် သစ်ပင်ကြီးဘေးမှ သတိကြီးစွာ ဖြတ်သန်းသွားကြသည် ။ သူတို့ အနားနီးကပ်လာသည်နှင့် ခါစုဂါမိက ယူးအိချိပုခုံးကို သိုင်းဖက်ပြီး အနားကို ဆွဲကပ်လိုက်ပြန်သည် ။ 

“မြေခွေးတွေက နားပါးသလို အနံ့ခံလည်းကောင်းတယ် လူသားအနံ့ကို ရသွားလို့ မဖြစ်ဘူး”

ခါစုဂါမိလေသံသည်ကား ယူးအိချိ နားရွက်ဖျားလေးဆီ ကျီစယ်သွားသည့် နွေဦးလေပြည်လေးနှင့် တူလှပေသည် ။ ယူးအိချိ အသက်ကိုအောင့်ထားမိပြီး ရင်ခုန်သံတွေက ပေါက်ကွဲထွက်မတတ် ဖြစ်နေခဲ့သည်မှာ စီတန်းလှည့်လည်လာသူများက သူ့ကို တွေ့သွားမှာ စိုးရိမ်နေမှုကြောင့်လား မပြောတတ် ။ 

မကြာမတင်မှာပဲ စီတန်းလှည့်လည်သွားသူများသည် ခပ်လှမ်းလှမ်းနေရာဆီသို့ ရောက်သွားခဲ့ပြီဖြစ်သည် ။ သစ်ပင်ကြီးနောက်မှာ ပုန်းကွယ်နေခဲ့သော သူတို့ နှစ်ယောက်လည်း ရှေ့ထွက်ခဲ့ကြ​၏ ။ ပတ်ဝန်းကျင်သည်ကား ယခုအချိန်မှာတော့ မိုးဖွဲလေးများလည်း တိတ်သွားပေပြီ ။ တောအုပ်ဟာ ယခုမှ အသက်ဝင်လာသည့်နှယ် ကျေးငှက်တို့ အသံဖြင့် စိုးစိုးစီစီ ရှိနေတော့​၏ ။

“စောစောက.. ?”

ယူးအိချိတစ်ယောက် ကမ္ဘာတစ်ခုအလား ပြောင်းလဲသွားသည့် အခြေအနေတစ်ခုကို နားမလည်နိုင်သယောင်နှင့် မေးမိတော့ ခါစုဂါမိက ပြုံးရင်း ပြန်ဖြေလာသည် ။

“ မြေခွေးသတို့သမီး ပို့ဆောင်ပွဲ”

“မြေခွေးသတို့သမီး ပို့ဆောင်ပွဲ ?”

“အင်း..  နေရောင်ခြည်နုနုအောက် မိုးဖွဲလေးတွေ ကျတဲ့အချိန် တောအုပ်ထဲမှာ မြေခွေးတို​့ မင်္ဂလာဆောင်ကြလေ့ရှိတယ်တဲ့.. တကယ်တော့ မိုးဖွဲလေးတွေက လူသားတွေ တောအုပ်ထဲ မလာအောင် တားဆီးတဲ့ အရံအတားသဘောပါပဲ…  မြေခွေးဆိုတဲ့ သတ္တဝါတွေက သိပ်ပြီး သတိကြီး သိုဝှက်တတ်တာလေ..  ဒါကြောင့် သူတို့သတို့သမီးကို ပို့ဆောင်တဲ့အချိန် လူသားတွေကို မတွေ့မမြင်စေချင်ကြဘူး..”

“အာ..  ကျွန်တော်က ရှားရှားပါးပါး ကြုံလိုက်ရတာကိုး”

ယူးအိချိက ခေါင်းတငြိမ့်ငြိမ့်နှင့်ပြောလိုက်သည့်အခါ ခါစုဂါမိက ပြုံးပြန်သည် ။

“ ဒါပေါ့ မင်းက နတ်မင်းတစ်ပါးရဲ့သားတော်နဲ့ မြေခွေးအစောင့်အရှောက်ခေါင်းဆောင်ရဲ့ သမီးတော်တို့ မင်္ဂလာပွဲကိုလည်း တက်ရောက်ရတဲ့ ရှားရှားပါးပါးလူသားဖြစ်ဦးမှာ”

“...မင်္ဂလာပွဲ ?”

“အင်း ! လာ သွားစို့ မမီပဲနေမယ် !”

ပြောရင်းဆိုရင်း ခါစုဂါမိက ရှေ့ကနေ ခပ်မြန်မြန် လှည့်ထွက်သွားလေတော့သည် ။ ယူးအိချိတစ်ယောက် ခါစုဂါမိနောက်ကနေ ခပ်သွက်သွက်လိုက်ရင်း ညည်းတွားမိတော့​၏ ။

“ မင်္ဂလာပွဲတက်ရမှာကို စောစောကလည်းမပြောဘူး အဲဒီလိုမှန်းသိရင် ကျွန်တော် ရိုးရာဝတ်စုံလေးဘာလေး ဝတ်လာတာပေါ့ အခုတော့ ဒီတိုင်းထသွားထလာပုံစံနဲ့ မင်္ဂလာပွဲတက်လို့ ဖြစ်ပါ့မလား ? နောက်ပြီး မြေခွေးတွေက သူတို့ မင်္ဂလာပွဲကို လူသားလာလို့ ကျေနပ်ပါ့မလား ?”

“စိတ်မပူပါနဲ့… မင်းအတွက် ငါစီစဉ်ပြီးသား..လာ ငါပြမယ်”

ခါစုဂါမိက ပြောပြောဆိုဆိုနှင့် သူ့အင်္ကျီလက်ဖျားစအတွင်းမှ အဝတ်ပိုင်းလေးတစ်စကို ထုတ်ယူပြီး ယူးအိချိ မျက်နှာရှေ့မှာ အုပ်ကာ မျက်နှာဖုံးသဖွယ် ချည်ပေးလိုက်သည် ။ အဝတ်စ ပါးပါးတစ်လွှာက မျက်လုံးရှေ့မှာ ဖုံးအုပ်နေခဲ့ပေမယ့် ထူးခြားစွာ ယူးအိချိ​၏ အမြင်အာရုံကို အရံအတား ဖြစ်မနေခဲ့ ။ 

“ ဒါက ?”

ယူးအိချိက ထူးဆန်းသည့် အဝတ်စကလေးကို အသာလှပ်ရင်း မေးတော့ ခါစုခါမိက လက်ပိုက်ထားရင်း ပြန်ဖြေသည် ။ 

“ ဒီပိတ်စပေါ်က မန္တာန်က မင်းကို လူသားအဖြစ်ကနေ ဖုံးကွယ်ထားပေးလိမ့်မယ်… ဒါဆို အားလုံးအဆင်ပြေသွားပြီလေ”

“သြော…”

ဤသို့ဖြင့် ယူးအိချိတစ်ယောက် တောစောင့်နတ်မင်း တစ်ပါး​၏သားတော်နှင့် မြေခွေးအစောင့်အရှောက် ခေါင်းဆောင်​၏ သမီးငယ်တို့ မင်္ဂလာပွဲသို့ အလည်တစ်ခေါက်ရောက်ခဲ့ပေတော့သည် ။ 

တကယ်တော့ သတို့သားဖခင် အနှီ တောစောင့်နတ်မင်းသည်ကား ခါစုဂါမိဆာမ​၏ မိတ်ဆွေ သူငယ်ချင်း ဖြစ်လေသည် ။ တောစောင့်နတ်မင်းက ခါစုဂါမိတို့ ထိုင်နေသည့် စားပွဲဝိုင်းလေးသို့ ရောက်ရှိလာပြီး ဝမ်းသာအားရ လာရောက်နှုတ်ဆက်​၏ ။

“ ခါစုဂါမိ ! ငါက မင်းမလာတော့ဘူးတောင် ထင်နေတာ..  သတင်းတွေလည်း ကြားတယ်.. အဆင်ပြေရဲ့လား ?”

“ အင်း ပြေသပေါ့ ! ငါအေးအေးဆေးဆေးပဲ ရှိနေပါတယ်”

ခါစုဂါမိ ဆာမက ခပ်ပြုံးပြုံးနှင့် ပြန်ဖြေရင်း ဆာကေးခွက်လေး အသာမြှောက်ပြီး ဂုဏ်ပြုစကားဆိုလိုက်သေးသည် ။

“ မင်းရဲ့ သားတော်လေး မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်ကွာ”

“ဟားဟားဟား ကျေးဇူးပါကွာ..  မင်းကိုလည်း ငါက ဂုဏ်ပြုပေးချင်လွန်းလှပြီ.. နောင်နှစ်ဘယ်နှစ်ရာ စောင့်ရဦးမှာလဲ !? ဟားဟားဟား… ဒါနဲ့ သူက.. ?”

တောစောင့်နတ်မင်းက ပြုံးစစမေးရင်း ယူးအိချိဘက်လှည့်ကာ မျက်ခုံးပင့်ပြလေသည် ။

“ သြော သူက…  ငါ့နတ်ကွန်းမှာ အသစ်ရောက်တဲ့…  အသစ်ရောက်တဲ့…”

“အစေအပါးပါ..  တောစောင့်နတ်မင်းကို အရိုအသေပေးပါတယ် !”

ယူးအိချိက သွက်သွက်လက်လက် ထပြီး ဆာကေးခွက်လေးကို မြှောက်ရင်း ပြောလိုက်သည် ။ တောစောင့်နတ်မင်းက ယူးအိချိ​၏ သွက်လက်မှုကို အင်မတန်သဘောကျသွားပြီး တဟားဟားရယ်ရင်း ဆာကေးခွက်ကလေး ပြန်မြှောက်ပြကာ မော့သောက်လိုက်​၏ ။ ယူးအိချိလည်း လက်ထဲက ဆာကေးခွက်ကို အမြန်မော့သောက်လိုက်ရသည် ။ သို့သော် သူသောက်မိသည်ကား __

“ မက်မွန်သီး ဖျော်ရည် ?”

ယူးအိချိက တအံ့တဩ ခါစုဂါမိဘက် လှည့်ကြည့်လိုက်သည့်အခါ ခါစုဂါမိက စားပွဲပေါ်မှ အချိုမုန့်ကလေးတစ်တုံးကို ပါးစပ်ထဲ ကောက်ထည့်လိုက်ရင်း ခပ်တိုးတိုးပြော​၏ ။ 

“ မင်းမှ အသက်မပြည့်သေးတာ”

“....”

ယူးအိချိတစ်ယောက် စိတ်ပျက်မိသလို ဟင်းခနဲ သက်ပြင်းချရင်း ရေရွတ်မိတော့သည် ။

“ အလစ်တောင် ဖမ်းမရဘူး..  တစ်ခွက်လောက်ပေးသောက်တော့ ဘာဖြစ်မှာကျနေတာပဲ”

“ဟားဟားဟားဟားဟား”

နွေဦး​၏ မင်္ဂလာပွဲလေးတစ်ပွဲသည်ကား စည်ကားသိုက်မြိုက်လျက် ။ ချောမောလွန်းသည့် မြေခွေးသတို့သမီးလေးဟာလည်း မင်္ဂလာစင်မြင့်ထက်၌ သိုဝှက်စွာ ပြုံးနေပေသည် ။ 

ထိုနေ့က လေထုထဲ ချာချာလည် လွင့်ဝဲကျလာသည့် ချယ်ရီပွင့်ဖတ်များကား စားပွဲများပေါ် ၊မုန့်ချိုတုံးကလေးများပေါ် ၊ ဆာကေးခွက်ထဲ ဟိုတစ်စ သည်တစ်စ တင်ကျန်နေလျက် ရှိ​၏ ။ 

ထိုနေ့က ဆာကေးကို အလစ်အငိုက်ခိုးသောက်ဖို့ အကြိမ်ပေါင်းမနည်း ကြံစည်ကြိုးစားခဲ့သော ယူးအိချိလည်း ခါစုဂါမိလက်ချက်ဖြင့် မက်မွန်သီး ဖျော်ရည်များသာ ဗိုက်ဖောင်းအောင် သောက်ခဲ့ရလေသည် ။ 

***********


တတိယနေ့မှာတော့ သူတို့မြို့ငယ်လေးမှာ ကျင်းပတဲ့ နွေဦးပွဲတော်လေးကို လည်ပတ်ဖို့ နတ်မင်းက တောင်းဆိုလာခဲ့သည် ။ မြို့ငယ်လေး၏ နွေဦးပွဲတော်လေးသည်ကား ရိုးရိုးရှင်းရှင်းပင်ဖြစ်​၏ ။ မြို့စွန်နားလေးတွင်ရှိသည့် ကုန်းမြင့်လေးပေါ်မှ ဘုရားကျောင်း၌ ပူဇော်ပွဲကျင်းပခြင်းသာ ။ ဘုရားကျောင်းဆီ သွားသည့် လမ်းမတစ်လျှောက် မုန့်ဈေးတန်းများ ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်လေးများဖြင့် ပွဲဈေးတန်းလေးဟာ စည်ကားလျက်ရှိပြီး မြို့ခံလူအများနှင့် အနီးအပါးကသူများလည်း လာရောက်လည်ပတ် ပွဲဈေးလျှောက်ကြလေ့ရှိသည် ။

ယူးအိချိအဖို့တော့ ဒီနယ်မြို့လေး၏ မြို့ကြီးပြကြီးနှင့်မတူ သူ့နည်းသူ့ဟန်ဖြင့် လူတိုးမပေါက်လောက်အောင် စည်ကားလှသည့် ဤပွဲဈေးသေးသေးလေးကို ပထမဆုံးလည်ပတ်ဖူးတာဖြစ်ပြီး ခါစုဂါမိကတော့ နှစ်စဉ်အလည်လာနေကျ ဆွေမျိုးအိမ်ကလေးကို လာရသည့်နှယ် လက်ကလေးနောက်ပစ်ကာ အေးအေးလူလူ လျှောက်နေခဲ့လေသည် ။ သူက ထုံးစံအတိုင်း နွေရာသီဝတ်ရိုးရာဝတ်စုံကိုဝတ်ဆင်ထားပြီး ထူးဆန်းသည့် မျက်နှာဖုံးကို ချိုစောင်းပေါ်မှာ လှန်တင်ထားသေး​၏ ။ အထူးတလည် ပြုံးနေဟန်မတူပေမယ့် သူ၏ နှုတ်ခမ်းများက အမြဲတစေ ပြုံးရောင်သန်းနေပေသည် ။ 

“ ဟိတ်ကောင် ယူးအိချိ !”

ယူအိချိ တစ်ယောက် ခါစုဂါမိဆာမ​၏ မျက်နှာကို လှမ်းငေးနေရင်းမှ နောက်ကျောဆီက ပုခုံးလှမ်းပုတ်ပြီး ခေါ်လိုက်သည့် အသံကြောင့် လှည့်ကြည့်မိသည့်အခါ သူငယ်ချင်းဖြစ်သူ ယူးတနှင့် ဘော်ဒါတစ်သိုက်ကို တွေ့လိုက်ရသည် ။ 

“ ယူးတ..”

“မင်းလည်း ပွဲစျေးလာတာလား ?”

“ ငါတို့ကို ပြောရောပေါ့ ယူးအိချိရာ.. အကုန်အတူတူလာလို့ရတာပဲ..  ငါတို့မှာ ဧည့်သည်ကို တစ်ယောက်တည်း ပစ်ထားသလိုဖြစ်နေပြီ”

“အေးလေ ငါတို့က မင်းကို တောင်ပေါ်သွားပြန်ပြီလို့ ထင်နေတာ ပွဲစျေးလာမယ်မှန်းသိ ဝင်ခေါ်ပါတယ်”

မြို့ထဲမှ သူရဲ့အပေါင်းအပါ ဘော်ဒါတစ်အုပ်က တစ်ယောက်တစ်ပေါက် ဝင်ပြောပြီး သူ့ကို ဆွဲခေါ်နေတော့သည် ။ ယူးအိချိ တစ်ယောက် ယက်ကန် ယက်ကန်ပါသွားရင်း ဘေးဘီကို ကြည့်မိသည့်အခါ ခါစုဂါမိ​၏ အရိပ်အယောင်ကို မမြင်ရတော့ချေ ။ 

[ ဘယ်ရောက်သွား.. ?]

သူ ရုတ်ခြည်း ခေါင်းကြီးသွားပြီး သူ့ကို ဆွဲခေါ်နေသည့် ဘော်ဒါတစ်အုပ်လက်မှ အတင်းရုန်းထွက်လိုက်​၏ ။

“ ခဏလေး ! ငါ.. ငါ မင်းတို့နဲ့ လိုက်လို့ မရသေးဘူး..”

“ဟမ် ဘာလို့လဲ ? ဟိုတောင်ပေါ်သွားဦးမလို့လား ?”

“မဟုတ်..”

“ဟင်း ~ ယူးအိချိ ! ခဲဂျီက မပြောနဲ့ဆိုလို့ မပြောဘဲ ထားထားပေမယ့် အခုတော့ သူမရှိတုန်း ပြောရဦးမယ်..  မင်း အဲဒီတောင်ပေါ်ကို သွားမနေနဲ့တော့..  သူပြောတဲ့ ဆုတောင်းပြည့်နတ်ကွန်းဆိုတာကိုလည်း ရှာမနေနဲ့တော့.. တကယ်က ခဲဂျီလျှောက်နောက်နေတာ..  မင်းက ဆုတောင်းသိပ်ပြည့်ချင်တယ်နဲ့ ပြောနေလို့ အဲဒီကောင်က နောက်လိုက်တာ..  တောင်ပေါ်က ခါစုဂါမိ ဆာမရဲ့ ဆုတောင်းပြည့်နတ်ကွန်းဆိုတာ မရှိဘူး..  ငါတို့ ဒီမှာ နေလာတာ ကြာလှပြီကွာ အဲဒီတောင်ပေါ်ကလည်း ကလေးထဲက မှိုချိုး မျှစ်နှုတ်နဲ့ သွားသွားဆော့ကစားနေကျ.. အဲဒီ နတ်ကွန်းကို တစ်ခါမှ မတွေ့ဖူးပါဘူး..  လူကြီးတွေ ပြောတဲ့ ယုံတမ်းစကားပါပဲ..  ငါတို့ကတော့ မယုံပါဘူး..  သူက မင်းကိုစနေတာ..  မင်းလည်း ယုံမနေနဲ့တော့”

[ ဟင့်အင်း ငါယုံတယ် ] 

ယူးအိချိ စိတ်ထဲက ပြတ်ပြတ်သားသား ရေရွတ်လိုက်မိသည် ။ ဟုတ်သည် ။ သူယုံသည် ။ သူတွေ့ခဲ့သော နွေဦးဆန်သည့် ရိုးရာဝတ်စုံနှင့်သူဟာ ခါစုဂါမိ ဆာမဆိုတာကို သူယုံသည် ။ အဲဒီသူဟာ သူ​၏ ဆုတောင်းကို ဖြည့်ပေးနိုင်မည့်သူ ဆိုတာကိုလည်း သူအကြွင်းမဲ့ ယုံသည် ။ 

“ ငါ အခုတော့ မင်းတို့နဲ့ မလိုက်နိုင်သေးဘူး ! ငါ့မှာ လုပ်စရာတာဝန်တစ်ခုရှိသေးတယ်”

“တာဝန်… ? ဟေ့ ! ယူးအိချိ နေဦး ! ဟိတ်ကောင် !!”

ဘော်ဒါတစ်သိုက်က သူ့ကို လှမ်းအော်ခေါ်နေကြလည်း သူလှည့်မကြည့်ဖြစ်တော့ ။ သူအတွေးထဲမှာ ခါစုဂါမိ ဆာမကို ရှာဖွေဖို့အကြောင်းသာ ကြီးစိုးနေတော့သည် ။ 

ညနေစောင်းလာပြီမို့ ပွဲစျေးတန်းလေးထဲ လူတွေ ပိုများလာပြီး လမ်းမတစ်လျှောက် ဆိုင်တန်းတွေအပေါ်မှာ အတန်းလိုက် ချိတ်ဆွဲထားသည့် မီးပုံးလေးများဆီမှ မီးရောင်များဟာလည်း ပိုမို တောက်ပလာပေပြီ ။ လမ်းဘေးသွားရည်စာ အစားအသောက် ဆိုင်မျိုးစုံမှ အမွှေးရနံ့များဟာလည်း လေထုထဲ ပြည့်သိပ်လို့ ။ ယူးအိချိတစ်ယောက် လူတွေအများကြား တိုးဝှေ့သွားရင်း ခါစုဂါမိ ဆာမကို ရှာနေမိသည် ။ 

တစ်နေရာအရောက် ရေခဲခြစ်ဆိုင်ရှေ့မှာ ကျောပေးရင်း ရပ်နေခဲ့သည့်သူ ။ နွေဦးဆန်သည့်ကျောပြင် ။ ခေါင်းပေါ်မှာ လှန်တင်ထားသည့် ထူးဆန်းသော မျက်နှာဖုံး ။ ယူးအိချိ အပြေးသွားပြီး လက်မောင်းကို ဖမ်းဆွဲရင်း မေးလိုက်မိသည် ။

“ ခါစုဂါမိ ဆာမ ! ရုတ်တရက်ကြီး ပျောက်သွားလို့ ကျွန်တော့်မှာ ရှာလိုက်ရ…”

ယူးအိချိ စကားတို့က လေထဲ တိုးလိုးတန်းလန်း ရပ်သွားပြီးနောက် သူအသံထွက်ကာ ရယ်မောမိတော့သည် ။ ဘာကြောင့်ဆို သူ့ရှေ့က အနှီ နတ်မင်း​၏ ပါးနှစ်ဖက်သည်ကား ဆူဖောင်းလျက် ။ ဟမ်းစတားလေးများ နေကြာစေ့တွေကို ပါးနှစ်ဖက်ထဲ သိုထည့် စုဆောင်းထားသည့်နှယ် ။ 

“ ခါစုဂါမိ ဆာမ ဘယ်လိုတောင်… ဟားဟားဟား ဟမ်းစတားနဲ့တူနေပြီ… ဟားဟားဟား”

“......” 

မျက်စိရှေ့ ရုတ်တရက်ပေါ်လာပြီး ဟက်ဟက်ပက်ပက် ရယ်မောနေသော အနှီလူသားကောင်လေးကြောင့် ခါစုဂါမိ ပါးစပ်ထဲ အပြုံလိုက် သွပ်ထည့်ထားသော ရေဘဝဲလုံးကြော်များကို ဝါးရန်ပင် မေ့နေခဲ့သည် ။ သွားစွယ်လေးတွေ ။ အဲဒီသွားစွယ်လေးတွေ ပေါ်အောင် ရယ်လိုက်သည့်အခါတိုင်း ခါစုဂါမိ ရင်ထဲ အမျိုးအမည်မသိသော လှုပ်ရှားမှုတစ်ခုက ငြိမ့်ငြိမ့်ကလေး လှုပ်ခတ်သွားစမြဲ ။ ဒါက ဘာများလဲ ? 

“ အာ…  ခါ..  ခါစုဂါမိဆာမ !? နင် နေပြန်ပြီလား ? ရေ..  ရေ..  ခဏလေး ခဏလေး !”

အနှီကောင်ကလေးဟာ ပျာယာခတ်စွာနှင့် အအေးတစ်ခွက်ပြေးဝယ်ပြီး ပြန်ရောက်လာခဲ့သည် ။

“ ရော့ အအေးလေး သောက်လိုက် !”

“....”

ခါစုဂါမိ အသံတိတ်စွာ အအေးခွက်ကို လှမ်းယူပြီး သောက်လိုက်သည် ။ 

“ ရေခဲခြစ်ရပါပြီ !”

“ ခါစုဂါမိ ဆာမ မှာထားတာလား ?”

“အင်း !”

ယူးအိချိ ရေခဲခြစ် တစ်ခွက်ကို ယူပြီး ပိုက်ဆံရှင်းပေးလိုက်သည် ။ ထို့နောက် ရှေ့ဆက်သွားမည် အပြု ခါစုဂါမိက သူ့အင်္ကျီလက်မောင်းစကို ဖမ်းဆွဲထားလိုက်ပြန်သည် ။ 

“ ဘာဖြစ်လို့လဲ ခါစုဂါမိ ဆာမ ?”

“ရေဘဝဲလုံးကြော်ဖိုးလည်း မရှင်းရသေးဘူး !”

“အာ..”

ထိုသို့ဖြင့် ရေခဲခြစ်ဆိုင် ဘေးကပ်လျက်က ရေဘဝဲလုံးကြော်ဖိုး လိုက်ရှင်းပေးရ​၏ ။ ဤတွင်ပြီးပြီလားဆိုတော့ မပြီးသေးပေ ။ ပွဲစျေးအား နောက်ပြန်လျှောက်ပြီး ကင်းမွန်ကင်ဆိုင်တွင် ပိုက်ဆံထပ်ရှင်း ၊ ထို့နောက် မုန့်ချိုလုံးဆိုင်တွင် ရှင်း ၊ ယာကီဆိုဘာ (ခေါက်ဆွဲကြော်) ဆိုင်တွင်ရှင်း ။ ယူးအိချိ ပိုက်ဆံအိတ်သည်လည်း ခါလီနီးပါးဖြစ်လာလေပြီ ။ သူ့နံဘေးက နတ်မင်းကတော့ ဇူစကာဝင်စားသည့်အလား မြင်ကရာ အကုန်စားမည် ပြောနေဆဲ ။ 

“ ငါစောစောက စားမယ် စဉ်းစားထားတာ ကျန်သေးတယ်..  ဒီလမ်းကို လျှောက်လာရင်း မှတ်ထားတာ..  နေဦး.. ဪ ဟိုမှာ.. တွေ့ပြီ ဟိုဟာ !”

နတ်မင်း လက်ညိုးညွှန်ပြသည့်ဘက်သို့ ယူးအိချိ လှမ်းကြည့်လိုက်သည့်အခါ မြင်ရသည်များက အရောင်စုံ တိမ်စိုင်များသဖွယ် အာတာပူစီများ ဖြစ်လေသည် ။ ယူးအိချိတစ်ယောက် သူ့နံဘေးမှ နတ်မင်းကို အံ့ဩခြင်းကြီးစွာဖြင့် လှည့်ကြည့်မိတော့​၏ ။ နတ်မင်းကတော့ဖြင့် အာတာပူစီများကို တလက်လက်တောက်ပနေသော မျက်လုံးများနှင့် ငေးကြည့်ရင်း ပြုံးနေပေသည် ။ 

“ လာ ! သွားစို​့ ! အာတာပူစီ သွားဝယ်စားမယ် !”

“အယ် !”

ယူးအိချိတစ်ယောက် နတ်မင်းဆွဲခေါ်ရာ တရွတ်တိုက်ပါသွားရင်း သူဟာ ဆုတောင်းပြည့် နတ်မင်းနှင့် တွေ့နေသည်လား အငတ်တိုင်းပြည်ကလာသည့် ကလေးပေါက်စနှင့် တွေ့နေသည်လား မသဲကွဲတော့ချေ ။

ပွဲစျေးတန်းတစ်လျှောက် ခေါက်တုန့်ခေါက်ပြန် ခြေတိုအောင်လျှောက်ကာ မျိုးစုံစားသောက်ပြီး နောက်ဆုံး ဆန်အရက်ဖြင့် ဧည့်ခံနေသည့် နေရာနားသို့ရောက်လာပြန်သည် ။ 

“သုံးဆောင်ပါဦး သုံးဆောင်ပါဦး !”

ရိုးရာဝတ်စုံ ကီမိုနိုလေးနှင့် အမျိုးသမီးလေးက လေးထောင့်သစ်သားခွက်ကလေးနှစ်ခွက်ကို သူတို့ဆီ ကမ်းပေးလာသည် ။ ခါစုဂါမိက အပြုံးလေးဖြင့် ခွက်ကလေးနှစ်ခွက်လုံးကို လှမ်းယူလိုက်ပြီး ယူးအိချိ ဆီ တစ်ခွက်ကမ်းပေးလာ​၏ ။ ယူးအိချိ မျက်ခုံးတွေ ပင့်သွားမိသည် ။ 

ခါစုဂါမိ ဆာမက သူ့ကို ဆာကေးသောက်ခွင့် ပေးသည်လား ? ယူးအိချိ မျက်လုံးတွေ တဖျပ်ဖျပ်လက်သွားပြီး သစ်သားခွက်ကလေးကို လှမ်းယူကာ မော့သောက်လိုက်သည် ။

“...  မက်မွန်သီး ဖျော်ရည် ?”

ခါစုဂါမိကား သူ့ခွက်ထဲက ဆာကေးအား အရသာခံရင်း ခပ်တိုးတိုးပြောလာ​၏ ။ 

“ မင်းမှ အသက်မပြည့်သေးတာ”

ထိုနေ့ကလည်း ယူးအိချိတစ်ယောက် ပွဲစျေးတန်းက ရိုးရာ ဆန်အရက်ကို မြည်းစမ်းခွင့်မရခဲ့ ။ သူဆန်အရက်ကို ထပ်တောင်းလည်း သူ​၏ သစ်သားခွက်ကလေးထဲ၌ မက်မွန်သီး ဖျော်ရည်များသာ ဖြစ်နေခဲ့လေသည် ။ 

ဤသို့နှင့် ကုန်းမြင့်လေးပေါ်က ဘုရားကျောင်းအထိ တက်ခဲ့ကြပြီးနောက် နွေဦးပွဲတော်လေးမှ သူတို့ပြန်ခဲ့ကြသည် ။ မြို့ငယ်လေး​၏ ညကောင်းကင်မှာ ကြယ်အစုံ တလက်လက် တောက်ပနေသည်မှာ ကောင်းကင်၌ ချိတ်ဆွဲထားသည့် မီးပွင့်ကလေးများနှယ် ။ နွေဦး​၏ ညလေအေးများက တသုတ်ပြီး တသုတ် တိုက်ခတ်နေပြီး ခါစုဂါမိ ဆာမ​၏ အညိုဖျော့ဖျော့ ဆံပင်ပျော့ပျော့လေးများဟာ တဖျပ်ဖျပ် လွင့်ဝဲလို့နေ​၏ ။ 

သူတို့ အတူလျှောက်လာကြရင်း တောင်ခြေက တောတန်းအစပ်နား ရောက်သည့်အခါ ခါစုဂါမိက ပြောလာသည် ။ 

“ ရပြီ ဒီအထိပဲ ! တောင်ပေါ်ထိ မလိုက်နဲ့တော့လေ”

“.....”

“ ငါ့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတာ အခုဆို သုံးရက်ပြည့်ပြီပဲ ! ဒါကြောင့် ငါမင်းကို ပေးထားတဲ့ ကတိအတိုင်း မင်းရဲ့ ဆုတောင်းကို ဖြည့်ပေးမယ် !”

ခါစုဂါမိ ဆာမက ပြောရင်း ယူးအိချိ​၏ လက်နှစ်ဖက်ကို ကိုင်ဆွဲလိုက်​၏ ။ အဆိုပါ အပြုအမူကြောင်​့ ယူးအိချိ မျက်ခုံးတွေ ပင့်သွားခဲ့သည် ။

ခါစုဂါမိက ကိုင်ဆွဲထားခဲ့သည့် ယူးအိချိ​၏ လက်နှစ်ဖက်ကို အသာအယာ ဖိဆုပ်လိုက်ပြီး ယူးအိချိ မျက်လုံးညိုလေးများကို စိုက်ကြည့်ကာ တစ်ခွန်းချင်းပြောလိုက်သည် ။

“ မင်းရဲ့ ရင်ထဲက အမှန်တကယ် ချစ်မြတ်နိုးသူရဲ့ အချစ်ကို သေချာပေါက် ပြန်ရပါစေ !”

ယူးအိချိ နှလုံးသားက ထိတ်ခနဲ တစ်ချက် ခုန်လှုပ်သွားပြီး တိုးဝှေ့တိုက်ခတ်သွားသည့် နွေဦးလေပြည်လေးနှင့်အတူ ယိမ်းထိုးသွားခဲ့သည် ။ သည်အဖြစ်ဟာ သူ့ရှေ့မှောက်က နတ်မင်းက သူ​၏ဆုတောင်းလေးကို လေးလေးနက်နက် ဖြည့်ပေးခဲ့သည့်အတွက် စိတ်လှုပ်ရှားသွားခဲ့တာလားတော့ မပြောတတ်ပေ ။

ထို့တဒင်္ဂ ခါစုဂါမိဟာ သူကိုင်ဆွဲထားခဲ့သည့်လက်များကို လွှတ်ချလိုက်ပြီး ယူးအိချိကို ကျောခိုင်းလိုက်​၏ ။ လေတိုးသံများကြား ကြားလိုက်ရသည့် သူ​၏လေသံသဲ့သဲ့ဟာ အရပ်မျက်နှာ ပေါင်းစုံက ထွက်ပေါ်လာခဲ့သယောင်ယောင် ။

“ မနက်ဖြန် မင်းလာစရာမလိုတော့ဘူး ! ဒီသုံးရက်အတွင်း ငါနဲ့အတူ အဖော်ပြုပေးတဲ့ မင်းကို ကျေးဇူးတင်ပါတယ် !”

ထို့နောက် တောတန်းလေးကြားထဲ ဝင်ရောက် ပျောက်ကွယ်သွားတော့သည် ။

“ ခါစုဂါမိ ဆာမ !! ခါစုဂါမိ ဆာမ !!!”

ယူးအိချိတစ်ယောက် တောတန်းထဲထိ လိုက်ဝင် အော်ခေါ်သော်လည်း ခါစုဂါမိအား လုံးဝ မတွေ့ရတော့ပေ ။ တောအုပ်သည်ကား မှောင်မိုက် တိတ်ဆိတ်လျက် ။ 

“ ခါစုဂါမိ ဆာမ !!!”

ယူးအိချိ ရင်ထဲ၌ တစ်စုံတစ်ရာကို လက်သင့်မခံချင်သေးသလိုလို ၊ လွှတ်ချသွားခဲ့သည့် လက်များကို ပြန်ဆွဲထားပြီး တစ်ခုခု ပြောချင်နေသေးသလိုလို ဖြစ်နေခဲ့သည် ။ 

သူဘာပြောချင်နေခဲ့သေးတာလဲ ?

သူ့ဆုတောင်းကို ဖြည့်ပေးပြီးတာတောင် သူဘာကို ပြောချင်နေခဲ့သေးတာလဲ ?

ရုတ်တရက် ယူးအိချိ ခေါင်းထဲမှာ ဗလာဖြစ်နေပြီး တစ်ခုခုကို လိုအပ်နေသေးသလို ခံစားနေရသည် ။ 

ဘာလဲ ?

ဘာများလဲ ?

“ ခါစုဂါမိ ဆာမ.. ခါစုဂါမိ ဆာမ ! မက်.. မက်မွန်သီးဖျော်ရည်အတွက် ကျေးဇူးတင်ပါတယ်..  ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး ! ကျွန်တော် အမြဲသတိရနေမှာပါ ! ကျွန်တော့်ဆုတောင်းကို ဖြည့်ပေးလို့ ကျေးဇူးတင်ပါတယ် ! တကယ်ကျေးဇူးတင်ပါတယ်”

ဟုတ်သည်  ။ သည်နတ်မင်းဟာ ကျေးဇူးတင်စကားလေးတောင် ပြန်ပြောခွင့်မပေးဘဲ ထွက်သွားရက်နိုင်လွန်းတာ မဟုတ်လား ။ ကျေးဇူးတင်စကား မပြောလိုက်ရ၍ ယူးအိချိ ရင်ထဲ တင်းကျပ်နေတာသာဖြစ်မည် ထင်သည် ။ နောက်ဆုံးတော့ ယူးအိချိ တစ်ယောက် အဖြေကို ရှာတွေ့သွားသည့်နှယ် တရစပ် အော်ဟစ်ပြောခဲ့ပြီးနောက် လှည့်ထွက်ခဲ့တော့သည် ။ 

လူသားကောင်လေး ထွက်သွားတော့မှ ခါစုဂါမိတစ်ယောက် အနားက သစ်ပင်အကွယ်မှ ထွက်လာခဲ့သည် ။ ညအမှောင်မှာ ကောင်လေး​၏ ကျောပြင်ဟာ တစတစ ဝေး၍ဝေး၍ သွား​၏ ။

“အဟက်..  မက်မွန်သီး ဖျော်ရည်အတွက် ကျေးဇူးတင်တယ်တဲ့လား !? ဒါက မင်းရဲ့ ငါ့အပေါ်ယုံကြည်ပေးမှုကြောင့် ငါသုံးလို့ရလာတဲ့ အစွမ်းအနည်းငယ်ရယ်ပါ…  မင်းရဲ့ ဆုတောင်းလေး တကယ်ပြည့်ပါစေ ကောင်လေးရေ..  ငါတတ်နိုင်တဲ့ အင်အား အကုန် သုံးပေးထားခဲ့ပါတယ်”

တစ်ခြမ်းပဲ့ လကလေးက ကောင်းကင်ယံထပ်မှာ တွဲလဲခိုနေဆဲ ။ အမေ့ခံနတ်မင်း နေထိုင်ရာ တောင်ပေါ်က တောအုပ်လေးသည်လည်း ယခင်နေ့များကထက် တိတ်ဆိတ်လျက် ရှိနေခဲ့သည် ။ 


**********


နွေဦးကျောင်းပိတ်ရက်များ ကုန်ဆုံး၍ အတန်းသစ်များ စတင်ဖွင့်လှစ်မည့် ရက်များသို့ ရောက်လာခဲ့ပေပြီ ။ အထက်တန်းနောက်ဆုံးနှစ်ကို တက်ရောက်ရမည့် ယူးအိချိတစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားလျက်ရှိနေခဲ့သည် ။ 

အခန်းထဲက ကြည့်မှန်ရှေ့ ရပ်ရင်း သည်ကနေ့မှ အထူးတလည် သူ​၏ဆံပင်ကို ဖိသပ်နေခဲ့မိသည် ။ သည်ကနေ့ ကျောင်းစဖွင့်သည့် ရက်မှာ သူအထက်တန်းပထမနှစ် စတက်ကတည်းက ကြိတ်ကြွေနေခဲ့သည်​့ မိန်းကလေး အာဆာဟိကို အားဖွင့်ပြောမည် ။ 

“ခါစုဂါမိ ဆာမ..  ခါစုဂါမိ ဆာမရဲ့ ဆုမွန်ကြောင့် ကျွန်တော် အောင်မြင်မယ်လို့ ယုံကြည်တယ် !”

အတန်းသစ်စချိန် ကျောင်းလမ်းမထက်မှာ ချယ်ရီပွင့်ချပ်များက ပြန့်ကျဲလို့ ။ ကျောင်းသူကျောင်းသားများ​၏ မျက်နှာထက်မှာလည်း ရွှင်လန်းမှု အပြည့်နှင့် ဖြစ်လေသည် ။ ထိုအထဲတွင် ယူးအိချိလည်း အပါအဝင်ဖြစ်ပြီး သူ​၏ အထူး စစ်ဆင်ရေးစနိုင်ဖို့အတွက် အတန်းသစ်​၏ စာသင်ချိန်များ ပြီးအောင် အောင့်အည်းစောင့်ဆိုင်းနေခဲ့ရသည် ။ 

ကျောင်းဆင်းချိန် အရောက်မှာတော့ ယူးအိချိတစ်ယောက် ကျောင်းဝန်းထဲ အာဆာဟိကို အား လိုက်ရှာမိတော့သည် ။ သိပ်မကြာခင်မှာပဲ နာမည်နှင့်လိုက်အောင် မနက်ခင်းနေရောင်ခြည်လေးနှင့် တူသည့် အာဆာဟိကို သည် ကျောင်းဝန်းထဲ ချယ်ရီပင်တန်းနားမှ ခုံတန်းလေးတစ်ခုတွင် တစ်ယောက်တည်း ထိုင်နေသည်ကို ယူးအိချိ တွေ့လိုက်ရသည် ။ 

“ အာဆာဟိကို !”

“အယ်… ယူးအိချိ ကွန် ? အတန်းချိန်ပြီးသွားပြီလေ မပြန်သေးဘူးလား ? အသင်းလေ့ကျင့်ချိန် ရှိသေးလို့လား ?”

ယူးအိချိက ကျောင်းလက်ရွေးစင် ဘောလုံးအသင်းမှာ ပါဝင်သူတစ်ယောက်ဖြစ်တာကို သိထားသည့် အာဆာဟိကိုက အပြုံးလေးနဲ့ ပြန်မေးနေသည် ။ သူမ​၏ အပြုံးကလေးက ညနေ အကျနေရောင်အောက်မှာ အင်မတန်နွေးထွေးလွန်းသည် ။ 

ယူးအိချိ သတိလက်လွတ်ငေးကြည့်နေရင်းမှ အလားတူ အမြဲတစေ ပြုံးနေတတ်သည့် နှုတ်ခမ်းပါးတစ်စုံကို အာရုံထဲ ဖျတ်ခနဲ သတိရမိလိုက်ပြီး သူ့ရင်ထဲ တစ်စုံတစ်ရာဟာ ခပ်ငြိမ်ငြိမ်လေး လှုပ်ခပ်သွားခဲ့သည် ။ သူဖွင့်ပြောရခါနီးမို့ စိတ်လှုပ်ရှားနေမိသည်လားလည်း မပြောတတ်ပေ ။ ယူးအိချိတစ်ယောက် လှုပ်ရှားနေသည်​့ စိတ်အလျင်ကို ထိန်းချုပ်ရင်း သူ့ဂုတ်ပိုးလေးသူပွတ်​ပြီး ပြောလိုက်သည် ။ 

“ အာ.. ဒီနေ့ လေ့ကျင့်ချိန်က မစသေးဘူး..  ဒါနဲ့ အာဆာဟိကို ကို ပြောစရာရှိတယ်”

“အင်း ပြောလေ ! လာ ဒီမှာထိုင်လေ ယူးအိချိကွန်”

အာဆာဟိကို ​၏ ဘေးမှာ ယူးအိချိ ဝင်ထိုင်လိုက်သည် ။ ယူးအိချိ ပြောလာမည့် စကားကို နားစွင့်နေခဲ့သည့် အာဆာဟိကို ​၏ မျက်လုံးလေးများက ညဉ့်လယ် ကောင်းကင်ပေါ်က ကြယ်ကလေးများလို တလက်လက် တောက်ပလျှက်နေ​၏ ။ သူမ​၏ ခေါင်းပေါ်မှာ စုစည်းထားသည့် ဆံနွယ်ပျော့ပျော့လေးများသည်ကား လေနှင်ရာ ဟိုသည် ယိမ်းထိုးနေခဲ့သည် ။ 

“ကိုယ်…  ကိုယ် အာဆာဟိကို ကို ချစ်တယ်..  ကိုယ်နဲ့ တွဲနိုင်မလား ?”

အာဆာဟိကို မျက်လုံးလေးများက ဝိုင်းစက်၍သွားပြီး သူမ​၏ ပါးပြင်ဟာ ချယ်ရီရောင်သန်းသွားခဲ့သည် ။ ထို့နောက် အာဆာဟိကိုက တည်ငြိမ်စွာဖြင့် ပြောလာခဲ့သည် ။

**********


ယူးအိချိ​၏ အိမ်အပြန် ခြေလှမ်းများက မနက်ခင်း အိမ်က ထွက်လာခဲ့စဉ်ကနှင့်မတူ ။ အတော်လေး နှေးကွေးလေးလံနေခဲ့သည် ။ သူ​၏နားထဲ၌ အာဆာဟိကို ​၏ အဖြေစကားတစ်ခွန်းကိုလည်း အထပ်ထပ် ကြားယောင်နေဆဲ ။ 

“ တောင်းပန်ပါတယ် ယူးအိချိ ကွန်…  တို့မှာ ချစ်သူရှိနေတယ်”

ဟူး~ 

ယူးအိချိ သက်ပြင်းကို လေးလံစွာ ချမိတော့သည် ။ 

အခုနေအချိန် ယူးအိချိတစ်ယောက် တောင်ပေါ်က ချယ်ရီပင်ကြီးအောက်မှာ မမူးတဲ့ မက်မွန်သီး ဖျော်ရည်သောက်ရင်း ခါစုဂါမိကို ဂျီတိုက်ချင်နေခဲ့သည် ။ 

ခါစုဂါမိ ဆာမ ! ပြောတော့ ဆုတောင်းကို အစွမ်းကုန်ဖြည့်ပေးမှာဆို ! အခုတော့ ငြင်းခံလိုက်ရပြီ ! 

သည်လိုဆိုရင် ခါစုဂါမိ ဆာမက မည်သို့ ပြန်ပြောမည်နည်း ။ သူ့ကို နှစ်သိမ့်ပေးမည်လား ? သို့တည်းမဟုတ် မက်မွန်သီးဖျော်ရည်ပဲ ထပ်တိုက်မည်လား ? ရုတ်တရက်ဆိုသလို လမ်းမထက် လူအများကြားမှာ သူတစ်ယောက်တည်းရှိတော့သည့်နှယ် ယူးအိချိ တစ်ယောက်တည်း အထီးကျန်သွားခဲ့ရသည် ။ 

သည်လိုနှင့် မည်သို့မည်ပုံ အိမ်ပြန်ရောက်လာခဲ့မှန်းမသိ ။ မည်သို့မည်ပုံ နောက်တစ်နေ့ ကျောင်းရောက်သွားမှန်းမသိ ။ မည်သို့မည်ပုံ တစ်ပတ်အချိန် ကုန်လွန်သွားမှန်းမသိ ။ ဤသို့ဖြင့် ယူးအိချိ​၏ အထက်တန်း တတိယနှစ်သည် အဓိပ္ပါယ်မဲ့စွာ တရွေ့ရွေ့ ကုန်ဆုံးနေတော့သည် ။ 

များမကြာခင် အချိန်အတွင်းမှာပင် နွေရာသီကျောင်းပိတ်ရက်များသို့ ရောက်ရှိလာလေသည် ။ ယူးအိချိတစ်ယောက် ကျောင်းပိတ်သည်နှင့် ချက်ချင်းပင် အဖွားအိမ်ရှိရာ နယ်မြို့လေးသို့ အပြေးထွက်လာခဲ့သည် ။ ဆုတောင်းမပြည့်ခဲ့သည်မို့ နတ်မင်းအားရှာဖွေပြီး အပြစ်တင် ဂျစ်တိုက်ချင်လွန်း၍လားတော့ မပြောတတ်ပေ ။ 

သူတောင်ပေါ်ရောက်သည်နှင့် နတ်ကွန်းပေါက်စကလေးကို ရှာဖွေဖို့ သိပ်မကြာလိုက် ။ သည်နတ်ကွန်းကလေးကို မြင်တိုင်း မြို့ငယ်လေးက မြို့ခံသူငယ်ချင်းတွေ ပြောသည့် စကားကို ပြန်ပြောင်း အောင့်မေ့မိသေးသည် ။ သူတို့အပြောက ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်နေခဲ့သည့် သည်တောင်ပေါ်မှာ ဘာနတ်ကွန်းမှ မတွေ့ခဲ့ကြဘူးတဲ့ ။ တစ်ခါတစ်ရံ လောကကြီးထဲမှာ ဆန်းကြယ်သည့် အဖြစ်အပျက်မျိုးများလည်း ရှိနေတတ်သေးသည် မဟုတ်လား ။ သည်ဖြစ်ရပ်က သူ့အတွက်တော့ မှော်ဆန်သည့် တွေ့ဆုံမှုလည်း ဖြစ်နိုင်သေးသည်လေ ။ 

ယူးအိချိ မြင်နေရသည့် နတ်ကွန်းပေါက်စကလေးဟာ နွေဦးတုန်းက သူတွေ့ခဲ့စဉ်ကအတိုင်း မပြောင်းလဲ ။ သူဖာပေးထားခဲ့သည့် သစ်သားပြားကလေးကလည်း သည်အတိုင်း ရှိနေသေးသည် ။ 

ရုတ်တရက် ကြားလိုက်ရသည့် နောက်ကျောဆီမှ သစ်ရွက်ခြောက်ပေါ် နင်းဖြတ်လာသည့် ခြေလှမ်းသံတချို့ကြောင့် ယူးအိချိ ဝမ်းသာအားရ ချာခနဲ လှည့်ပြီး ခေါ်လိုက်မိသည် ။

“ခါစုဂါမိ ဆာမ”

သို့သော် သူမြင်ရသူက အရပ်မြင့်မြင့် ပိန်ပါးပါးနှင့် အနက်ရောင်ဆံနွယ်ရှည်တွေပိုင်ဆိုင်ပြီး ထူးဆန်းသော မျက်နှာဖုံးကို တပ်ဆင်ထားသူတစ်ဦး ။ ခါစုဂါမိ ဆာမ မဟုတ်သော ထိုသူက ဘယ်သူများလဲ !?

“အာ.. ခါစုဂါမိကို လာရှာတဲ့ လူသားကောင်လေး ရှိသေးသားပဲ !”

ထိုသူ​၏ အသံက အနည်းငယ် ဩရှရှနှင့် အံဩဟန် စွက်နေခဲ့သည် ။ ယူးအိချိ ကြောင်အမ်းနေရာမှ အသိဝင်လာပြီး ထိုသူကို မေးလိုက်မိ​၏ ။

“ ဟို…  ဒီက..  ဘယ်သူ… ဘယ်လို ပုဂ္ဂိုလ်..”

လူသားကောင်လေးဟု ခေါ်လိုက်ကတည်းက ထိုသူဟာလည်း လူသားမဟုတ်သည့် ပုဂ္ဂိုလ်တစ်ပါးပါး ဖြစ်ပေလိမ့်မည် ။ 

“ ငါလား ? ငါက ဒီတောင်ကို စောင့်ရှောက်ဖို့ အသစ်ရောက်လာတဲ့သူ !”

ထိုသူက နတ်ကွန်းပေါက်စလေးကို လက်ဖြင့် ပုတ်ပြပြီး ပြောလေသည် ။

“ ဒါ..  ဒါဆို ခါစုဂါမိ ဆာမကရော ?”

“ ခါစုဂါမိ !? သူမရှိတော့ဘူးလေ”

“ဟမ် ? သူက ဘယ်ရောက်သွားတာလဲ ?”

ယူးအိချိ အလန့်တကြား ထအော်လိုက်မှုကြောင့် ထိုသူခမျာ နောက်သို့ အနည်းငယ် ယို့သွား​၏ ။ ထို့နောက် သူက ပြောလာသည် ။

“ မင်း မသိဘူးလား လူသားကောင်လေး ? ခါစုဂါမိ ကိစ္စက စီရင်ချက်ချပြီးသွားပြီလေ”

“စီရင်ချက်.. ? ဘာကြီး ?”

ယူးအိချိ ခေါင်းထဲ သပွတ်အူတွေ အတွဲလိုက် ဝင်သွားတော့သည် ။ ယူးအိချိ​၏ သဘောမပေါက် နားမလည်ဖြစ်နေသည့်မျက်နှာကို ကြည့်ရင်း ထိုသူက ဆက်ပြောလာ​၏ ။ 

“ ဟုတ်တယ်လေ ! သူက ဒီတောင်ကို စောင့်ရှောက်တဲ့ နတ်မင်းအဖြစ် နှစ်ရာချီ ရှိနေခဲ့ပြီး အခု နောက်လူတွေက သူ့ကို မသိကြတော့ဘူး..  ဒီလိုနဲ့ သူက တဖြည်းဖြည်း အမေ့ခံဖြစ်လာတယ်..  နတ်မင်းတွေဆိုတာက လူသားတွေရဲ့ ယုံကြည်ကိုးကွယ်မှုကြောင့် ဖြစ်တည်လာသလို..  လူသားတွေ မေ့ပျောက်သွားရင်လည်း သူတို့ဟာ လောကကြီးထဲက ကွယ်ပျောက်သွားကြရတာ ဓမ္မတာပဲ…ခါစုဂါမိကိစ္စက ငါကြားသလောက်တော့ သူ့အတွက် အချိန်က စေ့နေပြီ.. အီဇနာဂီ ဆာမက အချိန်တစ်ပတ်ပေးထားတယ် ပြောတာပဲ… တစ်ပတ်အတွင်းမှာ လူသားတစ်ယောက်ရဲ့ ဆုတောင်းကို ဖြည့်ပေးနိုင်ရင် အခြေအနေကို ပြန်စဉ်းစားပေးမယ်လို့ ကြားတယ်..”

ယူးအိချိ ရင်ထဲ ဟာသွားသည် ။ 

ဆုတောင်းကို ဖြည့်ပေးနိုင်ရင် အခြေအနေကို ပြန်စဉ်းစားမယ်တဲ့လား ? သူ့ဆုတောင်းက မပြည့်ခဲ့ဘူးလေ ။

​ယူးအိချိ ခေါင်းငိုက်စိုက်ကျသွားပြီး လက်ထဲမှ ခါစုမိ ဆာမအတွက် ဝယ်လာခဲ့သည့် မန်ဂျူအထုပ်လေးကို ကြည့်နေမိသည် ။ သူ့စိတ်ထဲ နောင်တရိပ်များ ငွေ့ရည်ဖွဲ့လာခဲ့သလိုလို ။ ထိုတစ်ညက သူ့အား လေးလေးနက်နက် ဆုတောင်းပေးခဲ့သည့် ခါစုဂါမိ မျက်နှာကို ပြန်မြင်ယောင်ရင်း ရင်ထဲ ကျဉ်နေခဲ့သည် ။ သူပျောက်ကွယ်သွားတော့မှာမှန်း သိရင် မနက်ဖြန် မက်မွန်သီးဖျော်ရည် သောက်ရပါစေ ဆိုတဲ့ ဆုတောင်းမျိုးပဲ ပြောင်းတောင်းခဲ့မှာပေါ့ ။ အခုတော့…. ။ 

အိမ်ပြန်လာခဲ့သည့် ယူးအိချိတစ်ယောက် ရင်ထဲလေးလံပြီး ခဲဆွဲထားသည့်နှယ် ။ သူ့အတွက် ကြီးကြီးမားမား အရာတစ်ခု ဆုံးရှုံးသွားသလို ခံစားနေရသည် ။ အာဆာဟိကိုဆီက အငြင်းစကား ကြားခဲ့ရစဉ်ကတောင် သူဤမျှလောက် ဆို့နင့်မှုကို မခံစားရ ။ ဤမျှလောက် ကူကယ်ရာမဲ့သလို မခံစားရ ။ ဤမျှလောက် ဆုံးရှုံး လက်လွှတ်လိုက်ရသလိုမခံစားရ ။

ဘာကြောင့်ပါလိမ့် ။ 

​တောင်တောင်အီအီတွေးကြည့်ရင်း သူ့စိတ်ထဲ အရာရာဟာ ဇဝေဇဝါ မရေမရာ ဖြစ်လို့လာသည် ။ သူအာဆာဟိကို ကို တကယ်ရော ချစ်ခဲ့ရဲ့လား ? လက်ရှိအခြေအနေက သူ့ရဲ့ ခံစားချက်တွေဟာ ဘယ်လိုသဘောသက်ရောက်နေမှန်း သူကိုယ်တိုင်လည်း မသိချေ ။ 

နွေရာသီကျောင်းပိတ်ရက်များက တအိအိကုန်ဆုံးလို့နေ​၏ ။ ယူးအိချိတစ်ယောက် အဖွားရှိရာ နယ်မြို့လေးမှ ပြန်ရောက်လာပြီးနောက် အိမ်တွင်းအောင်းနေခဲ့ရာက သည်ကနေ့တော့ အပြင်ထွက်လာခဲ့သည် ။ တိုကျို​၏ နွေရာသီ နေ့လည်ခင်းသည်ကား အရောင်အသွေးစုံလင်စွာ ချစ်စဖွယ် လှပစည်ကားလျက် ရှိနေသော်လည်း ယူးအိချိ တစ်ယောက်သာ ကွက်ပြီး အရောင်အဆင်းမဲ့နေခဲ့သလိုလို ။ 

သူ့အတွင်းစိတ်​၏ ဟိုးအနက်ရှိုင်းဆုံးတစ်နေရာဆီမှာ ပြင်းပြစွာ တောက်လောင်နေသည့် ခံစားချက်ကလေးတစ်ခု ရှိနေပြီး ထိုခံစားချက်ကလေးက ခါစုဂါမိ ဆာမကို နောက်တစ်ကြိမ်ပြန်တွေ့ခွင့်ရချင်မိတာပင် ။ 

ပြန်တွေ့ချင်သည် ။ 

နွေဦးဆန်သည့် တောင်စောင့်နတ်မင်း​၏ အပြုံးများအား ပြန်တွေ့ချင်သည် ။ လေထဲ၌ ပျံ့လွင့်လာတတ်သော နွေဦးဆန်သည့် ရယ်သံချိုချိုများကို ပြန်ကြားယောင်ချင်မိသည် ။ ထို့နောက် သူ့ဆီက ပျံ့လွင့်လာတတ်သည့် နွေဦးရနံ့ ။ သူ​၏ မက်မွန်သီးဖျော်ရည် ။ 

သည်တစ်ကြိမ်မှာ သူသာ ဆုတောင်းခွင့် ရဦးမည်ဆိုလျှင် သူ​၏ ဆုတောင်းက ခါစုဂါမိဆာမ ကို ပြန်တွေ့ရဖို့ပင် ။ ထိုအခိုက်အတန့် ယူးအိချိ တစ်ယောက် အိမ်အပြန်လမ်းပေါ်က သူအမြဲ ဖြတ်သွားနေကျ နတ်ကွန်းလေးတစ်ခုရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည် ။ သူ ရုတ်တရက် စိတ်ကူးရပြီး နတ်ကွန်းလေးဆီ ချိုးဝင်လိုက်သည် ။ ကျောင်းဆောင်ဆီရောက်ဖို့ လှေကားထစ်များကို တစ်ထစ်ချင်း နင်းဖြတ်လာရင်း သူ့ရင်ခုန်သံတွေ မြန်နေခဲ့​၏ ။

နတ်ကွန်း ကျောင်းဆောင်ကြီးရှေ့က ကြိုးလုံးကြီးကို ဆွဲပြီး အပေါ်မှာ ချိတ်ဆွဲထားသည့် ချူလုံးကြီးများကို အသံမြည်စေလိုက်ရင်း လက်ခုပ်သုံးချက်တီးကာ ယူးအိချိ ဆုတောင်းလိုက်​၏ ။

“ ခါစုဂါမိ ဆာမ ကို…”

“ငါ့ကို ခေါ်တယ်လား ?”

မှိတ်ထားမိသည့် ယူးအိချိ မျက်လုံးများကား ရုတ်တရက် ပြူးကျယ်သွားပြီး နောက်ကို ဖျတ်ခနဲလှည့်ကြည့်လိုက်သည် ။ သူ​၏နောက်တွင် ရပ်နေခဲ့သူက ထူးဆန်းသော မျက်နှာဖုံးကို တပ်ဆင်ထားသည့် လူရွယ်တစ်ယောက် ။ သူ​၏ ဝတ်စားဆင်ယင်ပုံကား နွေဦးဆန်လွန်း​၏ ။ 

“ အာ ! ယူးအိချိ ?”

ထိုသူက ယူးအိချိအား မှတ်မိသွားဟန်ဖြင့် မျက်နှာဖုံးအား ဆွဲချွတ်လိုက်လေသည် ။ မျက်နှာဖုံးအောက်က ထိုသူ​၏ အပြုံးများက ယခင်ကဲ့သို့ နှစ်လိုဖွယ် ကောင်းဆဲ ။

“ခါစုဂါမိ ဆာမ !? ဘယ်လိုလုပ် ဒီမှာ… ?”

ယူးအိချိ အတွေးများကား ခေါင်းထဲ၌ လျင်မြန်စွာ တရိပ်ရိပ်ပြေးနေခဲ့ပြီးနောက် တစ်စုံတစ်ရာကို ရုတ်ခြည်းသဘောပေါက်သွားခဲ့သည် ။ 

မဟုတ်မှလွဲရော ဒါ __

ဖြစ်တန်စွမ်း နည်းလွန်းလှပေမယ့် လက်ရှိမှာ သူတွေးမိလိုက်သည့် ထိုအဖြေက အရာအားလုံးကို ဖြေရှင်းပေးနိုင်တာကြောင့် ယူးအိချိ နှလုံးသားက ထိတ်ခနဲ ခုန်လှုပ်သွားခဲ့သည် ။

“ငါဘာလို့ ဒီကို ရောက်နေရသလဲဆိုတော့ မင်းကျေးဇူးကြောင့် ဖြစ်မှာပေါ့ .. ငါ့ရဲ့နောက်ဆုံး လက်ကျန်အချိန်လေးမှာ မင်းရောက်လာပြီး ဆုတစ်ခုတောင်းလာခဲ့တယ်.. မင်းရဲ့ဆုတောင်းကို ငါဖြည့်ပေးနိုင်ခဲ့တယ် မဟုတ်လား? ဒီတော့ ငါ့အတွက် အခွင့်အရေး ထပ်ရတဲ့အနေနဲ့ ဒီနတ်ကွန်းမှာ စောင့်ရှောက်ဖို့ တာဝန်ပေးခံရတာပဲ ! ဘယ်လိုလဲ ? ဒါနဲ့ မင်းတစ်ယောက်တည်းလာတာလား ? ကောင်မလေးရော မပါဘူးလား? နွေကျောင်းပိတ်ရက်မှာ date မထွက်ကြဘူးလား?”

ပြုံးစစဖြင့်မေးနေခဲ့သည့် ခါစုဂါမိဆာမ၏ မျက်ဝန်းများက အစပိုင်းမှာ အရောင်လက်နေခဲ့သလောက် အဆုံးသတ်နားမှာ အနည်းငယ် မှိုင်းဝေသွားခဲ့သယောင်ယောင် ။ ထိုမျက်ဝန်းများက သူ​၏အတွေးတချို့ကို မှန်ကန်ကြောင်း ထောက်ခံချက်ပေးနေသည့်နှယ် ။ ယူးအိချိရင်ထဲ လှိုက်ခနဲ ခံစားလိုက်ရပြီး ရင်ခုန်သံတွေက ပိုမြန်ဆန်လာခဲ့သည် ။  

“တကယ်တော့ ကျွန်တော် ငြင်းခံလိုက်ရတာ”

ယူးအိချိစကားကြောင့် ခါစုဂါမိ မျက်ခုံးတွေ ပင့်သွားပြီး အံ့ဩသလို ရေရွတ်လာသည် ။

“ ဘယ်လို?”

“ ကျွန်တော်ဖွင့်ပြောခဲ့တယ် .. ဒါပေမယ့် ငြင်းခံလိုက်ရတယ်”

“ဒါဆို ဆုတောင်းက မပြည့်… မဟုတ်သေးဘူး မင်းဆုတောင်းမပြည့်ရင် ငါက ဘယ်လိုလုပ် ဆက်ရှိနေမှာလဲ ? ဘယ်လို.. အာ … နေဦး မင်းရဲ့ ဆုတောင်းက မင်းရဲ့ ရင်ထဲက အမှန်တကယ် ချစ်မြတ်နိုးသူရဲ့ အချစ်ကိုပြန်ရချင်တာနော်.. အဲဒီလိုဆိုတော့… အခု မင်းဖွင့်ပြောခဲ့တဲ့သူက မင်းတကယ်ချစ်တဲ့သူ မဟုတ်သေးလို့ ဖြစ်မှာပေါ့ ...မင်းရင်ထဲမှာ အမှန်တကယ်ချစ်နေတဲ့သူက သတ်သတ်တစ်ယောက် ဖြစ်နေတယ် ထင်တယ်.. မင်းကသာ မသိသေးတာ … အဲဒီသူကလည်း မင်းကို ပြန်ချစ်နေ...ပြီး...သား...”

ခါစုဂါမိရဲ့ စကားသံတွေဟာ အစပိုင်းမှာ အားတက်သရော မြန်မြန်ဆန်ဆန်ရှိလှပေမယ့် အဆုံးသတ်နားမှာ တဖြည်းဖြည်း နှေးကွေးလေးလံလာသည် ။

မည်သို့ပင် ဆိုစေကာမူ သည်ကောင်လေးရဲ့ ဆုတောင်းက ပြည့်ခဲ့ပြီး သူချစ်နေတဲ့သူက သူ့ကို ပြန်ချစ်ခဲ့တာပဲလေ ။

“ဂုဏ်ယူပါတယ်ကွာ”

ခါစုဂါမိအသံက ခပ်အက်အက်ဖြစ်နေခဲ့လေသည် ။

“ဂုဏ်ပြုပေးလို့မရသေးဘူး ခါစုဂါမိဆာမ”

“ ဘာလို့လဲ ?”

ခါစုဂါမိရဲ့ ကြည်လဲ့လဲ့ မျက်ဝန်းတွေကို ယူးအိချိ စိုက်ကြည့်လိုက်သည် ။ ထို့နောက် __

“ ခါစုဂါမိ ဆာမ ပြောတဲ့အတိုင်း ကျွန်တော် တကယ်ချစ်မိနေတဲ့သူကလည်း ကျွန်တော့်ကို ပြန်ချစ်နေတယ်ဆိုပေမယ့် သူက ကျွန်တော်သူ့ကို ချစ်နေမှန်း မသိသေးဘူး”

“ဒါဆို မြန်မြန်ဖွင့်ပြောလိုက်တော့လေ”

“အင်း အဲဒါကြောင့် ခါစုဂါမိ ဆာမကို ကျွန်တော်တွေ့ချင်နေရတာ”

ခါစုဂါမိ ရင်ထဲ ကျဉ်သွားမိသည် ။ 

“ ဘာလဲ ? သူက အဝေးမှာ ဖြစ်နေလို့လား ? သူနဲ့ အမြန်ဆုံးတွေ့ခွင့်ရအောင် ဆုတောင်းချင်ပြန်တာလား?”

ယူးအိချိက ဖြည်းညင်းစွာ ခေါင်းငြိမ့်ပြလာခဲ့သည် ။ ခါစုဂါမိ ရင်ထဲမှာတော့ ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့ ရတော့မှာပေါ့လေ ဟူသည့် အတွေးကိုသာ ထပ်တလဲလဲ တွေးနေခဲ့မိသည် ။

“ အဲဒီဆုတောင်းက ခါစုဂါမိဆာမမှ ဖြည့်ပေးနိုင်မှာ”

အခုထိ မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည့် လူသားကောင်လေး၏ မျက်ဝန်းညိုများကို အကြည့်လွှဲရင်း ခါစုဂါမိတစ်ယောက် သက်ပြင်းခိုးချလိုက်မိသည် ။  

“ပြီးတော့ အခုပဲ ဖြည့်လည်းဖြည့်ပေးလိုက်ပြီးပြီ”

“.....?”

ယူးအိချိစကားကြောင့် ခါစုဂါမိ ကြောင်အမ်းအမ်းဖြစ်သွားရသည် ။ သူဖြင့် ဘာမှတောင် မပြောပေးရသေးပဲနဲ့ ဆုတောင်းက ဖြည့်ပြီးသား ဖြစ်သွားပြီတဲ့လား ? 

ခါစုဂါမိတစ်ယောက် ဇဝေဇဝါဖြစ်နေရင်း ယူးအိချိကို မေးမြန်းဖို့ မျက်နှာချင်းဆိုင်လိုက်ချိန် အနှီကောင်လေးက ဘယ်အချိန်ကများ သူ့အနား နီးနီးကပ်ကပ်အထိ ရောက်နေခဲ့မှန်းမသိလိုက်ပေ ။ သူကြောင်အမ်းနေချိန်မှာပဲ ယူးအိချိက သူ့လက်နှစ်ဖက်ကို အသာအယာဆွဲကိုင် ဖမ်းဆုပ်ထားခဲ့ပြီ ။ ထို့နောက် သူက လေသံသဲ့သဲ့ဖြင့် ပြောလာခဲ့၏။

“ ခါစုဂါမိ ဆာမ ကို ကျွန်တော် ချစ်တယ်”

“......”

ခါစုဂါမိသည်ကား နှစ်ရာချီ မကြားခဲ့ဖူးသည့် စကားတစ်ခွန်းကို ကြားလိုက်ရသည့်နှယ် တစ်ကိုယ်လုံး တောင့်တင်း ဆွံ့အသွားလေသည် ။ သူ၏ နှုတ်ခမ်းပါးတစ်စုံကား ဘယ်လိုတုန့်ပြန်ရမှန်း မသိဖြစ်ကာ ကုန်းပေါ်ရောက်နေသည့် ရွှေငါးလေးလို ဟစိဟစိ ဖြစ်နေခဲ့၏ ။ 

“ ခါစုဂါမိ ဆာမက ကျွန်တော့်ကို ပြန်ချစ်ပေးတာလည်း ကျွန်တော်သိပြီ”

“မဟုတ်..”

“ ဘာမဟုတ်တာလဲ ?”

“ ငါ..ငါ..  အဲလို.. မဟုတ်..”

“နတ်မင်းက မညာရဘူးလေ”

“ငါ ..မညာ..”

“ကျွန်တော့်ဆုတောင်း ပြည့်တယ်လေ… ခါစုဂါမိ ဆာမပဲ ကျွန်တော့်ဆုတောင်းပြည့်လို့ ပျောက်ကွယ်မသွားဘဲ ဒီမှာ ရှိနေတာဆို?”

“အဲ..အဲလို မဟုတ်.. အာ… မင်း ငါ့ကို ချစ်တယ်ဆိုတာက မဟုတ်ဘူးနေမှာ ..”

“ကျွန်တော် ခါစုဂါမိ ဆာမကို ချစ်တယ် .. ဒါက လုံးဝမမှားတဲ့ အမှန်တရားပဲ သေချာတယ်”

ခါစုဂါမိက ယူးအိချိ ကိုင်ဆွဲထားသည့် သူ​၏လက်များကို ရုန်းထွက်ဖို့ ကြိုးစားနေခဲ့သော်လည်း မလွတ်မြောက်နိုင်ပေ ။ လူသားကောင်လေး ယူးအိချိကား အားပါးတရ ပြုံးရယ်နေခဲ့သည် ။ ပြုံးရယ်လိုက်တိုင်း ပေါ်လာတတ်သည့် သူ​၏ သွားစွယ်လေးများသည်လည်း နှုတ်ခမ်းပါးအောက်ဝယ် ချစ်စဖွယ် ။ ခါစုဂါမိ ရင်ထဲမှ နှလုံးသားသည်လည်း ခုန်ပေါက်ထွက်ပြေးသွားတော့မလို အကြမ်းပတမ်း ယိမ်းထိုးနေ​၏ ။ 

ထိုစဉ် နတ်ကွန်းကျောင်းဆောင်လေးဆီ ဦးတည်သည့် လှေကားထစ်များပေါ် တစ်စုံတစ်ယောက် နင်းတက်လာသည့်ခြေသံမျိုး ကြားလိုက်ရတာကြောင့် ခါစုဂါမိ တစ်ယောက် ယူးအိချိ လက်ကို ဖတ်ခနဲဆွဲကာ နတ်ကွန်းကျောင်းဆောင်လေးနောက်သို့ ပြေးဝင်လိုက်တော့သည် ။

" ခါစုဂါမိ ဆာမ !? ဘာဖြစ်လို့..."

"ရှူး !!! ဆုတောင်းမယ့်သူလား မသိဘူး ငါတို့ကို တွေ့သွားလို့ မဖြစ်ဘူး !"

အဲဒီအချိန် နတ်ကွန်းကျောင်းဆောင်လေးရှေ့ဆီမှ ချူလုံးဆွဲလိုက်သည့်အသံကို ကြားလိုက်ရသည် ။ ထို့နောက် လက်ခုပ်သံသဲ့သဲ့ ။ 

ခါစုဂါမိကား ဆုတောင်းသူရဲ့ ဆုတောင်းစကားကို မျက်လုံးလေးမှိတ်ကာ အာရုံပြုရင်း နားထောင်နေလေသည် ။ 

ယူးအိချိ တစ်ယောက် သူ့လက်တွေကို လာဆွဲကိုင်ထားရင်း မျက်လုံးများ မှိတ်ကာ သူ့မျက်စိရှေ့မှာ ရပ်နေသည့် နွေဦးဆန်လွန်းသောသူကို ငေးကြည့်ရင်း သူ့စိတ်တွေ လွတ်ထွက်သွားခဲ့ရသည် ။ 

ရုတ်တရက် နှုတ်ခမ်းပါးပေါ် ကျရောက်လာသည့် နွေးထွေး စိုစွတ်မှုတစ်ခု နှင့် ခါးထက်မှာ အသာအယာ သိုင်းဖက်လာခဲ့ လက်တစ်စုံကြောင့် ဆုတောင်းကို နားစွင့် အာရုံစိုက်နေခဲ့သည့် ခါစုဂါမိ ​၏ မှိတ်ထားသော မျက်လုံးများက ဝိုင်းစက်သွားတော့သည် ။ နွေးထွေး ယစ်မူးဖွယ် အနမ်းလေးတစ်ခုက သူ​၏ နှုတ်ခမ်းပါးများကို သိမ်းပိုက်သွားပြီး ဘယ်တော့မှ ပြန်မလွှတ်ပေးတော့မလို ငုံထွေးထားခဲ့​၏ ။ 

“သည်နတ်ကွန်း​၏ အရှင်သခင် နတ်မင်းကြီးအား ပူဇော်ပသပါတယ်..  ကျွန်တော် အင်တာဗျူး ဖြေထားတဲ့ အလုပ်ရရပါလို​၏”

ခါစုဂါမိ နားထဲ စီးဝင်လာသည့် ဆုတောင်းတစ်ခုနှင့်အတူ အသိစိတ်ပြန်ဝင်လာခဲ့ချိန် သူ ယူးအိချိရင်ဘတ်ကို အတင်းတွန်းဖယ်မိတော့သည် ။ သို့သော် လူသားကောင်လေးက လွတ်ပေးချင်သည့်ပုံမပေါ် ။ ပိုတိုးသိုင်းဖက်ရင်း အနမ်းတို့က ပိုမိုနက်ရှိုင်းလာခဲ့​၏ ။ ခါစုဂါမိ ရင်ဘတ်တစ်ခုလုံးက အသံဗုံးများစွာ ပေါက်ကွဲနေသည့်နှယ် တဒိုင်းဒိုင်း တဒုန်းဒုန်း ဖြစ်နေလေပြီ ။ 

“ဟဲလို..  ဟုတ်ကဲ့ခင်ဗျ.. ဗျာ.. ? အင်တာဗျူးအောင်ပြီ ! ကျွန်…  ကျွန်တော် အင်တာဗျူး အောင်တယ်လို့ ပြောလိုက်တာလား ခင်ဗျာ ? ဟုတ် ဟုတ်ကဲ့ခင်ဗျ မနက်ဖြန် စဆင်းနိုင်ပါတယ်ခင်ဗျ..  ဟုတ်ကဲ့ခင်ဗျ!”

နတ်ကွန်းရှေ့က ဆုတောင်းနေသူဆီက ဝမ်းသာအားရ ဖုန်းပြောသံ ရုတ်တရက်ကြားလိုက်ရပြီးနောက် ထိုသူက ကြိုးလုံးကိုဆွဲကာ ချူသံတွေ မြည်စေလိုက်ပြန်သည် ။ ထို့နောက် အကြွေစေ့များအား အလှူခံပုံးထဲ ကြဲလိုက်ပြီး လက်ခုပ်သုံးချက်တီးကာ အသံကျယ်ကျယ်နှင့် ပူဇော်ပြန်​၏ ။

“ဆုတောင်းပြည့် နတ်မင်းကြီးခင်ဗျား ကျွန်တော့်ရဲ့ ဆုတောင်းကို အရေးတယူ ဖြည့်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်..  ကျွန်တော်အခုပိုက်ဆံအိတ်ထဲ ပါသမျှ အကုန်လှူဒါန်း ပူဇော်ခဲ့ပါတယ် ခင်ဗျာ နောင်လည်း အများကြီး ပူဇော်ပါဦးမယ် ခင်ဗျာ”

ထိုအခိုက်အတန့် နတ်ကွန်းလေး​၏ နောက်ကျောဘက်မှာတော့ မျက်နှာတစ်ပြင်လုံး နီရဲနေပြီး နဂိုထက် အနည်းငယ် ဖူးယောင်နေတဲ့ နှုတ်ခမ်းကို ခပ်စူစူလုပ်ထားသည့် နတ်မင်းတစ်ပါးနှင့် လောလော လတ်လတ် ခေါင်းအထုခံထားရ၍ ဘုသီးထနေသော ရယ်ကျဲကျဲမျက်နှာနှင့် လူသားကောင်လေးတစ်ယောက် ရှိလေသည် ။ 

ထိုနေ့မှ အစပြု၍ အနှီနတ်ကွန်းလေးဟာလည်း ဆုတောင်းပြည့်သည်ဟု တရှိန်ထိုး ထင်ရှား ကျော်ကြားလာခဲ့​၏ ။ နေ့စဉ် လာရောက်ဆုတောင်း ပူဇော်သူများလည်း ဝင်လာမစဲ တသဲသဲပင် ။ 

ထိုမှစ၍ ညနေတိုင်း ယူးအိချိသည်လည်း နတ်ကွန်း၌ ဆုတောင်းစာများ ဖတ်နေသော ခါစုဂါမိဆာမဘေးမှာ အချိန်ဖြုန်းနေတော့သည် ။ 

“ခါစုဂါမိ ဆာမ ! ခါစုဂါမိဆာမ ~”

“ငါမအားသေးဘူး ဆုတောင်းစာတွေ ဖတ်ရဦးမယ်”

ခါစုဂါမိ ​၏ ခပ်ငေါက်ငေါက်လေသံကြောင့် ယူးအိချိ မျက်နှာက လငပုပ်ဖမ်းသွား​၏ ။ သူက နတ်ကွန်းလေးထဲ ကြမ်းပြင်ပေါ်မှာ ခြေပစ်လက်ပစ် လှဲချလိုက်ပြီး အမျိုးစုံ အသံပြုကာ ခါစုဂါမိအား ဂျီကျနေလေသည် ။ 

“ ခါစုဂါမိ ဆာမက ကျွန်တော့်ကို ဂရုမစိုက်ပါဘူး”

“ခါစုဂါမိ ဆာမက ကျွန်တော့်ကို ပစ်ထားတာ ကြာလှပြီ”

“ဆုတောင်းစာတွေပဲ ဖတ်ပြီး ကျွန်တော့်ကို ပစ်ထားတယ်”

“ခါစုဂါမိ ဆာမက သူ့ချစ်သူလေးကို ပစ်ထားတယ်”

“ ကျွန်တော်ကတော့ ခါစုဂါမိ ဆာမကို ချစ်လိုက်ရတာ နတ်မင်းကတော့ လူသားကောင်လေးကို အလိုမလိုက်ပါဘူး ဟူးဟူး ~”

“ ခါစုဂါမိ….”

ကြမ်းပြင်ပေါ် ခြေကားယား လက်ကားယားနှင့် ဂျစ်တိုက်နေခဲ့သော ယူးအိချိ စကားသံတို့ကား တဝက်တပျက်နှင့် တန့်ရပ်သွားလေသည် ။ သူ့​၏ နှုတ်ခမ်းများပေါ် ခပ်ဖွဖွလေး ကျရောက်လာသည့် နွေဦးရနံ့ ။ စက္ကန့်ပိုင်းအနည်းငယ်မျှသာ ကြာမြင့်သည့် ထိုအထိအတွေ့လေးက နှစ်ရာချီ မမေ့နိုင်စရာ ။ ယူးအိချိ ငေါက်ခနဲ ထထိုင်မိချိန် ခါစုဂါမိကတော့ သူ့နှုတ်ခမ်းများကို အင်္ကျီလက်ဖျားစနှင့်ကာရင်း ခပ်တည်တည်ထိုင်နေလေသည် ။ သူ​၏ အညိုဖျော့ဖျော့ ဆံပင်ပျော့ပျော့လေးများကြားမှ နားရွက်ဖျားလေးများက ရဲရဲနီလျက် ။ 

ယူးအိချိ နှလုံးခုန်သံတွေက ချုပ်ထိန်းမရဖြစ်လာပြီး အရှက်သည်းတတ်သည့် နတ်မင်းကို သိမ်းပိုက်မိတော့သည် ။ 

ဤသို့ဖြင့် ထိုတစ်ညနေက နတ်ကွန်းလေးဆီ လာရောက် ဆုတောင်းခဲ့ကြသည့် ဆုတောင်းများအားလုံးသည်လည်း အော်တို ပြည့်မြောက်သွားကြ​၏ ။ ထို့နောက်ပိုင်းတွင်မှု အနှီနတ်ကွန်းလေး၌ ညနေပိုင်း ဆုတောင်းရင် ပိုပြည့်သည်ဟု တီးတိုးသတင်းစကားတစ်ခု လူအများကြား ပျံ့နှံ့ ထွက်ပေါ်လာလေတော့သည် ။ 

နတ်ကွန်းလေးထဲ အချွဲပိုသည့် လူသားကောင်လေးနှင့် သူ​၏ဆုတောင်းပြည့် နတ်မင်းတို့​၏ ချစ်ပုံပြင်လေးကတော့ နွေဦးလေပြည်လေးပမာ ညင်သာစွာ ငြိမ့်ညောင်းလျက် ရှိနေတော့​၏ ။ 


ပြီးပါပြီ 

 










No comments:

Post a Comment

အပိုင်း (၆) - အလောင်းကျင်း

  အပိုင်း ၆ - အလောင်းကျင်း ကျွန်တော်တို့ လှေကိုရပ်လိုက်ကြတယ် ။ ဒါက ဂူရဲ့ အန္တရာယ်အရှိဆုံး အပိုင်း ဖြစ်လိမ့်မယ် ။ ကျွန်တော်တို့ ဘာမှ သေချာ မပ...