အပိုင်း ၁၄ - မန့်ယိုဖျင်
ဟိုကောင်လေးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလာတယ် ။
“ရဲဘော်တို့ ငါ မင်းတို့ကိုပါ အမှုပတ်စေမိပြီ ၊ ကြည့်ရတာတော့ ငါတို့တွေ မာခ့်နဲ့ သွားတွေ့ရတော့မယ်ထင်တယ် ၊ ဖက်တီးဆိုတဲ့ ငါက တကယ် ဘာကိုမှ မကြောက်ပေမဲ့ ဒီလိုသေရလိမ့်မယ်လို့တော့ တစ်ခါမှ မတွေးမိခဲ့ဖူးဘူး”
သူက နင်ဂျာလို ခေါင်းစွပ်ပါတဲ့ အနက်ရောင် ဂျာကင်ဝတ်ထားတာကြောင့် အမှောင်ထဲမှာ သူက ဘယ်လိုပုံစံရှိမှန်း မမြင်ရဘူး ။ သေသေချာချာကြည့်တော့မှ တကယ်ကိုပဲ ဖြူဖြူဝဝနဲ့ လူတစ်ယောက်ပဲ ။ ဒီလောက်ဝတဲ့သူက သင်္ချိုင်းဖောက်သမားဖြစ်လာလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားမိခဲ့ဘူး ။
ဖန်းကျစ်က ထဆဲတယ် ။ “ သောက်ဝတုတ် ! မင်းဘယ်ကနေ ရောက်လာရတာတုံး မင့်မေမှပဲ ငါမင်းကို တကယ် ရိုက်သတ်ပစ်ချင်ပြီ”
မီးကျည်ချောင်းက မီးငြိမ်းသွားတော့မှာကို မြင်တော့ ကျွန်တော်မယ် ငိုချမိတော့မလိုဖြစ်လာပြီး ပြောလိုက်တယ် ။ “ မင်းတို့ မြန်မြန်စဉ်းစားကြဦး မဟုတ်ရင် ဘယ်သူက ဘယ်သူ့ကိုပဲ ရိုက်သတ်သတ် ပိုးကောင်တွေပဲ တပန်းသာသွားမှာ”
ဖန်းကျစ်က ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ပစ္စတိုကို ဖက်တီးကိုပေး ၊ မီးကျည်ချောင်းကို ကျွန်တော့်ကိုပေးပြီး ပြောတယ် ။
“ ငါတို့ အင်္ကျီတွေကို မီးရှို့လိုက်ရင် အချိန် နည်းနည်းပိုရလောက်တယ် ဆိုပေမဲ့ ဒီမီးကျည်ချောင်းရဲ့ မီးတောက်က တော်တော်သေးလွန်းနေပြီ မီးမစွဲနိုင်ခင် မီးသေသွားနိုင်တယ် ၊ ငါ သုံးအထိရေမယ် ပိုးကောင်တွေကို အာရုံလွှဲလိုက်မယ် မင်းတို့က နံရံဆီ အသက်လုပြေးပြီး တစ်ယောက်ပေါ် တစ်ယောက်ဆင့်ပြီး အပေါ်ရောက်အောင် တွယ်တက်သွား ၊ တစ်ယောက်ရောက်ရင် တစ်ယောက်က ဆွဲတင် အချိန်ရနိုင်လောက်တယ် ၊ ငါက လှုပ်ရှားတာ မြန်တယ် မင်းတို့ရောက်သွားပြီးမှ ငါပြေးလာခဲ့မယ် မင်းတို့ ငါ့ကို ဆွဲတင်ကြ ၊ လုပ် အချိန်ထပ်ဖြုန်းလို့ မဖြစ်တော့ဘူး”
ကျွန်တော့်မှာ ငြင်းချိန်တောင် မရလိုက် အဲဒီဖန်းကျစ်က အလောင်းစားပိုးကောင်အုပ်ထဲကို တချက်တည်း ခုန်ဝင်သွားခဲ့တယ် ။ ချက်ချင်းဆိုသလို ပိုးကောင်တွေက သူ့ဆီကို ဆူနာမီလှိုင်းတွေလို ပြုံတိုးသွားပြီး ကျွန်တော်တို့ရှေ့မှာ လမ်းကြောင်းတစ်ခု တကယ်ပဲ ပေါ်လာခဲ့တယ် ။ ကျွန်တော် အော်ဟစ်ပြီး ဖန်းကျစ်ကို သွားကယ်ချင်ပေမဲ့ ဖက်တီးက ကျွန်တော့်ကို ဆွဲသွားပြီး “တက်!” လို့ ပြောတယ် ။
သူက ကျွန်တော့်ကို တလျှောက်လုံးဆွဲပြေးသွားပြီး တစ်ချက် ထောက်မ ပင့်တင်ပေးလိုက်တာနဲ့တင် အဲဒီအားကို အမှီပြုပြီး ကျွန်တော်အပေါ်ကို တွယ်တက်သွားနိုင်ခဲ့တယ် ။ အဲဒီနောက် ကျွန်တော်လည်း လက်ပြန်ကမ်းပေးလိုက်ပြီး သူ့ကို ဆွဲတင်လိုက်တယ် ။
ကျွန်တော် အောက်ကို တချက်ငုံ့ကြည့်လိုက်တော့ ဖန်းကျစ်ရဲ့ ကိုယ်ပေါ်မှာ အလောင်းစားပိုးကောင်တွေ အပြည့်ဖုံးလွှမ်းနေပြီး နာကျင်စွာနဲ့ မြေကြီးပေါ်မှာ လူးလှိမ့်နေတယ် ။ ကျွန်တော့်မယ် ငိုချမိတော့မလိုပဲ ။ ဟိုဖက်တီးက သူ့ကို လှမ်းအော်ပြောတယ် ။
“မြန်မြန်တွယ်တက်လာခဲ့ ! ခြေလှမ်းနည်းနည်းပဲလိုတော့တာ ! မြန်မြန် !”
ဒါပေမဲ့ ဖန်းကျစ်တစ်ယောက် တက်မလာနိုင်တော့ဘူး ။ အလောင်းစားပိုးကောင်တွေဟာ သူ့ပါးစပ်ထဲကို တွားဝင်သွားကုန်ပြီ ။ သူအကြိမ်ပေါင်းများစွာ ထရပ်ဖို့ကြိုးစားပေမဲ့ မြေကြီးပေါ်ကိုပဲ ပြန်လှဲချခံရတယ် ။ အဲဒီပိုးကောင်တွေက အဲဒီလောက် အားကြီးမားမယ်မှန်း ကျွန်တော် တကယ် မထင်ထားမိဘူး ။ ဖန်းကျစ်ဟာ ပုဇွန်ထုပ်လို ကွေးကွေးလေးလဲကျနေရင်း အပေါ်ကနေ အော်ဟစ်နေတဲ့ ကျွန်တော်တို့ကို ကြည့်ပြီး ဆင်းရဲဒုက္ခကြီးစွာနဲ့ ခေါင်းကို ခါယမ်းလိုက်တယ် ။
နောက်ဆုံး သူ့မျက်နှာကို အလောင်းစားပိုးကောင်တွေ ဖုံးလွှမ်းသွားတော့တယ် ။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး သေနတ်ပစ်တဲ့ပုံစံမျိုး လုပ်ပြတာကို ကျွန်တော်မြင်လိုက်ရတယ် ။ အဲဒီလက်မှာ ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့ပါပြီ ။ သူက ကျွန်တော်တို့ကို သူ့ကို သေနတ်နဲ့ ပစ်သတ်ပေးစေချင်နေမှန်း ကျွန်တော်သိတယ် ။
ဟိုဖက်တီးက ဆက်မကြည့်ရက်တော့ဘူး ။ အံတင်းတင်းကြိတ်ပြီး အကျယ်ကြီး အော်ပြောလိုက်တယ် ။
“ညီကိုရေ ! အပြစ်ပြုမိပြီကွာ”
အဲဒီအချိန်မှာပဲ မျက်နှာကျက်ကနေ စက်ခလုတ်ပွင့်တဲ့ အသံတစ်သံ ထွက်လာပြီး လူတစ်ယောက် အပေါ်ကနေ ခုန်ချလာတယ် ။ သေချာ သတိပြုနော် ။ အဲဒီလူက ခုန်ချလာတာ ။ ပြုတ်ကျလာတာမဟုတ်ဘူး ။ အဲဒါကြောင့် သူသက်ဆင်းလိုက်တဲ့အခါ အတော်လေးကို တည်တည်ငြိမ်ငြိမ် သပ်သပ်ရပ်ရပ်ရှိတယ် ။ ဒါပေမဲ့ မြေပြင်ပေါ်ကို ကျတဲ့ အရှိန်က အတော်လေးများတာကြောင့် သူက အရှိန်သတ်ဖို့ ကိုယ်ခန္ဓာကိုကွေးညွှတ်လိုက်ပြီး လက်တစ်ဖက်က မြေကြီးပေါ်ထောက်ကန်ထားလိုက်တယ် ။ သူက ဟန်ချက်ကို ပြန်ထိန်းပြီးနောက် ထွက်သက်တစ်ချက် ရှုထုတ်လိုက်တယ် ။ ကနဦးမှာ အလောင်းစားပိုးကောင်တွေဟာ မလှုပ်မယှက်ဖြစ်သွားကြပြီးနောက် ရုတ်ခြည်းဆိုသလို ဂယောက်ဂယက်တွေဖြစ်ကာ နေရာ အနှံ့အပြားဆီ ကသုတ်သရက် ထိတ်ထိတ်ပျာပျာနဲ့ ပြေးကုန်ကြပုံက အဲဒီလူ့ဆီကနေ အသက်လုပြေးသွားကြသလိုပဲ ။ မူလက ရေလှိုင်းကြီးများလို ရောက်လာခဲ့တဲ့ အဲဒီပိုးကောင်တွေဟာ အခုလည်း ရေလှိုင်းကြီးများလိုပဲ ပြန်ဆုတ်သွားပြီး ကျောက်သားနံရံပေါ်က အပေါက်တွေထဲကို တိုးဝင်ပျောက်ကွယ်သွားကုန်တော့တယ် ။
ကျွန်တော် သေချာကြည့်လိုက်တော့ အလိုလို ဝမ်းသာအားရဖြစ်သွားရတယ် ။ အဲဒီလူက မန့်ယိုဖျင် မဟုတ်လား ? ဟိုဖက်တီးကလည်း အလန့်တကြားထအော်တယ် ။
“ဘုရားရေ ! ဒီကောင် မသေသေးဘူးပဲ”
ကျွန်တော် သေချာ ပြန်ကြည့်လိုက်တော့မှ တကယ်မဟန်ဘူးဆိုတာ သတိထားမိသွားတယ် ။ သူ့ကိုယ်ပေါ်က အင်္ကျီတွေက အပိုင်းပိုင်းစုတ်ပြဲနေပြီး သူ့တကိုယ်လုံးလည်း သွေးတွေနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပုံပဲ ။ မန့်ယိုဖျင်က မြေကြီးပေါ်က အသက်ငွေ့ငွေ့သာ ကျန်တော့တဲ့ ဖန်းကျစ်ကို မြင်တဲ့အခါ အမြန်ပြေးသွားပြီး ကျောပေါ်ပိုးလိုက်တယ် ။ ကျွန်တော်တို့လည်း ကယ်တင်ခံရပြီဆိုတာ သိလိုက်တာနဲ့ လက်တွေကို အမြန် ကမ်းပေးလိုက်ကြတယ် ။ တစ်ယောက်က ဖန်းကျစ်ကိုဆွဲ ၊ တစ်ယောက်က မန့်ယိုဖျင်ကိုဆွဲပြီး သူတို့ကို အပေါ်ဆွဲတင်လိုက်ကြတယ် ။
ဒါက တကယ်ကို ပင်လယ်သမုဒ္ဒရာက လယ်ယာစိုက်ပျိုးခင်း ဖြစ်လာပြီး လယ်ယာစိုက်ပျိုးခင်းက ပင်လယ်သမုဒ္ဒရာဖြစ်သွားရတယ်ဆိုတဲ့ ဘဝသံသရာဓမ္မတာတရားအတိုင်း ဖြစ်ပျက်သွားခဲ့တာပဲလေ ။ မျှော်လင့်ချက်လုံးဝ ကင်းမဲ့နေတဲ့ အခြေအနေကနေ လွတ်လမ်းကြုံလိုက်ရတာ ။ စောစောကတင် သေချာပေါက် သေရတော့မဲ့ အခြေအနေကနေ အခုတော့ ရုတ်တရက်ကြီး ပြောင်းပြန်အနေအထားဖြစ်သွားခဲ့ပြီ ။ ကျွန်တော်တို့က ဖန်းကျစ်ရဲ့ ဒဏ်ရာတွေကို သွားကြည့်ချင်ပေမဲ့ မန့်ယိုဖျင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောတယ် ။
“ မြန်မြန်သွား ! သူလိုက်မှီလာပြီ”
သူဘာကိုဆိုလိုမှန်း ကျွန်တော် နားမလည်လိုက်ပေမဲ့ ဟိုဖက်တီးကတော့ အလန့်တကြားထခုန်လိုက်တယ် ။ ကြည့်ရတာ ဘာကိုဆိုလိုမှန်း အလိုလိုခံစားနားလည်လိုက်သလိုနဲ့ သူက ဖန်းကျစ်ကို ကျောပိုးလိုက်တယ် ။ ကျွန်တော်က ဖန်းကျစ်ရဲ့ မီးအိမ်ကိုကိုင်ပြီး ရှေ့ကနေ ဦးဆောင်ကာ လေးယောက်သား ကျောက်သားလမ်းရဲ့ နက်ရှိုင်းတဲ့ အတွင်းဘက်ဆီကို ပြေးဝင်လာခဲ့ကြတော့တယ် ။
ဘယ်လောက်ကြာကြာပြေးလာခဲ့မှန်း မသိသလို ဘယ်နှစ်ကွေ့လောက် ချိုးကွေ့ခဲ့ပြီးမှန်းလည်း ကျွန်တော် မသိတော့ဘူး ။ အဲဒီအချိန်မှ မန့်ယိုဖျင်က ဖက်တီးကို ဆွဲပြီး ပြောတယ် ။
“ရပြီ ဒီနေရာက ကျောက်လမ်းက ထူးဆန်းတဲ့ပုံစံနဲ့ ဒီဇိုင်းထုတ်ထားတာ သူအချိန်တိုအတွင်းတော့ လိုက်မှီလာမှာ မဟုတ်ဘူး”
ကျွန်တော်တို့ ရပ်လိုက်တော့မှ ကိုယ်ဟာကိုယ် ချွေးတွေဘယ်လောက်ရွှဲနစ်နေခဲ့မှန်း သတိထားမိတော့တယ် ။ ကျွန်တော်က သူပြောတဲ့ အဲဒီဟာက ဘာကြီးလဲဆိုတာ အလောတကြီး မေးလိုက်ပေမဲ့ မန့်ယိုဖျင်က သက်ပြင်းချလိုက်ပြီး ကျွန်တော့်ကို ပြန်မဖြေဘဲ သူက ဖန်းကျစ်ကိုသာ မြေကြီးပေါ်ချလိုက်တယ် ။ ဟုတ်သားပဲလို့ ကျွန်တော် တွေးလိုက်မိတယ် ။ အခုချိန် အရေးအကြီးဆုံးက ဖန်းကျစ်ရဲ့ ဒဏ်ရာတွေ ဘယ်လိုအခြေအနေရှိလည်း ကြည့်ဖို့ပဲလေ ။
ဖန်းကျစ်တစ်ယောက် ဒီတစ်ခေါက်တော့ အတော်လေး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ် ။ သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေချည်းပဲ ။ တကယ်လို့ ပတ်တီးနဲ့ စည်းပေးထားမယ်ဆိုရင် ပတ်တီးစကလောက်တယ်ပဲထားဦး သူလည်း မမ်မီဖြစ်သွားမှာ ။ ကျွန်တော် သေချာကြည့်ကြည့်တော့ ကံကောင်းတာက ဒဏ်ရာအများစုက သိပ်မနက်ဘူး ။ ဒါပေမဲ့ သူ့လည်ပင်းနဲ့ ဝမ်းဗိုက်မှာတော့ အသက်အန္တရာယ်ရှိလောက်တဲ့ ဒဏ်ရာတွေရှိတယ် ။ အရင် ကျွန်တော် လက်နဲ့ ထိမိတဲ့ အလောင်းမှာလည်း ဝမ်းဗိုက်မှာ အကိုက်ခံရတာက အဆိုးဆုံးဆိုတာကို ကျွန်တော် သတိရမိလိုက်တယ် ။
မန့်ယိုဖျင်က သူ့ရဲ့ဗိုက်ကို လက်နဲ့ ဖိကြည့်လိုက်ပြီး သူ့ခါးမှာချိတ်ထားတဲ့ ရှေးဟောင်းသံနက်ဓားကို ဆွဲထုတ်လိုက်ရင်း ပြောတယ် ။
“ငါ့ကို ကူပြီး သူ့ကိုဖိထားပေး”
ကျွန်တော် အလန့်တကြားဖြစ်သွားပြီး မကောင်းတဲ့ ခံစားချက်တခု ခံစားလာရကာ အလောတကြီး မေးလိုက်တယ် ။
“ခင်ဗျား ဘာလုပ်မလို့လဲ?”
သူက ဖန်းကျစ်ရဲ့ ဗိုက်ကိုစိုက်ကြည့်နေတယ် ။ သားသတ်သမားက သူ့ရဲ့ သားကောင်ကို ကြည့်နေတဲ့ ပုံမျိုးပဲ ။ သူက သူ့ရဲ့ ထူးထူးခြားခြား ရှည်လျားတဲ့ လက်ချောင်းနှစ်ချောင်းနဲ့ ဒဏ်ရာနားတဝိုက်ကို ရွေ့လျားစမ်းသပ်ရင်း ကျွန်တော့်ကို ပြောလာတယ် ။
“သူ့ဗိုက်ထဲကို တစ်ကောင်ဝင်သွားတယ်”
“ဟုတ်လို့လား…” ကျွန်တော် သံသယဖြစ်စွာနဲ့ သူ့ကိုကြည့်လိုက်တယ် ။ နောက်တော့ ဖက်တီးကို ကြည့်လိုက်တယ် ။ အဲဒီဖက်တီးက ဖန်းကျစ်ရဲ့ ခြေထောက်ကို ဖိထားပြီးနှင့်ပြီ ။ “မင်းတို့ရဲ့ ပြုမူလုပ်ဆောင်ချက်တွေအရ ဆုံးဖြတ်ရရင် ငါသူ့ကို နည်းနည်းပိုယုံတယ်”
ကျွန်တော်မှာ ဖန်းကျစ်ရဲ့လက်တွေကို ချုပ်ထားရုံမှအပ အခြားမရှိတော့ ။ မန့်ယိုဖျင်က ဓားကို မြှောက်လိုက်ပြီး သူ့ဗိုက်ပေါ်မှာ ပြတ်ရှရာတစ်ချက်ပေးလိုက်တယ် ။ အဲဒီနောက် သူ့လက်ချောင်းတွေကို လျှပ်စီးလို အလျင်နဲ့ အနာဝကနေ ထိုးသွင်းလိုက်တယ် ။ တစ်ချက်စမ်းမိလိုက်တာနဲ့ တစ်ချက်တည်း ညှပ်ပြီး စိမ်းပြာရောင် အလောင်းစားပိုးကောင်တစ်ကောင်ကို ဆွဲထုတ်လာခဲ့တယ် ။ အဲဒီလှုပ်ရှားမှုတွေ အားလုံးဟာ အင်မတန် မြန်ဆန်ပေမဲ့ ဖန်းကျစ်တစ်ယောက် နာကျင်လွန်းပြီး ကွေးကုန်းထလိုက်တယ် ။ သူ့ရဲ့အားက အတော်လေးသန်လွန်းတာကြောင့် ကျွန်တော်သူ့ကို မနည်းချုပ်ထားနေရတယ် ။
“ဒီတစ်ကောင်က သူ့ဗိုက်ထဲမှာ မွန်းပြီး သေသွားတာ” မန့်ယိုဖျင်က ပိုးကောင်အသေကို အဝေးပစ်လိုက်ပြီး ပြောတယ် ။ “ ဒဏ်ရာက တော်တော်လေးနက်တယ် ပိုးမသတ်ရင် အနာရင်းပြီး ပြဿနာများလိမ့်မယ်”
ဖက်တီးက ဖန်းကျစ်ရဲ့ သေနတ်ထဲက နောက်ဆုံးကျန်နေတဲ့ ဂုဏ်ရောင်ပြောင်မြောက်စေမဲ့ ကျည်ဆန်တစ်တောင့်ကို ထုတ်ယူလိုက်ပြီး ပြောတယ် ။
“ ငါတို့ အမေရိကန်လူမျိုးတွေရဲ့ ရှေ့တန်းရောက် အတွေ့အကြုံတွေကနေ သင်ယူပြီး ဒီ ဂုဏ်ရောင်ပြောင်မြောက်စေမဲ့ ကျည်ဆန်တစ်တောင့်ကို တကယ်အသုံးဝင်တဲ့နေရာမှာ ဘာလို့ မသုံးရမှာလဲ ? ငါတို့ ဒီကျည်ဆန်ခေါင်းကို ဖြုတ်ချလိုက်ပြီး ယမ်းမှုန့်ကိုသုံးပြီး သူ့ဒဏ်ရာကို ပိုးသတ်လို့ရတယ်လေ”
ဖန်းကျစ်က ဖက်တီးရဲ့ ခြေထောက်ကို ဖမ်းဆွဲပြီး နာကျင်စွာနဲ့ အံတင်းတင်းကြိတ်ကာ ဆဲရေးလိုက်တယ် ။ “ ငါက သေနတ်နဲ့ ပစ်ခံရတာမှ မဟုတ်တာ မင်း .. မင့်မေကြီးတော်နဲ့မှ … ငါ့အူတွေကို လောင်ပြီး ပြတ်ကျစေချင်နေတာလား?”
သူက သူ့ဘောင်းဘီအိတ်ကပ်ထဲက ပတ်တီးလိပ်တစ်ခုကို ထုတ်ယူလိုက်တယ် ။ ပတ်တီးပေါ်မှာ သွေးစတချို့ရှိနေပြီး ကြည့်ရတာ သူ့ခေါင်းကဒဏ်ရာကို စည်းခဲ့တုန်းကဟာဖြစ်မယ် ။ သူကပြောလာတယ် ။
“တော်သေးတယ် ဒါကို မလွတ်ပစ်မိသေးလို့ ၊ အရင်ငါ့ကို စည်းပေး ၊ တင်းတင်းလေးစည်း ဒီဒဏ်ရာလောက်က ဘာမှမဟုတ်ပါဘူး”
ဖက်တီးကပြောတယ် ။
“ တစ်ယောက်တည်း သူရဲကောင်းလုပ်တာက ဒီဘက်ခေတ်မှာ ခေတ်မစားတော့ဘူး ကိုယ့်လူ ၊ မင်းရဲ့အူတွေကိုတောင် ငါမြင်နေရပြီ ၊ အတင်းဟန်လုပ်မနေနဲ့”
ပြောပြီးတာနဲ့ သူက ကျည်ဆန်ကို ဖြုတ်ဖို့လုပ်တော့တယ် ။ ဒါပေမဲ့ မန့်ယိုဖျင်နဲ့ ကျွန်တော်က သူ့ကို အမြန်ဖမ်းဆွဲတားလိုက်ကြတယ် ။ ကျွန်တော်က ပြောလိုက်တယ် ။
“အရမ်းလျှောက်မလုပ်နဲ့ ယမ်းမှုန့်တွေက သူ့အတွင်းကလီစာတွေကို လောင်သွားစေရင် သွားပြီ ၊ အရင် ပတ်တီးပဲ စည်းပေးထားရအောင်ပါ”
ဖက်တီးက တစ်ချက်စဉ်းစားပြီး သဘောတူလိုက်တယ် ။ ကျွန်တော်တို့ ဖန်းကျစ်ရဲ့ ဒဏ်ရာကို ခပ်မြန်မြန်ပဲ ပတ်တီး စည်းပေးလိုက်ကြတယ် ။ အဲဒီနောက် ကျွန်တော့်အင်္ကျီစတချို့ကို ဖြဲပြီး အပေါ်ကနေ ထပ်ပတ်စည်းပေးချိန်မှာ ဖန်းကျစ်တစ်ယောက် နာကျင်လွန်းတာကြောင့် မေ့မျောသွားမတတ်ဖြစ်နေခဲ့ပြီ ။ သူနံရံကိုမှီပြီး ပြတ်တောက်ပြတ်တောက်နဲ့ အသက်ရှူနေတာကို ကြည့်ရင်း ကျွန်တော့်မှာ အပြစ်ရှိသလို ခံစားလာရတယ် ။ ကျွန်တော်သာ အဲဒီမီးကျည်ချောင်းကို လွတ်မကျခဲ့ရင် သူလည်း ဒီလိုဖြစ်သွားမှာ မဟုတ်လောက်ဘူး ။
အဲဒီအချိန် ကျွန်တော် ကိစ္စတစ်ခု အမှတ်ရလိုက်ပြီး ဖက်တီးကို မေးလိုက်တယ် ။
“နေစမ်းပါဦး .. မင်းက ဘယ်သူတုံး?”
အဲဒီဖက်တီးက စကားပြောတော့မဲ့ဆဲဆဲ မန့်ယိုဖျင်က ကျွန်တော်တို့ကို အသံမထွက်ဖို့ လက်ဟန်လုပ်ပြလာတယ် ။ ချက်ချင်းဆိုသလို ကျွန်တော်နားထဲမှာ လူကို ကြက်သီးမွေးညင်းထသွားစေလောက်တဲ့ ဂရူး ဂရူးအသံတစ်သံကို စင်္ကြံလမ်းတစ်ဖက်ဆီကနေ ကြားလာရတယ် ။
TBC
No comments:
Post a Comment