အပိုင်း ၄ - အလောင်းဂူ
လာခဲ့တဲ့ လမ်းတစ်လျှောက်လုံး အန္တရာယ်များတဲ့ကိစ္စပေါင်းမနည်း ကြုံခဲ့ရပြီး ဒီအပေါင်းအဖော်တွေဟာ အမှန်တကယ်ကို ကျွမ်းကျင်ထက်မြက်လွန်းတယ် ။ ကျွန်တော် သူတို့ကို အတော်လေး ယုံကြည်မိတယ် ။ ဒါကြောင့် ဖန်းကျစ်ရဲ့ ဒီစကားတစ်ခွန်းက ကျွန်တော့်စိတ်ထဲ လက်ရှိကိစ္စရဲ့ အခြေအနေမှန်ကို သေသေချာချာ နားလည်သဘောပေါက်စေတယ် ။ လူထွားကြီး အားခွေကလည်း ကျွန်တော့်ကို မျက်ရိပ်ပြတယ် ။ အဓိပ္ပါယ်ကတော့ မင်းနောက်မှာပဲ ကျုံ့ဝင်နေ ဘာတွေဖြစ်လာဖြစ်လာ ခေါင်းထွက်မကြည့်နဲ့ ဆိုတာမျိုးပေါ့ ။ ကျွန်တော် ထိန်းမထားနိုင်ပဲ ခပ်မဲ့မဲ့ပြုံးလိုက်မိတယ် ။ ဘာလို့ ခေါင်းထွက်မကြည့်ဘဲ နေရမှာလဲ ? အားခွေဆိုတဲ့ ခင်ဗျားက လက်သီးတစ်ချက်နဲ့တင် နွားတစ်ကောင်ကိုတောင် လဲကျစေနိုင်တာ ၊ ဖန်းကျစ်ဆို ပြောစရာတောင် မလိုဘူး ။ စစ်ပြန် စစ်သားဟောင်းကြီး တစ်ကိုယ်လုံး အမာရွတ်တွေနဲ့ချည်း ပြည့်နေတာ ။ ကျွန်တော်တို့ တတိယဦးလေးကဆို ငယ်ငယ်ကတည်းက တိုက်ခိုက်သတ်ပုတ်ရာမှာ အကြောက်အလန့်မရှိဘူးလို့ ကျော်ကြားတဲ့သူမျိုး ။ နောက် ဟို အသံမထွက်တဲ့ ဝန်ထုတ်ဝန်ပိုး ဆီလုံပုလင်းလေး ၊ သူကိုတော့ ဘယ်လိုကြည့်ကြည့် လူကောင်းသူကောင်းလို့ကို မထင်မိဘူး ။ ပြီးတော့ ကျွန်တော် ။ ရှေးခေတ်က စာပေသမားလေးလိုပုံစံနဲ့ အသုံးမကျဆုံးပဲလေ ။ တတိယဦးလေး ကျွန်တော့်လက်ထဲ ထိုးထည့်ပေးထားတဲ့ စစ်သုံးဓားမြှောင်က လက်ထဲမှာ အတော်လေးလံနေသလို ခံစားနေရပြီး ဘယ်လိုသုံးရမှန်း မသိနဲ့ စိတ်ထဲတော်တော် ကသိကအောက် မသက်မသာဖြစ်မိတယ် ။
ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဘာပစ္စည်းယူခဲ့ရမလဲ ကျွန်တော်စဉ်းစားနေတုန်းမှာဘဲ လွီတန့်တန့်က တဗွမ်းဗွမ်းနဲ့ ရေပြန်ကူးလာတယ် ။ အဘိုးကြီးက ဆေးတံကို သူ့ဘောင်းဘီပေါ် တစ်ချက်ခေါက်လိုက်ပြီး ပြောတယ် ။
“သွားကြစို့ ၊ လှေလာပြီ”
တကယ်ပဲ လှေကလေးနှစ်စင်းဟာ တောင်နောက်ကနေ ရှေ့နောက်အစဉ်လိုက်ထွက်လာခဲ့တယ် ။ ရှေ့ကလှေပေါ်မှာ သက်လတ်ပိုင်းလူတစ်ယောက် မတ်တပ်ရပ်လျှက်ရှိပြီး လှေထိုးရင်းနဲ့ ကျွန်တော်တို့ကို လှမ်းအော်ခေါ်တယ် ။ လှေက အတန်အသင့်ကြီးမားပြီး ကျွန်တော်တို့အားလုံးအပြင် ပစ္စည်းတွေပါ တင်လို့ ဆန့်နိုင်လောက်တယ် ။ အဘိုးကြီးက နွားရဲ့ လည်ပင်းကို တဖတ်ဖတ်ပုတ်လိုက်ရင်း ပြောတယ် ။
“အားလုံးပဲ ပစ္စည်းတွေ သယ်ပိုးထားစရာမလိုတော့ဘူး ကျုပ် ဒီနွားနဲ့ ပစ္စည်းတွေကို နောက်ကလှေပေါ်တင်လိုက်မယ် ကျုပ်တို့က ရှေ့ကလှေမှာ ထိုင်ကြမယ် လူလည်းသက်သာတာပေါ့”
ဖန်းကျစ်က ရယ်လိုက်တယ် ။
“တချို့ပစ္စည်းတွေက ရေထိလို့မရဘူးဗျ ကိုယ်နဲ့မကွာသယ်သွားတာ အကောင်းဆုံးပဲ ၊ ခဏနေ အဲဒီနွားက ရေထဲခုန်ချပြီး ကျွန်တော်တို့ အကျိုးနည်းကုန်ရင် ဘယ်လိုလုပ်မလဲ?”
အဘိုးကြီးက ပြုံးရင်း ခေါင်းတညိတ်ညိတ်လုပ်နေတယ် ။
“ မင်းပြောတာလည်း ဟုတ်သားပဲ ဒါပေမဲ့ ဒီနွားကလည်း ရေကျွဲမှ မဟုတ်တာ ရေထဲခုန်မချနိုင်ပါဘူး ၊ ခုန်ချသွားရင် ငါအဘိုးကြီး ကိုယ်တိုင် ပစ္စည်းတွေကို ပြန်ပြီးဆယ်ယူလာပေးမယ် မင်းတို့ပစ္စည်းတွေ တစ်ခုမှ မလျော့စေရဘူး”
ပြောရင်း အရင်ဆုံး နွားကိုဆွဲပြီး လှေဆိပ်ဆီဆင်းသွားတယ် ။ ကျွန်တော်တို့တတွေလည်း ကိုယ့်ပစ္စည်းကိုယ်သယ်ရင်း နောက်က လိုက်ကြတယ် ။ အဲဒီ သက်လတ်ပိုင်းအရွယ်လူက လှေထိုးတာ အတော်လေးကျွမ်းကျင်တယ် ။ ခဏနဲ့တင် ကမ်းကိုဆိုက်လာတယ် ။
အဘိုးကြီးက နွားကို ဒုတိယလှေပေါ်တင်လိုက်သခိုက် လှေထိုးသမားကို ကျွန်တော် တစ်ချက်လှမ်းကြည့်လိုက်တယ် ။ သူ့အသားက ခပ်မည်းမည်းနဲ့ အသွင်အပြင်က အတော်လေး သာမန်ပဲ ။ ဒါပေမဲ့ စိတ်ထင်တာလား ဘာလားတော့ မသိဘူး အဲဒီလူကို ကြည့်ရတာ စိတ်ထဲ မသိုးမသန့် ဖြစ်မိတယ် ။ တတိယဦးလေးပြောတဲ့ လူသေအသားစားတဲ့ကိစ္စကို တွေးမိပြန်တော့ သူ့ကိုကြည့်ရတာ ပိုပြီး ကြောက်စရာကောင်းလာခဲ့တယ် ။
“ခဏနေ ဂူထဲရောက်တဲ့ အခါကျရင် အားလုံး စကားကို လုံးဝ တိုးတိုးလေးပဲ ပြောကြပါ မြစ်စောင့်နတ်ကို အနှောင့်အယှက် မဖြစ်ပါစေနဲ့”
အဲဒီလူက ပြောတယ် ။
“ အထူးသဖြင့် မြစ်စောင့်နတ်ကို မကောင်းစကား မပြောရပါဘူး”
“ဂူထဲကို ဖြတ်ဖို့ အချိန်ဘယ်လောက် ကြာနိုင်လောက်လဲ”
တတိယဦးလေးက သူ့ကို မေးလိုက်တယ် ။
“မြန်ရင်တော့ ငါးမိနစ်လောက်ဆို ရပြီ ၊ အထဲမှာ ရေစီးက အတော်သန်ပြီး အန္တရာယ်များတယ်”
“ ဘာလို့ နှေးတဲ့ အချိန်လို့ ရှိသေးရတာလဲ”
“ ဟုတ်တယ် တခါတလေကျတော့ ဒီရေက ရေဆန်သွားရတယ်လေ ခင်ဗျားကြည့် ကျုပ် စောစောက ရေစုန်အတိုင်း ထွက်လာတာ ဆိုတော့ အခု ကျုပ်တို့ ရေဆန်အတိုင်း ဝင်ရတော့မယ် အဲဒီတော့ အချိန်ကကြာသွားရော ခန့်မှန်းချေ 15မိနစ်လောက်ပေါ့ တချို့အကွေ့တွေက အတော်လေး အန္တရာယ်များတယ်”
“ အထဲမှာ အလင်းရောင်မရှိဘူးလား?”
အဲဒီလူက ခပ်ဟက်ဟက်ရယ်တယ် ။
“ မီးရောင်မရှိ မှောင်မည်းမည်းနဲ့ ဘယ်လိုလုပ် အလင်းရောင်ရှိမှာလဲ လုံးဝမှောင်ပိန်းနေတယ်လို့ ပြောလို့ရတယ်”
ဒါပေမဲ့ သူက သူ့ရဲ့ နားရွက်ကို လက်ညိုးထိုးပြပြီး…
“ ကျုပ်လှေထိုးလာတာ ဆယ်စုနှစ်ကျော်လာပြီ ဒီလောက်ကတော့ နားသုံးရုံနဲ့ ရတယ်”
“ ဒါဖြင့် ကျုပ်တို့ ဓာတ်မီးသုံးလို့ရလား”
ဖန်းကျစ်က သူ့လက်ထဲက မိုင်းတွင်းသုံး မီးအိမ်ကို ယမ်းပြပြီး “ ပြဿနာတော့ မရှိဘူး မှတ်လား?” လို့မေးလိုက်တယ် ။
“ပြဿနာတော့ မရှိပါဘူး” အဲဒီလူကပြောတယ် ။ “ဒါပေမဲ့ ရေထဲကိုတော့ မထိုးနဲ့ ခင်ဗျားတို့ လန့်သေသွားလိမ့်မယ်”
“ဘယ်လို ?” တတိယဦးလေးက တစ်ချက်ရယ်လိုက်တယ် ။ “ ရေသရဲရှိလို့လား?”
“ရေသရဲက ဘာဟုတ်ဦးမှာတုံး ၊ ဒီရေထဲက အရာက ကျုပ်လည်း မပြောရဲဘူး ၊ ခင်ဗျားတို့ သတ္တိအရမ်းကောင်းရင်တော့ ခဏနေကျ တစ်ချက် ကြည့်ကြည့် ၊ မှတ်ထား တစ်ချက်ကလေးပဲကြည့်နော် ၊ ခင်ဗျားတို့ ကံကောင်းရင် ပိန်းပိတ်အောင်မှောင်နက်နေတဲ့ ရေပြင်ကို မြင်ရမယ် .. ကံမကောင်းရင်တော့ ခင်ဗျားတို့ ကြောက်လန့်ပြီး ရူးသွပ်သွားစေလောက်တဲ့ အရာကို တွေ့ရလိမ့်မယ်”
ပြောနေရင်းနဲ့ အဲဒီဂူဝကို ကျွန်တော်တို့ မြင်လာရပြီ ။ အဲဒီဂူက တောင်နံရံရဲ့ နောက်မှာ ဖုံးကွယ်နေပြီး ကျွန်တော်တို့ ကမ်းစပ်မှာ ရှိနေတုန်းက မမြင်ရဘူး ။ တလျှောက်လုံး ဂူကြီးတစ်လုံးလို့ တွေးထင်ထားခဲ့သမျှ တကယ်တမ်း မျက်စိနဲ့ တပ်အပ်မြင်လိုက်ရမှ ဒုက္ခပဲလို့တောင် အသံထွက်အော်မိသွားတယ် ။ ဒီဂူက တော်တော်သေးလိမ့်မယ်လို့ မထင်ထားဘူး ။ သေးတာမှ ဒီလှေထက် လေးလက်မလောက်ပဲ ပိုမယ် ။ ထိတ်လန့်စရာ အကောင်းဆုံးက သူ့အမြင့်ပဲ ။ လူက ထိုင်လျှက်နဲ့တောင် ဝင်သွားလို့မရဘူး ။ ကျောကို ကုန်းကွေး ငုံ့ကိုင်းချလိုက်မှ ဝင်နိုင်ရုံလောက်ရှိတယ် ။ ဒီလောက်အကျယ်အဝန်းနဲ့ အထဲမှာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ချုံခိုတိုက်ရင်တောင် ကျွန်တော်တို့ လက်တွေခြေထောက်တွေ ကောင်းကောင်းလှုပ်ရှားလို့တောင် ရမှာမဟုတ်ဘူး ။ ဖန်းကျစ်က ထအော်တော့တယ် ။
“သောက်ကျိုးနဲ ! ဒီဂူက ယုတ်မာလှချည်လား”
“ဒါကကြီးတယ်ပြောရဦးမှာ အထဲမှာ ပိုနိမ့်တဲ့ တဖြတ်ရှိသေးတယ်” လို့ နောက်က အဘိုးကြီးက ပြောလာတယ် ။
တတိယဦးလေးက ဖန်းကျစ်ကို တစ်ချက်ကြည့်လိုက်တဲ့အခါ ဖန်းကျစ်က ဟန်လုပ်ရယ်လိုက်ပြီး “အိုင်းယား .. ဒီလောက်သေးတဲ့ဂူပေါက်နဲ့ အထဲမှာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို လုယက်မယ်ဆိုရင် ထွက်ပြေးချင်တောင် ပြေးလို့လွတ်မယ် မထင်ဘူး”
အဲဒီစကားပြောလိုက်တာနဲ့ လှေထိုးသမားက မသိမသာ လက်အမူအရာတစ်ခုလုပ်လိုက်ပြီး အဘိုးကြီးရဲ့ မျက်နှာအမူအရာပြောင်းလဲသွားတာကို ကျွန်တော်မြင်လိုက်ရတယ် ။ တကယ်ကို ပြဿနာရှိနေတာပဲလို့ ကျွန်တော့်စိတ်ထဲ ပြောလိုက်မိတယ် ။ အဲဒီအချိန် ဝေါခနဲ အသံတစ်ချက်ကြားလိုက်ရပြီး လှေက ဂူထဲကို ဝင်လာခဲ့ပြီ ။
ဖန်းကျစ်က သတ္ထုတွင်းသုံးမီးအိမ်ကို ဖွင့်လိုက်တယ် ။ ဂူက ဝင်လာကာစမှာ အလင်းရောင်ရှိနေသေးပေမဲ့ မကြာခင်မှာပဲ အဲဒီအလင်းရောင်က ပျောက်ကွယ်သွားပြီး သတ္ထုတွင်းသုံး မီးအိမ်ရဲ့ အလင်းရောင်သာ ကျန်နေခဲ့တော့တယ် ။
“တတိယသခင် ဒီဂူက သာမန်တော့မဟုတ်ဘူး” အားခွေကပြောတယ် ။ “ဒါက သင်္ချိုင်းတူးသမားတွေရဲ့ ဂူပဲ”
“ရေသင်္ချိုင်းတူးသမားတွေရဲ့ ဂူ ၊ ရှေးကျရင် အဝိုင်း ဒီဘက်ခေတ်နီးရင် လေးထောင့်ပုံတဲ့ ၊ မင်းဒီအက်ကြောင်းရာတွေကိုကြည့် ဒီဂူက သက်တမ်းတော်တော်ကြာနေပြီ ၊ ကြည့်ရတာ ဒီဂူထဲမှာ တခြားကမ္ဘာတစ်ခုလို ထူးဆန်းတဲ့ အရာတွေ ရှိနေနိုင်တယ်”
“အာ .. ဒီကလူကြီးမင်းက အတွေ့အကြုံ တော်တော်လေးများတာပဲ ၊ သူပြောတာမှန်တယ်”
သက်လတ်ပိုင်းလူက လှေဦးမှာ ဒူးတစ်ဖက်ထောက်ရင်း လက်တစ်ဖက်နဲ့ ထိုးဝါးကိုကိုင်ပြီး ဒီနား အစက်ကလေးတစ်စက်ဆွဲသလို ဒီတစ်ဖက်မှာ စုတ်ချက်တစ်ချက်ဆွဲသလိုနဲ့ လှုပ်ရှားနေတယ် ။ ဒါပေမဲ့ ထူးဆန်းတာက သူ့ထိုးဝါးက ရေပြင်နဲ့ မထိသလို သူ့အသက်ရှူသံကလည်း ရေဆန်မှာ လှေထိုးနေရတဲ့သူလို ပြင်းထန်မနေဘူး ။ သူကလှေထိုးရင်းနဲ့ပဲ ဆက်ပြောလာတယ် ။
“ပြောသံကြားတာတော့ ဒီတောင်ကြီးတစ်ခုလုံးက ရှေးဟောင်းသင်္ချိုင်းဂူကြီး တစ်ခုပဲတဲ့ ၊ ဒီပတ်ဝန်းကျင်မှာ ရေသင်္ချိုင်းတူးသမားတွေတူးထားတဲ့ ဂူတွေ အရွယ်အစားအမျိုးမျိုး အများကြီးရှိတယ် ၊ ဒီဟာက အကြီးဆုံးနဲ့ အနက်ဆုံးပဲ ခင်ဗျားလည်းမြင်မှာပါ ၊ အဲဒီတုန်းက ရေပြင်က ဒီလောက်မမြင့်လောက်သေးတော့ ဒီလို စိုစွတ်တဲ့ ဂူမဟုတ်လောက်ဘူးထင်တယ် ”
“အာ , ကြည့်ရတာ ခင်ဗျားလည်း ကျွမ်းကျင်သူတစ်ယောက်ပါပဲလား” တတိယဦးလေးက လှေသမားကို ယဉ်ကျေးစွာနဲ့ စီးကရက် ကမ်းပေးလိုက်တယ် ။ သူက ခေါင်းကို ခါယမ်းလိုက်ပြီး ပြောတယ် ။
“ဘယ်က ကျွမ်းကျင်သူကမှာတုံး ကျုပ်လည်း အရင် ဒီကလူတွေပြောတာကြားဖူးတာပါ ၊ အများကြီး ကြားဖူးထားတော့ တစ်ခုနှစ်ခု ပြန်ပြောပြတတ်သွားတာပေါ့.. သိတာကလည်း ဒီလောက် ရိုးရိုးတိမ်တိမ် နည်းနည်းပါးပါးလေးပါပဲ ကျုပ်ကို ကျွမ်းကျင်သူလို့ မပြောစမ်းပါနဲ့ဗျာ”
ဖန်းကျစ်နဲ့ သာ့ခွေတို့ လက်တွေက ကိုယ်စီကိုယ်စီ ဓားတွေပေါ်မှာ တိတ်တဆိတ်တင်ထားရင်းနဲ့ တစ်ဖက်မှာလည်း ဟိုလူနဲ့ ရယ်ကာမောကာ စကားပြောဆိုနေကြတယ် ။ ကြည့်လိုက်ရင် အငွေ့အသက်က လုံးဝ လက်ပွန်းတတီး ရင်းရင်းနှီးနှီး ရှိနေကြဟန်ပေါက်ပေမဲ့ တကယ်တမ်းတော့ လူတိုင်းက အတော်လေး အခြေအနေတင်းမာနေကြတယ် ။ ကျွန်တော်စိတ်ထဲ တွေးနေမိတယ် ။ ကျွန်တော်တို့က ငါးယောက် သူတို့က နှစ်ယောက်တည်း တကယ်တိုက်ခိုက်ကြမယ်ဆို ရှုံးမှာမဟုတ်ဘူးလို့ ။ ဒါပေမဲ့ သူတို့တကယ် လှုပ်ရှားရဲတယ်ဆိုရင်တော့ သေချာပေါက် ပြင်ဆင်လာတာရှိလိမ့်မယ် ။
အဲဒီအချိန် ရုတ်တရက်ဆိုသလို မန့်ယိုဖျင် ( ဆီလုံပုလင်း) က လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီးပြောတယ် ။
“ရှူး ! နားထောင် ၊ တစ်ယောက်ယောက် စကားပြောနေတယ်”
ကျွန်တော်တို့ ချက်ချင်း အသက်အောင့်လိုက်ကြတယ် ။ တကယ်ကိုပဲ ဂူအတွင်းပိုင်းဆီကနေ ရွှီးရွှီးရှဲရှဲ အသံတွေ ထွက်လာတာကိုကြားလိုက်ရတယ် ။ သူတို့ ဘာတွေပြောနေကြလဲဆိုတာ ကျွန်တော်ကြိုးစား နားထောင်ကြည့်ပေမဲ့ နားလည်မလိုလိုနဲ့ နားမလည်ဘူး ။ တခဏမျှ နားထောင်ကြည့်ပြီးတဲ့နောက် သက်လတ်ပိုင်းလှေထိုးသမားကို အဲဒီအသံက ဒီလိုပဲ ဂူထဲကနေ မကြာမကြာ ကြားရလေ့ရှိလားလို့ မေးကြည့်ဖို့ လှည့်ကြည့်လိုက်တဲ့အခါ အဲဒီလူကို ရုတ်တရက်ကြီး မတွေ့ရတော့ဘူး ! နောက်ပြန်လှည့်လိုက်ပြန်တော့ …အကျိုးနဲ … ဟိုအဘိုးကြီးကိုလည်း မတွေ့တော့ဘူး ။
“ဖန်းကျစ် သူတို့ ဘယ်ရောက်သွားတာလဲ” တတိယဦးလေးက အလောတကြီး အော်မေးလိုက်တယ်။
“ မသိဘူး ရေထဲခုန်ချတဲ့ အသံလည်း မကြားမိဘူး” ဖန်းကျစ်လည်း ပြာယာခတ်နေတယ် ။
“စောစောက အသံကြားတာနဲ့ လူက ချက်ချင်း ပျောက်ခြင်းမလှပျောက်သွားတာပဲ”
“သွားပြီ ငါတို့ကိုယ်ပေါ်မှာ အလောင်းကောင်အနံ့မရှိဘူး ၊ ဘာတွေဖြစ်လာမယ်မှန်း မသိဘူး” တတိယဦးလေးက မချင့်မရဲနဲ့ ပြောတယ် ။
“ဖန်းကျစ် မင်းဗီယက်နမ်မှာ စစ်တိုက်ခဲ့တုန်းက လူသေအသားတွေဘာတွေ စားဖူးခဲ့သေးလား?”
“နောက်နေပြန်ပါပြီ တတိယသခင်ကလည်း ကျွန်တော် အဲဒီတုန်းက စားဖိုတပ်စိတ်မှာ နေ့တိုင်း ပန်းကန်ဆေးနေရတာပါ” ဖန်းကျစ်က အားခွေကို လက်ညိုးထိုးလိုက်ပြီး ပြောတယ် ။ “ ဖန့်ခွေ (ခွေဝတုတ်) မင်းပဲပြောတော့ မင်းတို့အိမ်က အရင်က လူသားပေါက်စီရောင်းတာဆို မင်းအငယ်တုန်းက အများကြီးစားဖူးမှာသေချာတယ်”
“ပေါက်ကရတွေ ! ငါ့ဟာငါ လျှောက်လုပ်ကြံထားတဲ့ ဇာတ်ဟ ၊ နောက်ပြီး အဲဒီလူသားပေါက်စီတွေက သူများတွေစားဖို့ရောင်းတာ ၊ ဘယ်သူကရော လူသားပေါက်စီရောင်းပြီး ကိုယ်ဟာကိုယ်ပြန်စားတာမျိုး မင်းတွေ့ဖူးလို့လဲ”
ကျွန်တော် အလျင်အမြန် လက်တွေဝှေ့ယမ်းပြီး ရပ်ခိုင်းလိုက်ရတယ် ။
“ခင်ဗျားတို့ သုံးယောက်ပေါင်း အသက်တွေကဖြင့် တစ်ရာ့ငါးဆယ်ကျော်နေပြီ မရှက်ကြဘူးလား”
ကျွန်တော့်စကား ဆုံးဆုံးခြင်း လှေက ရုတ်တရက်လှုပ်ခါသွားတယ် ။ ဖန်းကျစ်က သတ္ထုတွင်းသုံးမီးအိမ်ကို ချက်ချင်းကောက်ယူပြီး ရေထဲထိုးကြည့်လိုက်တယ် ။ ကျွန်တော်တို့ဟာ မီးအလင်းရောင်နဲ့ ရေထဲမှာ ဧရာမ အရိပ်ကြီးတစ်ခု ဖြတ်ကူးသွားတာကို တွေ့လိုက်ကြရတယ် ။
ဖန့်ခွေတစ်ယောက် ကြောက်လန့်တကြားနဲ့ မျက်နှာ ဖြူဆုတ်သွားလေရဲ့ ။ သူက ရေထဲကို လက်ညိုးထိုးပြီး ပါးစပ်အဟောင်းသားနဲ့ စကားတစ်လုံးမှ ထွက်မလာနိုင်ဘူး ။ တတိယဦးလေးက သူလန့်ပြီးမေ့လဲသွားမှာစိုးတာကြောင့် ပါးကို တချက်ရိုက်လိုက်ပြီး အော်ဟစ် ဆူပူလိုက်တယ် ။
“အသုံးကို မကျဘူး ! ဘာမေးရိုက်နေတာတုံး ဟိုကလေးနှစ်ယောက်တောင် ဘာသံမှ မထွက်တာ သူ့အမေကြီးတော်နဲ့မှပဲ ငါ့နောက်လိုက်လာတာဖြင့် နှစ်ပေါင်းကြာနေပြီ ချီးသွားစားနေတာလား ?”
“ အမလေး အမေရေ______ တတိယသခင် ဒီဟာကြီးက ကြီးလွန်းအားကြီးတယ် ၊ ကျွန်တော်တို့အားလုံးကိုဆိုရင်တောင် သူက စားလို့မဝလောက်ဘူးထင်တယ်”
ဖန့်ခွေက ကြောက်စိတ်မကုန်သေးဘဲ ရေပြင်ကို စိုက်ကြည့်နေတယ် ။ မူလက သူဟာ လှေဘေးဘောင်နားမှာ ထိုင်နေတာ ဖြစ်ပေမဲ့ အခုတော့ ရုတ်တရက် ရေထဲက တစ်စုံတစ်ရာထွက်လာပြီး သူ့ကို ဆွဲသွားမှာ ကြောက်သည့်နှယ် သူ့တင်ပါးကို လှေရဲ့ အလယ်တည့်တည့်ဆီ ရွှေ့လာလိုက်ပြီ ။
“ဖွီ” တတိယဦးလေးက သူ့ကို ခပ်ဆိုးဆိုးကြည့်လိုက်ပြီး “ ငါတို့ ဒီမှာ ပစ္စည်းလိုလည်း ပစ္စည်းအပြည့်အစုံ လူဆိုလည်း လူရှိတယ် ၊ ငါ ဝူအိမ်က တတိယသားက သဲကျင်လာတာဖြင့် ကြာကြာလှပြီ ဘယ်လို မကောင်းဆိုးဝါးမျိုး မတွေ့ဖူးလို့လဲ? မင်းဒီမှာ ပေါက်တတ်ကရတွေ လာပြောမနေနဲ့”
ဖန်းကျစ်လည်း အတော်လေးလန့်သွားတယ် ။ ဒါပေမဲ့ သူ့အတွက်က ကြောက်ရွံ့သွားတယ်လို့ ဆိုတာထက် တုန်လှုပ်သွားတယ်လို့ ပြောတာ ပိုမှန်မယ် ။ ဒီလောက်ကျဉ်းမြောင်းတဲ့ နေရာအဝန်းအဝိုင်းထဲမှာ ဒီလောက်ကြီးမားတဲ့ အရာကြီးတစ်ခု ရေအောက်ထဲက ဖြတ်သွားတယ်ဆိုတော့ တခဏတော့ အားလုံး ခေါင်းထဲ ထူထုံသွားကြမှာပါပဲ ။ ဒါလည်း မထူးဆန်းပါဘူး ။
ဖန်းကျစ်က ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ပြောတယ် ။
“ တတိယသခင် ဒီဂူထဲက ထူးထူးဆန်းဆန်းနဲ့ ကျွန်တော့်စိတ်ထဲ တမျိုးကြီးပဲ ၊ ဘာပဲဖြစ်ဖြစ် ဒီကနေထွက်ပြီးမှ ဆက်ပြောကြရအောင်ပါ ဟုတ်လား?”
ဖန့်ခွေက ချက်ချင်း သဘောတူဟန်ပြတယ် ။ တကယ်တော့ ကျွန်တော့်စိတ်ထဲမှာလည်း အပြင်ထွက်ဖို့ မျှော်လင့်နေခဲ့တာ ။ ဒါပေမဲ့ ကျွန်တော်က တတိယဦးလေးရဲ့ အိမ်ကလူဆိုတော့ စိတ်ထဲရှိတာ မပြောသေးခင် သူ့အရိပ်အကဲကို စောင့်ရဦးမှာပေါ့ ။
အဲဒီအချိန် တတိယဦးလေးက ဟိုမန့်ယိုဖျင်ကို လှမ်းကြည့်လိုက်တယ် ။ သူ့ရဲ့ အကြံဉာဏ်ကို တောင်းခံချင်သလိုပဲ ။ အရင်က တတိယဦးလေးရဲ့ အမူအကျင့်က သိကြားမင်းကိုတောင် မျက်လုံးထဲ ထည့်တာမဟုတ်ဘူး ။ အခုတော့ သူက အဲဒီကောင်လေးကို သတိထားတယ် ။ ကျွန်တော် မအံ့ဩဘဲ မနေနိုင်တာကြောင့် သူဘယ်လို အမူအရာမျိုး ရှိနေမလဲလို့ နောက်လှည့်ကြည့်လိုက်တော့ သူက ကျွန်တော်တို့ ပြောနေတာတွေကို လုံးဝ နားထောင်မနေတာ တွေ့လိုက်ရတယ် ။ ဒါအပြင် သူ့ရဲ့ မူလက ကျောက်ရုပ်လို အသက်မပါတဲ့ ဗလာကျင်းအမူအရာပါ မရှိတော့ဘူး ။ သူ့မျက်လုံး နှစ်လုံးက ရေထဲကို စူးစူးစိုက်စိုက်ကြည့်နေပြီး တစ်စုံတစ်ခုကို အာရုံစူးစိုက်ကာ ရှာဖွေနေသလိုပဲ ။
အဲဒီလူက ဘယ်လိုနောက်ခံကလည်းလို့ တတိယဦးလေးကို ကျွန်တော် မေးကြည့်ချင်ပေမဲ့ အခုက အချိန်ကောင်း မဟုတ်သေးဘူး ။ ဒါကြောင့် ဖန်းကျစ်ကိုပဲ တိုးတိုးမေးရတယ် ။ ဖန်းကျစ်ကလည်း ခေါင်းကို အသာယမ်းရင်း မသိကြောင်းပြောတယ် ။ သိသလောက်ကတော့ အဲဒီလူက တော်တော် တော်တယ်ဆိုတာပဲ ။ သူက အဲဒီလူရဲ့ လက်ကို မေးငေါ့ပြရင်း ပြောတယ် ။
“ မင်းကြည့် ၊ အဲဒီလက် ၊ နှစ်ပေါင်း ဘယ်လောက်ကြာမှ အဲဒီပုံစံဖြစ်အောင် လေ့ကျင့်လို့ ရနိုင်မှာလဲ?”
အဲဒီအရင်က ကျွန်တော် တကယ်ပဲ အဲဒီလူရဲ့လက်ကို သတိမထားမိခဲ့ဘူး ။ အခုကြည့်လိုက်တော့မှ တကယ်ကို ပုံမှန်မဟုတ်တာ တွေ့လိုက်ရတယ် ။
သူ့ရဲ့လက် ၊ လက်ညိုးနဲ့ လက်ခလယ်က အတော်လေးရှည်လျားတယ် ။ ကျွန်တော် ချက်ချင်းပဲ ရှေးခတ်တုန်းက ပေါ်ထွက်ခဲ့တဲ့ သင်္ချိုင်းဖောက်သမား စစ်ဘက်အရာရှိရဲ့ လက်ချောင်းနှစ်ချောင်းနဲ့ မြေကို စူးစမ်းရှာဖွေတဲ့ စွမ်းရည်ကို သတိရသွားတယ် ။ ကျွန်တော့်အဘိုးရဲ့ မှတ်တမ်းထဲမှာ အဲဒီအကြောင်းနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ မှတ်သားထားတာ ဖတ်ရဖူးတယ် ။ အဲဒီ သင်္ချိုင်းဖောက်သမား စစ်ဘက်အရာရှိတွေကြားမှာ အထူးစွမ်းရည်မြင့်မားသူက ဒီလက်ချောင်းနှစ်ချောင်းပိုင်ရှင်ပဲ ။ အဲဒီလူစွမ်းကောင်းက ထိုက်ရှန်းတောင်လို မြင့်မားတည်ငြိမ်လှပြီး စွမ်းအားလည်း အင်မတန်ကြီးမားတယ် ။ သင်္ချိုင်းဂူထဲက တော်ရုံတန်ရုံ ထောင်ချောက်လေးတွေကို အလွယ်တကူပဲ ချိုးဖျက်နိုင်စွမ်းရှိတယ် ။ ဒီလိုစွမ်းရည်မျိုးကို တဖက်ကမ်းခတ်ကျွမ်းကျင်အောင် လေ့ကျင့်မယ်ဆိုရင် ငယ်စဉ်ကတည်းက လေ့ကျင့်မှရမယ် ။ အဲဒီလေ့ကျင့်မှုကလည်း ဖော်မပြနိုင်လောက်အောင် ပင်ပန်းဆင်းရဲ ခက်ခဲမှုတွေနဲ့ ပြည့်နေမှာ သေချာတယ် ။
သူ့ရဲ့ ဒီလက်ချောင်းတွေမှာ ဘယ်လိုလုပ်နိုင်စွမ်းတွေ ရှိနေလိမ့်မလဲလို့ ကျွန်တော် တွေးနေတုန်းမှာပဲ သူက သူ့ရဲ့ ညာလက်ကို မြှောက်လိုက်ပြီး အလင်းအလျင်နဲ့ ရေထဲကို ထိုးစိုက်ချလိုက်တယ် ။ အဲဒီလှုပ်ရှားမှုက လျင်မြန်လွန်းပြီး လျပ်တပြက်အချိန်အတွင်းမှာပဲ သူ့လက်က ရေပေါ် ပြန်ရောက်လာတယ် ။ သူ့ရဲ့ထူးဆန်းစွာ ရှည်လျားနေတဲ့ လက်ချောင်းနှစ်ချောင်းကြားမှာ မည်းတူးတူး ပိုးကောင်တစ်ကောင်း ညှပ်ပါလာတယ် ။ သူက အဲဒီပိုးကောင်ကို လှေဝမ်းထဲပစ်ချလိုက်ပြီး ပြောတယ် ။
“စောစောကဟာ ဒီဟာ”
ကျွန်တော် ငုံ့ကြည့်မိတော့ သက်မချလိုက်မိတယ် ။
“ဒါက ရေပိုးမဟုတ်ဘူးလား ! ဒါဖြင့် စောစောက အရိပ်ကြီးက ဒီရေပိုးတွေအများကြီး ဖြတ်ကူးသွားတာပေါ့”
“ဟုတ်တယ်” အဲဒီလူက သူ့လက်ကို အင်္ကျီနဲ့ သုတ်လိုက်ရင်းပြောတယ် ။
ကျွန်တော်တို့တတွေဟာ သိပ်မယုံကြပေမဲ့လို့ စိတ်အေးသက်သာစွာနဲ့ သက်မချမိလိုက်ကြတယ် ။ ဖန့်ခွေက အဲဒီပိုးကောင်ကို ခြေထောက်နဲ့ တစ်ချက်နင်းလိုက်ပြီးပြောတယ် ။
"မင့်မေကြီးတော်နဲ့မှ ငါ့လန့်လို့သေတော့မယ်”
ဒါပေမဲ့ ကျွန်တော်ပြန်စဉ်းစားကြည့်တော့… မဟုတ်သေးပါဘူး ၊ ဒီလောက်ရေပိုးတွေအများကြီး ဘာလို့ တစ်ချိန်တည်း လှုပ်ရှားလာရတာလဲ ? နောက်ပြီး ဒီရေပိုးရဲ့ အရွယ်အစားက ကြီးလွန်းလှချည်လား ! ဟိုမန့်ယိုဖျင်ကလည်း အတော်လေး သံသယမကင်းဟန်ပေါက်နေတယ် ။ ကြည့်ရတာ ဒီပြဿနာကို စဉ်းစားနေသေးသလိုပဲ ။
ဖန့်ခွေက ပိုးကောင်အသေကောင်ကို ဖနောင့်နဲ့ ပေါက်နေတာ အပိုင်းပိုင်းဖြစ်နေပြီ ။ စောစောက သူမျက်နှာပျက်ခဲ့ရတာကို ပြန်ပြီး အဖတ်ဆယ်ချင်ပုံရတယ် ။ တတိယဦးလေးက ပြုတ်ထွက်လာတဲ့ ခြေထောက်တစ်ချောင်းကို ကောက်ယူ နမ်းကြည့်ပြီး အလန့်တကြားနဲ့ ပြောလာတယ် ။
“ဒါက ရေပိုးမဟုတ်ဘူး အလောင်းစားပိုးကောင်”
ကျွန်တော်တို့ ကြောင်အ,သွားကြပြီး အခြေအနေမဟန်မှန်း အားလုံးတွေးမိလိုက်ကြတယ် ။ ဒီနာမည်က ကြားရတာနဲ့တင် မင်္ဂလာရှိမနေဘူး ။
“အမလေး ဘွားဘွားရေ ! အဲဒီဟာက အပုတ်အသိုးအသားတွေကို စားတာ အသေကောင်တွေရှိတဲ့နေရာဆို သိပ်ပေါတယ် ၊ ကောင်းကောင်းစားရလေလေ ကြီးထွားလေလေပဲ ၊ ဒီပုံအတိုင်းဆိုရင်တော့ ရေညာပိုင်းဘက်မှာ အလောင်းတွေ စုပုံ မြှုပ်နှံထားတဲ့ နေရာရှိလိမ့်မယ် ၊ ပြီးတော့ နေရာက အရမ်းလည်းကြီးလိမ့်မယ်”
တတိယဦးလေးက ပိန်းပိတ်အောင်မှောင်နေတဲ့ ဂူဘက်ကို စိုက်ကြည့်ရင်းပြောတယ် ။
“အဲဒီဟာက အသက်ရှင်နေတဲ့ လူကိုရော ကိုက်တတ်လား?”
သာ့ခွေက ရွံ့တွန့်တွန့်နဲ့ မေးတယ် ။
“ပုံမှန်အရွယ်အစားဆိုရင်တော့ လူကို မကိုက်ဘူးပေါ့ ဒါပေမဲ့ မင်း ဒီအရွယ်အစားကိုလည်း ကြည့်ဦး သူလူကို ကိုက်လားမကိုက်လားတော့ ငါလည်းမသေချာဘူး”
တတိယဦးလေးက တွေးရခက်စွာနဲ့ ကြည့်ရင်း … “ဒီကောင်တွေက အမြဲလိုလို လူသေကောင်တွေ ပေါများတဲ့ နေရာမှာပဲ ကပ်နေတတ်တာ ဟိုကူးဒီကူး သွားတတ်တာမျိုး မဟုတ်ဘူး ၊ ဘာလို့ အခု အုပ်လိုက်ကြီး အတူတူ ရွှေ့ပြောင်းလာရတာလဲ?”
မန့်ယိုဖျင်က ဂူအတွင်းပိုင်းဘက်ဆီ မျက်နှာမူလိုက်ရင်း ပြောတယ် ။
“ကျွန်တော့်အထင် စောစောက သူတို့ အသက်လုပြေးလာရတာဖြစ်မယ်”
“ ဟမ် ? အသက်လုပြေးလာတယ်?” ဝတုတ်တစ်ယောက် ထိတ်လန့်တကြားဖြစ်သွားပြီး “ ဒါဖြင့် ဂူထဲမှာက…..”
မန့်ယိုဖျင်က ခေါင်းညိတ်လိုက်ပြီး…
“ အထဲထဲက အရာတစ်ခု ကျွန်တော်တို့ဆီ ဦးတည်လာနေတယ်လို့ ကျွန်တော် ခံစားမိနေတယ် ၊ ပြီးတော့ အဲဒါက အတော်လေးကြီးမားတယ်”
TBC
Translator note
闷油瓶 - Mèn yóu píng - မန့်ယိုဖျင် - ဆီလုံပုလင်း ဆိုတာက လုံးဝ မျက်နှာသေနဲ့ စကားလည်းလုံးဝမပြောတဲ့ သူကိုခေါ်တဲ့ နာမည်ပြောင်လေးတစ်ခုပါ ။ ဒီဝတ္ထုထဲမှာ အဲဒီ ထူးဆန်းတဲ့ အစွမ်းရှိတဲ့ လူငယ်လေးကို တလျှောက်လုံးနီးပါ ဒီနာမည်ပြောင်လေးသုံးထားပါတယ် ။ အစကတော့ သူအဓိပ္ပါယ်အတိုင်း ဆီလုံပုလင်းလို့ ဘာသာပြန်ပြီး ရေးဖို့ စိတ်ကူးခဲ့ပါသေးတယ် ။ နောက်တော့ အသံထွက်ကိုပဲ ဖလှယ်ပြီး ရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဒီဝတ္ထုကို live action ရိုက်ထားတဲ့ ဇာတ်ကားတွေထဲမှာ “မျက်နှာသေ” ဆိုတဲ့ ဘာသာပြန်ချက်မျိုးလည်း တွေ့ခဲ့ဖူးပါတယ် ။ ဒီဝတ္ထုရဲ့ official english translation မှာတော့ poker face လို့ ပြန်ထားပါတယ် ။ အဲဒီ poker face ကို ရုပ်သေးမျက်နှာလို့ ဘာသာပြန်ရင်လည်း ရပေမဲ့ ကျွန်တော်ကတော့ သူ့မူရင်း အဓိပ္ပါယ်လေးကို ပိုသဘောကျနေတာကြောင့်ပါ ။ ဆီဆိုတာ အတော်အပေါက်ရှာပြီး ထွက်တတ်တဲ့ သဘောမဟုတ်လား ။ အဲဒီ ဆီတောင်လုံတဲ့ ပုလင်းဆိုမှတော့ ဘယ်လောက်တောင် လုံနေလိုက်မလဲ ။ ဒီလိုပဲ အဲဒီ ဇာတ်ကောင်လူငယ်လေးဟာ သူ့အမူအရာတွေကို လုံးဝထိန်းချုပ်ထားသလိုမျိုး သူဘာတွေးနေတယ် ဘာခံစားနေတယ် ဆိုတာ လုံးဝ မပြတတ်တဲ့ ပုံစံပါ ။ ဒါကြောင့် မူရင်းကို ပိုပြီး ထင်ဟပ်စေဖို့ ဆီလုံပုလင်းလို့ အဓိပ္ပါယ်ရတဲ့ မန့်ယိုဖျင် ဆိုတာလေးပဲ အသံထွက်တိုင်း ဖလှယ်ပြီး ရေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြောပြချင်တာပါ ။ ကျွန်တော်တို့ ဆီလုံပုလင်းလေး မန့်ယိုဖျင်နဲ့ အတူတူ ဂူဆက်တူးလိုက်ကြရအောင် ^ ^
No comments:
Post a Comment