Wednesday, January 21, 2026

အပိုင်း (၁၁) - ခုနှစ်စင်ကြယ် ခေါင်းတလား

 အပိုင်း ၁၁ - ခုနှစ်စင်ကြယ် ခေါင်းတလား 





ကျွန်တော် အဲဒီအရိပ်ကို သေချာကြည့်ကြည့်တော့ အဲဒီအရိပ်က ခေါင်းငုံ့ထားတဲ့ ပုံစံပဲ ။ အဲဒီနောက် ခေါင်းကို တဖြည်းဖြည်း မော့လာတော့ ခေါင်းက ဧရာမကြီးဖြစ်လာတယ် ။ သူ့ရဲ့ ပုခုံးတွေထက်တောင် ပိုကြီးနေသေးတယ် ။ အဲဒီလို အံ့ဩထိတ်လန့်စရာမျိုးက ဖော်ပြစရာ စကားလုံးတောင် မရှိဘူး ။ ကျွန်တော် ခေါင်းနပန်းကြီးသွားပြီး ထိန်းချုပ်မထားနိုင်တော့ဘဲ အကျယ်ကြီး အော်မိတော့တယ် ။ 


“ သရဲ!”


အားလုံး ကျွန်တော့်ကို လှည့်ကြည့်လာကြတယ် ။ ကျွန်တော် အော်နေတာကို မရပ်နိုင်သေးဘဲ အရိပ်ကို လက်ညှိုးထိုးရင်း နောက်လှည့်ကြည့်လိုက်တယ် ။ တချိန်တည်းမှာပဲ အရိပ်ရဲ့ ပိုင်ရှင်ကို ကျွန်တော် မြင်လိုက်ရတယ် ။ အဲဒါ ဧရာမခေါင်းကြီးနဲ့ သတ္တဝါတစ်ကောင်ပဲ ! လက်ထဲမှာလည်း ထူးဆန်းတဲ့ လက်နက်တစ်မျိုး ကိုင်ထားသေးတယ် ။ မသည်းမကွဲ မှောင်မည်းမည်းထဲမှာ အဲဒီပုံပျက်ပန်းပျက် ခေါင်းကြီးက ခင်ဗျား စဉ်းစားတွေးတောကြည့်နိုင်လောက်တဲ့ ထူးဆန်းတဲ့ သတ္တဝါတွေ အားလုံးရဲ့ ပုံစံထက် ပိုပြီး တော်တော်လေးကို ကြောက်မက်ဖွယ်ရာကောင်းတယ် ။ မန့်ယိုဖျင်က သူ့ရဲ့ သတ္တုတွင်းသုံး မီးအိမ်ကို ကိုင်ပြီး အလင်းပြလိုက်တဲ့အခါ ကျွန်တော်တို့အားလုံး အဲဒီထူးဆန်းသတ္တဝါရဲ့ အသွင်အစစ်ကို သေသေချာချာ မြင်လိုက်ကြရတယ် ။ သူက…… သူက တော်တော်တူ…. လူတစ်ယောက်က မြေအိုးကြီးတစ်လုံးကို ခေါင်းမှာစွပ်ထားတာနဲ့ တော်တော်တူ……. ငါ -ိုး ! မင့်ဘိုးအေတဲ့မှ ။


ကျွန်တော့်ရဲ့ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုက ချက်ချင်း ကြီးမားတဲ့ ဒေါသဖြစ်မှုကြီးအဖြစ်ကို ပြောင်းလဲသွားခဲ့တယ် ။ လတ်စသတ်တော့ အဲ့သဟာက ခေါင်းပေါ်မှာ မြေအိုးကြီးတစ်လုံး စွပ်ပြီး လက်ထဲမှာ ဓာတ်မီးတစ်လက်ကို ကိုင်ထားတဲ့ လူတစ်ယောက်ပဲ ။ ပြီးတော့ နံရံဆေးရေးပန်းချီတွေထဲက အီဂျစ်လူရုပ်တွေစတိုင်မျိုး ပိုစ့်ပေးနေသေးတယ် ။ မြေအိုးပေါ်မှာ အပေါက်နှစ်ပေါက်ရှိပြီး သူခိုးမျက်လုံးတွေက အဲဒီအပေါက်ကနေ အပြင်ကို စိုက်ကြည့်နေပုံက အတော်လေး မုန်းတီးရွံရှာစရာကောင်းတယ် ။ 


လက်ရှိ မြင်ကွင်း အခြေအနေက အတော်လေး ကသိကအောက်ဖြစ်စရာပဲ ။ ဒီလူက ရန်သူလား မိတ်ဆွေလား ကျွန်တော်တို့လည်း မသည်းကွဲဘူး ။ တစ်ချိန်တည်းမှာ ဒီကောင်ကြောင့် အထိတ်တလန့်ဖြစ်သွားကြရပြီး လူတွေက အာရုံ ပြန်မကပ်လာနိုင်သေးဘူး ။ နောက်ဆုံးမှာ ဖန်းကျစ်က ထဆဲတော့တယ် ။ 


“မင့်မေမှပဲ ! တခါတည်း ပစ်သတ်လိုက်ရ” 


ပြောပြီးတာနဲ့ သေနတ်ကို တန်းဆွဲထုတ်တော့တယ် ။ အဲဒီကောင်ကလည်း ကျွန်တော်တို့ကို ဒေါသူပုန်ထအောင် လုပ်မိမှန်း သိတာနဲ့ “အမေရေ!” လို့အော်ပြီး အမြန်ရှောင်တိမ်းကာ ကျွန်တော်တို့ လာခဲ့တုန်းက ဖြတ်လာခဲ့တဲ့ လမ်းကြောင်းထဲ ပြန်လှည့်ဝင်ပြေးသွားတော့တယ် ။ ဖန်းကျစ်က ရှင်းရှင်းပဲ ။ ညှာတာမနေဘူး ။ သေနတ်ကို မြှောက် ၊ မောင်းတင်ပြီး တစ်ချက်ပစ်ထည့်လိုက်တာကြောင့် အဲဒီလူရဲ့ ခေါင်းပေါ်က မြေအိုးကြီးကွဲသွားပြီး သူ့လည်ပင်းမှာ အိုးနှုတ်ခမ်းဝက ကျော့ကွင်းစွပ်သလို အကွင်းလိုက် စွပ်ကျန်ရစ်ခဲ့တယ် ။ အဲဒီလူက ပြေးသွားရင်း အော်ဆဲသွားသေးတယ် ။


“မင့်မေမှပဲ သေတွင်းရှာနေတာ ! မင့်အဘိုး ငါပြန်လာပြီး မင်းကို ဘယ်လို ဒါဏ်ခတ်မလဲ ကြည့်ထားလိုက်”


ပြောပြီးတာနဲ့ ခြေထောက်မှာ ဆီသုတ်ထားသည့်နှယ် ချက်ချင်းကို မတွေ့ရတော့ဘူး ။


မန့်ယိုဖျင်က မြင်တာနဲ့ မကောင်းတော့ဘူးလို့ ရေရွတ်လိုက်ပြီး “သူ့ကို ကျွန်တော်တို့ ဖောက်ဝင်လာခဲ့တဲ့ ဥမင်ဘက် သွားခွင့်ပြုလို့ မဖြစ်ဘူး သူဟိုကျောက်ခေါင်းတလားကို သွားထိရင် သွားပြီ” လို့ ပြောပြီး သူ့အိတ်ထဲက ရှေးဟောင်း သံနက်ဓားကိုဆွဲထုတ်ကာ သတ္တုတွင်းသုံးမီးအိမ်တောင် မယူဘဲ ခြေလှမ်း အနည်းငယ်နဲ့တင် အမှောင်ထုထဲ ပြေးလိုက်ဝင်သွားတယ် ။


ဖန်းကျစ်ကလည်း ကူညီဖို့လိုက်သွားချင်ပေမဲ့ တတိယဦးလေးက လှမ်းဆွဲထားရင်း ပြောတယ် ။ 


“မင်းလိုက်သွားတော့ ချီးကို ကူညီပေးနိုင်မှာမလို့လား ၊ သွား ဘေးခန်းဆောင်နှစ်ခုကို မြန်မြန် သွားကြည့်စမ်း ၊ သူ အဲ့ဘက်က ထွက်လာတာ ” 


ကျွန်တော် ညာဘက်က ဘေးအခန်းငယ်လေးထဲ အမြန်ပြေးဝင်သွားလိုက်တော့ ညာဘက်ခြမ်းက နံရံပေါ်မှာ တူးဖောက်ထားတဲ့ သင်္ချိုင်းဖောက်သမားဥမင်တစ်ခုကို မြင်လိုက်ရတယ် ။ ခန်းဆောင်လေးရဲ့ ထောင့်မှာ ဖယောင်းတိုင် တစ်တိုင် ထွန်းလင်းနေပြီး စိမ်းဖျော့ဖျော့အလင်းရောင်ကို ထုတ်လွှတ်နေတယ် ။ ကျွန်တော် ‘အာ’ လို့ ရေရွတ်လိုက်မိတယ် ။ လတ်စသတ်တော့ အဲဒီကောင်က သင်္ချိုင်းဖောက်သမားပဲ ။  မြေကြီးပေါ်မှာ အိတ်တလုံးရှိနေပြီး ကြည့်ရတာ အဲဒါကလည်း သူပစ်ချခဲ့တာဖြစ်ရမယ် ။ ဖွင့်ကြည့်လိုက်တော့ အထဲမှာ ပစ္စည်းကိရိယာ တချို့ ၊ ဘက်ထရီတချို့ နဲ့ ပြီးတော့ ဒီရှေးဟောင်း ဂူသင်္ချိုင်းရဲ့ ပုံကြမ်းစာရွက်တစ်ရွက်လည်း ရှိတယ် ။ အတော်လေး အကြမ်းပတမ်း ခြစ်ထားတာ ဆိုပေမဲ့ ပုံထဲက စတုရမ်းတုံးတချို့က ဒီခေါင်းတလား ခုနှစ်ခုကို ကိုယ်စားပြုတယ်ဆိုတာ ကျွန်တော် ကြည့်ရုံနဲ့ သိနိုင်တယ် ။ ပုံကြမ်းရဲ့ ဘေးမှာ စာတွေအများကြီး ရေးထားသေးတယ် ။ အားလုံးက မတူညီတဲ့ လက်ရေးမှတ်စုတွေဖြစ်ပြီး ကြည့်ရတာ လူတချို့ ဒီနေရာမှာ ဆွေးနွေးရင်း ရေးမှတ်သွားကြပုံပဲ ။ ပုံကြမ်းရဲ့ ဘေးမှာ မေးခွန်းသင်္ကေတကြီးတစ်ခု ရေးထားပြီးနောက် စာလုံးတချို့ ရေးထားတယ် _____ ပရိယာယ် ခုနှစ်စင်ကြယ် ခေါင်းတလား ။


ကျွန်တော် အလိုလိုတောင့်တင်းသွားမိတယ် ။ ဒီပရိယာယ် ခုနှစ်စင်ကြယ် ခေါင်းတလား ဆိုတာကို တနေရာရာမှာ မြင်ဖူးခဲ့သလိုပဲ ။ စဉ်းစားကြည့်လိုက်တော့ ကျွန်တော် မှတ်မိလာတယ် ။ ကျွန်တော့်အဘိုးရဲ့မှတ်စုစာအုပ်ထဲမှာ ပြောထားခဲ့ဖူးတာပဲ ။ ဒီပရိယာယ် ခုနှစ်စင်ကြယ် ခေါင်းတလားမှာ ခေါင်းတွေ အားလုံးထဲ တစ်ခုကပဲ အစစ်ဖြစ်ပြီး ကျန်တာတွေထဲမှာ ထောင်ချောက်တွေတင်မဟုတ်ဘဲ အင်မတန် ဆန်းပြားတဲ့ နည်းပရိယာယ် ယန္တရားတွေလည်း ထောင်ထားသေးတယ် ။ အတိုချုပ်ပြောရရင် တစ်ခုမှားဖွင့်မိလို့ကတော့ ဒီပရိယာယ် ခုနှစ်စင်ကြယ် ခေါင်းတလားထဲက ထောင်ချောက် ဒါမှမဟုတ် မှော်မန္တာန် ယန္တရား အစပျိုးပြီး တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်သွားလိမ့်မယ် ။ ဟိုနိုင်ငံခြားသားကိုပဲ ကြည့် ၊ အကြောင်းအရင်းကို နားမလည်လို့ပဲ ဖြစ်လိမ့်မယ်လေ ။ ခေါင်းတလားတိုင်းရဲ့ အထဲမှာ ရတနာတွေရှိတဲ့အတွက်ကြောင့် ရလာဒ်အနေနဲ့က တွေ့ပြီး ယူတာနဲ့ ဘာမှန်းမသိတဲ့အရာက သူ့ကို ခေါင်းထဲ ဆွဲသွင်းသွားခဲ့တာ ဖြစ်မယ် ။ သူ့ရဲ့ အပေါင်းအပါတွေကလည်း သူတို့အဖွဲ့ဝင်လုပ်ကြံခံလိုက်ရတာကို မြင်ပြီး ထိတ်လန့်တကြားဖြစ်ကာ ဒီဂူထဲကနေ ပြေးထွက်ပြီး အဲဒီ စင်္ကြံလမ်းမှာ နောက်ထပ် သင်္ချိုင်းဖောက်သမားဥမင်တစ်ခုတူးပြီး အလျင်စလိုထွက်ပြေးသွားကြတာလို့ ယူဆရတယ် ။ 


အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက် ကိုယ့်ဟာကိုယ် အတော်လေးကျိုးကြောင်းသင့်လျော်တယ်လို့ တွေးမိပြီး မြေပုံစာရွက်ကိုယူကာ တတိယဦးလေးနဲ့ ပြောဆိုဖို့ စိတ်ကူးလိုက်တယ် ။ ကျွန်တော် အပြင်ကို ထွက်လိုက်တော့မှ အပြင်မှာ သတ္တုတွင်းသုံး မီးအိမ်လေး တစ်လုံးသာ ထောင်လျက်သား ရှိနေတာကို တွေ့လိုက်ရတယ် ။ အဲဒီမီးအိမ်က အလောင်းဂူထဲမှာတုန်းက ရေဝင်သွားဖူးပြီး အခုကျ လင်းတချက် မှိန်တချက်နဲ့ အတော်လေး သုံးမကောင်းတော့ဘူး ။ ပြီးတော့ မထင်မှတ်ဘဲ ကျွန်တော့် တတိယဦးလေးနဲ့ သာ့ခွေတို့ကိုလည်း မတွေ့တော့ဘူး ! ကျွန်တော် တခြားတစ်ဘက်က ဘေးအခန်းငယ်ထဲ ထပ်သွားကြည့်ပြန်တော့လည်း သူတို့အရိပ်တောင် မတွေ့ရဘူး ။ အဲဒါနဲ့ ဟိုသတ္တုတွင်းသုံး မီးအိမ်ကို ကောက်ယူပြီး တစ်ချက် အော်ခေါ်လိုက်တယ် ။


“ တတိယဦးလေး!”


ကျိုးသင့်ကြောင်းသင့် တရားနည်းလမ်းကျအရဆိုရင် သူတို့က ကျွန်တော့်တစ်ယောက်တည်း ပစ်ထားခဲ့ပြီး ကိုယ့်ဟာကိုယ် အရင်သွားနှင့်ကြမှာ မဟုတ်လောက်ဘူးလေ ။ သူတို့ တခုခုများဖြစ်လားလို့ ကျွန်တော် အရင်ဆုံး သံသယဖြစ်မိတယ် ။ ဒါပေမဲ့ စောစောကလည်း တိုက်သံခိုက်သံမျိုး မကြားမိပါဘူး ။ ဖန်းကျစ်လို သူတို့ အစွမ်းအစမျိုးနဲ့က ဘယ်လို မကောင်းဆိုးဝါးမျိုးနဲ့ပဲ တွေ့တွေ့ အော်နိုင်စွမ်းတော့ ရှိပါသေးတယ် ။


ဒါပေမဲ့ ပဲ့တင်သံကလွဲလို့ ပြန်ဖြေသူမရှိ ။ ဒီမှောင်မည်းမည်း သင်္ချိုင်းဂူဗိမာန်ထဲမှာ အေးစက်စက် ကျောက်ခေါင်းတလား ခုနှစ်ခုနဲ့ လူစိမ်းတစ်ယောက်ရဲ့ အလောင်းတစ်ခုက ကျွန်တော့်ကို ချက်ချင်း လက်ရှိအခြေအနေဆီ ပြန်ရောက်လာစေတယ် ။ ရုတ်တရက် ကျွန်တော်က ကျွမ်းကျင်တဲ့ သင်္ချိုင်းဖောက်သမား တစ်ယောက် မဟုတ်ဘူးဆိုတာကို သတိရမိလိုက်ပြီး ကျွန်တော်တစ်ယောက်တည်း ဒီဂူသင်္ချိုင်းထဲမှာ နေနေဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ ။ ဘယ်လို မကောင်းဆိုးဝါးတွေမှ မရှိဘူး ဆိုရင်တောင် ကျွန်တော့်ရဲ့ စိတ်ကူး အတွေးတွေကတင် ကျွန်တော့်ကို သတ်ပစ်လို့ ရနေပြီ !


ကျွန်တော် ထပ်ပြီး အကျယ်ကြီး အော်ခေါ်လိုက်တယ် ။ တစ်ယောက်ယောက် ကျွန်တော့်ကို ပြန်ထူးလိမ့်မယ်လို့ တကယ်ကြီး မျှော်လင့်မိပေမဲ့ လုံးဝတိတ်ဆိတ်နေတုန်းပဲ ။ အဲဒီအချိန် ကျွန်တော်လက်ထဲက သတ္တုတွင်းသုံးမီးအိမ်က ရုတ်တရက် မှိတ်တုတ် မှိတ်တုတ်ဖြစ်သွားပြီး လုံးဝ ငြိမ်းသွားတော့မလိုဖြစ်လာတယ် ။ ကျွန်တော့်တကိုယ်လုံး ချွေးစေးတွေ ထွက်လာပြီး ခေါင်းထဲမှာ စတင် လျှောက်တွေးလာမိတော့တယ် ။ 


တကယ်လို့ ဒီတိုင်းသာ တလျှောက်လုံး အေးဆေးငြိမ်သက်နေမယ်ဆိုရင် ကျွန်တော်လည်း တဖြည်းဖြည်းချင်း စိတ်အေးတည်ငြိမ်လာနိုင်လိမ့်မယ် ။ ဒါပေမဲ့ အတော်လေး အကြောင်း မတိုက်ဆိုင်လိုက်ပုံများက အဲဒီအချိန်မှာမှ ကျောက်အခေါင်းတလားရဲ့ အဖုံးဆီက ချက်ခနဲ အသံတစ်သံ ထွက်လာတယ် ။ ခေါင်းတလား ခုနှစ်ခုထဲက ဘယ်တစ်ခုဆီက ထွက်လာတာမှန်းတော့မသိဘူး ။ ကျွန်တော် ခေါင်းက မူးနောက်နောက် ဖြစ်လာသလိုနဲ့ နှလုံးက လည်ချောင်းထဲထိ ခုန်ထွက်လာသလို ခံစားလိုက်ရပြီး နံရံနဲ့ ကျောနဲ့ကပ်သွားသည်အထိ နောက်ဆုတ်သွားမိတယ် ။ ရုတ်တရက် တစ်စုံတစ်ရာက ဖြတ်ခနဲ အရောင်လက်သွားတာကြောင့် ကျွန်တော် ခေါင်းလှည့်ကြည့်လိုက်တော့ ဘေးအခန်းငယ်ထဲက ဖယောင်းတိုင် ငြိမ်းသွားခဲ့တာပဲ ။ 


ကျွန်တော် ဝမ်းနည်းကြေကွဲစွာနဲ့ သက်ပြင်းချလိုက်မိရင်း စိတ်ထဲကလည်း ပြောလိုက်မိတယ် ။ ငါလည်း ဘာပစ္စည်းမှ ယူမထားဘူးလေ မင်းဘာလို့ ငါ့ဖယောင်းတိုင်ကို မှုတ်ပစ်လိုက်ရတာလဲ ။ ဟိုကျောက်ခေါင်းတလားတွေဘက် ပြန်လှည့်ကြည့်လိုက်တော့ အဖွင့်ခံထားရပြီးသား ဖြစ်တဲ့ ကျောက်ခေါင်းတလားထဲက ရှေးဟောင်းရုပ်အလောင်းဟာ မထင်မှတ်ဘဲ ထထိုင်နေခဲ့ပြီ ။ ဟိုနိုင်ငံခြားသားရဲ့ အလောင်းကလည်း သူနဲ့အတူ ပါလာခဲ့ပြီး အလောင်းနှစ်လောင်း အတူတူထထိုင်နေတာနဲ့ တူနေတယ် ။ ကံကောင်းတာက ကျွန်တော့်ကို လှည့်ကြည့်မလာတာပဲ ။ 


ကျွန်တော် ဆက်မကြည့်ရဲတော့ဘဲ မျက်လုံးတွေကို မှိတ်ပြီး တုန်ယင်နေတဲ့ ခြေထောက်တွေကို လှမ်းရင်း သတိကောင်းကောင်းနဲ့ ချိန်ဆကာ နံရံနားကို တရွေ့ရွေ့ချည်းကပ်သွားပြီးနောက် ဘေးအခန်းငယ်ထဲကို လှစ်ခနဲ ပြေးဝင်လာခဲ့တော့တယ် ။ 


ကျွန်တော့်အဘိုးရဲ့ မှတ်စုထဲမှာ သတ္တိကို လေ့ကျင့်ပျိုးထောင်ပေးတဲ့ စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်းကို ရေးထားခဲ့ဖူးတယ် ။ အဲဒါက မမြင်ရင် မဖြစ်ခဲ့ဘူးလို့သာ သဘောထားလိုက် တဲ့ ။ ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ် ။ မဟုတ်ရင်လည်း ကျွန်တော့်မှာ ထထိုင်နေတဲ့ နှစ်တစ်ထောင် ရှေးဟောင်း အလောင်းကောင်ကိုကြည့်ရင်းနဲ့ ပြဿနာကို စဉ်းစား တွေးဆနိုင်စွမ်း ရှိမနေဘူးလေ ။ ကျွန်တော် သတ္တုတွင်းသုံး မီးအိမ်ကို အတတ်နိုင်ဆုံး အလင်းရောင် အပြင်ဘက်မထွက်အောင် ထောင့်တနေရာမှာ ချထားလိုက်တယ် ။ အဲဒီနောက် ဟိုဖက်တီးကောင် ချန်ထားခဲ့တဲ့ အိတ်ရဲ့ အထဲမှာ ဘာများ ရှိဦးမလဲလို့ အသေအကြေ လှန်လှောရှာဖွေလိုက်တယ် ။ အချိန်အတော်ကြာ မွှေနှောက် ရှာဖွေပြီးတဲ့နောက် ဖိသိပ်ထားတဲ့ ဘီစကစ်ခြောက်တချို့နဲ့ စာတွေနဲ့ ပုံတွေ ပြွတ်သိပ်စွာ ရေးထားတဲ့ စာရွက်တချို့ပဲ တွေ့ရတယ် ။ ကြည့်ရတာ အရေးကြီး လိုအပ်တဲ့ ပစ္စည်းတွေ အားလုံး ကိုယ်ပေါ်မှာ သယ်သွားခဲ့ပုံပဲ ။ အခုအချိန် အပြင်ဘက်မှာ အလင်းရောင်လုံးဝ မရှိတာကြောင့် လုံးဝ ပိန်းပိတ်အောင် မှောင်မည်းနေပြီး ဟိုအလောင်းကောင် အခုဘာလုပ်နေလဲ ကျွန်တော်လည်း မသိဘူး ။ တကယ်လို့ သူထိုင်နေရုံတင် မဟုတ်ဘဲ လှဲချလိုက် ပြန်ထိုင်လိုက်နဲ့ ဗိုက်ကြွက်သား လေ့ကျင့်ခန်းလုပ်နေလည်း ကျွန်တော် သူ့ကို ကြောက်မနေဘူး ။ သူ အထူအပါးနားမလည်ဘဲ ဒီဘက်ကို လျှောက်လာမှာပဲ ကြောက်တာ ။ 


အဲဒီအချိန် ဟိုသင်္ချိုင်းဖောက်သမားဥမင်ထဲက လေတသုတ် တိုးဝှေ့တိုက်ခတ်လာတယ် ။ ကျွန်တော် ရုတ်တရက် အကြံရသွားပြီး ဟုတ်ပြီလို့ စိတ်ထဲက တွေးလိုက်မိတယ် ။ ဒီဥမင်က သေချာပေါက် အပြင်ကို ပေါက်တာ ဖြစ်ရမယ် ။ မဟုတ်ရင်လည်း တခြားတနေရာကို ရောက်တာဖြစ်လိမ့်မယ် ။ ဘယ်ကိုပဲ ဖြစ်ဖြစ် ဒီနေရာထက်တော့ ပိုကောင်းတယ် ။ ကျွန်တော် အဲဒီ ဥမင်ရဲ့ ဘေးမှာ အမှတ်အသားတစ်ခု ထွင်းလိုက်တယ် ။  တကယ်လို့ တတိယဦးလေးတို့ ပြန်လာတဲ့အခါ ကျွန်တော် ဒီဥမင်ထဲဝင်သွားမှန်း သိအောင်လို့ပေါ့ ။ အဲဒီနောက် သတ္တုတွင်းသုံး မီးအိမ်ကို ကောက်ယူပြီး ပြန်ထုတ်ပိုးထားတဲ့ ဟိုဖက်တီးရဲ့ အိတ်ကို  ကျောမှာလွယ်ရင်း ဥမင်ထဲကို တွားဝင်လာခဲ့တော့တယ် ။ 


ကျွန်တော် တွားဝင်လာရင်း ကျွန်တော် ငယ်ငယ်တုန်းက အဘိုး ပြောပြခဲ့ဖူးတဲ့ ဗဟုသုတတွေကို ပြန်တွေးနေမိတယ် ။ ဘာတဲ့ ရှေးဟောင်းအဝိုင်း နောက်ပိုင်းလေးထောင့် ၊ ချင်တောင်တန်း ဟန်ကုန်းစောင်း ၊ ကိုးကြိမ်တိမ်တိမ် တစ်ကြိမ်နက်နက် ၊ အာ မဟုတ်သေးပါဘူး ၊ ဖီ သူ့အမေကြီးတော်နဲ့မှပဲ ။ ကျွန်တော်ခေါင်းကို ခါယမ်းလိုက်ရင်း ဒီနေရာက ဟာတွေနဲ့ ပတ်သတ်လို့ ကျွန်တော့်ခေါင်းထဲမှာ သိတာတွေက အတော်နည်းမှန်း သိလာရတယ် ။ ဒီသင်္ချိုင်းဖောက်သမားဥမင်ကို ကြည့်ရင်း သူ့ဟာက ဝိုင်းသလိုလို လေးထောင့်လိုလိုနဲ့ ဘယ်တုန်းက တူးထားတာမှန်းလည်း သိမနေဘူး ။ စိတ်ထဲမှာ ပြန်တွေးကြည့်မိတယ် ။ စောစောက ခေါင်းမှာ မြေအိုးစွပ်ထားတဲ့ ကောင်က ဒီဥမင်ကို သူ့ဟာသူ တူးပြီး ဝင်လာတာဆိုရင် သူ ဟိုအုတ်တွေကို ရိုက်မိတာနဲ့ ယန္တရားကို အစပျိုးလိုက်မိသလို ဖြစ်သွားမှာပဲ ။ ဒီလိုမှမဟုတ် သူက ကျွမ်းကျင်သူဖြစ်နေခဲ့တယ် ဆိုရင်လည်း အနည်းဆုံးတော့ အသံထွက်မှာပဲ ။ ဒါပေမဲ့ သူဝင်လာတဲ့ အချိန်တုန်းက ကျွန်တော်တို့ လုံးဝသတိမပြုမိခဲ့ဘူးလေ ။ ဒါကြောင့် ဒီဥမင်က အစောကြီးကတည်းက ရှိနေခဲ့ပြီးသား ဖြစ်ရမယ် ။ ဒါဆိုရင် ဒီဥမင်က တခြားအဖွဲ့တစ်ဖွဲ့က တူးထားခဲ့တာ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် ဟိုအရင်ကတည်းက တူးထားပြီးသားလည်း ဖြစ်နိုင်တယ် ။ စောစောက အိုးစွပ်ထားတဲ့ကောင်က တခြားသူတွေ တူးထားတဲ့ ဥမင်ကနေဝင်လာခဲ့တာ ဒါမှမဟုတ် သူတူးလာတဲ့ ဥမင်က ဒီဥမင်နဲ့ ဆက်မိသွားတာ အဲဒါမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ကောက်ချက်ချမိတယ် ။ 


အချိန် တခဏမျှ တွားတက်လာခဲ့ပြီးတဲ့နောက် လမ်းခွစုံ တစ်ခုပေါ်လာခဲ့တယ် ။ အဲဒီဥမင်နှစ်ခုလုံးရဲ့ တူးဖောက်ထားပုံ နည်းစနစ်တွေက လုံးဝကွဲပြားနေတာကြောင့် သေချာပေါက် မတူညီတဲ့ လူအုပ်စုနှစ်ခုက တူးဖောက်ခဲ့တာ ဖြစ်လိမ့်မယ် ။ ဘယ်ဥမင်ဖြစ်ဖြစ် အပြင်ကို ဦးတည်နေတာကြောင့် ကြုံရာတစ်ခုရွေးလိုက်ရင်း ရတာပဲလို့ ကျွန်တော် စိတ်ထဲက တွေးလိုက်မိတယ် ။ တတိယဦးလေး ကျွန်တော့်ကို ရှာတွေနိုင်ဖို့အတွက် ကျွန်တော်ရွေးလိုက်တဲ့ ဥမင်ရဲ့ ဘေးမှာ အမှတ်အသား ရေးဆွဲလိုက်ပြီးနောက် တွားဝင်လာခဲ့တော့တယ် ။ 


ဒီအချိန်မှာတော့ ကျွန်တော်ဟာ လတ်ဆတ်တဲ့ လေတသုတ်ကို ရှူရှိုက်ခွင့်ရဖို့နဲ့ တောက်ပတဲ့ လမင်းတစင်းကို မြင်ရဖို့ မျှော်လင့်နေခဲ့တယ် ။ ကျွန်တော်ထွက်လာမယ့် ဥမင်ဝကနေ တောက်လောင်နေတဲ့ မီးပုံကြီးတစ်ခုကို မြင်ရရင် အကောင်းဆုံးပဲ ။ အပေါ်မှာ ရှိနေတဲ့ ကူညီတတ်တဲ့သူတွေက ကျွန်တော့်ကို မြင်တော့ ကျွန်တော့်ကို အပေါ်ကို ဆွဲတင်ပေးကြပြီး သူတို့ရွက်ဖျင်တဲထဲကို ကျွန်တော့်ကို ခေါ်သွားကြ ၊ နောက် အစားအစာခြောက် နည်းနည်းစား ၊ ကောင်းကောင်း အိပ်စက်အနားယူ ၊ နောက်တော့ တတိယဦးလေးတို့က ကျွန်တော့်ကို ရှာတွေ့ ၊ အတူတူ အိမ်ပြန်ကြ ။ သင်္ချိုင်းဖောက်တဲ့အလုပ်လား ချီးပဲ ။ ကျွန်တော်ကတော့ တော်ပါပြီ ။ တခြားသူတွေ တသက်လုံး သင်္ချိုင်းဖောက်လာတာမှ ထူးဆန်းသတ္တဝါ ဖြူတာ မည်းတာ တစ်ခါနှစ်ခါလောက်တွေ့တာ ။ ကျွန်တော်မယ် ပထမဆုံးအကြိမ် သင်္ချိုင်းလေးဖောက်ပါတယ် သွားလိုက်တဲ့ နေရာတိုင်း ဇမ်ဘီတွေ အလောင်းကောင်တွေချည်းပဲ အသက်ကလေးတောင် ဝဝရှူခွင့်မပေးဘူး ။ ကျွန်တော် လွယ်ကူနေလိမ့်မယ်လို့ ထင်လို့လား ? တွေးကြည့်မှ အပေါ်က ကူညီတတ်တဲ့ သူတွေထဲမှာ မိန်းကလေးတစ်ယောက်လောက်ပါ ပါရင် အကောင်းဆုံးပဲ ။ ကျွန်တော့်ကို ပုခုံးလေး ဘာလေး နှိပ်ပေးလို့ရတာပေါ့ ။ 


တွေးကြည့်ရုံနဲ့တင် အားတွေပြည့်လာတာကြောင့် ကျွန်တော် ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်တယ် ။ မကြာခင်မှာဘဲ ရှေ့မှာ မီးရောင်ကို ကျွန်တော် မြင်လိုက်ရတယ် ။ ကျွန်တော် ဝမ်းသာအားရ ဖြစ်သွားမိတယ် ။ အရုဏ်မတက်ခင်ကတော့ အမှောင်ထုချည်းပါပဲလေ ! ဒါကြောင့် ခြေလက်လေးဖက်လုံး အားစိုက်ထုတ်လိုက်ပြီး ခေါင်းထွက်ကြည့်လိုက်တယ် ။ တကယ်ကို အားပါးတရ အသက်ပြင်းပြင်း တစ်ချက် ရှူရှိုက်ပစ်လိုက်ချင်ပေမဲ့ မြင်လိုက်ရရုံနဲ့….. မှင်သက်မိသွားခဲ့တယ် ။ 


မျှော်လင့်ချက်ကြီးလေလေ ပိုစိတ်ပျက်ရလေလေဆိုတာ တကယ်ပဲ ။ ကျွန်တော်ရှေ့မှာ ကျွန်တော်လာတုန်းက ဖြတ်လာခဲ့တဲ့ သင်္ချိုင်းဂူ စင်္ကြံလမ်းနဲ့ အတော်လေး ဆင်တူတဲ့ သင်္ချိုင်းဂူ စင်္ကြံလမ်းတစ်ခု ထပ်ပေါ်လာပြန်တယ် ။ ကြည့်ရတာ ဒီဂူသင်္ချိုင်းက အတော်လေးကို ရှုပ်ထွေးနေတာပဲ !


ကျွန်တော် အလိုလို ထဆဲပစ်လိုက်မိပြီး သတ္တုတွင်းသုံး မီးအိမ်နဲ့ ဘေးဘီဝဲယာ ထက်အောက် အကုန် လိုက်ထိုးကြည့်ရင်း သတိထားမိလိုက်တာနဲ့ ကျွန်တော် အူ,အ သွားပြန်တယ် ။ ဒါကြီးက ကျွန်တော် ထွက်လာခဲ့တဲ့ သင်္ချိုင်းဂူ စင်္ကြံလမ်းကြီးပဲ မဟုတ်ဘူးလား !? ဘာလဲဟ ၊ လတ်စသတ်တော့ ဒီသင်္ချိုင်းဖောက်သမားဥမင်နဲ့ ဟိုဘက်ကတစ်ခုနဲ့က ဆက်နေတာပဲ ။ အစကတော့ ဒီဥမင်ကို ထွက်ချင်လို့ တူးခဲ့တာလို့ ထင်တာလေ ။ 


ကျွန်တော် တကယ် ခေါင်းခြောက်လာတယ် ။ တကယ်ကို မတွေးတတ်ဘူး ။ ဒီဥမင်ကို တူးတဲ့သူက ဘာရည်ရွယ်ချက်နဲ့တုံး ။ 




TBC





Translator Note


ဒီအပိုင်းမှာပါတဲ့ ရှေးဟောင်းအဝိုင်း ၊ နောက်ပိုင်းလေးထောင့် ဆိုတာလေးက သင်္ချိုင်းဖောက်သမားတွေ တူးတဲ့ ဥမင်ရဲ့ ပုံပန်းသဏ္ဌာန်ကိုကြည့်ပြီး ရှေးကျလား ဒီဘက်ခေတ်လား ဆုံးဖြတ်တာလေးပါ ။ ချင်တောင်တန်း ဟန်ကုန်းစောင်းဆိုတာတော့ သင်္ချိုင်းဂူတွေနဲ့ သင်္ချိုင်းဖောက်သမား ဥမင်တွေဟာ ဟန်ခေတ်က သင်္ချိုင်းဂူများရှိရာ ချင်တောင်တန်း ကုန်းစောင်း တလျှောက်မှာ ရှိနေတာကို ဆိုတာပါ ။ ကိုးကြိမ်တိမ်တိမ် ၊ တစ်ကြိမ်နက်နက် ဆိုတာကတော့ သင်္ချိုင်းဂူတူးရမှာ သင်္ချိုင်းဂူရဲ့ ဖွဲ့စည်းပုံ ဆုံးဖြတ်ဖို့ ၊ လျို့ဝှက်လမ်းကြောင်းတွေကို ရှာဖွေနိုင်ဖို့အတွက် ကိုးကြိမ်တိတိ ခပ်တိမ်တိမ်တူးပြီးမှ ဆယ်ကြိမ်မြောက်မှာ နက်နက်တူးရမယ်ဆိုတဲ့ သင်္ချိုင်းဖောက်သမားတွေရဲ့ နည်းလမ်း အကြံပြုချက် တစ်ခုဖြစ်ပါတယ် ။ 










Thursday, January 8, 2026

အပိုင်း (၁၀) - အရိပ်

 အပိုင်း ၁၀ - အရိပ်




အစကတော့ သူ ကျွန်တော့်ကို ခြောက်လှန့်တာလားလို့ စိတ်ထဲက ထင်မိသေးတယ် ။ ဒါပေမဲ့ သူ့ရဲ့ အမူအရာနဲ့ သူ့ရဲ့ အကျင့်စရိုက်အရ အဲဒီလိုလူမျိုးနဲ့ မတူပြန်ဘူး ။ အဲဒီ မန့်ယိုဖျင်ဆီ “ဂရူး ဂရူး” အသံတွေ ဆက်ထွက်နေပေမဲ့ သူ့ပါးစပ်လှုပ်တာလည်း မမြင်ရဘူး ။ ကျွန်တော်တို့လေးယောက် သူ့ကိုကြည့်နေကြရင်း တော်တော်လေး ချောက်ချောက်ချားချား ဖြစ်နေကြတယ် ။ ကျွန်တော့်စိတ်ထဲကနေ “ မဟုတ်မှလွဲရော မန့်ယိုဖျင်က တကယ်ကြီး ဇမ်ဘီရဲ့ နှစ်ဖက်ချွန် သူလျိုများ ဖြစ်နေလား ?” လို့ တွေးမိတော့တယ် ။ 


မန့်ယိုဖျင်ရဲ့ အမူအရာက အဲသလောက် ထိတ်လန့်ဖွယ်ရာဖြစ်နေတာကို မြင်တော့ တတိယဦးလေးက ဖန်းကျစ်ကို ကြေးနီအိုးထဲက ဆွဲထုတ်လိုက်တယ် ။ ရုတ်တရက်ဆိုသလို မန့်ယိုဖျင်က အသံမထွက်တော့ဘူး ။ သင်္ချိုင်းဂူထဲမှာ ဘာအသံမှ မကြားရတော့ဘဲ လုံးဝ တိတ်ဆိတ်သွားတယ် ။ အချိန်ဘယ်လောက်ကြာသွားမှန်းမသိ ကြာသွားပြီးနောက် ကျွန်တော် လုံးဝ မအောင့်အီးနိုင်တော့ဘဲ စောစောက ဘာဖြစ်တာလဲဆိုတာ သူ့ကို မေးတော့မယ့်ဆဲဆဲ အခေါင်းဖုံးဟာ အပေါ်ကို လန်သွားပြီးနောက် ကျောက်ခေါင်းတလားကြီးက အသည်းအသန်တုန်ခါလာတော့တယ် ။ နောက်တော့ ကျောက်အခေါင်းတလားထဲကနေ အလိုလိုကျောချမ်းမိစေတဲ့ ချောက်ချားဖွယ်ရာ အသံတစ်သံထွက်လာခဲ့တယ် ။ အဲဒီအသံက ကျွန်တော့်အဘိုးရဲ့ မှတ်စုစာအုပ်ထဲ ရေးမှတ်ထားခဲ့တဲ့ ဖားအော်သံနဲ့ တူတယ်ဆိုတဲ့ အသံမျိုးပဲ ။ 


သာ့ခွေက ကြောက်လန့်လွန်းလို့ ဖင်ထိုင်လဲကျသွားတယ် ။ ကျွန်တော့် ခြေထောက်တွေလည်း အားပျော့လာပြီး ခွေယိုင်လဲကျတော့ မတတ်ပဲ ။ လောကကြီးထဲ ကိစ္စရပ်များစွာကို မြင်ဖူးကြုံဖူးခဲ့တဲ့ ကျွန်တော့် တတိယဦးလေးတောင်မှ ခြေထောက်တွေ တဆတ်ဆတ်တုန်ယင်လာတယ် ။ ဒါပေမဲ့ လဲတော့ မကျခဲ့ဘူး ။ 


မန့်ယိုဖျင်က အဲဒီအသံကိုကြားပြီးတဲ့နောက် သူ့မျက်နှာ အမူအရာက အတော်လေး ကြည့်ရဆိုးလာတယ် ။ ချက်ချင်း မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး အဲဒီကျောက်ခေါင်းတလားကို အလေးအနက် ဦးခိုက်လိုက်တော့တယ် ။ ကျွန်တော်တို့လည်း မြင်တာနဲ့ ချက်ချင်း သူ့အတိုင်းလိုက်ပြီး အားလုံး ဒူးထောက် ဦးခိုက်လိုက်ကြတယ် ။ 


မန့်ယိုဖျင်က ခေါင်းမော့လာပြီး ထူးဆန်းတဲ့ အသံတွေ အဆက်မပြတ်ရွတ်ဆိုလာပြန်တယ် ။ ကြည့်ရတာ မန္တာန်တစ်ခုခု ရွတ်နေသလိုပဲ ။ တတိယဦးလေးတစ်ယောက် ချွေးစေးပြန်လာပြီး အသံတိုးတိုးနဲ့ ပြောလာတယ် ။ 


“ သူ ဟိုဟာနဲ့ စကားပြောနေတာများလား?”


အဲဒီကျောက်အခေါင်းတလားက နောက်ဆုံးတော့ တည်ငြိမ်သွားပြီး မလှုပ်တော့ဘူး ။ မန့်ယိုဖျင်က နောက်တစ်ကြိမ် ထပ်ဦးခိုက်လိုက်ပြီးနောက် ထရပ်လိုက်တယ် ။ ပြီးတော့ ကျွန်တော်တို့ကို ပြောလာတယ် ။ 


“ ကျွန်တော်တို့ ဒီနေရာကနေ မိုးမသောက်ခင် ထွက်မှရမယ်”


တတိယဦးလေးက ချွေးစေးတွေကို သုတ်လိုက်ပြီး မေးတယ် ။


“အစ်ကိုလေး အစောက ဇမ်ဘီဘိုးဘိုးနဲ့ စျေးညှိနေတာလား?”


မန့်ယိုဖျင်က မမေးဖို့ ဟန်အမူအရာလုပ်ပြပြီး “ ဒီနေရာက ဘာပစ္စည်းကိုမှ မထိတော့နဲ့ ဒီကျောက်ခေါင်းတလားရဲ့ အရှင်သခင်က အတော်လေး အစွမ်းထက်တယ် သူဒီတိုင်းလွတ်ထွက်လာရင် နတ်မင်းကြီးတောင် ပြန်ထွက်နိုင်မှာ မဟုတ်ဘူး”


ဖန်းကျစ်က အကောင်းအဆိုးမသိဘဲ ရယ်ရယ်မောမော မေးလိုက်တယ် ။ 


“ ကျွန်တော် ပြောဦးမယ် ဒီက အစ်ကိုလေး စောစောက ပြောလိုက်တာ ဘယ်လို ဘာသာစကားလဲဗျ”


မန့်ယိုဖျင်က သူ့ကို လျစ်လျူရှုမြဲ လျစ်လျူရှုထားပြီး ကျောက်ခေါင်းတလားရဲ့ နောက်က လမ်းကြောင်းကို လက်ညိုးထိုးပြကာ “ အသာလေး ဖြတ်သွား ၊ အဲဒီ ကျောက်ခေါင်းတလားကို လုံးဝ မထိမိစေနဲ့” လို့ပြောတယ် ။ တတိယဦးလေးက စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်တယ် ။ အမှန်အတိုင်း ပြောရရင် ဒီလိုလူမျိုးတစ်ယောက် ဘေးမှာ ရှိနေတာဟာ ကျွန်တော်တို့ကို အတော်လေး သတ္တိရှိလာစေတယ် ။ ဒါကြောင့် ကျွန်တော်တို့ ပစ္စည်းတွေ သိမ်းလိုက်ကြပြီး တတိယဦးလေးက ဦးဆောင် ၊ မန့်ယိုဖျင်က နောက်ဆုံးကလိုက်ပြီး ကျွန်တော်တို့ဟာ သတ္တုတွင်းသုံး မီးအိမ်တွေကို ဖွင့်ကာ ကျောက်ခေါင်းတလားရဲ့ နောက်က လှိုဏ်ခေါင်းထဲကို ဝင်ခဲ့ကြတယ် ။ သာ့ခွေတစ်ယောက် ကျောက်ခေါင်းတလားဘေး​က ဖြတ်တဲ့အချိန် နံရံကို ကျောနဲ့ အသေကပ်ပြီး အကွာအဝေးကို တတ်နိုင်သလောက် ဝေးသမျှဝေးအောင် ထိန်းသိမ်းထားတဲ့ပုံက အတော်လေးရယ်ရတယ် ။ ဒါပေမဲ့ အခုနေချိန် ကျွန်တော်မှာ သူ့ကို ရယ်ဖို့ စိတ်ဆန္ဒ လုံးဝရှိမနေဘူး ။ 


ဒီသင်္ချိုင်းဂူ အတွင်းစင်္ကြံဟာ အောက်ဘက်ကို ဆင်းလျော နိမ့်ဆင်းသွားပြီး သင်္ချိုင်းဂူတွင်း အုတ်ခင်းလမ်း ဘေးနှစ်ဘက်လုံးမှာ ကမ္ဗည်းစာတွေ ထွင်းထုထားတယ် ။ ကျောက်ဆစ်ပန်းပုတချို့လည်း ရှိသေးတယ် ။ ကျွန်တော် ခဏရပ်ကြည့်ကြည့်ပေမဲ့ ဘာအဓိပ္ပါယ်မှန်း နားမလည်ဘူး ။ တကယ်တော့ ကျွန်တော်က မင်စာလိပ်နဲ့ ရှေးဟောင်းပစ္စည်းရောင်းတဲ့ လုပ်ငန်းလုပ်တဲ့အတွက် ဒီဟာတွေနဲ့ ပတ်သတ်လို့ အနည်းငယ် လေ့လာဖူးပြီး စာလုံးအနည်းငယ်ကိုတော့ နားလည်နိုင်တယ် ။ 


ဒါပေမဲ့ ကျွန်တော် ဒီစာလုံးတွေ အားလုံးကို နားလည်တယ် ဆိုဦးတော့ ပုဒ်ဖြတ်တွေ မပါတဲ့အတွက် အနက်အဓိပ္ပါယ်ကို နားလည်နိုင်ဖို့ အတော်လေးခက်လိမ့်မယ်လို့ ပြောရမှာပဲ ။ ရှေးလူတွေ စကားပြောတာက အတော်လေး ကျစ်လစ်ပြည့်စုံပြီး အတော်လေးလည်း ကျွမ်းကျင်လိမ္မာတယ် ။ ဥပမာပြောရရင် “然” (rán) ဆိုတဲ့ စကားလုံးပေါ့ ။ ကျွန်တော်မှတ်မိသေးတယ် ချီနိုင်ငံရဲ့ ဘုရင် မင်းကြီးက သူ့ရဲ့ စစ်သေနာပတိကို မေးခွန်းတစ်ခုမေးခဲ့တယ် ။ အဲဒီစစ်သေနာပတိက ခေါင်းညိတ်ကာ ပြုံးရင်း “然 ”(rán) လို့ပြန်ဖြေတယ် ။ ဘုရင်မင်းမြတ်က ပြန်ရောက်တော့ တနေကုန် အပြန်ပြန်အလှန်လှန် စဉ်းစားတယ် ။ သူပြောတဲ့ “然” (rán)က သဘောတူတာလား ကန့်ကွက်တာလား ။ ရလာဒ်အနေနဲ့ကတော့ နှစ်ရှည်လများ ပင်ပန်းခဲ့ရတာကြောင့် ရောဂါဝေဒနာ စွဲကပ်လာခဲ့တယ် ။ အသက်မျော့မျော့လေးသာ ရှိတော့တဲ့ အခိုက်အတန့်မှာ ကိုယ်တိုင်စဉ်းစားထားတဲ့ အဖြေကို စစ်သေနာပတိနဲ့ ပြောရင်း အဲဒီအချိန်က ဒီအဓိပ္ပါယ်မဟုတ်လားလို့ စစ်သေနာပတိကို မေးလိုက်တယ် ။ စစ်သေနာပတိက ခပ်ဟက်ဟက်ရယ်ရင်း “然” (rán) လို့ ပြန်ဖြေခဲ့တယ် ။ ဘုရင်ကြီးလည်း ချက်ချင်းကို အသက်ထွက်သွားတော့တယ်တဲ့လေ ။ 


တတိယဦးလေးက အတော်လေး ဂရုတစိုက် လှမ်းသွားနေခဲ့တယ် ။ ခြေလှမ်းတိုင်းကို အချိန်အကြာကြီးယူပြီး လှမ်းနေခဲ့တယ် ။ သတ္တုတွင်းသုံး မီးအိမ်ရဲ့ အမှောင်ကို ထွင်းဖောက်နိုင်အားက သိပ်မပြင်းလှဘူး ။ ရှေ့ဘက်ကလည်း မှောင်မှောင်နဲ့မည်းမည်း ၊ နောက်ဘက်ကလည်း မှောင်မှောင်နဲ့ မည်းမည်း ၊ ဒီလိုခံစားချက်က ကျွန်တော်တို့တတွေ ရေလှိုဏ်ခေါင်းထဲမှာတုန်းကလိုပဲ အတော်လေး စိတ်မသက်မသာဖြစ်လာသလို ခံစားလာရတယ် ။ နာရီဝက်လောက် လျှောက်လာကြပြီးတဲ့နောက် မြေအောက် ဥမင်လမ်းကြောင်းက စပြီး အတက်လမ်းဖြစ်လာခဲ့တယ် ။ ကျွန်တော်တို့ ဝင်လာတာ လမ်းတဝက် ရောက်လာလောက်ပြီဆိုတာ သိလိုက်ကြတယ် ။ အဲဒီအချိန် ကျွန်တော်တို့ဟာ သင်္ချိုင်းဖောက်သမား ဥမင်တစ်ခုကို တွေ့လိုက်ရပြီး တတိယဦးလေးဟာ အလိုလို ထိတ်လန့်တကြားဖြစ်သွားခဲ့တယ် ။ သူက တခြားသူဦးသွားမှာကို အကြောက်ဆုံး ဖြစ်တာကြောင့် ခပ်မြန်မြန်သွားပြီး စစ်ဆေးကြည့်လိုက်တယ် ။ 


ဒီသင်္ချိုင်းဖောက်သမားဥမင်က မကြာသေးခင်ကပဲ တူးထားတာ ဖြစ်လိမ့်မယ် ။ မြေကြီးတွေတောင် လတ်လတ်ဆတ်ဆတ် ရှိနေသေးတယ် ။ ကျွန်တော် တတိယဦးလေးကို မေးလိုက်တယ် ။ 


“ အဘိုးကြီးပြောတာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အဖွဲ့တစ်ဖွဲ့ ဒီလျိုမြောင်ထဲ ဝင်သွားခဲ့တယ် ဆိုတော့ အဲဒီလူတွေ တူးထားတာများလား ?”


“ငါလည်း မပြောတတ်ဘူး ၊ ဒါပေမဲ့ ဒီဥမင်တူးထားတာက အတော်လေး ကတိုက်ကရိုက်ဆန်တယ် ၊ ကြည့်ရတာ ဝင်ဖို့ တူးလာတာနဲ့ မတူဘူး ထွက်ဖို့ တူးတာနဲ့ တူတယ် ၊ ငါတို့တော့ လူများဦးသွားတာ ခံလိုက်ရပြီထင်တယ်”


“ အားမလျော့ပါနဲ့ တတိယသခင်ကလည်း သူတို့ကောင်းကောင်းရောက်တယ်ဆိုရင် နဂိုလာခဲ့တဲ့ လမ်းကပဲ ပြန်ထွက်မှာပေါ့ ကြည့်ရတာ ထင်မထားတဲ့ အရေးကိစ္စတစ်ခုခုဖြစ်တာ ဖြစ်ရမယ် ၊ ကျွန်တော့်အထင်တော့ ရတနာလည်း ရှိနေလိမ့်ဦးမယ်” လို့ ဖန်းကျစ်က နှစ်သိမ့်စကားပြောလာတယ် ။ 


တတိယဦးလေးက ခေါင်းညိတ်လိုက်တယ် ။ ကျွန်တော်တို့ တတွေ ဆက်လျှောက်လာကြတယ် ။ ကျွန်တော်တို့ ကိုယ်စား တစ်ယောက်ယောက်က မိုင်းရှင်းပေးပြီးသွားပြီဆိုတော့ ကျွန်တော်တို့လည်း ဒီလို တုံ့နှေးတုံ့နှေးလုပ်နေစရာမလိုတော့ဘူး ။


ကျွန်တော်တို့ ခြေလှမ်းတွေကို မြန်ဆန်လိုက်ကြပြီး ဆယ့်ငါးမိနစ်လောက် ဆက်လျှောက်ပြီးနောက် ကျွန်တော်တို့ဟာ ကျယ်ပြန့်တဲ့ စင်္ကြံလမ်းတစ်ခုဆီ ရောက်လာခဲ့ကြတယ် ။ အဲဒီ စင်္ကြံလမ်းက ပထမလမ်းထက် နှစ်ဆလောက်ကျယ်ပြီး အဆင်အပြင်တွေကလည်း ပိုပြီး အနုစိတ်ကာ လက်ရာမြောက်တယ် ။ ကြည့်ရတာ ဂူသင်္ချိုင်းရဲ့ အဓိက နေရာကို ရောက်လာခဲ့ပြီ ထင်တယ် ။ ဒီဝေ့ဝိုက်နေတဲ့ စင်္ကြံရဲ့အဆုံးမှာ ကြည်လင်လှတဲ့ ဧရာမ ကျောက်စိမ်း တံခါးချပ်ကြီး တစ်ခုရှိနေကာ  ဟင်းလင်းပွင့်လျက်ရှိနေပြီး အတွင်းကနေ ရိုက်ဖွင့်ထားခဲ့ပုံရတယ် ။ အဲဒီကျောက်စိမ်းတံခါးမကြီးတွေရဲ့ ဘေးဘက်မှာ ပန်းပုရုပ်တု နှစ်ခုရှိပြီး နှစ်ခုလုံး ဆာလောင်နေတဲ့ တစ္ဆေတွေပုံပဲ ။ တစ်ကောင်ရဲ့ လက်တစ်ဖက်ထဲမှာ တစ္ဆေလက်သည်းကို သိမ်းယူထားပြီး တစ်ကောင်ရဲ့ လက်ထဲမှာတော့ တံဆိပ်တော်ကို ကိုင်မြှောက်ထားတယ် ။ ရုပ်တုတွေရဲ့ ကိုယ်ထည်တွေက လုံးဝကို နက်မှောင်နေတယ် ။ 


တတိယဦးလေးက ကျောက်စိမ်းတံခါးကို တစ်ချက် စစ်ဆေးကြည့်တဲ့အခါ အပေါ်က ယန္တရားက ပျက်စီးနေပြီးသားဆိုတာ တွေ့လိုက်ရတယ် ။ ကျွန်တော်တို့လည်း တံခါးအဟကြားကနေ အထဲဝင်ခဲ့ကြတယ် ။ အထဲမှာ နေရာက အတော်လေး ကျယ်ဝန်းပြီး တပြင်လုံး ပိန်းပိတ်အောင်မှောင်နေကာ သတ္တုတွင်းသုံး မီးအိမ်ရဲ့ အလင်းက မလုံလောက်တော့ဘဲ ထိထိရောက်ရောက် အလင်းမပေးနိုင်တော့ဘူး ။ 


ဒါပေမဲ့ ကျွန်တော်တို့ဟာ ယေဘုယျအားဖြင့် ဘာတွေလဲ ဆိုတာလောက်တော့ မြင်နိုင်ခဲ့တယ် ။ ဒါက သင်္ချိုင်းဂူရဲ့ အဓိက ဗိမာန်နေရာဖြစ်မယ် ။ ဖန်းကျစ်က သူ့ရဲ့ သတ္တုတွင်းသုံးမီးအိမ်ကို ယူပြီး ဘေးဘီဝဲယာကို ဝေ့ကြည့်ရင်း ထပြောလာတယ် ။


“ ဘာလို့ ဒီလောက်များတဲ့ ခေါင်းတလားတွေ ရှိနေရတာလဲ”


အားကောင်းတဲ့ အလင်းရောင် ရှိမနေတဲ့ အခိုက်အတန့်မျိုးမှာ ဒီသင်္ချိုင်းဂူထဲ ဘာတွေရှိမှန်း ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ အတော်လေး ခက်ပါလိမ့်မယ် ။ ကျွန်တော် တချက်လှမ်းကြည့်လိုက်တဲ့အခါ သင်္ချိုင်းခန်းဆောင်ရဲ့အလယ်မှာ တကယ်ပဲ ကျောက်ခေါင်းတလားတွေ အများကြီး ခင်းကျင်းထားခဲ့တာကို တွေ့လိုက်ရတယ် ။ ပြီးတော့ ကြည့်လိုက်တာနဲ့ အစီအစဉ် တစ်ခုခုအတိုင်း ခင်းကျင်းထားတာမျိုးဖြစ်ပြီး ပုံမှန်အတိုင်း ညီညီညာညာ စီစီရီရီ ချထားတာမျိုး မဟုတ်ဘူး ။ သင်္ချိုင်းခန်းဆောင်ရဲ့ အပေါ်ဘက် ကြီးမားကျယ်ပြန့်တဲ့ မျက်နှာကျက်တစ်ခုလုံးမှာ နံရံဆေးရေး ပန်းချီတွေနဲ့ ပြည့်နေတယ် ။ ဘေးပတ်ပတ်လည်မှာ လေးထောင့်စပ်စပ် ကျောက်ပြားချပ်တွေချည်းဖြစ်ပြီး အပေါ်မှာ စာလုံးတွေ ပြွတ်သိပ်စွာ ထွင်းထုထားတယ် ။ ကျွန်တော်က သတ္တုတွင်းသုံးမီးအိမ်ကို ဘေးမှာ ချထားလိုက်တယ် ။ ဖန်းကျစ်ကလည်း သူ့လက်ထဲက တစ်ခုကို ကျွန်တော့် မီးအိမ်နဲ့ ကန့်လန့်ဖြတ်နေရာမှာချထားလိုက်တာကြောင့် အကြမ်းဖျဉ်းလောက် အလင်းရောင်ရသွားပြီး သင်္ချိုင်းခန်းဆောင်ရဲ့ ဘေးဘက်မှာ ဘေးခန်းဆောင်နှစ်ခုရှိနေတာကို တွေ့လိုက်ရတယ် ။ 


တတိယဦးလေးနဲ့ ကျွန်တော်က ပထမကျောက်ခေါင်းတလား ဘေးကို လျှောက်သွားပြီး မီးကျည်ချောင်းကို ထွန်းညှိလိုက်တယ် ။ အဲဒီကျောက်ခေါင်းတလားက ကျွန်တော်တို့ သင်္ချိုင်းဂူထဲ စဆင်းလာကာစက တွေ့ခဲ့တဲ့ဟာနဲ့ လုံးဝမတူဘူး ။ ဒီဟာရဲ့ အပေါ်မှာ ကမ္ပည်းစာတွေ အပြည့်ရေးထိုးထားတယ် ။ ကျွန်တော်ကြည့်ကြည့်တော့ တချို့အပိုင်းတွေ ဖတ်လို့ နားလည်တယ် ။ 


အပေါ်က စာတွေက ဒီကျောက်ခေါင်းတလားထဲက ပုဂ္ဂိုလ်ရဲ့ ဘဝဖြစ်စဉ်ကို ရေးမှတ်တင်ပြထားတာပဲ။ တကယ်တော့ ဒီသင်္ချိုင်းဂူရဲ့ အရှင်သခင်ဟာ လူနိုင်ငံရဲ့ နယ်ရှင်ပယ်ရှင်တစ်ယောက်ဖြစ်ပြီး အဲဒီလူမှာ မွေးရာပါ တစ္ဆေချိပ်စည်းတစ်ခုရှိတာကြောင့် မရဏပြည်က တပ်သားတွေကို ဆင့်ခေါ်နိုင်တယ်တဲ့ ။ ဒါကြောင့် တိုက်ပွဲတိုင်း အောင်နိုင်လေ့ရှိပြီး လူနိုင်ငံရဲ့ ဘုရင်မင်းမြတ်က မရဏစစ်တပ်ကို အုပ်စိုးသူ လူရှန်ဝမ် ရယ်လို့ ဘွဲ့ထူးချီးမြှင့်ပေးထားခဲ့တယ် ။ တစ်နေ့မှာ သူက လူနိုင်ငံရဲ့ ဘုရင်မင်းမြတ်ကို ရုတ်တရက် တွေ့ခွင့်တောင်းပြီး ပြောလာတယ် ။ သူပြောတာက သူက နှစ်ပေါင်းများစွာ မရဏပြည်က စစ်သည်တွေကို ငှားရမ်းပြီး အသုံးပြုခဲ့တယ် ။ အခု ငရဲမင်းကြီးက မိစ္ဆာငယ်တချို့ရဲ့ ပုန်ကန်မှုကို ခံနေရတာကြောင့် သူ မရဏပြည်ကို ပြန်ပြီး ငရဲမင်းကြီးဆီ လူမှုရေးအရကျေးဇူးကြွေး ဆပ်ရဦးမယ် ( မူရင်းစာကြောင်းကတော့ ဒီလိုရေးထားတာ မဟုတ်ဘူးပေါ့) ဒါကြောင့် လူနိုင်ငံ အရှင်မင်းမြတ်အနေနဲ့ သူ မရဏပြည်ပြန်ပြီး သတင်းပို့မယ့် အရေးကိစ္စကို ခွင့်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်တဲ့ ။ လူနိုင်ငံ ဘုရင်မင်းမြတ်က အဲဒီအချိန်က ချက်ချင်းပဲ အခွင့်ပေးခဲ့တယ် ။ အဲဒီ လူရှန်ဝမ်ဟာ ဘုရင်မင်းမြတ်ကို ဦးခိုက်လိုက်ပြီးနောက် ထိုင်လျက်အနေအထားနဲ့ပဲ ကွယ်လွန်သွားခဲ့တယ် ။ 


လူနိုင်ငံရဲ့ ဘုရင်မင်းမြတ်ဟာ သူပြန်လာလိမ့်ဦးမယ်လို့ ထင်မှတ်နေခဲ့ပြီး ဒီနေရာမှာပဲ သူ့အတွက် မြေအောက် နန်းဆောင်ဆောက်လုပ်ပေးထားခဲ့တယ် ။ သူ့ရဲ့ ကျန်ရစ်တဲ့ ကိုယ်ခန္ဓာကို ထိန်းသိမ်းထားပြီး သူပြန်လာတဲ့ အချိန်ကျ ဆက်ပြီး သူ့အတွက် သက်စွန့်ကြိုးပမ်း အကျိုးသယ်ပိုးဆောင်ရွက်လိမ့်ဦးမယ်လို့ မျှော်လင့်ထားတယ်…  ဘာညာ ဘာညာ ။ အတော်လေးကို လျှောက်ပြောထားတာ ။ စာထဲမှာ သူတိုက်ခဲ့တဲ့ တိုက်ပွဲတွေကိုလည်း စေ့ငုသေချာစွာ ရေးသားခြယ်မှုန်းထားသေးတယ် ။ တိုက်ပွဲအားလုံးနီးပါးမှာ သူက သူ့ရဲ့ တစ္ဆေချိပ်စည်း တချက်ဝံ့လိုက်တာနဲ့ မြေအောက်က မရဏစစ်သည်တွေထွက်လာပြီး ရန်သူတွေရဲ့ ဝိညာဉ်တွေကို တခါတည်း နှုတ်ယူသွားရောတဲ့ ။ ဖန်းကျစ်တစ်ယောက် ကျွန်တော်ရှင်းပြတာကို နားထောင်ရင်း ခံစားမှုအပြည့်နဲ့ လေးလေးလံလံ သက်ပြင်းချလိုက်ပြီး ပြောတယ် ။


“ အဲဒီလောက် စွမ်းတာလား ? သူအစောသေသွားလို့ တော်သေးတာပေါ့ မဟုတ်လို့ကတော့ ထီးပြိုင်နန်းပြိုင်ခေတ်က နိုင်ငံ ခြောက်ခုလုံးကို တစုတစည်းတည်း နိုင်ငံတစ်ခုတည်ထောင်ခဲ့တာ လူနိုင်ငံလို့ ဖြစ်သွားဦးမယ် ” 


ကျွန်တော်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ရင်း “ ဒါတော့ မသေချာဘူး ရှေးလူတွေက အရမ်းချဲ့ကားပြီး ကြွားလုံးထုတ်တတ်တာ ခင်ဗျား လူရှန်ဝမ်က မရဏ စစ်သည်တွေ ခေါ်လို့ရတယ်ဆို ဟို ချီနိုင်ငံက ဘယ်သူ ဘယ်သူ ဘယ်သူ ကလည်း နတ်စစ်သည်တွေ ခေါ်နိုင်လိမ့်မယ် ၊ ကျွန်တော် မှတ်မိတာ မိုးပေါ်ပျံနိုင်တဲ့ စစ်သူကြီးတစ်ယောက်တောင် ရှိသေးလေ တောင်တန်းနှင့် ပင်လယ်များကျမ်းမှာ ခင်ဗျား ရှာဖတ်ကြည့်ကြည့်” လို့ ပြောလိုက်တယ် ။ 


“ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ ငါတို့ ဘယ်သူ့ သင်္ချိုင်းတူးနေလဲ သိရတာပေါ့ ဒါပေမဲ့ ဒီမှာ ခေါင်းတလားတွေ ဒီလောက်များတာ ဘယ်အခေါင်းက သူ့ဟာတုံး?” လို့ ဖန်းကျစ်က မေးတယ် ။ 


ကျွန်တော်က တခြားခေါင်းတလားတွေပေါ်က ကမ္ပည်းစာတွေကို ထပ်ကြည့်လိုက်တယ် ။ အားလုံးက သိပ်မကွာလှဘူး ။ အကုန်လုံးက တူညီတဲ့ အကြောင်းအရာတွေပဲ ။ ကျွန်တော်တို့ ရေတွက်ကြည့်လိုက်တော့ အားလုံး ခုနှစ်ခုရှိတယ် ။ အဆင်သင့်တာကတော့ ခုနှစ်စင်ကြယ်ပုံ ဖြစ်နေတာပဲ ။ ခေါင်းတလား ခုနှစ်ခုလုံးပေါ်မှာတော့ အထဲက ဘယ်သူဘယ်ဝါဆိုတာမျိုး သတိပြုမိနိုင်ဖို့ ထောက်ပြထားတဲ့ ဘယ်လိုမှတ်တမ်းမျိုးမှ မရှိဘူး ။ ကျွန်တော် တခြား နားမလည်တဲ့ ကမ္ပည်းစာတွေကို လေ့လာနေတုန်းမှာပဲ ဘေးက သာ့ခွေက ထအော်လာတယ် ။ 


“ မင်းတို့ကြည့် ဒီကျောက်ခေါင်းတလားက တစ်ယောက်ယောက်ဖွင့်ပြီးသွားပြီ”


ကျွန်တော်သွားကြည့်ကြည့်လိုက်တော့ တကယ်ကိုပဲ ကျောက်ခေါင်းတလားရဲ့ အဖုံးဟာ ကျောက်ခေါင်းတလားနဲ့ အပြည့်အဝ ချိပ်ပိတ်မထားတာကို တွေ့လိုက်ရတယ် ။ နောက်ပြီး ခေါင်းတလားပေါ်မှာလည်း တူးရွှင်းနဲ့ ကော်ထုတ်ထားတဲ့ အရာ အသစ်စက်စက်တွေ ရှိနေသေးတယ် ။ တတိယဦးလေးက အိတ်ထဲကနေ ကျွန်တော်တို့တူရွှင်းကို ထုတ်ယူပြီး နည်းနည်းချင်း နည်းနည်းချင်း အခေါင်းဖုံးကို ကော်ဖွင့်လိုက်တယ် ။ အဲဒီနောက် မီးအိမ်ကိုယူပြီး အတွင်းကို လင်းကျင်းစေလိုက်တယ် ။ ဖန်းကျစ်ဆီက ထူးဆန်းတဲ့ အသံတစ်ခုထွက်လာပြီး ကျွန်တော်တို့ဆီ လှမ်းကြည့်လိုက်ကာ နဝေတိမ်တောင်နဲ့ မေးလာတယ် ။ 


“ ဘာလို့ အထဲက နိုင်ငံခြားသားကြီး ဖြစ်နေရတာလဲ?”


ကျွန်တော်တို့ ကြည့်လိုက်ကြတဲ့အခါ အထဲမှာ တကယ်ပဲ နိုင်ငံခြားသားတစ်ယောက် ဖြစ်နေခဲ့တယ် ။ နိုင်ငံခြားသား တစ်ယောက် ဖြစ်နေရုံမကဘူး အတော်လေးကို လတ်လတ်ဆတ်ဆတ်ကြီး ။ သေတာ တစ်ပတ်တောင် မပြည့်လောက်သေးဘူး ။ ဖန်းကျစ်က လက်ဆန့်ပြီး တစ်ခုခုနှိုက်ယူဖို့ ပြင်လိုက်ချိန် မန့်ယိုဖျင်က သူ့ပုခုံးကို လှမ်းဆွဲထားလိုက်တယ် ။ ကြည့်ရတာ အားအတော်သုံးလိုက်ပုံပဲ ။ ဖန်းကျစ်ခမျာ နာကျင်မှုကြောင့် ရှုံ့မဲ့မဲ့ ဖြစ်သွားရရှာတယ် ။ မန့်ယိုဖျင်က ပြောလိုက်တယ် ။ 


“မလှုပ်နဲ့ အခေါင်းပိုင်ရှင်က သူ့အောက်မှာ ရှိတယ်”


ကျွန်တော်တို့ သေချာကြည့်လိုက်တော့ တကယ်ပဲ အဲဒီနိုင်ငံခြားသားရဲ့ အောက်မှာ အလောင်းတစ်ခုရှိနေသေးတယ် ။ ဘယ်လိုပုံစံလည်းတော့ သေချာမမြင်ရဘူး ။ တတိယဦးလေးက မြည်းနက်ရဲ့ ခွာကို ဆွဲထုတ်လိုက်ပြီး ပြောတယ် ။ 


“ ဆိုးဆိုးရွားရွားဟာတစ်ခုပဲ ဖြစ်ရမယ် အသာစီးရအောင် လက်ဦးမှုယူထားမှ”


အဲဒီအချိန် ကျွန်တော့်နောက်မှာ ရှိနေတဲ့ သာ့ခွေက ကျွန်တော့်အင်္ကျီကို ဆွဲပြီး ကျွန်တော့်ကို ဘေးအထိရောက်လာအောင် ဆွဲခေါ်ထုတ်လာတယ် ။ 


သူက ပုံမှန်ဆို ပွင့်ပွင့်လင်းလင်း ရှိတတ်တာကြောင့် ကျွန်တော် ထူးဆန်းတယ်လို့ ခံစားလိုက်ရပြီး သူ့ကို ဘာဖြစ်တာလဲလို့ မေးလိုက်တယ် ။ သူက ကျွန်တော်တို့ ချထားတဲ့ သတ္တုတွင်းသုံး မီးအိမ်ရဲ့ အလင်းရောင်ကြောင့် မျက်နှာခြင်းဆိုင်က နံရံပေါ်မှာ ပေါ်နေတဲ့ အရိပ်တွေကို လက်ညှိုးထိုးပြပြီး လေသံတိုးတိုးနဲ့ ပြောတယ် ။


“ မင်းကြည့် ဒါက မင်းရဲ့အရိပ် ဟုတ်တယ်မှတ်လား?”


ကျွန်တော် စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်မိတယ် ။ “ ဘာလဲ အခု အရိပ်ကိုပါ ကြောက်နေပြီလား?”


သူ့မျက်နှာ အသွေးအရောင်က သိပ်မကောင်းသလို ကျွန်တော်ပြောတာ ကြားပြီး နှုတ်ခမ်းတွေလည်း ဆတ်ခနဲ တုန်ယင်သွားတယ် ။ မဟုတ်သေးပါဘူး သူဒီလောက်ထိတောင် ကြောက်နေတာလားလို့ ကျွန်တော်စိတ်ထဲက တွေးလိုက်မိတယ် ။ သူက လက်ခါပြပြီး ကျွန်တော့်ကို စကားမပြောခိုင်းဘဲ အဲဒီအရိပ်တွေကို လက်ညှိုးထပ်ထိုးပြပြီး “ ဒါက ငါ့အရိပ် ၊ ဒါက ဖန်းကျစ် ၊ ဒါက တတိယသခင် ၊ ဒါက အစ်ကိုလေး ၊ မင်းအားလုံး မြင်တယ်မှတ်လား မင်းရောပါမှ အားလုံးပေါင်း ငါးယောက်လေ” လို့ပြောတယ် ။


ကျွန်တော် ခေါင်းအသာညိတ်လိုက်တယ် ။ ရုတ်တရက် တစ်ခုခုကို သတိထားမိလာသလိုပဲ ။ သာ့ခွေက တံထွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး ကျွန်တော်တို့နဲ့ အတူမရှိဘဲ သီးသန့် ထီးတည်းရှိနေတဲ့ အခြားအရိပ်တစ်ခုကို လက်ညိုးထိုးပြလိုက်ပြီး ငိုတော့မလိုအသံနဲ့ မေးလာတယ် ။ 


“ ဒါဖြင့် ဒီအရိပ်က ဘယ်သူ့ဟာတုံး?”



TBC




Translator note 


然 (rán) ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က မှန်သည် ၊ ဤသို့ ဆိုတာအပြင် သို့သော်လည်း ၊ သော်ငြားလည်း လို့လည်း အဓိပ္ပါယ်ရပါတယ် ။ ဒါကြောင့် စစ်သေနာပတိပြောတဲ့ အဓိပ္ပါယ်က ဘာကို ဆိုလိုမှန်း ဘုရင်ကြီး တွေးရခက်နေတာပါ ။ တကယ်တော့ အဲဒီမေးခွန်းရဲ့ အဖြေဟာ ဘုရင့်စိတ်တိုင်းကျ အဖြေသာဖြစ်သင့်တာမျိုး မလို့ပါ ။ ဒါကြောင့် စစ်သေနာပတိကြီးက စကားအလိမ္မာနဲ့ 然 လို့ ပြန်ဖြေခဲ့တာဖြစ်ပါတယ် ။ ဒါက ရှေးလူတွေရဲ့ စကားအရာမှာ ကျစ်လျစ်ပြီး ကျွမ်းကျင်လိမ္မာပုံကို ထင်ဟပ်ပြတဲ့ အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ် ။ 









အပိုင်း (၁၄) - မန့်ယိုဖျင်

  အပိုင်း ၁၄ - မန့်ယိုဖျင် ဟိုကောင်လေးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလာတယ် ။ “ရဲဘော်တို့ ငါ မင်းတို့ကိုပါ အမှုပတ်စေမိပြီ ၊ ကြည့်ရတာတော့ င...