Monday, December 29, 2025

အပိုင်း (၉) - ရှေးဟောင်း ဂူသင်္ချိုင်း

 အပိုင်း ၉ - ရှေးဟောင်း ဂူသင်္ချိုင်း





အဲဒီလက်ကိုင်ဖုန်းက ပြုတ်ကျခဲ့တာ မကြာလောက်သေးဘူး ။ ကျွန်တော် ကောက်ယူကြည့်လိုက်တော့ အပေါ်မှာ သွေးစတွေ စွန်းပေနေတာတွေ့ရပြီး အခြေအနေမဟန်ဘူးလို့ ထင်မိတယ် ။ “ ကြည့်ရတာ ဒီမှာ ကျွန်တော်တို့ချည်းပဲ မဟုတ်လောက်ဘူး ဒဏ်ရာရနေတဲ့သူ ရှိလိမ့်ဦးမယ်ထင်တယ် ဒီလက်ကိုင်ဖုန်းက မိုးပေါ်က ကျလာတာတော့ မဖြစ်နိုင်ဘူးလေ”


ကျွန်တော် ဖုန်းရဲ့ contact ကို ဖွင့်ကြည့်လိုက်တော့ ဖုန်းနံပတ်တချို့ကို တွေ့ရတယ် ။ အားလုံးက နိုင်ငံခြားဖုန်းတွေချည်းပဲ ။ တခြား ဘာအချက်အလက်မှ မရှိတော့ဘူး ။ တတိယဦးလေးက ပြောတယ် ။


 “ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ သူတို့ကို သွားရှာမနေနိုင်ဘူး ၊ ဆက်သွားဖို့က အရေးကြီးတယ်” 


ကျွန်တော် ဘေးပတ်ဝန်းကျင်ကို ကြည့်ကြည့်လိုက်တော့လည်း ဘာသဲလွန်စမှ ရှိမနေဘူး ။ ရှေ့ဆက်သွားတာပဲ ကောင်းပါလိမ့်မယ်လေ ။ ဒါပေမဲ့ ဒီလို လူဆက်ဝေး လူသူအရောက်အပေါက်နည်းတဲ့ နေရာမျိုးမှာ ခေတ်ပေါ်ပစ္စည်းတစ်ခုကို တွေ့ရတာ စိတ်ထဲ တွေးရခက်စေတယ် ။ အဲဒါကြောင့် ဒီရက်ပိုင်း ကျွန်တော်တို့အပြင် ဒီတောအုပ်ထဲ တခြားသူတွေ ဝင်လာသေးလားလို့ ဟိုအဘိုးကြီးကို မေးကြည့်လိုက်တယ် ။ 


အဘိုးကြီးက ခပ်ဟက်ဟက်ရယ်တယ် ။ “ လွန်ခဲ့တဲ့ နှစ်ရက်လောက်က အဖွဲ့တစ်ဖွဲ့ ဆယ်ယောက်ကျော်လောက်ရှိမဲ့ အဖွဲ့ကြီး ၊ အခုချိန်ထိ ပြန်ထွက်မလာသေးဘူး ၊ ဒီနေရာက တအားဆိုးတာ သခင်ကြီးတို့ ကျုပ်တို့ အခုနေပြန်လှည့်ရင် အချိန်မှီပါသေးတယ်ဗျာ”


“ မကောင်းဆိုးဝါးတင်ပဲ မဟုတ်လား” သာ့ခွေက ပြောတယ် ။ “ ခင်ဗျားကိုပြောပြလိုက်မယ် ကျုပ်တို့ဒီက အဘိုးလေးက နှစ်တစ်ထောင် ဇမ်ဘီကိုတောင် သူ့ရှေ့ဒူးထောက်အောင် လုပ်လိုက်တာနော် သူရှိလို့ကတော့ ဘယ်လိုမကောင်းဆိုးဝါးမျိုးပဲ ဖြစ်ဖြစ် ထည့်ပြောနေစရာတောင်မလိုဘူး ဟုတ်တယ်မဟုတ်လား?” သူက မန့်ယိုဖျင်ကို မေးလိုက်တယ် ။ မန့်ယိုဖျင်က တစ်ချက်ကလေးမှ တုံ့ပြန်မလာဘူး ။ သူ့ကို လေလိုသဘောထားနေခဲ့သလိုပဲ ။ သာ့ခွေတစ်ယောက် နှာခေါင်းကျည်ပွေ့တွေ့သည့်နှယ် မအီမလည်ကြီးဖြစ်သွားပေမဲ့ ခမျာ ဘာမှလည်း မတတ်နိုင်ရှာဘူး ။ 


ပိန်းပိတ်အောင် မှောင်မည်းလာသည်အထိ ကျွန်တော်တို့ တိတ်ဆိတ်စွာ လျှောက်လာခဲ့ကြတယ် ။ နောက်ဆုံးတော့ ညနေလေးနာရီမတိုင်ခင်မှာပဲ ကျွန်တော်တို့ရဲ့ ခရီးလမ်းဆုံးကို ရောက်ခဲ့ကြတော့တယ် ။ 


အဲဒီမှာ ကျွန်တော်တို့ဟာ ခြေရာလက်ရာမပျက်ယွင်းဘဲ အကောင်းအတိုင်းနီးပါးရှိနေတဲ့ စစ်သုံးရွက်ဖျင်တဲ ဆယ်လုံးကျော်လောက်ကို တွေ့လိုက်ရတယ် ။ အဲဒီရွက်ဖျင်တဲတွေဟာ အတော်လေး ကောင်းမွန်တယ် ။ အပေါ်မှာ သစ်ရွက်ခြောက်တွေနဲ့ ဖုံးလွှမ်းနေပေမဲ့ အတွင်းထဲမှာတော့ အတော်လေး သန့်ရှင်းခြောက်သွေ့နေတယ် ။ ရွက်ဖျင်တဲထဲမှာ အသုံးဝင်တဲ့ နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေ အများအပြားရှိနေပြီး ကျွန်တော်တို့ ကြုံရာကျပန်း လှန်လှောရှာဖွေကြည့်တဲ့အခါ ပြန့်ကျဲနေတဲ့ ကိရိယာ တန်ဆာပလာတွေ အများအပြားတွေ့ရပေမဲ့ အလောင်းတော့ မတွေ့ရဘူး ။ ဟိုအဘိုးကြီး လိမ်နေတာ မဟုတ်လောက်ဘူး ။ 


ကျွန်တော်တို့ ဂျင်နရေတာတစ်လုံးနဲ့ ဓာတ်ဆီဂါလံ တော်တော်များများကိုတောင် ရှာတွေ့ခဲ့သေးတယ် ။ မော်တာကို တာပေါ်လင်စနဲ့ ထုတ်ပိုးထားပေမဲ့ အစိတ်အပိုင်းအများစုက သုံးမရနိုင်လောက်အောင် ပျက်စီးနေခဲ့ပြီ ။ ဖန့်ခွေက စက်နိုးအောင် စမ်းကြည့်ပေမဲ့ မရခဲ့ဘူး ။ ဒါပေမဲ့ ဓာတ်ဆီတွေကတော့ အသုံးဝင်သေးတယ် ။ ကျွန်တော် လှန်လှောကြည့်တော့ ပစ္စည်းတွေအားလုံးပေါ်က တံဆိပ်တွေ အားလုံးခွာထားတာကိုတွေ့ရတယ် ။ ရွက်ဖျင်တဲတွေနဲ့ သူတို့ရဲ့ ကျောပိုးအိတ်တွေမှာတောင် အမှတ်တံဆိပ်တွေ မရှိကြဘူး ။ ကျွန်တော် စိတ်ထဲက ထူးဆန်းတယ်လို့ ထင်မိတယ် ။ ဒီလူတွေက သူတို့ဘယ်ကလာတယ်ဆိုတာကို တခြားသူတွေကို သိစေချင်ပုံမရဘူး ။ 


ကျွန်တော်တို့ စခန်းနေရာမှာ မီးမွှေးပြီး ရိုးရှင်းလွယ်ကူတဲ့ ညစာတစ်နပ်စားသောက်ခဲ့ကြတယ် ။ အဘိုးကြီးက ရုတ်တရက် မကောင်းဆိုးဝါးတွေ ထွက်လာပြီး သူ့ကို သစ်ပင်မှာ ကြိုးဆွဲချသတ်မှာ ကြောက်နေသလိုနဲ့ ဘေးဘီဝဲယာကို ပြူးပြဲကြည့်ရင်း စားနေတယ် ။ အဲဒီဖိသိပ်ထားတဲ့ အစာခြောက်ရဲ့ အနံ့အရသာက တကယ်စားမကောင်းလှဘူး ။ ကျွန်တော်မှာ ရေတွေချည်း ခဏခဏသောက်ရတော့မလိုပဲ ။ 


မန့်ယိုဖျင်က မြေပုံကိုကြည့်ရင်း စားနေရာက မြေပုံပေါ်က မြေခွေးမျက်နှာပုံ ဆွဲထားရာနေရာကို လက်ညှိုးထောက်လိုက်ရင်း “ ကျွန်တော်တို့ ဒီနေရာကို ရောက်နေတာဖြစ်မယ်” လို့ပြောတယ် ။ 


ကျွန်တော်တို့အားလုံး စုရုံးလာကြတော့ သူက ဆက်ပြောတယ် ။ “ ဒီနေရာက ယဇ်ပူဇော်တဲ့ နေရာပဲ အောက်မှာ ယဇ်ပူဇော်တဲ့ ပုလ္လင်ရှိရမယ် သေသူနဲ့အတူ မြှုပ်နှံခံရမဲ့ စတေးခံတွေက ဒီအောက်မှာ ရှိနိုင်တယ်”


တတိယဦးလေးက မြေကြီးပေါ် ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး မြေတစ်ဆုပ်ကို ကုတ်ယူကာ နှာခေါင်းရှေ့ယူနမ်းကြည့်လိုက်တယ် ။ ပြီးတော့ ခေါင်းယမ်းလိုက်ပြီး နောက်ကို ခြေလှမ်းအနည်းငယ်လောက် ဆုတ်လိုက်ကာ မြေတစ်ဆုတ်ကို ယူနမ်းကြည့်လိုက်ပြန်ပြီး ပြောတယ် ။ “ မြှုပ်ထားတာ သိပ်နက်လွန်းတယ် ဂေါ်ပြားနဲ့ နည်းနည်းတူးကြည့်ရမှာပဲ”


ကျွန်တော်တို့ဟာ စတီးပိုက်တွေကို ဆက်ပြီး ဂေါ်ပြာခေါင်းကိုပါ တပါတည်း တပ်ကြရတယ် ။ တတိယဦးလေးက ခြေထောက်နဲ့ မြေကြီးပေါ်ကို ဖိနင်းပြီး ဂေါ်ပြားခေါင်းချဖို့ နေရာ အမှတ်အသားလုပ်ပေးတယ် ။ သာ့ခွေက အရင်ဆုံး ဂေါ်ပြာခေါင်းကို နေသားတကျဖြစ်အောင် နေရာချပြီးနောက် လက်ကိုင်တိုတူနဲ့ မြေကြီးထဲကို ရိုက်ထည့်ပြီး စတူးတော့တယ် ။ တတိယဦးလေးက အောက်ထဲက အခြေအနေကို 

ခံစားကြည့်နိုင်ဖို့ စတီးပိုက်ကို လက်နဲ့ ထိကိုင်ထားတယ် ။ စတီးပိုက် ဆယ်သုံးချောင်းမြောက်မှာ တတိယဦးလေးကပြောလာတယ် ။ “ ရှိပြီ”


ကျွန်တော်တို့ ဂေါ်ပြားကို အပိုင်း တစ်ပိုင်းချင်းစီ ပြန်ဆွဲထုတ်ကြတယ် ။ နောက်ဆုံးအပိုင်းနဲ့အတူ မြေတစ်ဆုတ်ပါလာပြီး သာ့ခွေက ဂေါ်ပြားခေါင်းကို ဖြုတ်ယူကာ ကျွန်တော်တို့ကို ပြနိုင်ဖို့ ဘေးက မီးရောင်ရှိရာဆီ လျှောက်သွားတယ် ။ ကျွန်တော်နဲ့ တတိယဦးလေးတို့ နှစ်ယောက်သား ကြည့်လိုက်တာနဲ့ မျက်နှာတွေ ဖြူဖျော့သွားကြပြီး မန့်ယိုဖျင်ဆီကတောင်မှ အာခနဲ အသံထွက်လာတယ် ။ အဲဒီမြေကြီးဟာ သွေးထဲ နှစ်စိမ်ထားခဲ့သလိုမျိုး သွေးလို အရည်တွေ တတောက်တောက် စီးကျနေခဲ့တာ ။ 


တတိယဦးလေးက နှာခေါင်းရှေ့ကို ယူပြီး တစ်ချက်နမ်းကြည့်တယ် ။ နောက်တော့ မျက်မှောင်တွေကျုတ်သွားခဲ့တယ် ။ ကျွန်တော်နဲ့ တတိယဦးလေးတို့ နှစ်ယောက်လုံး သွေးအလောင်းကောင်နဲ့ ပတ်သတ်တဲ့ ရေးသားဖော်ပြချက်တွေကို ဖတ်ဖူးခဲ့ပေမဲ့ အသေးစိတ်က ဒီလို အခြေအနေတစ်ခုရှိတယ် ဆိုတာလောက်ပဲ ။ ကျွန်တော့်အဘိုးရဲ့ မှတ်စုတွေထဲကနေ တိတိကျကျ ကျိုးကြောင်းဆက်စပ်ပြီး မှန်းဆကြည့်လို့ ဘယ်လိုမှ မရနိုင်ဘူး ။ ဒါပေမဲ့ ရွှံ့မြေထဲမှာ သွေးတွေပါလာကြောင့် အဲဒီအောက်က ဂူသင်္ချိုင်းက သေချာပေါက် သာမညောင်ည အသေးအဖွဲတော့ မဟုတ်လောက်တော့ဘူး ။ 


သူဘယ်လိုများ ဆုံးဖြတ်မလဲလို့ တွေးမိရင်း ကျွန်တော် တတိယဦးလေးကို ကြည့်လိုက်မိတယ် ။ သူက စဉ်းစားနေရင်းမှ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ပြောလာတယ် ။


“ ဘယ်လိုပဲဖြစ်ဖြစ် အရင်တူးဖွင့်လိုက်ပြီးမှ ဆက်ပြောကြတာပေါ့”


ဖန်းကျစ်နဲ့ သာ့ခွေတို့ဟာ တူးတာ မရပ်ကြဘူး ။ သာ့ခွေက ဂေါ်ပြားတချို့ အောက်ထပ်ချလိုက်ပြီး ဂေါ်ပြားခေါင်းတွေကို တတိယဦးလေးဆီယူလာပြတယ် ။ တတိယဦးလေးက ဂေါ်ပြားခေါင်းတိုင်းကို နမ်းကြည့်ပြီး မြေကြီးပေါ်က တူးဖောက်ထားတဲ့ အပေါက်တွေကို သံလက်နဲ့ မျဉ်းကြောင်းတွေ လိုက်ဆက်ရေးဆွဲလိုက်တယ် ။ ခဏတာ ကြိုးပမ်းအားထုတ်မှုအပြီးမှာ မြေအောက်က ရှေးဟောင်းဂူသင်္ချိုင်းရဲ့ ယေဘုယျပုံကြမ်းကို မြေကြီးပေါ်မှာ ပုံထုတ်ရေးဆွဲနိုင်သွားတယ် ။ 


သင်္ချိုင်းဂူ ရှာဖွေခြင်းက သင်္ချိုင်းဖောက်သမားတွေရဲ့ အခြေခံ ကျွမ်းကျင်မှု တစ်ခုပဲ ။ တနည်းပြောရရင် အပေါ်မှာ ဘယ်လိုပုံစံပေါ်နေလဲ အောက်က သင်္ချိုင်းဂူဟာလည်း သေချာပေါက် အဲဒီပုံပဲ ဖြစ်လိမ့်မယ် ။ သင်္ချိုင်းဖောက်သမားတွေက အမှားလုပ်တာ သိပ်နည်းတယ် ။ ဒါပေမဲ့ ကျွန်တော် ဒီပုံကြမ်းကို ကြည့်တာ သိပ်မဟုတ်သလို ခံစားနေရတယ် ။ ထီးပြိုင်နန်းပြိုင်ခေတ်က ဂူသင်္ချိုင်း အများစုက မြေအောက်နန်းဆောင်မပါတတ်ပေမဲ့ ဒီအောက်မှာ သိသိသာသာကို ရှိနေပြီး အုတ်အမိုးပါရှိနေသေးတာက တော်တော်လေးကို ထူးခြားတာပဲ ။ 


တတိယဦးလေးက သူ့လက်ချောင်းတွေနဲ့ တိုင်းတာပြီး နောက်ဆုံးမှာတော့ အခေါင်းရှိရာ တည်နေရာကို အနီးစပ်ဆုံး တွက်ချက်နိုင်လိုက်တယ် ။ သူကပြောတယ် ။


“ အောက်မှာ အုတ်ခေါင်မိုးပဲ ၊ ငါ့ဂေါ်ပြားနဲ့ ဆက်ဖောက်လို့မရနိုင်တော့ဘူး အတွေ့အကြုံပေါ် အခြေခံပြီး ယေဘုယျ တည်နေရာကိုပဲ မှတ်သားနိုင်မယ် ၊ ဒီမြေအောက်နန်းဆောင်က သိပ်ထူးဆန်းလွန်းတယ် ၊ ဘယ်နေရာက အုတ်ကပါးမလဲ ငါမသိဘူး ၊ စုန့်မင်းဆက်က ဂူသင်္ချိုင်းတွေရဲ့ အတွေ့အကြုံအရ အရင်ဆုံး နောက်ဘက်နံရံကနေ ဖောက်ဝင်ကြည့်ရုံပဲ တတ်နိုင်တယ် ၊ မရတော့မှ ထပ်လုပ်ကြတာပေါ့ အဲဒါကြောင့် မြန်မြန်လုပ်ဖို့လိုတယ်”


ကျွန်တော့် တတိယဦးလေးနဲ့ သူတို့အဖွဲ့က သင်္ချိုင်းဂူဖောက်လာတာ ဆယ်စုနှစ်တစ်ခုစာလောက် အတွေ့အကြုံရှိပြီး အလုပ်လုပ်တာ မြန်ဆန်တယ် ။ လေပွေလို ဂေါ်ပြားသုံးချောင်းဟာ အထက်အောက် အပြန်ပြန်အလှန်လှန် တူးလိုက်ကော်လိုက်နဲ့ တစ်ခဏအတွင်းမှာ ခုနှစ်မီ ၊ ရှစ်မီ (၂၆ပေနီးပါး) လောက်ရောက်သွားခဲ့တယ် ။ ဝေးလံခေါင်သီ လူဆက်ဝေးတဲ့ နေရာမှာ ဖြစ်တာကြောင့် မြေကြီးနဲ့ ပတ်သတ်လို့ ဘာမှ အာရုံစိုက်နေစရာမလိုဘူး ။ ကျွန်တော်တို့ဟာ ရွှံ့မြေတွေကို အပေါ်ဘက်မှာပဲ ပစ်ထုတ်ထားလိုက်တယ် ။ မကြာခင်မှာပဲ သာ့ခွေက အောက်ကနေ လှမ်းအော်လာတယ် ။ “ ပြီးပြီ”


သာ့ခွေက ကျွန်တော်တို့ အဝင်လှိုဏ်ခေါင်းရဲ့ အောက်ဘက်မှာ အကျယ်ကြီး တူးထားပြီး အုတ်နံရံတစ်ခု ပေါ်လာအောင် ရှင်းလင်းထားပြီးပြီ ။ ကျွန်တော်တို့ဟာ သတ္တုတွင်းသုံး မီးအိမ်ကို ထွန်းပြီး အောက်ထဲ ဆင်းခဲ့ကြတယ် ။ မန့်ယိုဖျင်က သာ့ခွေတစ်ယောက် အုတ်နံရံကို လက်နဲ့ခေါက်နေတာ မြင်တဲ့အခါ အမြန်လှမ်းတားလိုက်တယ် ။ 


“ ဘာကိုမှ မထိနဲ့”


မန့်ယိုဖျင်ရဲ့ အကြည့်တွေက အင်မတန် စူးရှနေတာကြောင့် သာ့ခွေဟာ အလန့်တကြား ထခုန်မိသွားတယ် ။ 


မန့်ယိုဖျင်က သူ့ရဲ့ သာမန်ထက်ပိုရှည်လျားတဲ့ လက်ချောင်းနှစ်ချောင်းကို အုတ်နံရံပေါ်တင်လိုက်ကာ အုတ်ချပ်တွေကြားက အဆက်နေရာတစ်လျှောက်ကို စမ်းကြည့်သွားတယ် ။ အချိန်အတော်ကြာ စမ်းကြည့်ပြီးတဲ့နောက် ရပ်လိုက်ပြီး ပြောတယ် ။


“ ဒီထဲမှာ အခိုးမခံရအောင် ကာကွယ်ထားတဲ့ နှစ်ထပ်အလွှာရှိတယ် ၊ ရွှေ့တဲ့အခါကျရင် အုတ်တွေကို အပြင်ဘက်ကိုပဲ ထုတ်ယူလို့ရမယ် အတွင်းဘက်ကို ဖြိုချလို့မရဘူး ထုရိုက်ခွဲလို့လည်း မရဘူး”


ဖန်းကျစ်က နံရံကို စမ်းကြည့်လိုက်ပြီးပြောတယ် ။


“ အုတ်တချပ်မှ မကွဲဘဲ ဘယ်လိုလုပ် လုပ်လို့ရမှာလဲ? ဘယ်လိုလုပ်ပြီး ဒီအုတ်တွေကို အပြင်ဆွဲထုတ်လို့ရမှာတုံး?”


မန့်ယိုဖျင်က သူ့အလုပ်နဲ့သူ ရှုပ်နေပြီး သူက အုတ်တစ်ချပ်ကို စမ်းမိလိုက်တဲ့အခါ ရုတ်ခြည်းဆိုသလို နံရံထဲကနေ အုတ်ချပ်ကို အားပြင်းပြင်းနဲ့ ဆတ်ခနဲ ဆွဲထုတ်လိုက်တယ် ။ ဒီမြေအုတ်တွေက တော်တော် ခိုင်ခံ့တယ် ။ လက်ချောင်းနှစ်ချောင်းအားနဲ့ နံရံထဲကနေ အုတ်တချပ်ကို ဆွဲထုတ်ဖို့ဆိုတာ ဘယ်လိုကြီးမားတဲ့ စွမ်းရည်မျိုးလည်း မသိဘူး ။ ဒီလက်ချောင်းနှစ်ချောင်းက တကယ်ကို ပေါ့သေးသေး မဟုတ်လောက်ဘူး ။ 


သူက အုတ်ချပ်ကို ဂရုတစိုက်နဲ့ မြေကြီးပေါ် ချထားလိုက်ပြီး အုတ်ရဲ့နောက်ဘက်မှာ အနီရင့်ရောင် ဖယောင်းအလွှာ တစ်ထပ်ရှိနေတာကို လက်ညှိုးထိုးပြရင်း ပြောတယ် ။


“ဒီနံရံထဲမှာ ဟင်္သပြဒါးကျိုတုန်းက သုံးတဲ့ အယ်လ်မ် အက်စစ်တွေ အပြည့်ပဲ တစ်ချက်ရိုက်ဖွင့်လိုက်တာနဲ့ အဲဒီ အော်ဂဲနစ်အက်စစ်ပြင်းတွေက ကျွန်တော်တို့ ကိုယ်ပေါ်ကို ချက်ချင်း လောင်းကျပြီး တခဏအတွင်း အရေပြားပါမကျန်အောင် ဆိုးဆိုးရွားရွား လောင်စားသွားလိမ့်မယ်”


ကျွန်တော် တံထွေးမြိုချလိုက်မိပြီး ရုတ်တရက်ဆိုသလို ကျွန်တော်အဘိုး မြင်ခဲ့ရတဲ့ အရေပြားမရှိတဲ့ သတ္တဝါတစ်ကောင်ကို အမှတ်ရမိလိုက်ကာ စိတ်ထဲ အတော် ထိတ်လန့်သွားခဲ့တယ် ။ မဟုတ်မှလွဲရော အဲဒါ သွေးအလောင်းကောင် မဟုတ်ဘဲ အယ်လ်မ်အက်စစ်လောင်းခံရတဲ့ ဘိုးဘိုးကြီးများလား ? ဒါဖြင့် အဘိုး သေနတ်နဲ့ ပစ်လိုက်တာ ဘိုးဘိုးကြီးကိုများလား ?”


မန့်ယိုဖျင်က ဖန့်ခွေကို ငါးမီ (၁၅ပေကျော်) လောက်နက်တဲ့ ကျင်းတစ်ခု တူးခိုင်းတယ် ။ အဲဒီနောက် သူ့ကျောပိုးအိတ်ထဲကနေ ဆေးထိုးအပ်နဲ့ ပလက်စတစ်ပိုက်ပျော့ကို ထုတ်ယူလိုက်ပြီး ပလက်စတစ်ပိုက်ပျော့နဲ့ ဆေးထိုးအပ်ကို ဆက်လိုက်ကာ ပိုက်ရဲ့ တဖက်စွန်းကို မြေကျင်းနက်ထဲ ထည့်ထားလိုက်တယ် ။ ဖန်းကျစ်က မီးကျည်ချောင်းကို မီးတောက်စေလိုက်ပြီး အပ်ဖျားကို နီရဲလာသည်အထိ အပူပေးလိုက်တယ် ။ မန့်ယိုဖျင်က အပ်ဖျားကို ဖြည်းဖြည်းချင်း ဖယောင်းနံရံထဲကို ထိုးသွင်းလိုက်တဲ့အခါ ချက်ချင်းဆိုသလို အနီရင့်ရောင် အယ်လ်မ်အက်စစ်တွေဟာ ပိုက်ပျော့ထဲမှတဆင့် မြေကျင်းထဲကို စီးဝင်သွားတော့တယ် ။ 


မကြာခင်မှာပဲ အနီရင့်ရောင် ဖယောင်းနံရံဟာ အဖြူရောင်အဖြစ် ပြောင်းလဲလာတယ် ။ ကြည့်ရတာ အထဲကဟာတွေ အားလုံး စီးထွက်သွားပြီထင်တယ် ။ မန့်ယိုဖျင်က ခေါင်းအသာညိတ်ပြီး ပြောတယ် ။ 


“ရပြီ” 


ကျွန်တော်တို့ဟာ ချက်ချင်း အုတ်တွေကို ဖယ်ရှားကြတော့တယ် ။ မကြာခင်မှာပဲ အုတ်နံရံမှာ လူတစ်ယောက်ဝင်နိုင်လောက်တဲ့ အပေါက်တစ်ခု ဖြစ်လာခဲ့တယ် ။ တတိယဦးလေးက အပေါက်ကနေ မီးကျည်ချောင်းတစ်ခုကို ပစ်ထည့်လိုက်ပြီး အလင်းရောင်နဲ့ အတွင်းထဲက အနေအထားကို စူးစမ်းစစ်ဆေးလိုက်တယ် ။ 


ကျွန်တော်တို့ဟာ သင်္ချိုင်းဂူရဲ့ မြောက်ဘက်ကနေ ဖောက်ဝင်လာခဲ့ကြတာဖြစ်ပြီး အောက်က ကြမ်းခင်းတစ်ခုလုံးက အပေါ်မှာ ရှေးဟောင်းစာတွေ ထွင်းထားတဲ့ အခင်းကျောက်ပြားတွေ ခင်းထားတာကို တွေ့ရတယ် ။ အဲဒီအခင်းကျောက်ပြားတွေဟာ ပါ့ကွ (ရှစ်မြှောင့်ပုံ အင်းကွက်) အစီအစဉ် ဆန်ဆန် အပြင်ဘက်ရောက်လေ ကြီးလေဖြစ်ပြီး အတွင်းအလယ်ပိုင်းက ပိုသေးတဲ့ ပုံစံနဲ့ စီခင်းထားတယ် ။ သင်္ချိုင်းဂူရဲ့ လေးဘက်လေးတန်မှာ ထာဝရအလင်း ဆီမီးတိုင် ရှစ်ခုရှိပြီး အခုတော့ မီးငြှိမ်းနေခဲ့ပြီ ။ သင်္ချိုင်းဂူရဲ့ အလယ်တည့်တည့်မှာ ခြေထောက်လေးချောင်းပါတဲ့ ကြေးနီအိုးကြီးတစ်လုံးချထားတယ် ။ ကြေးနီအိုးကြီးရဲ့ အပေါ်ဘက် သင်္ချိုင်းဂူရဲ့ မျက်နှာကျက်ပေါ်မှာ နေ ၊ လ နဲ့ ကြယ်နက္ခတ်တွေ ထွင်းထုထားတယ် ။ ပြီးတော့ သင်္ချိုင်းအခန်းရဲ့ တောင်ဘက် ၊ လက်ရှိကျွန်တော်တို့ ရှိနေတဲ့ နေရာနဲ့ ဆန့်ကျင်ဘက် တည့်တည့်မှာ ကျောက်သား ခေါင်းတလားတစ်ခု ချထားတယ် ။ အဲဒီကျောက်သားခေါင်းတလားရဲ့ နောက်ဘက်မှာ စင်္ကြံလမ်းတစ်ခုရှိတယ် ။ အဲဒီလမ်းက အောက်ဘက်ကို ဆင်းသွားတဲ့ လမ်းကြောင်းလို့ ယူဆရပြီး ဘယ်လိုနေရာကို ရောက်မယ်မှန်းတော့ မသိနိုင်ဘူး ။ 



[ခြေလေးချောင်း ကြေးနီအိုး]



တတိယဦးလေးက အထဲကို ခေါင်းဝင်ကာ အနံ့ခံကြည့်လိုက်ပြီးနောက် လက်ပြတယ် ။ ကျွန်တော်တို့တတွေ တစ်ယောက်ပြီးတစ်ယောက် လျှိုးဝင်ခဲ့ကြတယ် ။ 


တတိယဦးလေးက ကြမ်းပြင်ပေါ်က စာလုံးတွေကို ကြည့်ပြီး မန့်ယိုဖျင်ကို ပြောလိုက်တယ် ။


“ အစ်ကိုလေး ဒီစာလုံးတွေကိုကြည့်ကြည့်ပြီး ဒီဂူသင်္ချိုင်းမှာ မြှုပ်နှံထားတာ ဘယ်သူလဲ ပြောနိုင်လား ?”


မန့်ယိုဖျင်က ခေါင်းယမ်းပြီး ဘာမှမပြောဘူး ။


ကျွန်တော်တို့ မီးကျည်ချောင်း တော်တော်များများ ထွန်းလိုက်ပြီး ထာဝရအလင်း ဆီမီးတိုင်တွေဆီ ပစ်ထည့်လိုက်တဲ့အခါ ဂူသင်္ချိုင်းတစ်ခုလုံးဟာ လင်းကျင်းသွားတယ် ။ ဘာရယ်တော့မဟုတ်ပေမဲ့ ကျွန်တော့် အဘိုးရဲ့ မှတ်စုထဲက နောက်ဆုံးတွေ့လိုက်ရတဲ့ သတ္တဝါကြီးကို ကျွန်တော် သွားသတိရလိုက်မိပြီး အဘိုး ခဏခဏ ထည့်သွင်းဖော်ပြခဲ့တဲ့ ချောက်ချားဖွယ်ရာ ဂရူးဂရူးမြည်သံတစ်ခုကိုလည်း နားထဲကြားယောင်လာကာ စိတ်ထဲ ကြက်သီးမွှေးညှင်းထသွားမိတယ် ။ အဲဒီအချိန် ဖန်းကျစ်က ရုတ်တရက် အထဲမှာ ဘာရှိလည်း ကြည့်ကြည့်ချင်တဲ့ပုံနဲ့  ဟိုခြေလေးချောင်းကြေးနီအိုးကြီးပေါ် တွယ်တက်သွားခဲ့တယ် ။ ချက်ချင်းပဲ သူက ပျော်ရွှင်မြူးတူးတဲ့ လေသံနဲ့ “ တတိယသခင် ဒီထဲမှာ ရတနာရှိတယ်” လို့ပြောတယ် ။ 


ကျွန်တော်တို့အားလုံးလည်း လိုက်တက်သွားကြတယ် ။ ကြေးနီအိုးကြီးထဲမှာ ခေါင်းမရှိတဲ့ ဆေးစိမ်ရုပ်အလောင်းတစ်ခုကို တွေ့ရပြီး အဝတ်အစားတွေက ဆွေးမြေ့စုတ်ပြတ်နေခဲ့ပြီ ။ အဲဒီ ဆေးစိမ်ရုပ်အလောင်း ရဲ့ကိုယ်ပေါ်မှာ ကျောက်စိမ်းတန်ဆာတချို့ ရှိနေသေးတယ် ။ ဖန်းကျစ်လည်း အားနာမနေတော့ဘဲ အဆင်တန်ဆာတွေကို တန်းဖြုတ်ယူပြီး သူ့လက်မှာ ပတ်ထားလိုက်တော့တယ် ။ 


“ဒါက လူကို ယဇ်ပူဇော်ပြီးတဲ့နောက် ကြွင်းကျန်ရစ်ခဲ့တဲ့ ကိုယ်ခန္ဓာ ဖြစ်ရမယ် သူတို့က လူရဲ့ ခေါင်းဖြတ်ပြီး ခေါင်းကို ကောင်းကင်ကို ပူဇော် ၊ ပြီးတော့ ကျန်တဲ့ ကိုယ်ခန္ဓာကိုတော့ ဒီက ကွယ်လွန်သွားသူကို ပူဇော်တာ ၊ ဒါတွေက စစ်သုံ့ပန်းတွေပဲဖြစ်ရမယ် ကျွန်တွေရဲ့ လက်မှာ ဘာရတနာမှာ ဆင်ပေးလေ့မရှိဘူး”


ဖန်းကျစ်က အထဲမှာ ဘာတွေရှိဦးမလဲ ကြည့်ချင်တာကြောင့် ချက်ချင်း ကြေးနီအိုးထဲကို ခုန်ဆင်းသွားတယ် ။ မန့်ယိုဖျင်က သူ့ကို တားမြစ်ချင်ပေမဲ့ မမှီလိုက်ဘူး ။ သူက ကျောက်ခေါင်းတလားဆီ လှည့်ကြည့်လိုက်တယ် ။ ကံကောင်းတာက ဘာတုံ့ပြန်မှုမှ မရှိခဲ့ဘူး ။ တတိယဦးလေးက အော်ဟစ်ဆူဆဲတော့တယ် ။


“ မင်းဆိုတဲ့ ကောင်စုတ်လေးကတော့ ဒီအိုးက လူများ ယဇ်ပူဇော်တဲ့ ပစ္စည်းတွေထည့်ဖို့ ချထားတာ မင်းပါ ယဇ်ကောင်ဖြစ်ချင်လို့လား”


ဖန်းကျစ်က တဟဲဟဲနဲ့ ရယ်လိုက်ပြီး “ တတိယသခင်ကလည်း ကျွန်တော်က သာ့ခွေမှ မဟုတ်တာ ကျွန်တော့်ကိုခြောက်လှန့်မနေပါနဲ့” လို့ပြောလိုက်ပြီး အထဲက ကျောက်စိမ်းပုလင်းတစ်လုံးကို ဆွဲထုတ်ယူလိုက်ကာ “ကြည့်ပါဦး ပစ္စည်းကောင်းတွေ တကယ် မနည်းဘူး ကျွန်တော်တို့ ဒီအိုးကြီးကို လှန်ချပြီး ဘာတွေရှိသေးလဲ ကြည့်ရအောင်?”


“လျှောက်လုပ်မနေနဲ့ အမြန်ထွက်လာခဲ့စမ်း!” လို့ တတိယဦးလေးက ပြောလိုက်တယ် ။ သူက မန့်ယိုဖျင်ရဲ့ မျက်နှာက ဖြူရော်ကာ ဟိုကျောက်ခေါင်းတလားကို မမှိတ်မသုန်စိုက်ကြည့်နေတာကို မြင်ပြီး တစ်ခုခုဖြစ်တော့မယ်ဆိုတာ သိလိုက်တယ် ။ 


အဲဒီအချိန် “ဂရူး ဂရူး” မြည်သံကို ကျွန်တော်ကြားလိုက်ရတယ် ။ ကျွန်တော် လှည့်ပြီး နားထောင်လိုက်တော့ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားခဲ့တယ် ။ အဲဒီအသံက ဟိုကျောက်ခေါင်းတလားထဲက ထွက်လာခဲ့တာမဟုတ်ဘဲ မန့်ယိုဖျင်ဆီက ထွက်လာတာ ဖြစ်နေခဲ့တယ် ။ 




TBC











Sunday, December 21, 2025

အပိုင်း (၈) - တောင်ကြား

 အပိုင်း ၈ - တောင်ကြား


တတိယဦးလေးက မျက်မှောင်ကျုတ်လိုက်တယ် ။ 

“ လူခေါင်းတွေချည်းပဲလား ၊ ကိုယ်ခန္ဓာတွေ မပါဘူးလား”

အမျိုးသမီးငယ်လေးက ပြောတယ် ။ “ ဟုတ်တယ် ၊ ရှင်ပြောကြည့် ကြောက်စရာကြီးမဟုတ်လား ၊ အဲဒီနေရာပြိုကျသွားပြီးတဲ့ အချိန်ကစပြီး သွားစရာလမ်းမရှိတော့ဘူး ၊ လားတွေလည်း ဝင်လို့မရဘူး ၊ ရှင်တို့သွားချင်တယ်ဆိုရင် ခြေလျင် တစ်လှမ်းခြင်း တွားတက်မှ ရမယ် ကျွန်မအထင် ရှင်တို့ အဲဒီကို ရောက်ရင်လည်း ဒီတိုင်း လှည့်ပတ်ကြည့်လို့ပဲ ရနိုင်လောက်မယ် ၊ ရှေ့မှာ အဖွဲ့တော်တော်များများ အဲဒီနေရာကို သွားခဲ့ဖူးတယ် ၊ အတွေ့အကြုံအများဆုံး လူကြီးတွေတောင် တောင်ပြိုနေတာကိုကြည့်ပြီး ခေါင်းယမ်းသွားကြတာ”

တတိယဦးလေးက မန့်ယိုဖျင်ဆီ အကြည့်တစ်ချက်ရွှေ့လိုက်တယ် ။ သူ့ရဲ့ တုံ့ပြန်မှု နည်းနည်းလေးမှ မရှိတဲ့ ထိုင်းထိုင်းမှိုင်းမှိုင်းအခြေအနေကို ကြည့်ရင်း စားပွဲထိုးမလေးကို မေးလိုက်တယ် ။ “ အဲဒီတောင် မပြိုကျခင်ကရော ဝင်သွားဖူးတဲ့သူ ရှိသေးလား?”

“ရှိတာတော့ ရှိတယ် ၊ ဒါပေမဲ့ ကျွန်မမြင်တာက သူတို့ရက်အနည်းငယ် ဝင်သွားကြပြီး နောက်ဆုံးတော့လည်း ဒီလိုပဲ ထွက်လာကြတာ ဘာမှလည်း ယူမလာကြဘူး ၊ လာတုန်းကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ပြန်ထွက်လာတဲ့ အချိန်ကျတော့ အဝတ်အစားတွေဆိုတာ သူတောင်းစားတွေလိုပဲ နံ့လွန်းလို့ သေလောက်တယ် ၊ ကျွန်မအဘိုးပြောတာတော့ သူတို့က သင်္ချိုင်းနေရာကိုတောင် ရှာမတွေ့ခဲ့လောက်ဘူးတဲ့ ၊ ဘာလဲ ရှင်တို့တတွေလည်း သွားပြီး စမ်းကြည့်ကြည့်ချင်လို့လား”

“မင်းပြောတာနားထောင်ပြီး ရောက်လာမှတော့ သွားကြည့်ကြည့်တာပေါ့ မဟုတ်ရင် အလကားလာသလိုဖြစ်နေမှာပေါ့” တတိယဦးလေးက တဟဲဟဲရယ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘူး ။ 

စားပွဲထိုးမလေးဟာ ဟင်းပွဲပြင်ဖို့ မီးဖိုချောင်ဆီ အလျင်စလို ထွက်သွားတယ် ။ ဖန်းကျစ်က ပြောလာတယ် ။ 

“ ကြည့်ရတာ ကျွန်တော်တို့သွားမဲ့ သင်္ချိုင်းကြီးက အဲဒီနေရာပဲ မမှားလောက်ဘူး ၊ ဒီမိန်းကလေးပြောပုံအရဆို ကျွန်တော်တို့ ဒီပစ္စည်းကိရိယာ တလှည်းစာက တောင်ထဲကို သယ်ဖို့ ခက်လိမ့်မယ်ထင်တယ်”

“ ပစ္စည်းရှိရင် ပစ္စည်းရှိတဲ့ နည်းလမ်း ၊ ပစ္စည်းမရှိရင် ပစ္စည်းမရှိတဲ့ နည်းလမ်းပေါ့ ထီးပြိုင်နန်းပြိုင်ခေတ်က ဂူသင်္ချိုင်းတွေက ယေဘုယျအားဖြင့် ဒေါင်လိုက်မြေကျင်းတွေပဲ ၊ တည့်တည့်တက် တည့်တည့်ဆင်း ခေါင်းသွင်းတဲ့ သင်္ချိုင်းဂူအခန်းမရှိဘူး ၊ ဒီဟာက အတူတူပဲလားတော့ မသိဘူး ဒီဂူသင်္ချိုင်းက ဘယ်လောက်ကြီးလည်း ဘယ်လောက်နက်လည်းဆိုတာတော့ ငါတို့ မြေနေရာရောက်မှ ကြည့်ရမှာပဲ ၊ ငါတို့အရင်ဖောက်ခဲ့တဲ့ ဟာတွေနဲ့ လုံးဝမတူမှာစိုးရတယ် ၊ မင်း အဲဒီတောင်ပြိုတုန်းက ထွက်လာတဲ့ လူခေါင်းတွေကိုပဲကြည့် အဲဒါငါတို့ ဘိုးဘေးတွေပြောတဲ့ တစ္ဆေခေါင်းကျင်း ဆိုတာဖြစ်မယ် ၊ အဲဒီနေရာက သူတို့အရင်တုန်းက ကွယ်လွန်သူနဲ့ အတူမြှုပ်နှံခံရမဲ့ စတေးခံ လူနဲ့ တိရိစ္ဆာန်တွေ မြှုပ်တဲ့ကျင်းဖြစ်မယ်” တတိယဦးလေးက မြေပုံကို ထုတ်ယူလိုက်ပြီး အပေါ်မှာ လက်ညှိုးနဲ့ ထောက်ဝိုင်းလိုက်ကာ “မင်းတို့ကြည့် ၊ ဒီနေရာပဲ ဒီနေရာက အဓိကဂူသင်္ချိုင်းနဲ့ ဝေးသေးတယ် ၊ အရင်လာဖူးတဲ့ ဟိုလူတွေက နဂါးသွေးကြောကို ရှာပြီး အပ်စိုက်ခြင်း နည်းလမ်းအတိုင်း လိုက်ရင် သေချာပေါက် ဒီနေရာကျရပ်မှာပဲ ၊ ဒီနေရာက နဂါးခေါင်းလေ ၊ နည်းလမ်းအတူတူအရ ဂူသင်္ချိုင်းက သေချာပေါက် အောက်မှာရှိရမယ် ဒါပေမဲ့ မင်းတို့ကြည့် ရှေ့နည်းနည်းဆက်သွားရင် ဒီနေရာ .. ဘူးသီးခြောက်အဝ .. မင်းရှေ့ဆက်မသွားရင် အထဲမှာ မျက်နှာကျက်အပွင့်နဲ့ လှိုဏ်ရှိတာ သိမှာမဟုတ်ဘူး ၊ အဲဒါကမှ တကယ့် နဂါးခေါင်းတည်ရာအရပ်ပဲ ၊ ဒီဂူသင်္ချိုင်းကို ဆောက်တဲ့သူက နဂါးသွေကြောကို ရှာပြီး အပ်စိုက်ခြင်းပညာကို သေချာပေါက် နားလည်ထားတဲ့သူဖြစ်ရမယ် ၊ သူတို့ဖောက်ဖို့ ဒီနေရာမှာ အထူးတလည် တည်ကြက်တစ်ခုလုပ်ထားလိုက်သေးတယ် ၊ တကယ်လို့ ငါမှန်းတာသာမမှားရင် ဒီနဂါးခေါင်းအတုအောက်မှာ ထောင်ချောက်အထပ်ထပ်နဲ့ သင်္ချိုင်းဂူအတုရှိနေလိမ့်မယ်” ကျွန်တော်တို့ စိတ်ဝင်တစား နားထောင်နေကြတာကို မြင်တဲ့အခါ တတိယဦးလေးတစ်ယောက် အတော်လေးကျေနပ်ပီတိ ဂွမ်းဆီထိစွာနဲ့ ဆက်ပြောတယ် ။ “ ဒီမြေပုံသာ မရှိရင် ငါတို့ဘိုးဘေးတွေလာရင်တောင် လှည့်စားခံရလောက်တယ် ၊ မနက်ဖြန် ငါတို့ လိုအပ်တာတွေလောက်ပဲ ယူပြီး ပေါ့ပေါ့ပါးပါးနဲ့ပဲ တိုက်ပွဲဝင်ကြမယ် ၊ အရင်ဆုံး နည်းနည်းဆင်းကြည့်တာပေါ့ တကယ်လို့ အလုပ်မဖြစ်တော့မှ ငါတို့ပြန်လာပြီး ပစ္စည်းတွေသယ်ကြမယ်” 

ကျွန်တော်တို့ ခေါင်းညိတ်သဘောတူလိုက်ကြတယ် ။ အနည်းထပ် စားသောက်ကြပြီးနောက် အခန်းကို ပြန်ခဲ့ကြတယ် ။

အဲဒီနောက် ပစ္စည်းတွေကို ဖြုတ်ပြီး ပြင်ဆင်ကြရတယ် ။ ဒီခေတ်မှာ ရိုးရာလော့ယန်ဂေါ်ပြားကို မသုံးကြတော့ဘူးလေ ။ တတိယဦးလေးက ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုတွေမှာသုံးတဲ့ ဂေါ်ပြားကို ယူလာခဲ့တယ် ။ ဒီဂေါ်ပြားက စတီးပိုက်တွေကို အပိုင်းလိုက်အပိုင်းလိုက် ဝက်အူကျပ်ပြီး ဆက်သုံးရတာ ။ အရှည်ဘယ်လောက်လိုချင်လဲ လိုချင်သလောက် စတီးပိုက်တွေကို ဆက်လို့ရပြီး ဟိုသစ်သားလက်ကိုင်နဲ့ လော့ယန်ဂေါ်ပြားထက် ပိုဖွက်လို့ကောင်းတယ် ။ ဒီထီးပြိုင်နန်းပြိုင်ခေတ်က ဂူသင်္ချိုင်းဟာ မီပေါင်း ဆယ်ချီ  [T/N 1米 (တစ်မီ) = 3.280839895ft ] နက်တာကြောင့် ချွေတာလို့မရဘူး ။စတီးပိုက်တွေကို သေချာထုတ်ပိုးပြီးနောက် လူတိုင်းရဲ့ ကျောပိုးအိတ်ထဲမှာ စတီးပိုက်ဆယ်ချောင်းစီနဲ့ ဂေါ်ပြားခေါင်းတစ်ခုစီ ဝေပုံကျ သယ်ကြရတယ် ။ ဖန်းကျစ်ဆီမှာ ပြောင်းတိုကာဘိုင်သေနတ် တစ်လက်ပါပြီး ခါတိုင်းဆို သားရေအစွပ်အိတ်နဲ့ သေချာထုတ်ပိုးထားခဲ့တာ ။ အခုတော့ ထုတ်လာခဲ့ပြီ ။ အဲဒီသေနတ်က မှောင်ခိုဈေးကဝယ်လာတဲ့ နှစ်လုံးပြူးပြောင်းချောသေနတ်ထက် အတော်လေးတိုပြီး အင်္ကျီအောက်ထဲထည့်ဝှက်ထားရုံနဲ့ တော်ရုံမမြင်သာတော့ဘူး ။ သူက အဲဒီသေနတ်ကို ခဲယမ်းပစ္စည်းအပြည့်အစုံနဲ့အတူ ကျောပိုးအိတ်ထဲ ထိုးသွတ်ထည့်လိုက်တယ် ။ တတိယဦးလေးပြောတာက အောက်ဆင်းလို့ နှစ်လုံးပြူးပြောင်းချောသေနတ်သုံးရင် နောက်လှည့်ရင်တောင် လှည့်မရနိုင်ဘူး ။ ဖန်းကျစ်ရဲ့ ဒီကာဘိုင်က ပိုလက်တွေ့ကျတယ်တဲ့ ။ ကျွန်တော်ကတော့ ဒစ်ဂျစ်တယ်ကင်မရာ တစ်လုံးနဲ့ သံလက်တစ်ချောင်း ပြင်ဆင်ထားလိုက်တယ် ။ တွေးကြည့်လည်း ဘာပစ္စည်းမှ ယူစရာမလိုဘူးလေ ။ နဂိုကတည်းကိုက သင်္ချိုင်းဖောက်သမား အလုပ်သင်လေးပဲ မဟုတ်လား ။ 

တစ်ညလုံး တိတ်ဆိတ်နေကြပြီး တစ်နေ့လုံး ခရီးပန်းလာတာကြောင့် ကျွန်တော် ဘယ်လောက်တောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှန်းမသိဘူး နိုးလာတော့ အဆစ်အမြစ်တွေအားလုံး ကိုက်ခဲနာကျင်နေတယ် ။ ကျွန်တော်တို့ အားလုံး မနက်စာကို ကတိုက်ကရိုက် စားလိုက်ကြပြီး ရိက္ခာခြောက်တချို့ယူဆောင်ကာ ခရီးထွက်ခဲ့ကြတော့တယ် ။ ဟိုအမျိုးသမီးလေးကတော့ အတော် ကြင်နာတတ်တယ် ။ ရွာထဲက ကလေးတစ်ယောက်ကို ခေါ်ပြီး ကျွန်တော်တို့ကို လိုက်ပို့ခိုင်းလိုက်တယ် ။ တောင်တက်လမ်းကို လေးနာရီပိုပိုလောက် သွားပြီးတဲ့နောက် ဖင်တုံးလုံးနဲ့ ကလေးလေးက ရှေ့ကို လက်ညှိုးထိုးပြပြီး “ ဟိုနားပဲ” လို့ပြောတယ် ။ ကျွန်တော် တစ်ချက်လှမ်းကြည့်လိုက်တော့ ရှေ့တူရူဆီမှာ ရွှံ့တွေကျောက်တွေရောပါလာတဲ့ စီးကြောင်းကြောင့် ကွဲအက်ပြီး ဖြစ်ပေါ်လာတဲ့ တောင်ကြားလမ်းကြောင်းမှန်း မြင်သာလှတယ် ။ ကျွန်တော်တို့ အခုရပ်နေတဲ့ နေရာက တောင်တန်းတစ်ခုနဲ့ တခြားတောင်တန်းတစ်ခုရဲ့ကြားမှာပဲ ။ ဒီလျှိုမြောင်က အတော်ရှည်လျားပြီး မိုးရာသီဆိုရင် မြစ်တစ်စင်း ဖြစ်နေနိုင်လောက်တယ် ။ ဒါပေမဲ့ ရွှံ့တွေကျောက်တုံးကျောက်ခဲတွေ စုပုံနေတာကြောင့်ရယ် ပြီးခဲ့တဲ့ လတွေက မိုးခေါင်မှုတွေရယ် ပေါင်းစပ်လိုက်တဲ့အခါ ရေတိမ်ချောင်းတစ်ခုအဖြစ်သာ ကျန်ခဲ့တော့တယ် ။ 

ဘေးနှစ်ဘက်က တောင်တွေက အတော်လေးမက်စောက်တယ် ။ လူသွားလို့ မရနိုင်ဘူး ။ ပြီးတော့ ရှေ့က မြစ်ကြောင်းကလည်း တောင်ပေါ်က ပြိုကျလာတဲ့ ကျောက်တုံးတွေနဲ့ ပိတ်ဆို့နေခဲ့ပြီ ။ 

ကျွန်တော်က ဖင်တုံးလုံးနဲ့ ကလေးလေးခေါင်းကို အသာပုတ်လိုက်ပြီး ပြောလိုက်တယ် ။ “ ပြန်သွားဆော့ချေတော့ မင်းအစ်မကို ကျေးဇူးတင်တယ်လို့ ပြောပေးဦး”

ကလေးက လက်ဖြန့်လိုက်ပြီး “ ငါးဆယ်ပေး” လို့ပြောတယ် ။

ကျွန်တော် အံ့ဩသွားတယ် ။ ကလေးလေးက စကားမပြောဘဲ လက်ကို ဖြန့်ထားပြီး ကျွန်တော့်ကို စိုက်ကြည့်နေတယ် ။ ကျွန်တော်က ဘာ ငါးဆယ်လဲ လို့ ပြောလိုက်တယ် ။ 

တတိယဦးလေးက တဟားဟားအော်ရယ်ပြီး တစ်ရာတန်တစ်ရွက်ထုတ်ပေးလိုက်တယ် ။ ကလေးလေးက ဖတ်ခနဲ ဆွဲယူပြီး ခုန်ပေါက်ကာ ပြန်ပြေးသွားတော့တယ် ။ 

အဲဒီတော့မှ ကျွန်တော် ရုတ်တရက်သဘောပေါက်လိုက်ပြီး ရယ်လိုက်မိတယ် ။ “အခုခေတ် တောထဲတောင်ထဲက ကလေးတွေလည်း ဒီလောက် ကိုယ်ကျိုးရှာ အမြတ်ထုတ်တတ်နေပြီလား”

“လူတွေက ငှက်ကြောင့်သေကြတယ်___” သာ့ခွေက တဖွဖွ ရွတ်ဆိုလိုက်တယ် ။ ဖန်းကျစ်က သူ့ကို တစ်ချက်ကန်ထည့်လိုက်ပြီး “စာမတတ်ဘူးလား ? ငှက်ကြောင့်သေတယ် ဟုတ်လား ? မင်းသာ -ီးကြောင့်သွားသေနေလိုက် !”

ကျွန်တော်တို့ ဘာမှပြောမနေကြတော့ဘဲ စတက်ခဲ့ကြတယ် ။ ဒီကျောက်တုံးတွေက သိပ်လျော့ရဲတယ်လို့ ပြောလို့မရဘူး ခိုင်ခိုင်ခံ့ခံ့ပဲ ။ အချိန်အနည်းငယ် အားထုတ်လိုက်တာနဲ့ ကျွန်တော်တို့ ကျော်သွားနိုင်ခဲ့တယ် ။ ဟိုအမျိုးသမီးလေး ပြောသလောက်လည်း ကြောက်စရာမကောင်းပါဘူး ။ ရောက်တော့ သူပြောတဲ့ အဲဒီ လူခေါင်းတွေလည်း မတွေ့ပါဘူး ။ ဒီမြေပြိုထားတဲ့နောက်မှာ ကနဦးက လျှိုမြောင်ကြီးရှိနေပြီး အဲဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ သစ်ပင်တွေရှိလာကာ ပိုဝေးတဲ့ အဆုံးမှာတော့ နက်ရှိုင်းတဲ့ တောအုပ်ကြီးတစ်ခုပဲ ။ ဒီလို ဂေဟစနစ်မျိုးဟာ ဘယ်လိုများ ပေါ်ထွန်းဖြစ်ပွားလာခဲ့တာလဲလို့ ကျွန်တော် အံ့ဩနေမိတယ်  ။ 

 အဲဒီအချိန် တောင်ပြိုထားတဲ့ ကုန်းစောင်းအောက် လျှိုမြောင်ထဲမှာ အဘိုးကြီးတစ်ယောက် ရေသယ်နေတာကို ကျွန်တော်တို့မြင်လိုက်ကြရတယ် ။ ကျွန်တော်သေချာကြည့်လိုက်တော့ သူ့အမေကြီးတော်နဲ့မှ ကျွန်တော်တို့ကို ဂူထဲဝင်ခိုင်းခဲ့တဲ့ သောက်အဘိုးကြီး မဟုတ်လား ! အဲဒီအဘိုးကြီးကလည်း ရုတ်တရက် ကျွန်တော်တို့ကို မြင်သွားပြီး လန့်ဖြတ်ကာ စမ်းချောင်းထဲ လဲကျသွားတယ် ။ နောက်တော့ အသည်းအသန်ကုန်းထပြီး ပြေးတော့တယ် ။ ဖန်းကျစ်က ဆဲရေးလိုက်ပြီး “ပြေးစမ်း” လို့ လှမ်းအော်လိုက်ကာ သေနတ်ထုတ်ပြီး အဘိုးကြီးရဲ့ ခြေထောက်ရှေ့က သဲပြင်ပေါ်  တစ်ချက်ပစ်ထည့်လိုက်တယ် ။ အဘိုးကြီးက အလန့်တကြား ထခုန်ပြီး နောက်ရင်းပြန်ပြေးပြန်တယ် ။ ဖန်းကျစ်က သေနတ်သုံးချက်ဆက်ပစ်လိုက်တယ် ။ အချက်တိုင်းက သူ့ခြေရာတွေပေါ်တည့်တည့်ပဲ ။ အဘိုးကြီးကလည်း ပါးနပ်တယ်လို့ ဆိုရမယ် ။ တဖက်သားက သူ့ကို ကစားနေတာဖြစ်ပြီး ပြေးလို့ မလွတ်နိုင်မှန်း သိတာနဲ့ ဖတ်ခနဲ မြေကြီးပေါ် ဒူးထောက်ချလိုက်တော့တယ် ။ 

ကျွန်တော်တို့ တောင်စောင်းအတိုင်း ပြေးဆင်းသွားချိန် အဘိုးကြီးကလည်း ကျွန်တော်တို့ကို ဦးချတောင်းပန်နေတယ် ။ 

“ သခင်ကြီးတို့ အသက်ကို ချမ်းသာပေးပါ ငါအဘိုးကြီးလည်း တကယ် မတတ်သာလို့ သခင်ကြိီးတို့အပေါ် အခွင့်ကောင်းယူရတာပါ ၊ သခင်ကြီးတို့က နတ်ဘုရားလို လူမျိုးတွေ ဖြစ်နေမယ်လို့ မထင်ထားဘူး ဒီတစ်ခေါက်တော့ တကယ်ကို မျက်လုံးရှိပြီး ထိုက်တောင်ကြီးကို မသိသလို ဖြစ်နေပါပြီခင်ဗျာ” 

ပြောရင်းနဲ့ မျက်ရည်တွေကလည်း တွင်တွင်စီးကျနေသေးတယ် ။ တတိယဦးလေးက သူ့ကို မေးလိုက်တယ် ။ “ ဘာ ၊ ကျုပ်မြင်တာတော့ ခင်ဗျားက ဒီလောက် အားအင်တွေ ပြည့်ဝကုံလုံနေတာ ဘာ ဘာမှမတတ်နိုင်တော့ရတာတုန်း”

“ အမှန်အတိုင်း မကွယ်မဝှက်တန်းပြောရရင် ကျုပ်ရဲ့ ဒီခန္ဓာကိုယ်ကြီးက တကယ် ရောဂါရှိတာပါ ကျုပ်ဒီလို သိပ်မာမာချာချာရှိနေပုံထင်ရတာကိုပဲ မကြည့်နဲ့ တကယ်တော့ ကျုပ်မှာ နေ့တိုင်း ဆေးတွေ သောက်နေရတာ ကြည့် ဒီမှာအခုလည်း ဆေးကြိုဖို့ ရေလာခပ်နေရတာလေ” သူက သူဘေးမှာရှိတဲ့ ဝါးကျည်တောက်ကို ထိုးပြပြီးပြောတယ် ။ 

“ကျုပ်မေးမယ် တစ္ဆေအိုကြီး ခင်ဗျား လှိုဏ်ဂူထဲမှာတုန်းက တခဏအတွင်း ဘယ်လို ပျောက်သွားခဲ့တာလဲ”

“ကျုပ်ပြောရင် ဒီက သခင်ကြီးတို့က ကျုပ်ကို သတ်မှာလား?” အဲဒီတစ္ဆေအိုလို အဘိုးကြီးက ကျွန်တော်တို့ကို ကြည့်နေတယ် ။ 

“စိတ်ချပါ အခုက တရားဥပဒေစိုးမိုးတဲ့ ခေတ်ကာလ” တတိယဦးလေးက ပြောလိုက်တယ် ။ “ ဝန်ခံရင် သက်ညှာပေးမယ် ၊ လွန်ဆန်ရင် အပြစ်ပေးမယ်”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျုပ်ဝန်ခံပါ့မယ်” လို့ အဘိုးကြီးက ပြောလာတယ် ။ “ တကယ်တော့ ဘာမှရေးကြီးခွင်ကျယ်မဟုတ်ပါဘူး ၊ ဂူက တဖြောင့်တည်း လှိုဏ်ခေါင်းလိုထင်ရပေမဲ့ တကယ်တော့ လှိုဏ်ခေါင်းရဲ့ မျက်နှာကျက်မှာ အပေါက်ကလေးတွေ တော်တော်များများရှိတယ် ၊ အဲဒီအပေါက်လေးတွေက ဖုံးကွယ်နေတာ ၊ ခင်ဗျားတို့ တမင်သက်သက်မှ သွားမရှာရင် မတွေ့နိုင်ဘူး ၊ ကျုပ်က ခင်ဗျားတို့ သတိမထားမိတဲ့ အချိန်မှာ မတ်တပ်ရပ်ပြီး အဲ့ဒီအပေါက်တစ်ခုထဲ လျိုဝင်နေလိုက်တာ ၊ ခင်ဗျားတို့လှေသွားတဲ့အခါကျမှ ကျုပ်ကပြန်ထွက်လာပြီး လွီတန့်တန့်က ကျုပ်ရဲ့ ခရာသံကို ကြားတော့ သစ်သားစည်ပိုင်းတစ်ခု ဆွဲလာပေးတယ် အဲဒီလိုနဲ့ ထွက်လာခဲ့တာပဲ ၊ ကိစ္စပြီးတဲ့အခါကျရင် အဲဒီလှေသမား လူလောင်အော့က ကျုပ်ကို ကျုပ်ရဲ့ ဝေစုပေးလိမ့်မယ် ၊ တကယ်တော့ ကျုပ်ယူတာလည်း မများပါဘူး” သူက ရုတ်တရက် တစ်ခုခု သတိရသွားပြီး မေးတယ် ။ “ ဒါနဲ့ လူလောင်အော့ရော သူလည်း ဒီကသခင်ကြီးတွေ လက်ထဲရောက်သွားခဲ့ပြီပေါ့”

ဖန်းကျစ်က လည်ပင်းကို လက်နဲ့ ခေါင်းဖြတ်သတ်တဲ့ ပုံစံလုပ်ပြလိုက်ပြီး “ သူ့ကို ယမမင်းဆီ သတင်းပို့ဖို့ လွှတ်လိုက်ပြီ” လို့ပြောလိုက်တယ် ။

အဘိုးကြီးက ပထမတော့ ငိုင်ကျသွားပြီး နောက်တော့ ပေါင်ကို လက်နဲ့ ပုတ်လိုက်ကာ “သေတာကောင်းတယ် ၊ တကယ်တော့ ကျုပ်လည်း အဲဒီအလုပ် မလုပ်ချင်ဘူး အဲဒီလူလောင်အော့က မလုပ်ရင် ကျုပ်ကိုပါဆွဲထည့်မယ်တဲ့ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူးလေ သခင်ကြီးတို့ ကျုပ်ကိုလွှတ်ပေးကြပါ”

“ခင်ဗျား ထပ်ပြီး ဇာတ်လမ်းတွေ လာဆင်မနေနဲ့ ” တတိယဦးလေးက ပြောလိုက်တယ် ။ “ ခင်ဗျားက ဘယ်မှာနေတာလဲ ရေက ဘာလို့ ဒီမှာလာခပ်တာလဲ”

“ကျုပ်က ဟိုမှာနေတာ” အဘိုးကြီးက အနီးနားက ဂူတစ်လုံးကို လက်ညှိုးထိုးပြတယ် ။ “ ခင်ဗျားတို့ မြင်တဲ့အတိုင်း ကျုပ်အဘိုးကြီးတစ်ယောက်တည်း လယ်တွေယာတွေလည်း မရှိ သားကလည်း အစောကြီး သေသွား နေစရာအိမ်တောင်မရှိဘူး ဒီမှာပဲ သေဖို့စောင့်နေရတာ ဘယ်လောက် သနားစရာကောင်းလိုက်လဲ”

“ဒါဖြင့် ခင်ဗျား ဒီပတ်ဝန်းကျင်တဝိုက်နဲ့ အတော်လေးရင်းနှီးမှာပေါ့ ၊ ကောင်းပြီ ၊ ခင်ဗျားကို လွှတ်ပေးစေချင်တယ်ဆိုရင် ရတယ် ၊ ခင်ဗျား ကျုပ်တို့ကို တစ်နေရာ ခေါ်သွားပေးရမယ်” တတိယဦးလေးက တောအုပ်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ် ။ အဘိုးကြီးရဲ့ မျက်နှာဟာ ချက်ချင်းပဲ ကြောက်လန့်တကြားနဲ့ ဖြူဖျော့သွားပြီး “ကျုပ်ရဲ့ သခင်ကြီးရယ် ခင်ဗျားတို့က သင်္ချိုင်းလာဖောက်ကြတာကလား အဲဒီသင်္ချိုင်းက ခင်ဗျားတို့ဖောက်လို့မရဘူး ၊ အထဲမှာ မကောင်းဆိုးဝါးတွေရှိတယ်”

ကျွန်တော် ကြားလိုက်တာနဲ့ စိတ်ဝင်စားစရာ ကိစ္စတစ်ခုခုရှိနေပြီဆိုတာ သိလိုက်တယ် ။ ဒီအဘိုးကြီးက တစ်ခုခုတော့ သိထားလိမ့်မယ် ။ တတိယဦးလေးက သူ့ကို မေးလိုက်တယ် ။ “ ဘာလဲ ခင်ဗျားတွေ့ဖူးလို့လား ?”

“အိုင်းယား ~ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျုပ်လည်း အဲဒီနေရာကို အဖွဲ့တဖွဲ့ ခေါ်သွားပေးဖူးတယ် ၊ ရှေးဟောင်းသုတေသနလုပ်ဖို့လို့ ပြောတာပဲ ၊ ကျုပ်အထင်တော့ သင်္ချိုင်းဖောက်မလို့နေမှာပါ ၊ ဒါပေမဲ့ အဲဒီသူတွေက တခြားသူတွေနဲ့ မတူဘူး ၊ ကျုပ်အရင်တွေ့ဖူးတဲ့ သူခိုးလေးတွေက သင်္ချိုင်းဂူကို မြင်တာနဲ့ ဖောက်တာ ၊ ဒီလူတွေကတော့ မကွယ်မဝှက်တမ်းပြောရရင် ကြည့်လိုက်တာနဲ့ သာမန်မဟုတ်ဘူး သူတို့က ဘေးမှာတွေ့တဲ့ ဂူသင်္ချိုင်းကို ကြည့်တောင်မကြည့်ဘူး ဒီတောင်ကြားလျိုမြောင်ထဲကို ဝင်မယ်ချည်းပြောနေတာ အဲဒီတုန်းက ကျုပ်တို့ရွာမှာလည်း ကျုပ်တစ်ယောက်ပဲ အဲဒီကို သွားဖူးတာ ၊ သူတို့က အတော်လေးရက်ရောတယ် ကျုပ်ကို ချက်ချင်းပဲ ငွေစက္ကူအတန်ကြီး ဆယ်ရွက်ထုတ်ပေးတာ ၊ ပိုက်ဆံမြင်တော့ ကျုပ်လည်း မနေနိုင်တော့ဘူး သူတို့ကို ဒီတောထဲ ခေါ်လာခဲ့တယ် ၊ သွားရင်း ကျုပ်အရင်သွားဖူးတဲ့ နေရာထိရောက်တော့ သူတို့က ရှေ့ဆက်သွားချင်ကြသေးတယ် ကျုပ်သဘောမတူတော့ဘူးလေ ခင်ဗျားတို့ ဒီပိုက်ဆံအချပ်ကြီး ဆယ်ရွက်က ကျုပ်အသက်ကို ဝယ်လို့ မရဘူးလို့ပြောတော့ သူတို့က ဆယ်ရွက်ထပ်ပေးမယ်ပြောတယ် ၊ ကျုပ်က ရွက်တစ်ရာထပ်ပေးလည်း မလုပ်နိုင်ဘူးလို့ ပြောလိုက်တော့ သူတို့ခေါင်းဆောင်က မျက်နှာထားပြောင်းသွားပြီး သေနတ်နဲ့ ကျုပ်ခေါင်းကို ချိန်ထားတာ ၊ မတတ်နိုင်ဘူးလေ သူတို့ကို အထဲထိဆက်ခေါ်သွားရုံ ရှိတော့တာပေါ့”

သူက​ ခေါင်းကုတ်ရင်းနဲ့ ဆက်ပြောတယ် ။ “ နောက်တော့ သူတို့က နေရာရောက်ပြီပြောတယ် အဲဒီလူတွေက အရမ်းပျော်နေကြတာ နောက် အဲဒီနေရာမှာ ဘာပစ္စည်းတွေလည်းမသိ ဟိုရွှေ့ဒီရွှေ့လုပ်ကြသေးတယ် နောက် ဒီအောက်မှာလို့လည်း ပြောတယ် ၊ အဲဒီညက ကျုပ်သောက်တာများသွားတယ် ကျုပ်တို့ နေရာတစ်နေရာရှာပြီး ရွက်ဖျင်ထဲထိုးကြတယ် ၊ ကျုပ် အိပ်လိုက်တာနဲ့ ဘာမှမသိတော့ဘူး ကျုပ်နိုးလာတဲ့ အချိန်ကျ ဘာဖြစ်သလဲ ခင်ဗျားမှန်းကြည့် ၊ အဲဒီလူတွေ အကုန်လုံး မတွေ့တော့ဘူး ၊ ပစ္စည်းတွေ အကုန်ရှိသေးတယ် မီးလည်း မငြိမ်းသေးဘူးလေ ၊ ကျုပ် ကြောက်သွားတာပေါ့ ၊ နေရာအနှံ့လိုက်အော်ခေါ်ပေမဲ့ ဘယ်သူမှလည်း ပြန်မထူးကြဘူး တခုခုဖြစ်ပြီလို့ ကျုပ်ထင်လိုက်တယ် ၊ သူတို့လည်း မရှိမှတော့ ပြေးတာကောင်းတယ်လို့ ကျုပ်စိတ်ထဲ တွေးမိလိုက်တယ် အဲဒါနဲ့ ပြန်ပြေးလာတာ”

အဘိုးကြီးက ကြောက်မက်ဖွယ်ရာမြင်ကွင်းကို မြင်ခဲ့ရစဉ်က အချိန်ကို ပြန်တွေးကြည့်နေသည့်နှယ် မျက်လုံးတွေကို မှေးကျဉ်းပြီး ပြောတယ် ။ “ ဘယ်နှစ်လှမ်းမှ မပြေးရသေးဘူး ကျုပ်ကို ခေါ်လိုက်တဲ့အသံ ကြားလိုက်တယ် ကျုပ်ပြန်လှည့်ကြည့်လိုက်တော့ သူတို့အဖွဲ့ထဲက မိန်းမတစ်ယောက် ကျုပ်ကို လက်လှမ်းပြနေတာ ၊ ကျုပ်တကယ်ဆဲလိုက်ချင်တာ မနက်စောစောစီးစီးကို ဘာကိစ္စ တစ်ယောက်မကျန်ပျောက်သွားရတာတုန်းလို့ ၊ အဲဒီမှာ ရုတ်တရက် သူ့နောက်မှာ သစ်ပင်ကြီးတစ်ပင်ကို ကျုပ်တွေ့လိုက်ရတယ်  မာန်စွယ်တငေါငေါနဲ့ ယိမ်းထိုးနေတဲ့ သစ်ကိုင်းတွေကလည်း လက်သည်းချွန်တွေလိုပဲ ၊ အဲဒီသစ်ပင်ကြီးပေါ် မော့ကြည့်လိုက်တော့ အမလေး ! အဲဒီသစ်ပင်ပေါ်မှာ လူသေအလောင်းတွေ တွဲလောင်းကျနေတာ ပြွတ်သိပ်လို့ပဲ ကျုပ်မြင်လိုက်ရတာ မျက်လုံးတွေတောင် ပြူးပြီး လန့်လွန်းလို့ သေးတောင်ထွက်တယ် ၊ ကျုပ်မယ် တစ်ရက်တစ်ညပြေးပြီးတော့မှ ရွာကို ပြန်ရောက်တာ ၊ ခင်ဗျားတို့ပြောကြည့် အဲဒါ မိစ္ဆာသစ်ပင်ကြီးပဲ သေချာတယ် ကျုပ်သာ ငယ်ငယ်ကတည်းက အလောင်းအသားခြောက်စားပြီး ကြီးလာတာမဟုတ်ရင် ကျုပ်လည်း မိစ္ဆာကြီးက ဝိညာဉ်နှုတ်သွားတာ ခံရလောက်ပြီ”

တတိယဦးလေးက သက်မချလိုက်တယ် ။

 “ ခင်ဗျားကလည်း အလောင်းအသားခြောက် စားတဲ့သူပဲကိုး” 

နောက်တော့ ဖန်းကျစ်ကို လက်ဟန်ပြလိုက်တယ် ။ ဖန်းကျစ်က အဘိုးကြီးကို ကြိုးနဲ့ တုတ်ထားလိုက်တော့တယ် ။ သူ့ကိုသာ လမ်းပြခေါ်သွားလိုက်ရင် ကျွန်တော်တို့ ကိစ္စတွေ တော်တော်များများ အလုပ်ရှုပ် သက်သာသွားနိုင်တယ်လေ ။ 

အဘိုးကြီးက လုံးဝ ဆန္ဒမရှိဘူး ။ ဒါပေမဲ့ ဘာမှလည်း မတတ်နိုင်ရှာဘူး ။ သူ့အပြောအရဆိုရင် သူပြောတဲ့ အဲဒီနေရာကို ရောက်ဖို့ တစ်ရက်ကြာလိမ့်မယ် ။ သာ့ခွေက ရှေ့ဆုံးကနေ လမ်းရှင်းသွားတယ် ။ ကျွန်တော်တို့တွေ ခြေလှမ်းသွက်သွက်နဲ့ မြေပုံကြည့်ရင်းသွားကြတယ် ။ မြေပုံနဲ့ အဘိုးကြီးရဲ့ မှတ်ဉာဏ်ကို အားကိုးပြီး အဲဒီနေရာကို မမှောင်ခင် ရောက်နိုင်ဖို့ မျှော်လင့်နေခဲ့ကြတယ် ။ ကျွန်တော်တို့ နေ့ဝက်လောက် လမ်းလျှောက်ခဲ့ကြပြီး အစပိုင်းမှာတော့ စကားပြောနိုင်ကြသေးတယ် ။ နောက်တော့ မြင်မြင်သမျှ ပတ်ပတ်လည်က စိမ်းစိမ်းစိုစိုတွေချည်းဖြစ်တာကြောင့်  မျက်လုံးတွေ ပြာဝေဝါးလာပြီး လူက ဆက်တိုက်သန်းဝေလာကာ အိပ်ငိုက်လာကြတော့တယ် ။ ရုတ်တရက် အဘိုးကြီးက ရပ်လိုက်ပြီး ဆက်မသွားတော့ဘူး ။ 

ဖန်းကျစ်က “ ခင်ဗျားဘာတွေ လှည့်စားဖို့ကြံပြန်တာတုံး” လို့ ဆူဆဲပြောဆိုလိုက်တယ် ။

အဘိုးကြီးက ဘေးက ခြုံပုတ်တွေဘက်ကြည့်ပြီး အသံတုန်တုန်ရီရီနဲ့ “ ဟို………ဟာက……..ဘာလဲ?” လို့ပြောတယ် ။ 

ကျွန်တော်တို့ ပြန်လှည့်ပြီး ကြည့်ကြည့်လိုက်တော့ အဲဒီမြက်ပေါင်းပင်တွေကြားမှာ တလက်လက်ဖြစ်နေတဲ့ အရာတစ်ခုကို တွေ့လိုက်ရတယ် ။ အဲဒါက လက်ကိုင်ဖုန်းတစ်လုံးပဲ ။ 


TBC



Translator Note 

ဒီကနေ့ အပိုင်းလေးမှာ သာ့ခွေမှားပြောတဲ့ စကားပုံလေးက 人为财死,鸟为食亡 ( Rénwéi cái sǐ, niǎo wèi shí wáng) ပါ ။ လူတွေက စည်းစိမ်ချမ်းသာအတွက် အသက်ပေးရတယ် ၊ ငှက်တွေက အစားအစာအတွက် အသက်ပေးရတယ် ။ လူတွေဟာ ငွေကြေးအတွက် စွန့်စားနိုင်ပြီး ငှက်တွေကလည်း အစားအစာအတွက် အသက်ပေးနိုင်တယ်လို့ တင်စားပြောတာပါ ။ ဒီစကားပုံလေးကတော့ လူတွေ သတ္တဝါတွေရဲ့ ရှင်သန်လိုစိတ်ဆန္ဒကို ချီးကျူးထားပြီး လောဘကို သတိပေးထားတဲ့ ဖော်ပြချက် တစ်ခုဖြစ်ပါတယ် ။



Wednesday, December 17, 2025

အပိုင်း (၇) - လူ့ဦးခေါင်း တစ်ရာကျော်

 အပိုင်း ၇ - လူ့ဦးခေါင်း တစ်ရာကျော်



အချိန်ဘယ်လောက်ကြာသွားမှန်းမသိ ကျွန်တော် ထူးဆန်းတဲ့ အိပ်မက်တွေ အများကြီး အပြန်ပြန်အလှန်လှန် မက်နေခဲ့တယ် ။ အိပ်မက်ထဲမှာ အဖြူရောင်ဝတ်ရုံနဲ့ မိန်းမတစ်ယောက် ကျွန်တော့်ကို ကျောပေးရပ်နေတာ တွေ့မိသလိုပဲ ။ ကျွန်တော် သူ့မျက်နှာကို တွေ့ချင်တာကြောင့် သူ့ရှေ့ကို ပြေးသွားလိုက်တယ် ။ ဒါပေမဲ့ သူ့ရဲ့ နောက်ကျောကိုပဲ မြင်နေရတုန်းပဲ ။ ကျွန်တော် အထပ်ထပ်ပြေးပေမဲ့ ဘယ်လိုပဲပြေးပြေး သူ့ကျောဘက်ကိုပဲ မြင်နေရတယ် ။ ဘယ်လိုဖြစ်ပါလိမ့်လို့ တွေးတောနေတုန်းမှာပဲ သူ့မှာ ကျောချည်းနှစ်ဘက်ရှိနေတာကို ကျွန်တော် သိလိုက်ရတယ် ။ ကျွန်တော် အကျယ်ကြီး အော်ဟစ်ပြီး နိုးလာခဲ့တယ် ။ မျက်လုံးတွေ ဖွင့်လိုက်တော့ ကြက်သွေးနီရောင်သန်းနေတဲ့ ညနေဆည်းဆာနဲ့ ကောင်းကင်ကြီးကို မြင်လိုက်ရတော့တယ် ။ 


“နိုးလာပြီလား” ဖန်းကျစ်က ကျွန်တော်ကို အားပါးတရ ရယ်နေခဲ့တယ် ။ 


ကျွန်တော် အလင်းစူးနေတာကို ချိန်ညှိနိုင်ဖို့ မျက်လုံးကို မှိတ်တုတ် မှိတ်တုတ်လုပ်လိုက်တယ် ။ ဖန်းကျစ်က ကောင်းကင်ကို လက်ညိုးထိုးပြရင်း ပြောလာတယ် ။


“ တွေ့လား ၊ မင့်မေကြီးတော်နဲ့မှ နောက်ဆုံးတော့ ငါတို့ ထွက်လာခဲ့ပြီ !”


ကျွန်တော်က နောက်စိကို အသာပွတ်လိုက်ရင်း “ ခင်ဗျားဆိုတဲ့ အစုတ်ပလုပ် ! ခင်ဗျားမှတ်လား ကျွန်တော့်ကို ရိုက်တာ”


“ မရိုက်လို့ရမလား နောက်လှည့်မကြည့်ပါနဲ့လို့ ပြောနေတဲ့ဟာကို ၊ ကောင်စုတ်လေး မင်းလုပ်လို့ ငါတို့ပါသေတော့မလို့”


ကျွန်တော် ပြန်သတိရလိုက်တာနဲ့ ထိတ်လန့်သွားပြီး အလန့်တကြား ကျောကို စမ်းကြည့်ရင်း နောက်မှာ ဟိုဟာကြီး ရှိသေးလားလို့ ကြည့်ကြည့်လိုက်တယ် ။ ဖန်းကျစ်က တဟားဟားနဲ့ အော်ရယ်တော့တယ် ။


“ စိတ်မပူပါနဲ့ သွားပါပြီ”


“ အဲဒါ ဘာကြီးလဲ?” ကျွန်တော် ကြောက်စိတ်မပြေသေးဘဲ မေးလိုက်တယ် ။ 


“ဟိုအစ်ကိုလေး ပြောတာတော့ အဲဒါရုပ်သေးတဲ့ တကယ်တော့ ဟိုဝတ်ရုံဖြူနဲ့ မိန်းမဇမ်ဘီရဲ့ ဝိညာဉ်လိပ်ပြာ ၊ သူက မင်းကိုယ်ပေါ်က ယန်ဓာတ်ကို ငှားပြီး အလောင်းဂူထဲက ထွက်ချင်တာပဲတဲ့ ဒါပေမဲ့ အခြေအနေအသေးစိတ်ကို အစ်ကိုလေးလည်း ငါတို့ကို မပြောပြရသေးဘူး ဒီတစ်ခွန်း နှစ်ခွန်းလောက်ပဲ ပြောရသေးတယ် မေ့လဲသွားရော ” တတိယဦးလေးက လှေလှော်ရင်း ဆက်ပြောတယ် ။ “ ဒါပေမဲ့ ကြည့်ရတာ ဒီအစ်ကိုလေးရဲ့ ဇစ်မြစ်က မသေးလှဘူး အဲဒီဟို နှစ်တစ်ထောင်ဇမ်ဘီက သူ့ကို ဒူးထောက်သွားတာ ဘယ်လို စွမ်းရည်မျိုးလည်း မသိဘူး”


ကျွန်တော်ထထိုင်လိုက်တယ် ။ အဲဒီမှာ မန့်ယိုဖျင်နဲ့ ဖန့်ခွေတို့ တစ်ယောက်ကို တစ်ယောက် မှီရင်း နှစ်ယောက်သား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြတာကို ကြည့်ရင်း ပြုံးလိုက်မိတယ် ။ လာတုန်းက ဘယ်လိုမှ မခံစားရပေမဲ့ အခု ကောင်းကင်ကြီးကို မြင်လိုက်ရတဲ့အခါမှာတော့ အတော်လေး သက်တောင့်သက်သာ ရှိလာပြီး မေးမိတော့တယ် ။ 


“ သူက တကယ် ဘယ်လိုလူမျိုးလဲ!?”


တတိယဦးလေးက ခေါင်းကို ခါယမ်းလိုက်ပြီး “ အဲဒါတော့ ငါလည်း တကယ်မသိဘူး ၊ ငါက ချန်ရှားက ငါ့မိတ်ဆွေကို အတွေ့အကြုံရှိတဲ့ အကူအညီတစ်ယောက်လောက် မိတ်ဆက်ပေးခိုင်းတာ သူတို့က သူနဲ့ ဆက်ပေးတာပဲ သူ့မျိုးရိုးက ကျန်း ဆိုတာပဲသိတယ် တလမ်းလုံး ငါလည်း အကြိမ်ပေါင်းမနည်း စုံစမ်း စစ်ဆေးကြည့်တာပဲ ဒီလူက အိပ်ရင်အိပ် မအိပ်ရင် ငေးငိုင်နေတာ ၊ သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို ငါလည်း မသိဘူး ဒါပေမဲ့ သူ့ကို မိတ်ဆက်ပေးတဲ့ သူက ဒီလမ်းကြောင်းပေါ်မှာ အတော်လေး ဂုဏ်သိက္ခာကြီးမားတဲ့သူ ၊ သူမိတ်ဆက်ပေးတဲ့လူက စိတ်ချထားလို့ရတယ်”


ကျွန်တော် နားထောင်ရင်း ဒီလူက အတော်လျို့ဝှက်ပြီး သိရခဲတယ်လို့ ပိုထင်မိလာတယ် ။ ဒါပေမဲ့ တတိယဦးလေးတောင် ဒီလိုပြောလာမှတော့ ကျွန်တော်ထပ်မေးနေလည်း အကြောင်းမထူးတော့ဘူး ။ ရှေ့ကို တစ်ချက်ကြည့်လိုက်ရင်း ဖန်းကျစ်ကို မေးလိုက်တယ် ။


“ ရွာကို မြင်ရပြီလား?”


“ရှေ့မှာနဲ့ တူတယ်”


တတိယဦးလေးက ရှေ့တူရူဆီမှ မီးအလင်းရောင် အစက်အပြောက်ကလေးတွေကို လက်ညှိုးထိုးပြရင်း “ ကြည့်ရတာ ရွာက ငါတို့ထင်ထားသလောက် မစုတ်ပြတ်ဘူးဟ လျှပ်စစ်မီးတောင် ရှိတယ်နဲ့ တူတယ်” လို့ပြောတယ် ။ 


ရွာရှိနေတယ်လို့ အတွေးဝင်လိုက်တာနဲ့ ကျွန်တော်ချက်ချင်းဆိုသလိုပဲ ရေနွေးစိမ်ပြီး ရေချိုးစရာ ၊ ကြိုင်လှိုင်ထွက်လာမဲ့ အသားကင်နံ့တွေ ၊ ကျစ်ဆံမြီး ရှည်ရှည်တွေနဲ့ ရွာသူအမျိုးသမီးလေးတွေ ကိုတွေးမိသွားပြီး အလိုလို ပိုစိတ်လှုပ်ရှားမိလာတယ် ။ အဲဒီအချိန် နေလည်းဝင်သွားပြီ ဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ ဘေးဘီဝဲယာ တောင်ထိပ်ဆီက လူတစ်စုရဲ့ အရိပ်တွေကို မြင်လိုက်ကြရတယ် ။ ကြည့်ရတာ သူတို့က လားတွေ စီးပြီး ရွာကို ဦးတည်သွားနေကြသလိုပဲ ။ ဒီတောင်ကလည်း သိပ်မမြင့်တာကြောင့် အဲဒီလူတွေက ဒီကဒေသခံတွေနဲ့ သိပ်မတူတာကို ကျွန်တော့် ခပ်ဝါးဝါး လှမ်းမြင်ရတယ် ။ 


ကျွန်တော်တို့ ကူးတို့ဆိပ်ကို ရောက်တဲ့အခါ ရွာထဲက ကလေးလေးတစ်ယောက်က ကျွန်တော်တို့ကို မြင်သွားပြီး အကျယ်ကြီး ထအော်တော့တယ် ။ 


“သရဲဗျို့ !!”


ကျွန်တော်တို့ ဇဝေဇဝါဖြစ်နေကြတုန်းမှာ ကလေးက အမြန်ပြေးထွက်သွားတာကြောင့် ဘာမှမတတ်နိုင်ခဲ့ဘူး ။ နွားကလည်း နောက်က လှေတစ်စီးပေါ်မှာ လိမ်လိမ်မာမာပါလာနေတုန်းပဲ ။ နည်းနည်းလေးတောင် ဒေါသထွက်မနေဘူး ။ တကယ်ကို ကောင်းတဲ့ နွားတစ်ကောင်ပါပဲ ။ ဖန်းကျစ်က သူ့မွေးရပ်မြေမှာ နွားတွေ မွေးခဲ့ဖူးတာကြောင့် နွားမောင်းတဲ့ တာဝန်ကို သူယူလိုက်တယ် ။ ကမ်းပေါ်ကို ရောက်တဲ့အခါ သာ့ခွေလည်း နိုးလာခဲ့တယ် ။ သူက စောစောက သူ့ဟာသူ အိပ်မက်မက်နေခဲ့တာလားလို့တောင် ထင်နေသေးတယ် ။ အရင်ဆုံး တတိယဦးလေးဆီက တစ်ချက်တီးထည့်လိုက်တာကို ခံရပြီးနောက် ဖန်းကျစ်ရဲ့ကန်ချက်တချို့ကိုလည်း ခံလိုက်ရရှာတယ် ။ 


ဟိုမန့်ယိုဖျင်ကတော့ သွေးတော်တော်များများ သုံးလိုက်ရတာကြောင့်ထင်တယ် တလျှောက်လုံး နိုးမလာခဲ့ဘူး ။ ကျွန်တော် သူ့ကို နွားလှည်းပေါ်ကူတင်ပေးလိုက်တယ် ။ ဒီလူက တကယ် တစ်ခုခုပဲ ။ ကိုယ်ခန္ဓာက မိန်းကလေးတွေလို ပျော့ပြောင်းနေပြီး ဘာအရိုးမှ မရှိတဲ့အတိုင်းပဲ ။ ကျွန်တော်သူ့ကို သေချာနေရာချထားပေးလိုက်တယ် ။ တတိယဦးလေးက လမ်းသွားလမ်းလာ တစ်ယောက်ကို ဖမ်းဆွဲပြီး တည်းခိုခန်း ဘယ်နားမှာလဲလို့ မေးလိုက်တဲ့အခါ အဲဒီလူက ကျွန်တော်တို့ကို အရူးလိုကြည့်ပြီး “ ဒါက ဘယ်လိုနေရာလို့ မင်းတို့ထင်လို့လဲ? ငါတို့ရွာမှာ အားလုံးမှ အိမ်ခြေသုံးဆယ်လောက်ပဲရှိတာ ၊ တည်းခိုခန်းလား ? တည်းဖို့နေရာရှာချင်တာဆိုရင် ရွာထဲက ဧည့်ရိပ်သာကိုသွား” လို့ပြောတယ် ။ 


ကျွန်တော်တို့ဟာ သရဲခြောက်တဲ့ အိမ်နဲ့တူတဲ့ ဧည့်ရိပ်သာကို ရှာတွေ့ခဲ့တယ် ။ ဒါပေမဲ့ အထဲမှာတော့ သိပ်မဆိုးလှပါဘူး ။ ဖုန်းလည်း ဆက်လို့ရတယ် ။ လျှပ်စစ်မီးလည်း ရှိတယ် ။ ပြီးတော့ ဘိလပ်မြေအဆောက်အအုံ ။ အဘိုးအတန်ဆုံးကတော့ ရေနွေးရှိတာပဲ ။ ပြီးတော့ အိပ်ယာအိပ်ခင်းတွေကလည်း သန့်ရှင်းတယ် ။ ရွာထဲမှာတော့ ကြယ်ငါးပွင့်အဆင်လို့ သတ်မှတ်လို့ရပါတယ် ။ 


ကျွန်တော်တို့ ကိုယ်စီကိုယ်ငှ ရေချိုးလိုက်ကြပြီး အတော်လေး နေသာထိုင်သာရှိသွားကြတယ် ။ တကိုယ်လုံးက အလောင်းပုပ်နံ့တွေကို ဆေးကျောချလိုက်ပြီးနောက် ညစာစားသောက်ဖို့ ဧည့်ခန်းမထဲရောက်လာကြတယ် ။ မန့်ယိုဖျင်ဟာ နောက်ဆုံးတော့ နိုးလာပေမဲ့ စိတ်အခြေအနေ သိပ်ကောင်းပုံမရဘူး ။ ကျွန်တော်တို့က သူ့ကို သွေးအားကောင်းစေဖို့ ဝက်အသည်းတစ်ပန်းကန်မှာပေးထားလိုက်ပြီး ဘာရယ်မှ မေးမနေတော့ဘူး ။ ဘာပဲပြောပြော သူက အသက်သခင် ကျေးဇူးရှင်ပဲလေ ။ တချို့စကားတွေက သူနေပြန်ကောင်းလာတော့မှ ပြောသင့်ပါတယ် ။ 


ကျွန်တော်တို့ ဘီယာမှာလိုက်တယ် ။ မနက်ဖြန် အလုပ်လုပ်ရဦးမှာဆိုတော့ သိပ်လည်း အများကြီး မသောက်သင့်ဘူး ။ စားရင်းသောက်ရင်း စားပွဲထိုး မိန်းကလေးနဲ့ စနောက်နေခဲ့ကြတယ် ။ 


“ ငါပြောမယ် ငါ့ညီမ မင်းတို့ ဒီမှာက ဘယ်ဆိုးလို့လဲ ကြည့် အားလုံး ကွန်ကရစ်ခင်းထားတယ် အပြင်မှာလည်း ကွန်ကရစ်လမ်း ၊ မင်းတို့ ဒီဘိလပ်မြေတွေကို လားတွေနဲ့ တစ်ထမ်းချင်း တစ်ထမ်းချင်း တောင်ပေါ်ကနေ ထမ်းသယ်လာတာလား?”


“ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ ? ထမ်းသယ်ရရင် ဘယ်အချိန်မှရောက်မှာလဲ ? ကျွန်မတို့ ဒီမှာ အစောကြီးကတည်းက ကားလမ်းပေါက်နေပြီသား ၊ ဟို လွတ်မြောက်ရေးတပ်က ထရပ်ကားကြီးတွေတောင် လာလို့ရတယ် ၊ နောက်တော့ ပြီးခဲ့တဲ့ နှစ်တွေကတောင်ပြိုပြီး လမ်းကို ဖုံးသွားတာ ၊ တောင်ရဲ့ မြေအောက်ထဲကနေ သုံးချောင်းထောက်ကြေးအိုးကြီး တစ်လုံးထွက်လာတယ်လေ ၊ ဒီပြည်နယ်ထဲ လာလိုက်တဲ့ လူတွေမှ အများကြီး ၊ လာကြည့်ကြတာ သူတို့ပြောတာတော့ ထီးပြိုင်နန်းပြိုင်ခေတ်က ဟာလို့ ပြောတာပဲ ၊ တိုင်းပြည်ရဲ့ ရတနာဆိုပြီး အဲဒီ သုံးချောင်းထောက်ကြေးအိုးကြီးကို ယူသွားကြရော လမ်းကျတော့ ဒီတိုင်းထားခဲ့ကြတယ် ရှင်ပြောကြည့် ဒေါသထွက်စရာမကောင်းဘူးလား ? နောက်တော့ ရွာက ကိုယ့်ဟာကိုယ်ပြင်ကြမယ်ပြောတယ် ဘယ်လိုပြင်မှာလဲ ပိုက်ဆံမှ မရှိတာ ပြင်လိုက်ရပ်လိုက်နဲ့ တစ်နှစ်လောက်ကြာတယ် ပြင်နေတုန်းပဲ”


“ဒါဖြင့် ရေလမ်းကရော မင်းတို့ ဒီမှာ ကူးတို့ဆိပ်ရှိတယ် မဟုတ်လား?”


“ အဲဒါက လွတ်မြောက်ရေးခေတ် မတိုင်ခင်ကတည်းက ဟာကြီး လှေမဆွဲတာဖြင့် နှစ်ပေါင်းကြာလှနေပြီ ၊ အခုနေ ရှင်တို့ကို တစ်ယောက်ယောက်က ရေလမ်းနဲ့ သွားဖို့ ပြောလာရင် သေချာပေါက် လူသတ်ပစ္စည်းလုဖို့ပဲနေမှာ ရှင်တို့လို တခြားဒေသကသူတွေ လုံးဝသတိထားရမယ်နော် ၊ အဲဒီရေလမ်းကြောင်းက တော်တော်လေးတော့ ချောက်ချားစရာကောင်းတယ် ဒီနှစ်တွေအတွင်း ရေနစ်သေတဲ့ လူတွေအားလုံး အလောင်းလုံးဝ ပြန်ဆယ်မရဘူး ကျွန်မတို့အိမ်က လူကြီးတွေ တိုးတိုးပြောကြတာတော့ အဲဒါ တောင်နတ်ဘိုးဘိုးကြီးက မြိုပစ်တာလို့ ပြောတာပဲ”


ကျွန်တော် တတိယဦးလေးကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲက အကျိုးနဲမှပဲ ဘယ်လိုလမ်းပြမျိုး ရှာလာလိုက်တာလဲ ၊ ကြည့်ရတာ သူခိုးဓားပြကြီးပဲ မဟုတ်ဘူးလားလို့ ပြောလိုက်မိတယ် ။ တတိယဦးလေးခမျာလည်း အရှက်ရစွာနဲ့ မျက်နှာမပြရဲတော့ဘဲ ဘီယာကို မြန်မြန်မော့သောက်ပြီး မေးလိုက်တယ် ။


“ဒါနဲ့ ဒီမှာ ဧည့်သည်တွေများလား?”


“ ကျွန်မတို့ ဒီဧည့်ရိပ်သာသေးသေးကို အထင်မသေးနဲ့ ကျွန်မပြောပြလိုက်မယ် တခြားဒေသက လာတဲ့သူတွေတိုင်း ကျွန်မတို့ဆီမှာပဲ တည်းကြရတာ ၊ အခုနေအချိန် မြေအောက်က ဟို သုံးချောင်းထောက်ကြေးအိုး ထွက်လာပြီးကတည်းက ကျွန်မတို့ ဒီမှာ တခြားဒေသက လာတဲ့လူတွေ ပိုပိုများလာတယ် ၊ တောင်ရဲ့ ဟိုဘက်ခြမ်းပေါ်မှာ အပန်းဖြေရိပ်သာ ဆောက်ဖို့ပြင်နေတဲ့သူတောင်ရှိသေးတယ်” 


တတိယဦးလေးတစ်ယောက် ဟိုက်ခနဲဖြစ်ကာ ခုန်ထလိုက်ပြီး အော်ပြောတော့တယ် ။


“ ငါ _ိုးတယ်မှ !ဒီလောက်ပဲ ဆိုးရလား”


ဒီလို လူသူအရောက်အပေါက်ဝေးတဲ့ တောတောင်ပေါ်မှာ အပန်းဖြေရိပ်သာ ဆောက်တယ်ဆိုတာက ပြည်ပက တရုတ်လူမျိုးတွေ မဟုတ်ရင် သင်္ချိုင်းဖောက်သမားတွေပဲလေ ။ 


အမျိုးသမီးငယ်လေးမှာလည်း အထိတ်တလန့်ဖြစ်သွားရတယ် ။ ဖန်းကျစ်က တတိယဦးလေးကို အမြန် ဖမ်းဆွဲလိုက်ပြီး “ တတိယသခင် ခင်ဗျား အသက်ရလာပြီ ထိတ်လန့်တကြားတွေ ထမလုပ်ပါနဲ့” လို့ပြောပြီး အမျိုးသမီးလေးဘက်ကိုလှည့်ကာ “ ဘာမှမဟုတ်ပါဘူး တတိယသခင်က မယုံနိုင်ဖြစ်သွားလို့ ဖြစ်ပါလိမ့်မယ်” လို့ ပြောလိုက်တယ် ။


တတိယဦးလေးရဲ့ တိုးတိုးဆဲရေးသံကို ကျွန်တော် ကြားလိုက်ရပြီးနောက် သူက အားနာဟန် ရယ်မောလိုက်ရင်း မေးတယ် ။


 “ အိုင်း ~ မင်းတို့ဆီမှာ ဘယ်လိုမျိုး သမိုင်းဝင်နေရာတွေ လည်စရာပတ်စရာ စိတ်ဝင်စားစရာနေရာတွေ ရှိလဲ”


စားပွဲထိုးမလေးက ပြုံးစိစိလုပ်ပြီး လေသံကို နှိမ့်ချလိုက်ရင်းပြောတယ် ။ 


“ ဒီက လူကြီးမင်းတို့ ကြည့်ရတာ အလည်အပတ်သက်သက် ဟုတ်ဟန်မတူဘူး ဘာလဲ သင်္ချိုင်းဂူ လာတူးတာများလား?”


ကျွန်တော်တို့အားလုံး ဘာမှမပြောကြတာကို မြင်တော့ သူက ကျွန်တော်တို့ ဘေးနားလာထိုင်ပြီး “ အမှန်အတိုင်းပြောရရင် ဒီကိုလာတဲ့ တခြားဒေသက လူတွေ ဘယ်သူကများ သင်္ချိုင်းတူးဖို့ လာတာ မဟုတ်လို့လဲ ၊ ရှင်တို့သာ တကယ်အလည်အပတ် အပျော်ခရီး ထွက်လာခဲ့တာဆိုရင် ဒီလက်နက်ကိရိယာ လှည်းတစ်စီးစာက ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်မနေဘူးလား?” လို့ပြောတယ် ။ 


တတိယဦးလေးက ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပြီး အမျိုးသမီးငယ်ကို အရက်တစ်ခွက်ငှဲ့ပေးလိုက်ကာ “ အဲဒီလိုဆိုတော့ မင်းကလည်း လုပ်ငန်းကျွမ်းကျင်သူပဲလား?”


“ အိုင်း ~ ကျွန်မက ကျွမ်းကျင်သူ ဘယ်ဟုတ်ပါ့မတုံး ၊ ကျွန်မက ကျွန်မအဘိုးတို့တတွေပြောတာ ကြားဖူးတာ ၊ ဒီနှစ်တွေအတွင်း ဒီကို လာကြတဲ့ သင်္ချိုင်းတူးသမားတွေ မနည်းလှဘူး ပစ္စည်းကောင်းတွေလည်း တူးသွားကြတာ မနည်းဘူး ၊ ဒါပေမဲ့ ကျွန်မအဘိုးကပြောတယ် ပိုကောင်းတဲ့ ပစ္စည်းတွေက ဟိုးအတွင်းပိုင်းက နေရာမှာ ရှိသေးတယ်တဲ့ ၊ အဲဒါက နတ်မင်းရဲ့ အုတ်ဂူပဲ အထဲမှာ ရွှေငွေကျောက်သံပုလဲ ရတနာတွေဆိုတာမပြောနဲ့ အဲဒါတွေနဲ့ နတ်မင်းရဲ့ ရတနာနဲ့ ယှဉ်လိုက်ရင်ကတော့ အဲဒါတွေက ချေးသာသာရှိတယ်”


“ဪ” တတိယဦးလေးက အတော်လေးစိတ်ဝင်တစားဖြစ်လာပြီး “ ဒါဖြင့် မင်းအဘိုးက ဝင်သွားဖူးတယ်ပေါ့?”


အမျိုးသမီးလေးက ပြုံးလိုက်ပြီးပြောတယ် ။


“ ကြည့် ပြောပုံကိုက ၊ ကျွန်မအဘိုးလည်း သူ့အဘိုး ပြောတာ ကြားဖူးတာ အဲဒီဒဏ္ဍာရီက ဘယ်အချိန်ကတည်းက ပြောလာကြတာလဲတော့ မသိဘူး အဲဒီ နတ်မင်းက ပြောတာကြားဖူးတာတော့ ကျောက်စိမ်းဧကရာဇ်က လွှတ်လိုက်တာတဲ့ လူပြည်မှာ စစ်သူကြီးတစ်ယောက်အဖြစ် အသွင်ဆောင်ပြီး အဲဒီအချိန်က ဘုရင်မင်းမြတ်ကို စစ်ကူတိုက်ပေးတာတဲ့ နောက် သူ့ရည်မှန်းချက် အောင်မြင်သွားတော့ ကောင်းကင်ဘုံကို ပြန်တက်သွားရော ၊ သူ့ကျန်ခဲ့တဲ့ ခန္ဓာနဲ့ သူစစ်တိုက်တုန်းက သုံးတဲ့ လက်နက်တွေကို အတူတူထည့်မြှုပ်နှံထားခဲ့တာ ၊ အဲဒီဂူသင်္ချိုင်းက ရှင်ဘုရင်ရဲ့ ဂူသင်္ချိုင်းထက်တောင် ပိုကောင်းသေးတာတဲ့ ၊ မဟုတ်ရင် နတ်မင်းလို့ ဘယ်ခေါ်တော့မှာလဲလေ”


“ အဲဒီလိုဆိုတော့ အဲဒီဂူသင်္ချိုင်းကို လူတွေအများကြီး သွားရှာကြမှာပဲ ထင်တယ်” တတိယဦးလေးက စိုးရိမ်တကြီးနဲ့ မေးလိုက်တယ် ။ “ တစ်ယောက်ယောက် ရှာတွေ့ဖူးသွားသေးလား?”


“ အိုင်း ၊ ရှင်မသိလို့ အဲဒီနေရာက အခု ဝင်လို့မရတော့ဘူး ၊ အရင်နှစ် တောင်ပြိုတုန်းက အဲဒီနေရာလည်း ပြိုသွားတယ် အဲဒီတောင်ပြိုတဲ့ နေရာက ဘာတွေ ထွက်လာလည်း ရှင်မှန်းကြည့်ကြည့်”


“ဘာလဲ နောက်ထက် သုံးချောင်းထောက်ကြေးအိုးကြီး တစ်လုံးလား ?”  ဖန့်ခွေက ပြောတယ် ။ 


“ ဘာတွေလဲ ၊ သုံးချောင်းထောက်ကြေးအိုးသာဆိုရင် အစောကြီးကတည်းက လူများယူသွားလောက်ပြီ ကျွန်မပြောပြမယ် ရှင်ဘယ်သူ့ကိုမှ မပြောနဲ့နော်” အဲဒီအမျိုးသမီးလေးက ဘီယာတကျိုက် မော့လိုက်ပြီး “အဲဒီနေရာမှာ လူခေါင်း တစ်ရာလောက် တူးမိတာတဲ့”



TBC 






















အပိုင်း (၁၄) - မန့်ယိုဖျင်

  အပိုင်း ၁၄ - မန့်ယိုဖျင် ဟိုကောင်လေးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလာတယ် ။ “ရဲဘော်တို့ ငါ မင်းတို့ကိုပါ အမှုပတ်စေမိပြီ ၊ ကြည့်ရတာတော့ င...