အပိုင်း ၁၀ - အရိပ်
အစကတော့ သူ ကျွန်တော့်ကို ခြောက်လှန့်တာလားလို့ စိတ်ထဲက ထင်မိသေးတယ် ။ ဒါပေမဲ့ သူ့ရဲ့ အမူအရာနဲ့ သူ့ရဲ့ အကျင့်စရိုက်အရ အဲဒီလိုလူမျိုးနဲ့ မတူပြန်ဘူး ။ အဲဒီ မန့်ယိုဖျင်ဆီ “ဂရူး ဂရူး” အသံတွေ ဆက်ထွက်နေပေမဲ့ သူ့ပါးစပ်လှုပ်တာလည်း မမြင်ရဘူး ။ ကျွန်တော်တို့လေးယောက် သူ့ကိုကြည့်နေကြရင်း တော်တော်လေး ချောက်ချောက်ချားချား ဖြစ်နေကြတယ် ။ ကျွန်တော့်စိတ်ထဲကနေ “ မဟုတ်မှလွဲရော မန့်ယိုဖျင်က တကယ်ကြီး ဇမ်ဘီရဲ့ နှစ်ဖက်ချွန် သူလျိုများ ဖြစ်နေလား ?” လို့ တွေးမိတော့တယ် ။
မန့်ယိုဖျင်ရဲ့ အမူအရာက အဲသလောက် ထိတ်လန့်ဖွယ်ရာဖြစ်နေတာကို မြင်တော့ တတိယဦးလေးက ဖန်းကျစ်ကို ကြေးနီအိုးထဲက ဆွဲထုတ်လိုက်တယ် ။ ရုတ်တရက်ဆိုသလို မန့်ယိုဖျင်က အသံမထွက်တော့ဘူး ။ သင်္ချိုင်းဂူထဲမှာ ဘာအသံမှ မကြားရတော့ဘဲ လုံးဝ တိတ်ဆိတ်သွားတယ် ။ အချိန်ဘယ်လောက်ကြာသွားမှန်းမသိ ကြာသွားပြီးနောက် ကျွန်တော် လုံးဝ မအောင့်အီးနိုင်တော့ဘဲ စောစောက ဘာဖြစ်တာလဲဆိုတာ သူ့ကို မေးတော့မယ့်ဆဲဆဲ အခေါင်းဖုံးဟာ အပေါ်ကို လန်သွားပြီးနောက် ကျောက်ခေါင်းတလားကြီးက အသည်းအသန်တုန်ခါလာတော့တယ် ။ နောက်တော့ ကျောက်အခေါင်းတလားထဲကနေ အလိုလိုကျောချမ်းမိစေတဲ့ ချောက်ချားဖွယ်ရာ အသံတစ်သံထွက်လာခဲ့တယ် ။ အဲဒီအသံက ကျွန်တော့်အဘိုးရဲ့ မှတ်စုစာအုပ်ထဲ ရေးမှတ်ထားခဲ့တဲ့ ဖားအော်သံနဲ့ တူတယ်ဆိုတဲ့ အသံမျိုးပဲ ။
သာ့ခွေက ကြောက်လန့်လွန်းလို့ ဖင်ထိုင်လဲကျသွားတယ် ။ ကျွန်တော့် ခြေထောက်တွေလည်း အားပျော့လာပြီး ခွေယိုင်လဲကျတော့ မတတ်ပဲ ။ လောကကြီးထဲ ကိစ္စရပ်များစွာကို မြင်ဖူးကြုံဖူးခဲ့တဲ့ ကျွန်တော့် တတိယဦးလေးတောင်မှ ခြေထောက်တွေ တဆတ်ဆတ်တုန်ယင်လာတယ် ။ ဒါပေမဲ့ လဲတော့ မကျခဲ့ဘူး ။
မန့်ယိုဖျင်က အဲဒီအသံကိုကြားပြီးတဲ့နောက် သူ့မျက်နှာ အမူအရာက အတော်လေး ကြည့်ရဆိုးလာတယ် ။ ချက်ချင်း မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး အဲဒီကျောက်ခေါင်းတလားကို အလေးအနက် ဦးခိုက်လိုက်တော့တယ် ။ ကျွန်တော်တို့လည်း မြင်တာနဲ့ ချက်ချင်း သူ့အတိုင်းလိုက်ပြီး အားလုံး ဒူးထောက် ဦးခိုက်လိုက်ကြတယ် ။
မန့်ယိုဖျင်က ခေါင်းမော့လာပြီး ထူးဆန်းတဲ့ အသံတွေ အဆက်မပြတ်ရွတ်ဆိုလာပြန်တယ် ။ ကြည့်ရတာ မန္တာန်တစ်ခုခု ရွတ်နေသလိုပဲ ။ တတိယဦးလေးတစ်ယောက် ချွေးစေးပြန်လာပြီး အသံတိုးတိုးနဲ့ ပြောလာတယ် ။
“ သူ ဟိုဟာနဲ့ စကားပြောနေတာများလား?”
အဲဒီကျောက်အခေါင်းတလားက နောက်ဆုံးတော့ တည်ငြိမ်သွားပြီး မလှုပ်တော့ဘူး ။ မန့်ယိုဖျင်က နောက်တစ်ကြိမ် ထပ်ဦးခိုက်လိုက်ပြီးနောက် ထရပ်လိုက်တယ် ။ ပြီးတော့ ကျွန်တော်တို့ကို ပြောလာတယ် ။
“ ကျွန်တော်တို့ ဒီနေရာကနေ မိုးမသောက်ခင် ထွက်မှရမယ်”
တတိယဦးလေးက ချွေးစေးတွေကို သုတ်လိုက်ပြီး မေးတယ် ။
“အစ်ကိုလေး အစောက ဇမ်ဘီဘိုးဘိုးနဲ့ စျေးညှိနေတာလား?”
မန့်ယိုဖျင်က မမေးဖို့ ဟန်အမူအရာလုပ်ပြပြီး “ ဒီနေရာက ဘာပစ္စည်းကိုမှ မထိတော့နဲ့ ဒီကျောက်ခေါင်းတလားရဲ့ အရှင်သခင်က အတော်လေး အစွမ်းထက်တယ် သူဒီတိုင်းလွတ်ထွက်လာရင် နတ်မင်းကြီးတောင် ပြန်ထွက်နိုင်မှာ မဟုတ်ဘူး”
ဖန်းကျစ်က အကောင်းအဆိုးမသိဘဲ ရယ်ရယ်မောမော မေးလိုက်တယ် ။
“ ကျွန်တော် ပြောဦးမယ် ဒီက အစ်ကိုလေး စောစောက ပြောလိုက်တာ ဘယ်လို ဘာသာစကားလဲဗျ”
မန့်ယိုဖျင်က သူ့ကို လျစ်လျူရှုမြဲ လျစ်လျူရှုထားပြီး ကျောက်ခေါင်းတလားရဲ့ နောက်က လမ်းကြောင်းကို လက်ညိုးထိုးပြကာ “ အသာလေး ဖြတ်သွား ၊ အဲဒီ ကျောက်ခေါင်းတလားကို လုံးဝ မထိမိစေနဲ့” လို့ပြောတယ် ။ တတိယဦးလေးက စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်တယ် ။ အမှန်အတိုင်း ပြောရရင် ဒီလိုလူမျိုးတစ်ယောက် ဘေးမှာ ရှိနေတာဟာ ကျွန်တော်တို့ကို အတော်လေး သတ္တိရှိလာစေတယ် ။ ဒါကြောင့် ကျွန်တော်တို့ ပစ္စည်းတွေ သိမ်းလိုက်ကြပြီး တတိယဦးလေးက ဦးဆောင် ၊ မန့်ယိုဖျင်က နောက်ဆုံးကလိုက်ပြီး ကျွန်တော်တို့ဟာ သတ္တုတွင်းသုံး မီးအိမ်တွေကို ဖွင့်ကာ ကျောက်ခေါင်းတလားရဲ့ နောက်က လှိုဏ်ခေါင်းထဲကို ဝင်ခဲ့ကြတယ် ။ သာ့ခွေတစ်ယောက် ကျောက်ခေါင်းတလားဘေးက ဖြတ်တဲ့အချိန် နံရံကို ကျောနဲ့ အသေကပ်ပြီး အကွာအဝေးကို တတ်နိုင်သလောက် ဝေးသမျှဝေးအောင် ထိန်းသိမ်းထားတဲ့ပုံက အတော်လေးရယ်ရတယ် ။ ဒါပေမဲ့ အခုနေချိန် ကျွန်တော်မှာ သူ့ကို ရယ်ဖို့ စိတ်ဆန္ဒ လုံးဝရှိမနေဘူး ။
ဒီသင်္ချိုင်းဂူ အတွင်းစင်္ကြံဟာ အောက်ဘက်ကို ဆင်းလျော နိမ့်ဆင်းသွားပြီး သင်္ချိုင်းဂူတွင်း အုတ်ခင်းလမ်း ဘေးနှစ်ဘက်လုံးမှာ ကမ္ဗည်းစာတွေ ထွင်းထုထားတယ် ။ ကျောက်ဆစ်ပန်းပုတချို့လည်း ရှိသေးတယ် ။ ကျွန်တော် ခဏရပ်ကြည့်ကြည့်ပေမဲ့ ဘာအဓိပ္ပါယ်မှန်း နားမလည်ဘူး ။ တကယ်တော့ ကျွန်တော်က မင်စာလိပ်နဲ့ ရှေးဟောင်းပစ္စည်းရောင်းတဲ့ လုပ်ငန်းလုပ်တဲ့အတွက် ဒီဟာတွေနဲ့ ပတ်သတ်လို့ အနည်းငယ် လေ့လာဖူးပြီး စာလုံးအနည်းငယ်ကိုတော့ နားလည်နိုင်တယ် ။
ဒါပေမဲ့ ကျွန်တော် ဒီစာလုံးတွေ အားလုံးကို နားလည်တယ် ဆိုဦးတော့ ပုဒ်ဖြတ်တွေ မပါတဲ့အတွက် အနက်အဓိပ္ပါယ်ကို နားလည်နိုင်ဖို့ အတော်လေးခက်လိမ့်မယ်လို့ ပြောရမှာပဲ ။ ရှေးလူတွေ စကားပြောတာက အတော်လေး ကျစ်လစ်ပြည့်စုံပြီး အတော်လေးလည်း ကျွမ်းကျင်လိမ္မာတယ် ။ ဥပမာပြောရရင် “然” (rán) ဆိုတဲ့ စကားလုံးပေါ့ ။ ကျွန်တော်မှတ်မိသေးတယ် ချီနိုင်ငံရဲ့ ဘုရင် မင်းကြီးက သူ့ရဲ့ စစ်သေနာပတိကို မေးခွန်းတစ်ခုမေးခဲ့တယ် ။ အဲဒီစစ်သေနာပတိက ခေါင်းညိတ်ကာ ပြုံးရင်း “然 ”(rán) လို့ပြန်ဖြေတယ် ။ ဘုရင်မင်းမြတ်က ပြန်ရောက်တော့ တနေကုန် အပြန်ပြန်အလှန်လှန် စဉ်းစားတယ် ။ သူပြောတဲ့ “然” (rán)က သဘောတူတာလား ကန့်ကွက်တာလား ။ ရလာဒ်အနေနဲ့ကတော့ နှစ်ရှည်လများ ပင်ပန်းခဲ့ရတာကြောင့် ရောဂါဝေဒနာ စွဲကပ်လာခဲ့တယ် ။ အသက်မျော့မျော့လေးသာ ရှိတော့တဲ့ အခိုက်အတန့်မှာ ကိုယ်တိုင်စဉ်းစားထားတဲ့ အဖြေကို စစ်သေနာပတိနဲ့ ပြောရင်း အဲဒီအချိန်က ဒီအဓိပ္ပါယ်မဟုတ်လားလို့ စစ်သေနာပတိကို မေးလိုက်တယ် ။ စစ်သေနာပတိက ခပ်ဟက်ဟက်ရယ်ရင်း “然” (rán) လို့ ပြန်ဖြေခဲ့တယ် ။ ဘုရင်ကြီးလည်း ချက်ချင်းကို အသက်ထွက်သွားတော့တယ်တဲ့လေ ။
တတိယဦးလေးက အတော်လေး ဂရုတစိုက် လှမ်းသွားနေခဲ့တယ် ။ ခြေလှမ်းတိုင်းကို အချိန်အကြာကြီးယူပြီး လှမ်းနေခဲ့တယ် ။ သတ္တုတွင်းသုံး မီးအိမ်ရဲ့ အမှောင်ကို ထွင်းဖောက်နိုင်အားက သိပ်မပြင်းလှဘူး ။ ရှေ့ဘက်ကလည်း မှောင်မှောင်နဲ့မည်းမည်း ၊ နောက်ဘက်ကလည်း မှောင်မှောင်နဲ့ မည်းမည်း ၊ ဒီလိုခံစားချက်က ကျွန်တော်တို့တတွေ ရေလှိုဏ်ခေါင်းထဲမှာတုန်းကလိုပဲ အတော်လေး စိတ်မသက်မသာဖြစ်လာသလို ခံစားလာရတယ် ။ နာရီဝက်လောက် လျှောက်လာကြပြီးတဲ့နောက် မြေအောက် ဥမင်လမ်းကြောင်းက စပြီး အတက်လမ်းဖြစ်လာခဲ့တယ် ။ ကျွန်တော်တို့ ဝင်လာတာ လမ်းတဝက် ရောက်လာလောက်ပြီဆိုတာ သိလိုက်ကြတယ် ။ အဲဒီအချိန် ကျွန်တော်တို့ဟာ သင်္ချိုင်းဖောက်သမား ဥမင်တစ်ခုကို တွေ့လိုက်ရပြီး တတိယဦးလေးဟာ အလိုလို ထိတ်လန့်တကြားဖြစ်သွားခဲ့တယ် ။ သူက တခြားသူဦးသွားမှာကို အကြောက်ဆုံး ဖြစ်တာကြောင့် ခပ်မြန်မြန်သွားပြီး စစ်ဆေးကြည့်လိုက်တယ် ။
ဒီသင်္ချိုင်းဖောက်သမားဥမင်က မကြာသေးခင်ကပဲ တူးထားတာ ဖြစ်လိမ့်မယ် ။ မြေကြီးတွေတောင် လတ်လတ်ဆတ်ဆတ် ရှိနေသေးတယ် ။ ကျွန်တော် တတိယဦးလေးကို မေးလိုက်တယ် ။
“ အဘိုးကြီးပြောတာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အဖွဲ့တစ်ဖွဲ့ ဒီလျိုမြောင်ထဲ ဝင်သွားခဲ့တယ် ဆိုတော့ အဲဒီလူတွေ တူးထားတာများလား ?”
“ငါလည်း မပြောတတ်ဘူး ၊ ဒါပေမဲ့ ဒီဥမင်တူးထားတာက အတော်လေး ကတိုက်ကရိုက်ဆန်တယ် ၊ ကြည့်ရတာ ဝင်ဖို့ တူးလာတာနဲ့ မတူဘူး ထွက်ဖို့ တူးတာနဲ့ တူတယ် ၊ ငါတို့တော့ လူများဦးသွားတာ ခံလိုက်ရပြီထင်တယ်”
“ အားမလျော့ပါနဲ့ တတိယသခင်ကလည်း သူတို့ကောင်းကောင်းရောက်တယ်ဆိုရင် နဂိုလာခဲ့တဲ့ လမ်းကပဲ ပြန်ထွက်မှာပေါ့ ကြည့်ရတာ ထင်မထားတဲ့ အရေးကိစ္စတစ်ခုခုဖြစ်တာ ဖြစ်ရမယ် ၊ ကျွန်တော့်အထင်တော့ ရတနာလည်း ရှိနေလိမ့်ဦးမယ်” လို့ ဖန်းကျစ်က နှစ်သိမ့်စကားပြောလာတယ် ။
တတိယဦးလေးက ခေါင်းညိတ်လိုက်တယ် ။ ကျွန်တော်တို့ တတွေ ဆက်လျှောက်လာကြတယ် ။ ကျွန်တော်တို့ ကိုယ်စား တစ်ယောက်ယောက်က မိုင်းရှင်းပေးပြီးသွားပြီဆိုတော့ ကျွန်တော်တို့လည်း ဒီလို တုံ့နှေးတုံ့နှေးလုပ်နေစရာမလိုတော့ဘူး ။
ကျွန်တော်တို့ ခြေလှမ်းတွေကို မြန်ဆန်လိုက်ကြပြီး ဆယ့်ငါးမိနစ်လောက် ဆက်လျှောက်ပြီးနောက် ကျွန်တော်တို့ဟာ ကျယ်ပြန့်တဲ့ စင်္ကြံလမ်းတစ်ခုဆီ ရောက်လာခဲ့ကြတယ် ။ အဲဒီ စင်္ကြံလမ်းက ပထမလမ်းထက် နှစ်ဆလောက်ကျယ်ပြီး အဆင်အပြင်တွေကလည်း ပိုပြီး အနုစိတ်ကာ လက်ရာမြောက်တယ် ။ ကြည့်ရတာ ဂူသင်္ချိုင်းရဲ့ အဓိက နေရာကို ရောက်လာခဲ့ပြီ ထင်တယ် ။ ဒီဝေ့ဝိုက်နေတဲ့ စင်္ကြံရဲ့အဆုံးမှာ ကြည်လင်လှတဲ့ ဧရာမ ကျောက်စိမ်း တံခါးချပ်ကြီး တစ်ခုရှိနေကာ ဟင်းလင်းပွင့်လျက်ရှိနေပြီး အတွင်းကနေ ရိုက်ဖွင့်ထားခဲ့ပုံရတယ် ။ အဲဒီကျောက်စိမ်းတံခါးမကြီးတွေရဲ့ ဘေးဘက်မှာ ပန်းပုရုပ်တု နှစ်ခုရှိပြီး နှစ်ခုလုံး ဆာလောင်နေတဲ့ တစ္ဆေတွေပုံပဲ ။ တစ်ကောင်ရဲ့ လက်တစ်ဖက်ထဲမှာ တစ္ဆေလက်သည်းကို သိမ်းယူထားပြီး တစ်ကောင်ရဲ့ လက်ထဲမှာတော့ တံဆိပ်တော်ကို ကိုင်မြှောက်ထားတယ် ။ ရုပ်တုတွေရဲ့ ကိုယ်ထည်တွေက လုံးဝကို နက်မှောင်နေတယ် ။
တတိယဦးလေးက ကျောက်စိမ်းတံခါးကို တစ်ချက် စစ်ဆေးကြည့်တဲ့အခါ အပေါ်က ယန္တရားက ပျက်စီးနေပြီးသားဆိုတာ တွေ့လိုက်ရတယ် ။ ကျွန်တော်တို့လည်း တံခါးအဟကြားကနေ အထဲဝင်ခဲ့ကြတယ် ။ အထဲမှာ နေရာက အတော်လေး ကျယ်ဝန်းပြီး တပြင်လုံး ပိန်းပိတ်အောင်မှောင်နေကာ သတ္တုတွင်းသုံး မီးအိမ်ရဲ့ အလင်းက မလုံလောက်တော့ဘဲ ထိထိရောက်ရောက် အလင်းမပေးနိုင်တော့ဘူး ။
ဒါပေမဲ့ ကျွန်တော်တို့ဟာ ယေဘုယျအားဖြင့် ဘာတွေလဲ ဆိုတာလောက်တော့ မြင်နိုင်ခဲ့တယ် ။ ဒါက သင်္ချိုင်းဂူရဲ့ အဓိက ဗိမာန်နေရာဖြစ်မယ် ။ ဖန်းကျစ်က သူ့ရဲ့ သတ္တုတွင်းသုံးမီးအိမ်ကို ယူပြီး ဘေးဘီဝဲယာကို ဝေ့ကြည့်ရင်း ထပြောလာတယ် ။
“ ဘာလို့ ဒီလောက်များတဲ့ ခေါင်းတလားတွေ ရှိနေရတာလဲ”
အားကောင်းတဲ့ အလင်းရောင် ရှိမနေတဲ့ အခိုက်အတန့်မျိုးမှာ ဒီသင်္ချိုင်းဂူထဲ ဘာတွေရှိမှန်း ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ အတော်လေး ခက်ပါလိမ့်မယ် ။ ကျွန်တော် တချက်လှမ်းကြည့်လိုက်တဲ့အခါ သင်္ချိုင်းခန်းဆောင်ရဲ့အလယ်မှာ တကယ်ပဲ ကျောက်ခေါင်းတလားတွေ အများကြီး ခင်းကျင်းထားခဲ့တာကို တွေ့လိုက်ရတယ် ။ ပြီးတော့ ကြည့်လိုက်တာနဲ့ အစီအစဉ် တစ်ခုခုအတိုင်း ခင်းကျင်းထားတာမျိုးဖြစ်ပြီး ပုံမှန်အတိုင်း ညီညီညာညာ စီစီရီရီ ချထားတာမျိုး မဟုတ်ဘူး ။ သင်္ချိုင်းခန်းဆောင်ရဲ့ အပေါ်ဘက် ကြီးမားကျယ်ပြန့်တဲ့ မျက်နှာကျက်တစ်ခုလုံးမှာ နံရံဆေးရေး ပန်းချီတွေနဲ့ ပြည့်နေတယ် ။ ဘေးပတ်ပတ်လည်မှာ လေးထောင့်စပ်စပ် ကျောက်ပြားချပ်တွေချည်းဖြစ်ပြီး အပေါ်မှာ စာလုံးတွေ ပြွတ်သိပ်စွာ ထွင်းထုထားတယ် ။ ကျွန်တော်က သတ္တုတွင်းသုံးမီးအိမ်ကို ဘေးမှာ ချထားလိုက်တယ် ။ ဖန်းကျစ်ကလည်း သူ့လက်ထဲက တစ်ခုကို ကျွန်တော့် မီးအိမ်နဲ့ ကန့်လန့်ဖြတ်နေရာမှာချထားလိုက်တာကြောင့် အကြမ်းဖျဉ်းလောက် အလင်းရောင်ရသွားပြီး သင်္ချိုင်းခန်းဆောင်ရဲ့ ဘေးဘက်မှာ ဘေးခန်းဆောင်နှစ်ခုရှိနေတာကို တွေ့လိုက်ရတယ် ။
တတိယဦးလေးနဲ့ ကျွန်တော်က ပထမကျောက်ခေါင်းတလား ဘေးကို လျှောက်သွားပြီး မီးကျည်ချောင်းကို ထွန်းညှိလိုက်တယ် ။ အဲဒီကျောက်ခေါင်းတလားက ကျွန်တော်တို့ သင်္ချိုင်းဂူထဲ စဆင်းလာကာစက တွေ့ခဲ့တဲ့ဟာနဲ့ လုံးဝမတူဘူး ။ ဒီဟာရဲ့ အပေါ်မှာ ကမ္ပည်းစာတွေ အပြည့်ရေးထိုးထားတယ် ။ ကျွန်တော်ကြည့်ကြည့်တော့ တချို့အပိုင်းတွေ ဖတ်လို့ နားလည်တယ် ။
အပေါ်က စာတွေက ဒီကျောက်ခေါင်းတလားထဲက ပုဂ္ဂိုလ်ရဲ့ ဘဝဖြစ်စဉ်ကို ရေးမှတ်တင်ပြထားတာပဲ။ တကယ်တော့ ဒီသင်္ချိုင်းဂူရဲ့ အရှင်သခင်ဟာ လူနိုင်ငံရဲ့ နယ်ရှင်ပယ်ရှင်တစ်ယောက်ဖြစ်ပြီး အဲဒီလူမှာ မွေးရာပါ တစ္ဆေချိပ်စည်းတစ်ခုရှိတာကြောင့် မရဏပြည်က တပ်သားတွေကို ဆင့်ခေါ်နိုင်တယ်တဲ့ ။ ဒါကြောင့် တိုက်ပွဲတိုင်း အောင်နိုင်လေ့ရှိပြီး လူနိုင်ငံရဲ့ ဘုရင်မင်းမြတ်က မရဏစစ်တပ်ကို အုပ်စိုးသူ လူရှန်ဝမ် ရယ်လို့ ဘွဲ့ထူးချီးမြှင့်ပေးထားခဲ့တယ် ။ တစ်နေ့မှာ သူက လူနိုင်ငံရဲ့ ဘုရင်မင်းမြတ်ကို ရုတ်တရက် တွေ့ခွင့်တောင်းပြီး ပြောလာတယ် ။ သူပြောတာက သူက နှစ်ပေါင်းများစွာ မရဏပြည်က စစ်သည်တွေကို ငှားရမ်းပြီး အသုံးပြုခဲ့တယ် ။ အခု ငရဲမင်းကြီးက မိစ္ဆာငယ်တချို့ရဲ့ ပုန်ကန်မှုကို ခံနေရတာကြောင့် သူ မရဏပြည်ကို ပြန်ပြီး ငရဲမင်းကြီးဆီ လူမှုရေးအရကျေးဇူးကြွေး ဆပ်ရဦးမယ် ( မူရင်းစာကြောင်းကတော့ ဒီလိုရေးထားတာ မဟုတ်ဘူးပေါ့) ဒါကြောင့် လူနိုင်ငံ အရှင်မင်းမြတ်အနေနဲ့ သူ မရဏပြည်ပြန်ပြီး သတင်းပို့မယ့် အရေးကိစ္စကို ခွင့်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်တဲ့ ။ လူနိုင်ငံ ဘုရင်မင်းမြတ်က အဲဒီအချိန်က ချက်ချင်းပဲ အခွင့်ပေးခဲ့တယ် ။ အဲဒီ လူရှန်ဝမ်ဟာ ဘုရင်မင်းမြတ်ကို ဦးခိုက်လိုက်ပြီးနောက် ထိုင်လျက်အနေအထားနဲ့ပဲ ကွယ်လွန်သွားခဲ့တယ် ။
လူနိုင်ငံရဲ့ ဘုရင်မင်းမြတ်ဟာ သူပြန်လာလိမ့်ဦးမယ်လို့ ထင်မှတ်နေခဲ့ပြီး ဒီနေရာမှာပဲ သူ့အတွက် မြေအောက် နန်းဆောင်ဆောက်လုပ်ပေးထားခဲ့တယ် ။ သူ့ရဲ့ ကျန်ရစ်တဲ့ ကိုယ်ခန္ဓာကို ထိန်းသိမ်းထားပြီး သူပြန်လာတဲ့ အချိန်ကျ ဆက်ပြီး သူ့အတွက် သက်စွန့်ကြိုးပမ်း အကျိုးသယ်ပိုးဆောင်ရွက်လိမ့်ဦးမယ်လို့ မျှော်လင့်ထားတယ်… ဘာညာ ဘာညာ ။ အတော်လေးကို လျှောက်ပြောထားတာ ။ စာထဲမှာ သူတိုက်ခဲ့တဲ့ တိုက်ပွဲတွေကိုလည်း စေ့ငုသေချာစွာ ရေးသားခြယ်မှုန်းထားသေးတယ် ။ တိုက်ပွဲအားလုံးနီးပါးမှာ သူက သူ့ရဲ့ တစ္ဆေချိပ်စည်း တချက်ဝံ့လိုက်တာနဲ့ မြေအောက်က မရဏစစ်သည်တွေထွက်လာပြီး ရန်သူတွေရဲ့ ဝိညာဉ်တွေကို တခါတည်း နှုတ်ယူသွားရောတဲ့ ။ ဖန်းကျစ်တစ်ယောက် ကျွန်တော်ရှင်းပြတာကို နားထောင်ရင်း ခံစားမှုအပြည့်နဲ့ လေးလေးလံလံ သက်ပြင်းချလိုက်ပြီး ပြောတယ် ။
“ အဲဒီလောက် စွမ်းတာလား ? သူအစောသေသွားလို့ တော်သေးတာပေါ့ မဟုတ်လို့ကတော့ ထီးပြိုင်နန်းပြိုင်ခေတ်က နိုင်ငံ ခြောက်ခုလုံးကို တစုတစည်းတည်း နိုင်ငံတစ်ခုတည်ထောင်ခဲ့တာ လူနိုင်ငံလို့ ဖြစ်သွားဦးမယ် ”
ကျွန်တော်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ရင်း “ ဒါတော့ မသေချာဘူး ရှေးလူတွေက အရမ်းချဲ့ကားပြီး ကြွားလုံးထုတ်တတ်တာ ခင်ဗျား လူရှန်ဝမ်က မရဏ စစ်သည်တွေ ခေါ်လို့ရတယ်ဆို ဟို ချီနိုင်ငံက ဘယ်သူ ဘယ်သူ ဘယ်သူ ကလည်း နတ်စစ်သည်တွေ ခေါ်နိုင်လိမ့်မယ် ၊ ကျွန်တော် မှတ်မိတာ မိုးပေါ်ပျံနိုင်တဲ့ စစ်သူကြီးတစ်ယောက်တောင် ရှိသေးလေ တောင်တန်းနှင့် ပင်လယ်များကျမ်းမှာ ခင်ဗျား ရှာဖတ်ကြည့်ကြည့်” လို့ ပြောလိုက်တယ် ။
“ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ ငါတို့ ဘယ်သူ့ သင်္ချိုင်းတူးနေလဲ သိရတာပေါ့ ဒါပေမဲ့ ဒီမှာ ခေါင်းတလားတွေ ဒီလောက်များတာ ဘယ်အခေါင်းက သူ့ဟာတုံး?” လို့ ဖန်းကျစ်က မေးတယ် ။
ကျွန်တော်က တခြားခေါင်းတလားတွေပေါ်က ကမ္ပည်းစာတွေကို ထပ်ကြည့်လိုက်တယ် ။ အားလုံးက သိပ်မကွာလှဘူး ။ အကုန်လုံးက တူညီတဲ့ အကြောင်းအရာတွေပဲ ။ ကျွန်တော်တို့ ရေတွက်ကြည့်လိုက်တော့ အားလုံး ခုနှစ်ခုရှိတယ် ။ အဆင်သင့်တာကတော့ ခုနှစ်စင်ကြယ်ပုံ ဖြစ်နေတာပဲ ။ ခေါင်းတလား ခုနှစ်ခုလုံးပေါ်မှာတော့ အထဲက ဘယ်သူဘယ်ဝါဆိုတာမျိုး သတိပြုမိနိုင်ဖို့ ထောက်ပြထားတဲ့ ဘယ်လိုမှတ်တမ်းမျိုးမှ မရှိဘူး ။ ကျွန်တော် တခြား နားမလည်တဲ့ ကမ္ပည်းစာတွေကို လေ့လာနေတုန်းမှာပဲ ဘေးက သာ့ခွေက ထအော်လာတယ် ။
“ မင်းတို့ကြည့် ဒီကျောက်ခေါင်းတလားက တစ်ယောက်ယောက်ဖွင့်ပြီးသွားပြီ”
ကျွန်တော်သွားကြည့်ကြည့်လိုက်တော့ တကယ်ကိုပဲ ကျောက်ခေါင်းတလားရဲ့ အဖုံးဟာ ကျောက်ခေါင်းတလားနဲ့ အပြည့်အဝ ချိပ်ပိတ်မထားတာကို တွေ့လိုက်ရတယ် ။ နောက်ပြီး ခေါင်းတလားပေါ်မှာလည်း တူးရွှင်းနဲ့ ကော်ထုတ်ထားတဲ့ အရာ အသစ်စက်စက်တွေ ရှိနေသေးတယ် ။ တတိယဦးလေးက အိတ်ထဲကနေ ကျွန်တော်တို့တူရွှင်းကို ထုတ်ယူပြီး နည်းနည်းချင်း နည်းနည်းချင်း အခေါင်းဖုံးကို ကော်ဖွင့်လိုက်တယ် ။ အဲဒီနောက် မီးအိမ်ကိုယူပြီး အတွင်းကို လင်းကျင်းစေလိုက်တယ် ။ ဖန်းကျစ်ဆီက ထူးဆန်းတဲ့ အသံတစ်ခုထွက်လာပြီး ကျွန်တော်တို့ဆီ လှမ်းကြည့်လိုက်ကာ နဝေတိမ်တောင်နဲ့ မေးလာတယ် ။
“ ဘာလို့ အထဲက နိုင်ငံခြားသားကြီး ဖြစ်နေရတာလဲ?”
ကျွန်တော်တို့ ကြည့်လိုက်ကြတဲ့အခါ အထဲမှာ တကယ်ပဲ နိုင်ငံခြားသားတစ်ယောက် ဖြစ်နေခဲ့တယ် ။ နိုင်ငံခြားသား တစ်ယောက် ဖြစ်နေရုံမကဘူး အတော်လေးကို လတ်လတ်ဆတ်ဆတ်ကြီး ။ သေတာ တစ်ပတ်တောင် မပြည့်လောက်သေးဘူး ။ ဖန်းကျစ်က လက်ဆန့်ပြီး တစ်ခုခုနှိုက်ယူဖို့ ပြင်လိုက်ချိန် မန့်ယိုဖျင်က သူ့ပုခုံးကို လှမ်းဆွဲထားလိုက်တယ် ။ ကြည့်ရတာ အားအတော်သုံးလိုက်ပုံပဲ ။ ဖန်းကျစ်ခမျာ နာကျင်မှုကြောင့် ရှုံ့မဲ့မဲ့ ဖြစ်သွားရရှာတယ် ။ မန့်ယိုဖျင်က ပြောလိုက်တယ် ။
“မလှုပ်နဲ့ အခေါင်းပိုင်ရှင်က သူ့အောက်မှာ ရှိတယ်”
ကျွန်တော်တို့ သေချာကြည့်လိုက်တော့ တကယ်ပဲ အဲဒီနိုင်ငံခြားသားရဲ့ အောက်မှာ အလောင်းတစ်ခုရှိနေသေးတယ် ။ ဘယ်လိုပုံစံလည်းတော့ သေချာမမြင်ရဘူး ။ တတိယဦးလေးက မြည်းနက်ရဲ့ ခွာကို ဆွဲထုတ်လိုက်ပြီး ပြောတယ် ။
“ ဆိုးဆိုးရွားရွားဟာတစ်ခုပဲ ဖြစ်ရမယ် အသာစီးရအောင် လက်ဦးမှုယူထားမှ”
အဲဒီအချိန် ကျွန်တော့်နောက်မှာ ရှိနေတဲ့ သာ့ခွေက ကျွန်တော့်အင်္ကျီကို ဆွဲပြီး ကျွန်တော့်ကို ဘေးအထိရောက်လာအောင် ဆွဲခေါ်ထုတ်လာတယ် ။
သူက ပုံမှန်ဆို ပွင့်ပွင့်လင်းလင်း ရှိတတ်တာကြောင့် ကျွန်တော် ထူးဆန်းတယ်လို့ ခံစားလိုက်ရပြီး သူ့ကို ဘာဖြစ်တာလဲလို့ မေးလိုက်တယ် ။ သူက ကျွန်တော်တို့ ချထားတဲ့ သတ္တုတွင်းသုံး မီးအိမ်ရဲ့ အလင်းရောင်ကြောင့် မျက်နှာခြင်းဆိုင်က နံရံပေါ်မှာ ပေါ်နေတဲ့ အရိပ်တွေကို လက်ညှိုးထိုးပြပြီး လေသံတိုးတိုးနဲ့ ပြောတယ် ။
“ မင်းကြည့် ဒါက မင်းရဲ့အရိပ် ဟုတ်တယ်မှတ်လား?”
ကျွန်တော် စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်မိတယ် ။ “ ဘာလဲ အခု အရိပ်ကိုပါ ကြောက်နေပြီလား?”
သူ့မျက်နှာ အသွေးအရောင်က သိပ်မကောင်းသလို ကျွန်တော်ပြောတာ ကြားပြီး နှုတ်ခမ်းတွေလည်း ဆတ်ခနဲ တုန်ယင်သွားတယ် ။ မဟုတ်သေးပါဘူး သူဒီလောက်ထိတောင် ကြောက်နေတာလားလို့ ကျွန်တော်စိတ်ထဲက တွေးလိုက်မိတယ် ။ သူက လက်ခါပြပြီး ကျွန်တော့်ကို စကားမပြောခိုင်းဘဲ အဲဒီအရိပ်တွေကို လက်ညှိုးထပ်ထိုးပြပြီး “ ဒါက ငါ့အရိပ် ၊ ဒါက ဖန်းကျစ် ၊ ဒါက တတိယသခင် ၊ ဒါက အစ်ကိုလေး ၊ မင်းအားလုံး မြင်တယ်မှတ်လား မင်းရောပါမှ အားလုံးပေါင်း ငါးယောက်လေ” လို့ပြောတယ် ။
ကျွန်တော် ခေါင်းအသာညိတ်လိုက်တယ် ။ ရုတ်တရက် တစ်ခုခုကို သတိထားမိလာသလိုပဲ ။ သာ့ခွေက တံထွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး ကျွန်တော်တို့နဲ့ အတူမရှိဘဲ သီးသန့် ထီးတည်းရှိနေတဲ့ အခြားအရိပ်တစ်ခုကို လက်ညိုးထိုးပြလိုက်ပြီး ငိုတော့မလိုအသံနဲ့ မေးလာတယ် ။
“ ဒါဖြင့် ဒီအရိပ်က ဘယ်သူ့ဟာတုံး?”
TBC
Translator note
然 (rán) ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က မှန်သည် ၊ ဤသို့ ဆိုတာအပြင် သို့သော်လည်း ၊ သော်ငြားလည်း လို့လည်း အဓိပ္ပါယ်ရပါတယ် ။ ဒါကြောင့် စစ်သေနာပတိပြောတဲ့ အဓိပ္ပါယ်က ဘာကို ဆိုလိုမှန်း ဘုရင်ကြီး တွေးရခက်နေတာပါ ။ တကယ်တော့ အဲဒီမေးခွန်းရဲ့ အဖြေဟာ ဘုရင့်စိတ်တိုင်းကျ အဖြေသာဖြစ်သင့်တာမျိုး မလို့ပါ ။ ဒါကြောင့် စစ်သေနာပတိကြီးက စကားအလိမ္မာနဲ့ 然 လို့ ပြန်ဖြေခဲ့တာဖြစ်ပါတယ် ။ ဒါက ရှေးလူတွေရဲ့ စကားအရာမှာ ကျစ်လျစ်ပြီး ကျွမ်းကျင်လိမ္မာပုံကို ထင်ဟပ်ပြတဲ့ အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ် ။
No comments:
Post a Comment