အပိုင်း ၈ - တောင်ကြား
တတိယဦးလေးက မျက်မှောင်ကျုတ်လိုက်တယ် ။
“ လူခေါင်းတွေချည်းပဲလား ၊ ကိုယ်ခန္ဓာတွေ မပါဘူးလား”
အမျိုးသမီးငယ်လေးက ပြောတယ် ။ “ ဟုတ်တယ် ၊ ရှင်ပြောကြည့် ကြောက်စရာကြီးမဟုတ်လား ၊ အဲဒီနေရာပြိုကျသွားပြီးတဲ့ အချိန်ကစပြီး သွားစရာလမ်းမရှိတော့ဘူး ၊ လားတွေလည်း ဝင်လို့မရဘူး ၊ ရှင်တို့သွားချင်တယ်ဆိုရင် ခြေလျင် တစ်လှမ်းခြင်း တွားတက်မှ ရမယ် ကျွန်မအထင် ရှင်တို့ အဲဒီကို ရောက်ရင်လည်း ဒီတိုင်း လှည့်ပတ်ကြည့်လို့ပဲ ရနိုင်လောက်မယ် ၊ ရှေ့မှာ အဖွဲ့တော်တော်များများ အဲဒီနေရာကို သွားခဲ့ဖူးတယ် ၊ အတွေ့အကြုံအများဆုံး လူကြီးတွေတောင် တောင်ပြိုနေတာကိုကြည့်ပြီး ခေါင်းယမ်းသွားကြတာ”
တတိယဦးလေးက မန့်ယိုဖျင်ဆီ အကြည့်တစ်ချက်ရွှေ့လိုက်တယ် ။ သူ့ရဲ့ တုံ့ပြန်မှု နည်းနည်းလေးမှ မရှိတဲ့ ထိုင်းထိုင်းမှိုင်းမှိုင်းအခြေအနေကို ကြည့်ရင်း စားပွဲထိုးမလေးကို မေးလိုက်တယ် ။ “ အဲဒီတောင် မပြိုကျခင်ကရော ဝင်သွားဖူးတဲ့သူ ရှိသေးလား?”
“ရှိတာတော့ ရှိတယ် ၊ ဒါပေမဲ့ ကျွန်မမြင်တာက သူတို့ရက်အနည်းငယ် ဝင်သွားကြပြီး နောက်ဆုံးတော့လည်း ဒီလိုပဲ ထွက်လာကြတာ ဘာမှလည်း ယူမလာကြဘူး ၊ လာတုန်းကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ပြန်ထွက်လာတဲ့ အချိန်ကျတော့ အဝတ်အစားတွေဆိုတာ သူတောင်းစားတွေလိုပဲ နံ့လွန်းလို့ သေလောက်တယ် ၊ ကျွန်မအဘိုးပြောတာတော့ သူတို့က သင်္ချိုင်းနေရာကိုတောင် ရှာမတွေ့ခဲ့လောက်ဘူးတဲ့ ၊ ဘာလဲ ရှင်တို့တတွေလည်း သွားပြီး စမ်းကြည့်ကြည့်ချင်လို့လား”
“မင်းပြောတာနားထောင်ပြီး ရောက်လာမှတော့ သွားကြည့်ကြည့်တာပေါ့ မဟုတ်ရင် အလကားလာသလိုဖြစ်နေမှာပေါ့” တတိယဦးလေးက တဟဲဟဲရယ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘူး ။
စားပွဲထိုးမလေးဟာ ဟင်းပွဲပြင်ဖို့ မီးဖိုချောင်ဆီ အလျင်စလို ထွက်သွားတယ် ။ ဖန်းကျစ်က ပြောလာတယ် ။
“ ကြည့်ရတာ ကျွန်တော်တို့သွားမဲ့ သင်္ချိုင်းကြီးက အဲဒီနေရာပဲ မမှားလောက်ဘူး ၊ ဒီမိန်းကလေးပြောပုံအရဆို ကျွန်တော်တို့ ဒီပစ္စည်းကိရိယာ တလှည်းစာက တောင်ထဲကို သယ်ဖို့ ခက်လိမ့်မယ်ထင်တယ်”
“ ပစ္စည်းရှိရင် ပစ္စည်းရှိတဲ့ နည်းလမ်း ၊ ပစ္စည်းမရှိရင် ပစ္စည်းမရှိတဲ့ နည်းလမ်းပေါ့ ထီးပြိုင်နန်းပြိုင်ခေတ်က ဂူသင်္ချိုင်းတွေက ယေဘုယျအားဖြင့် ဒေါင်လိုက်မြေကျင်းတွေပဲ ၊ တည့်တည့်တက် တည့်တည့်ဆင်း ခေါင်းသွင်းတဲ့ သင်္ချိုင်းဂူအခန်းမရှိဘူး ၊ ဒီဟာက အတူတူပဲလားတော့ မသိဘူး ဒီဂူသင်္ချိုင်းက ဘယ်လောက်ကြီးလည်း ဘယ်လောက်နက်လည်းဆိုတာတော့ ငါတို့ မြေနေရာရောက်မှ ကြည့်ရမှာပဲ ၊ ငါတို့အရင်ဖောက်ခဲ့တဲ့ ဟာတွေနဲ့ လုံးဝမတူမှာစိုးရတယ် ၊ မင်း အဲဒီတောင်ပြိုတုန်းက ထွက်လာတဲ့ လူခေါင်းတွေကိုပဲကြည့် အဲဒါငါတို့ ဘိုးဘေးတွေပြောတဲ့ တစ္ဆေခေါင်းကျင်း ဆိုတာဖြစ်မယ် ၊ အဲဒီနေရာက သူတို့အရင်တုန်းက ကွယ်လွန်သူနဲ့ အတူမြှုပ်နှံခံရမဲ့ စတေးခံ လူနဲ့ တိရိစ္ဆာန်တွေ မြှုပ်တဲ့ကျင်းဖြစ်မယ်” တတိယဦးလေးက မြေပုံကို ထုတ်ယူလိုက်ပြီး အပေါ်မှာ လက်ညှိုးနဲ့ ထောက်ဝိုင်းလိုက်ကာ “မင်းတို့ကြည့် ၊ ဒီနေရာပဲ ဒီနေရာက အဓိကဂူသင်္ချိုင်းနဲ့ ဝေးသေးတယ် ၊ အရင်လာဖူးတဲ့ ဟိုလူတွေက နဂါးသွေးကြောကို ရှာပြီး အပ်စိုက်ခြင်း နည်းလမ်းအတိုင်း လိုက်ရင် သေချာပေါက် ဒီနေရာကျရပ်မှာပဲ ၊ ဒီနေရာက နဂါးခေါင်းလေ ၊ နည်းလမ်းအတူတူအရ ဂူသင်္ချိုင်းက သေချာပေါက် အောက်မှာရှိရမယ် ဒါပေမဲ့ မင်းတို့ကြည့် ရှေ့နည်းနည်းဆက်သွားရင် ဒီနေရာ .. ဘူးသီးခြောက်အဝ .. မင်းရှေ့ဆက်မသွားရင် အထဲမှာ မျက်နှာကျက်အပွင့်နဲ့ လှိုဏ်ရှိတာ သိမှာမဟုတ်ဘူး ၊ အဲဒါကမှ တကယ့် နဂါးခေါင်းတည်ရာအရပ်ပဲ ၊ ဒီဂူသင်္ချိုင်းကို ဆောက်တဲ့သူက နဂါးသွေကြောကို ရှာပြီး အပ်စိုက်ခြင်းပညာကို သေချာပေါက် နားလည်ထားတဲ့သူဖြစ်ရမယ် ၊ သူတို့ဖောက်ဖို့ ဒီနေရာမှာ အထူးတလည် တည်ကြက်တစ်ခုလုပ်ထားလိုက်သေးတယ် ၊ တကယ်လို့ ငါမှန်းတာသာမမှားရင် ဒီနဂါးခေါင်းအတုအောက်မှာ ထောင်ချောက်အထပ်ထပ်နဲ့ သင်္ချိုင်းဂူအတုရှိနေလိမ့်မယ်” ကျွန်တော်တို့ စိတ်ဝင်တစား နားထောင်နေကြတာကို မြင်တဲ့အခါ တတိယဦးလေးတစ်ယောက် အတော်လေးကျေနပ်ပီတိ ဂွမ်းဆီထိစွာနဲ့ ဆက်ပြောတယ် ။ “ ဒီမြေပုံသာ မရှိရင် ငါတို့ဘိုးဘေးတွေလာရင်တောင် လှည့်စားခံရလောက်တယ် ၊ မနက်ဖြန် ငါတို့ လိုအပ်တာတွေလောက်ပဲ ယူပြီး ပေါ့ပေါ့ပါးပါးနဲ့ပဲ တိုက်ပွဲဝင်ကြမယ် ၊ အရင်ဆုံး နည်းနည်းဆင်းကြည့်တာပေါ့ တကယ်လို့ အလုပ်မဖြစ်တော့မှ ငါတို့ပြန်လာပြီး ပစ္စည်းတွေသယ်ကြမယ်”
ကျွန်တော်တို့ ခေါင်းညိတ်သဘောတူလိုက်ကြတယ် ။ အနည်းထပ် စားသောက်ကြပြီးနောက် အခန်းကို ပြန်ခဲ့ကြတယ် ။
အဲဒီနောက် ပစ္စည်းတွေကို ဖြုတ်ပြီး ပြင်ဆင်ကြရတယ် ။ ဒီခေတ်မှာ ရိုးရာလော့ယန်ဂေါ်ပြားကို မသုံးကြတော့ဘူးလေ ။ တတိယဦးလေးက ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုတွေမှာသုံးတဲ့ ဂေါ်ပြားကို ယူလာခဲ့တယ် ။ ဒီဂေါ်ပြားက စတီးပိုက်တွေကို အပိုင်းလိုက်အပိုင်းလိုက် ဝက်အူကျပ်ပြီး ဆက်သုံးရတာ ။ အရှည်ဘယ်လောက်လိုချင်လဲ လိုချင်သလောက် စတီးပိုက်တွေကို ဆက်လို့ရပြီး ဟိုသစ်သားလက်ကိုင်နဲ့ လော့ယန်ဂေါ်ပြားထက် ပိုဖွက်လို့ကောင်းတယ် ။ ဒီထီးပြိုင်နန်းပြိုင်ခေတ်က ဂူသင်္ချိုင်းဟာ မီပေါင်း ဆယ်ချီ [T/N 1米 (တစ်မီ) = 3.280839895ft ] နက်တာကြောင့် ချွေတာလို့မရဘူး ။စတီးပိုက်တွေကို သေချာထုတ်ပိုးပြီးနောက် လူတိုင်းရဲ့ ကျောပိုးအိတ်ထဲမှာ စတီးပိုက်ဆယ်ချောင်းစီနဲ့ ဂေါ်ပြားခေါင်းတစ်ခုစီ ဝေပုံကျ သယ်ကြရတယ် ။ ဖန်းကျစ်ဆီမှာ ပြောင်းတိုကာဘိုင်သေနတ် တစ်လက်ပါပြီး ခါတိုင်းဆို သားရေအစွပ်အိတ်နဲ့ သေချာထုတ်ပိုးထားခဲ့တာ ။ အခုတော့ ထုတ်လာခဲ့ပြီ ။ အဲဒီသေနတ်က မှောင်ခိုဈေးကဝယ်လာတဲ့ နှစ်လုံးပြူးပြောင်းချောသေနတ်ထက် အတော်လေးတိုပြီး အင်္ကျီအောက်ထဲထည့်ဝှက်ထားရုံနဲ့ တော်ရုံမမြင်သာတော့ဘူး ။ သူက အဲဒီသေနတ်ကို ခဲယမ်းပစ္စည်းအပြည့်အစုံနဲ့အတူ ကျောပိုးအိတ်ထဲ ထိုးသွတ်ထည့်လိုက်တယ် ။ တတိယဦးလေးပြောတာက အောက်ဆင်းလို့ နှစ်လုံးပြူးပြောင်းချောသေနတ်သုံးရင် နောက်လှည့်ရင်တောင် လှည့်မရနိုင်ဘူး ။ ဖန်းကျစ်ရဲ့ ဒီကာဘိုင်က ပိုလက်တွေ့ကျတယ်တဲ့ ။ ကျွန်တော်ကတော့ ဒစ်ဂျစ်တယ်ကင်မရာ တစ်လုံးနဲ့ သံလက်တစ်ချောင်း ပြင်ဆင်ထားလိုက်တယ် ။ တွေးကြည့်လည်း ဘာပစ္စည်းမှ ယူစရာမလိုဘူးလေ ။ နဂိုကတည်းကိုက သင်္ချိုင်းဖောက်သမား အလုပ်သင်လေးပဲ မဟုတ်လား ။
တစ်ညလုံး တိတ်ဆိတ်နေကြပြီး တစ်နေ့လုံး ခရီးပန်းလာတာကြောင့် ကျွန်တော် ဘယ်လောက်တောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှန်းမသိဘူး နိုးလာတော့ အဆစ်အမြစ်တွေအားလုံး ကိုက်ခဲနာကျင်နေတယ် ။ ကျွန်တော်တို့ အားလုံး မနက်စာကို ကတိုက်ကရိုက် စားလိုက်ကြပြီး ရိက္ခာခြောက်တချို့ယူဆောင်ကာ ခရီးထွက်ခဲ့ကြတော့တယ် ။ ဟိုအမျိုးသမီးလေးကတော့ အတော် ကြင်နာတတ်တယ် ။ ရွာထဲက ကလေးတစ်ယောက်ကို ခေါ်ပြီး ကျွန်တော်တို့ကို လိုက်ပို့ခိုင်းလိုက်တယ် ။ တောင်တက်လမ်းကို လေးနာရီပိုပိုလောက် သွားပြီးတဲ့နောက် ဖင်တုံးလုံးနဲ့ ကလေးလေးက ရှေ့ကို လက်ညှိုးထိုးပြပြီး “ ဟိုနားပဲ” လို့ပြောတယ် ။ ကျွန်တော် တစ်ချက်လှမ်းကြည့်လိုက်တော့ ရှေ့တူရူဆီမှာ ရွှံ့တွေကျောက်တွေရောပါလာတဲ့ စီးကြောင်းကြောင့် ကွဲအက်ပြီး ဖြစ်ပေါ်လာတဲ့ တောင်ကြားလမ်းကြောင်းမှန်း မြင်သာလှတယ် ။ ကျွန်တော်တို့ အခုရပ်နေတဲ့ နေရာက တောင်တန်းတစ်ခုနဲ့ တခြားတောင်တန်းတစ်ခုရဲ့ကြားမှာပဲ ။ ဒီလျှိုမြောင်က အတော်ရှည်လျားပြီး မိုးရာသီဆိုရင် မြစ်တစ်စင်း ဖြစ်နေနိုင်လောက်တယ် ။ ဒါပေမဲ့ ရွှံ့တွေကျောက်တုံးကျောက်ခဲတွေ စုပုံနေတာကြောင့်ရယ် ပြီးခဲ့တဲ့ လတွေက မိုးခေါင်မှုတွေရယ် ပေါင်းစပ်လိုက်တဲ့အခါ ရေတိမ်ချောင်းတစ်ခုအဖြစ်သာ ကျန်ခဲ့တော့တယ် ။
ဘေးနှစ်ဘက်က တောင်တွေက အတော်လေးမက်စောက်တယ် ။ လူသွားလို့ မရနိုင်ဘူး ။ ပြီးတော့ ရှေ့က မြစ်ကြောင်းကလည်း တောင်ပေါ်က ပြိုကျလာတဲ့ ကျောက်တုံးတွေနဲ့ ပိတ်ဆို့နေခဲ့ပြီ ။
ကျွန်တော်က ဖင်တုံးလုံးနဲ့ ကလေးလေးခေါင်းကို အသာပုတ်လိုက်ပြီး ပြောလိုက်တယ် ။ “ ပြန်သွားဆော့ချေတော့ မင်းအစ်မကို ကျေးဇူးတင်တယ်လို့ ပြောပေးဦး”
ကလေးက လက်ဖြန့်လိုက်ပြီး “ ငါးဆယ်ပေး” လို့ပြောတယ် ။
ကျွန်တော် အံ့ဩသွားတယ် ။ ကလေးလေးက စကားမပြောဘဲ လက်ကို ဖြန့်ထားပြီး ကျွန်တော့်ကို စိုက်ကြည့်နေတယ် ။ ကျွန်တော်က ဘာ ငါးဆယ်လဲ လို့ ပြောလိုက်တယ် ။
တတိယဦးလေးက တဟားဟားအော်ရယ်ပြီး တစ်ရာတန်တစ်ရွက်ထုတ်ပေးလိုက်တယ် ။ ကလေးလေးက ဖတ်ခနဲ ဆွဲယူပြီး ခုန်ပေါက်ကာ ပြန်ပြေးသွားတော့တယ် ။
အဲဒီတော့မှ ကျွန်တော် ရုတ်တရက်သဘောပေါက်လိုက်ပြီး ရယ်လိုက်မိတယ် ။ “အခုခေတ် တောထဲတောင်ထဲက ကလေးတွေလည်း ဒီလောက် ကိုယ်ကျိုးရှာ အမြတ်ထုတ်တတ်နေပြီလား”
“လူတွေက ငှက်ကြောင့်သေကြတယ်___” သာ့ခွေက တဖွဖွ ရွတ်ဆိုလိုက်တယ် ။ ဖန်းကျစ်က သူ့ကို တစ်ချက်ကန်ထည့်လိုက်ပြီး “စာမတတ်ဘူးလား ? ငှက်ကြောင့်သေတယ် ဟုတ်လား ? မင်းသာ -ီးကြောင့်သွားသေနေလိုက် !”
ကျွန်တော်တို့ ဘာမှပြောမနေကြတော့ဘဲ စတက်ခဲ့ကြတယ် ။ ဒီကျောက်တုံးတွေက သိပ်လျော့ရဲတယ်လို့ ပြောလို့မရဘူး ခိုင်ခိုင်ခံ့ခံ့ပဲ ။ အချိန်အနည်းငယ် အားထုတ်လိုက်တာနဲ့ ကျွန်တော်တို့ ကျော်သွားနိုင်ခဲ့တယ် ။ ဟိုအမျိုးသမီးလေး ပြောသလောက်လည်း ကြောက်စရာမကောင်းပါဘူး ။ ရောက်တော့ သူပြောတဲ့ အဲဒီ လူခေါင်းတွေလည်း မတွေ့ပါဘူး ။ ဒီမြေပြိုထားတဲ့နောက်မှာ ကနဦးက လျှိုမြောင်ကြီးရှိနေပြီး အဲဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ သစ်ပင်တွေရှိလာကာ ပိုဝေးတဲ့ အဆုံးမှာတော့ နက်ရှိုင်းတဲ့ တောအုပ်ကြီးတစ်ခုပဲ ။ ဒီလို ဂေဟစနစ်မျိုးဟာ ဘယ်လိုများ ပေါ်ထွန်းဖြစ်ပွားလာခဲ့တာလဲလို့ ကျွန်တော် အံ့ဩနေမိတယ် ။
အဲဒီအချိန် တောင်ပြိုထားတဲ့ ကုန်းစောင်းအောက် လျှိုမြောင်ထဲမှာ အဘိုးကြီးတစ်ယောက် ရေသယ်နေတာကို ကျွန်တော်တို့မြင်လိုက်ကြရတယ် ။ ကျွန်တော်သေချာကြည့်လိုက်တော့ သူ့အမေကြီးတော်နဲ့မှ ကျွန်တော်တို့ကို ဂူထဲဝင်ခိုင်းခဲ့တဲ့ သောက်အဘိုးကြီး မဟုတ်လား ! အဲဒီအဘိုးကြီးကလည်း ရုတ်တရက် ကျွန်တော်တို့ကို မြင်သွားပြီး လန့်ဖြတ်ကာ စမ်းချောင်းထဲ လဲကျသွားတယ် ။ နောက်တော့ အသည်းအသန်ကုန်းထပြီး ပြေးတော့တယ် ။ ဖန်းကျစ်က ဆဲရေးလိုက်ပြီး “ပြေးစမ်း” လို့ လှမ်းအော်လိုက်ကာ သေနတ်ထုတ်ပြီး အဘိုးကြီးရဲ့ ခြေထောက်ရှေ့က သဲပြင်ပေါ် တစ်ချက်ပစ်ထည့်လိုက်တယ် ။ အဘိုးကြီးက အလန့်တကြား ထခုန်ပြီး နောက်ရင်းပြန်ပြေးပြန်တယ် ။ ဖန်းကျစ်က သေနတ်သုံးချက်ဆက်ပစ်လိုက်တယ် ။ အချက်တိုင်းက သူ့ခြေရာတွေပေါ်တည့်တည့်ပဲ ။ အဘိုးကြီးကလည်း ပါးနပ်တယ်လို့ ဆိုရမယ် ။ တဖက်သားက သူ့ကို ကစားနေတာဖြစ်ပြီး ပြေးလို့ မလွတ်နိုင်မှန်း သိတာနဲ့ ဖတ်ခနဲ မြေကြီးပေါ် ဒူးထောက်ချလိုက်တော့တယ် ။
ကျွန်တော်တို့ တောင်စောင်းအတိုင်း ပြေးဆင်းသွားချိန် အဘိုးကြီးကလည်း ကျွန်တော်တို့ကို ဦးချတောင်းပန်နေတယ် ။
“ သခင်ကြီးတို့ အသက်ကို ချမ်းသာပေးပါ ငါအဘိုးကြီးလည်း တကယ် မတတ်သာလို့ သခင်ကြိီးတို့အပေါ် အခွင့်ကောင်းယူရတာပါ ၊ သခင်ကြီးတို့က နတ်ဘုရားလို လူမျိုးတွေ ဖြစ်နေမယ်လို့ မထင်ထားဘူး ဒီတစ်ခေါက်တော့ တကယ်ကို မျက်လုံးရှိပြီး ထိုက်တောင်ကြီးကို မသိသလို ဖြစ်နေပါပြီခင်ဗျာ”
ပြောရင်းနဲ့ မျက်ရည်တွေကလည်း တွင်တွင်စီးကျနေသေးတယ် ။ တတိယဦးလေးက သူ့ကို မေးလိုက်တယ် ။ “ ဘာ ၊ ကျုပ်မြင်တာတော့ ခင်ဗျားက ဒီလောက် အားအင်တွေ ပြည့်ဝကုံလုံနေတာ ဘာ ဘာမှမတတ်နိုင်တော့ရတာတုန်း”
“ အမှန်အတိုင်း မကွယ်မဝှက်တန်းပြောရရင် ကျုပ်ရဲ့ ဒီခန္ဓာကိုယ်ကြီးက တကယ် ရောဂါရှိတာပါ ကျုပ်ဒီလို သိပ်မာမာချာချာရှိနေပုံထင်ရတာကိုပဲ မကြည့်နဲ့ တကယ်တော့ ကျုပ်မှာ နေ့တိုင်း ဆေးတွေ သောက်နေရတာ ကြည့် ဒီမှာအခုလည်း ဆေးကြိုဖို့ ရေလာခပ်နေရတာလေ” သူက သူဘေးမှာရှိတဲ့ ဝါးကျည်တောက်ကို ထိုးပြပြီးပြောတယ် ။
“ကျုပ်မေးမယ် တစ္ဆေအိုကြီး ခင်ဗျား လှိုဏ်ဂူထဲမှာတုန်းက တခဏအတွင်း ဘယ်လို ပျောက်သွားခဲ့တာလဲ”
“ကျုပ်ပြောရင် ဒီက သခင်ကြီးတို့က ကျုပ်ကို သတ်မှာလား?” အဲဒီတစ္ဆေအိုလို အဘိုးကြီးက ကျွန်တော်တို့ကို ကြည့်နေတယ် ။
“စိတ်ချပါ အခုက တရားဥပဒေစိုးမိုးတဲ့ ခေတ်ကာလ” တတိယဦးလေးက ပြောလိုက်တယ် ။ “ ဝန်ခံရင် သက်ညှာပေးမယ် ၊ လွန်ဆန်ရင် အပြစ်ပေးမယ်”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျုပ်ဝန်ခံပါ့မယ်” လို့ အဘိုးကြီးက ပြောလာတယ် ။ “ တကယ်တော့ ဘာမှရေးကြီးခွင်ကျယ်မဟုတ်ပါဘူး ၊ ဂူက တဖြောင့်တည်း လှိုဏ်ခေါင်းလိုထင်ရပေမဲ့ တကယ်တော့ လှိုဏ်ခေါင်းရဲ့ မျက်နှာကျက်မှာ အပေါက်ကလေးတွေ တော်တော်များများရှိတယ် ၊ အဲဒီအပေါက်လေးတွေက ဖုံးကွယ်နေတာ ၊ ခင်ဗျားတို့ တမင်သက်သက်မှ သွားမရှာရင် မတွေ့နိုင်ဘူး ၊ ကျုပ်က ခင်ဗျားတို့ သတိမထားမိတဲ့ အချိန်မှာ မတ်တပ်ရပ်ပြီး အဲ့ဒီအပေါက်တစ်ခုထဲ လျိုဝင်နေလိုက်တာ ၊ ခင်ဗျားတို့လှေသွားတဲ့အခါကျမှ ကျုပ်ကပြန်ထွက်လာပြီး လွီတန့်တန့်က ကျုပ်ရဲ့ ခရာသံကို ကြားတော့ သစ်သားစည်ပိုင်းတစ်ခု ဆွဲလာပေးတယ် အဲဒီလိုနဲ့ ထွက်လာခဲ့တာပဲ ၊ ကိစ္စပြီးတဲ့အခါကျရင် အဲဒီလှေသမား လူလောင်အော့က ကျုပ်ကို ကျုပ်ရဲ့ ဝေစုပေးလိမ့်မယ် ၊ တကယ်တော့ ကျုပ်ယူတာလည်း မများပါဘူး” သူက ရုတ်တရက် တစ်ခုခု သတိရသွားပြီး မေးတယ် ။ “ ဒါနဲ့ လူလောင်အော့ရော သူလည်း ဒီကသခင်ကြီးတွေ လက်ထဲရောက်သွားခဲ့ပြီပေါ့”
ဖန်းကျစ်က လည်ပင်းကို လက်နဲ့ ခေါင်းဖြတ်သတ်တဲ့ ပုံစံလုပ်ပြလိုက်ပြီး “ သူ့ကို ယမမင်းဆီ သတင်းပို့ဖို့ လွှတ်လိုက်ပြီ” လို့ပြောလိုက်တယ် ။
အဘိုးကြီးက ပထမတော့ ငိုင်ကျသွားပြီး နောက်တော့ ပေါင်ကို လက်နဲ့ ပုတ်လိုက်ကာ “သေတာကောင်းတယ် ၊ တကယ်တော့ ကျုပ်လည်း အဲဒီအလုပ် မလုပ်ချင်ဘူး အဲဒီလူလောင်အော့က မလုပ်ရင် ကျုပ်ကိုပါဆွဲထည့်မယ်တဲ့ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူးလေ သခင်ကြီးတို့ ကျုပ်ကိုလွှတ်ပေးကြပါ”
“ခင်ဗျား ထပ်ပြီး ဇာတ်လမ်းတွေ လာဆင်မနေနဲ့ ” တတိယဦးလေးက ပြောလိုက်တယ် ။ “ ခင်ဗျားက ဘယ်မှာနေတာလဲ ရေက ဘာလို့ ဒီမှာလာခပ်တာလဲ”
“ကျုပ်က ဟိုမှာနေတာ” အဘိုးကြီးက အနီးနားက ဂူတစ်လုံးကို လက်ညှိုးထိုးပြတယ် ။ “ ခင်ဗျားတို့ မြင်တဲ့အတိုင်း ကျုပ်အဘိုးကြီးတစ်ယောက်တည်း လယ်တွေယာတွေလည်း မရှိ သားကလည်း အစောကြီး သေသွား နေစရာအိမ်တောင်မရှိဘူး ဒီမှာပဲ သေဖို့စောင့်နေရတာ ဘယ်လောက် သနားစရာကောင်းလိုက်လဲ”
“ဒါဖြင့် ခင်ဗျား ဒီပတ်ဝန်းကျင်တဝိုက်နဲ့ အတော်လေးရင်းနှီးမှာပေါ့ ၊ ကောင်းပြီ ၊ ခင်ဗျားကို လွှတ်ပေးစေချင်တယ်ဆိုရင် ရတယ် ၊ ခင်ဗျား ကျုပ်တို့ကို တစ်နေရာ ခေါ်သွားပေးရမယ်” တတိယဦးလေးက တောအုပ်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ် ။ အဘိုးကြီးရဲ့ မျက်နှာဟာ ချက်ချင်းပဲ ကြောက်လန့်တကြားနဲ့ ဖြူဖျော့သွားပြီး “ကျုပ်ရဲ့ သခင်ကြီးရယ် ခင်ဗျားတို့က သင်္ချိုင်းလာဖောက်ကြတာကလား အဲဒီသင်္ချိုင်းက ခင်ဗျားတို့ဖောက်လို့မရဘူး ၊ အထဲမှာ မကောင်းဆိုးဝါးတွေရှိတယ်”
ကျွန်တော် ကြားလိုက်တာနဲ့ စိတ်ဝင်စားစရာ ကိစ္စတစ်ခုခုရှိနေပြီဆိုတာ သိလိုက်တယ် ။ ဒီအဘိုးကြီးက တစ်ခုခုတော့ သိထားလိမ့်မယ် ။ တတိယဦးလေးက သူ့ကို မေးလိုက်တယ် ။ “ ဘာလဲ ခင်ဗျားတွေ့ဖူးလို့လား ?”
“အိုင်းယား ~ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျုပ်လည်း အဲဒီနေရာကို အဖွဲ့တဖွဲ့ ခေါ်သွားပေးဖူးတယ် ၊ ရှေးဟောင်းသုတေသနလုပ်ဖို့လို့ ပြောတာပဲ ၊ ကျုပ်အထင်တော့ သင်္ချိုင်းဖောက်မလို့နေမှာပါ ၊ ဒါပေမဲ့ အဲဒီသူတွေက တခြားသူတွေနဲ့ မတူဘူး ၊ ကျုပ်အရင်တွေ့ဖူးတဲ့ သူခိုးလေးတွေက သင်္ချိုင်းဂူကို မြင်တာနဲ့ ဖောက်တာ ၊ ဒီလူတွေကတော့ မကွယ်မဝှက်တမ်းပြောရရင် ကြည့်လိုက်တာနဲ့ သာမန်မဟုတ်ဘူး သူတို့က ဘေးမှာတွေ့တဲ့ ဂူသင်္ချိုင်းကို ကြည့်တောင်မကြည့်ဘူး ဒီတောင်ကြားလျိုမြောင်ထဲကို ဝင်မယ်ချည်းပြောနေတာ အဲဒီတုန်းက ကျုပ်တို့ရွာမှာလည်း ကျုပ်တစ်ယောက်ပဲ အဲဒီကို သွားဖူးတာ ၊ သူတို့က အတော်လေးရက်ရောတယ် ကျုပ်ကို ချက်ချင်းပဲ ငွေစက္ကူအတန်ကြီး ဆယ်ရွက်ထုတ်ပေးတာ ၊ ပိုက်ဆံမြင်တော့ ကျုပ်လည်း မနေနိုင်တော့ဘူး သူတို့ကို ဒီတောထဲ ခေါ်လာခဲ့တယ် ၊ သွားရင်း ကျုပ်အရင်သွားဖူးတဲ့ နေရာထိရောက်တော့ သူတို့က ရှေ့ဆက်သွားချင်ကြသေးတယ် ကျုပ်သဘောမတူတော့ဘူးလေ ခင်ဗျားတို့ ဒီပိုက်ဆံအချပ်ကြီး ဆယ်ရွက်က ကျုပ်အသက်ကို ဝယ်လို့ မရဘူးလို့ပြောတော့ သူတို့က ဆယ်ရွက်ထပ်ပေးမယ်ပြောတယ် ၊ ကျုပ်က ရွက်တစ်ရာထပ်ပေးလည်း မလုပ်နိုင်ဘူးလို့ ပြောလိုက်တော့ သူတို့ခေါင်းဆောင်က မျက်နှာထားပြောင်းသွားပြီး သေနတ်နဲ့ ကျုပ်ခေါင်းကို ချိန်ထားတာ ၊ မတတ်နိုင်ဘူးလေ သူတို့ကို အထဲထိဆက်ခေါ်သွားရုံ ရှိတော့တာပေါ့”
သူက ခေါင်းကုတ်ရင်းနဲ့ ဆက်ပြောတယ် ။ “ နောက်တော့ သူတို့က နေရာရောက်ပြီပြောတယ် အဲဒီလူတွေက အရမ်းပျော်နေကြတာ နောက် အဲဒီနေရာမှာ ဘာပစ္စည်းတွေလည်းမသိ ဟိုရွှေ့ဒီရွှေ့လုပ်ကြသေးတယ် နောက် ဒီအောက်မှာလို့လည်း ပြောတယ် ၊ အဲဒီညက ကျုပ်သောက်တာများသွားတယ် ကျုပ်တို့ နေရာတစ်နေရာရှာပြီး ရွက်ဖျင်ထဲထိုးကြတယ် ၊ ကျုပ် အိပ်လိုက်တာနဲ့ ဘာမှမသိတော့ဘူး ကျုပ်နိုးလာတဲ့ အချိန်ကျ ဘာဖြစ်သလဲ ခင်ဗျားမှန်းကြည့် ၊ အဲဒီလူတွေ အကုန်လုံး မတွေ့တော့ဘူး ၊ ပစ္စည်းတွေ အကုန်ရှိသေးတယ် မီးလည်း မငြိမ်းသေးဘူးလေ ၊ ကျုပ် ကြောက်သွားတာပေါ့ ၊ နေရာအနှံ့လိုက်အော်ခေါ်ပေမဲ့ ဘယ်သူမှလည်း ပြန်မထူးကြဘူး တခုခုဖြစ်ပြီလို့ ကျုပ်ထင်လိုက်တယ် ၊ သူတို့လည်း မရှိမှတော့ ပြေးတာကောင်းတယ်လို့ ကျုပ်စိတ်ထဲ တွေးမိလိုက်တယ် အဲဒါနဲ့ ပြန်ပြေးလာတာ”
အဘိုးကြီးက ကြောက်မက်ဖွယ်ရာမြင်ကွင်းကို မြင်ခဲ့ရစဉ်က အချိန်ကို ပြန်တွေးကြည့်နေသည့်နှယ် မျက်လုံးတွေကို မှေးကျဉ်းပြီး ပြောတယ် ။ “ ဘယ်နှစ်လှမ်းမှ မပြေးရသေးဘူး ကျုပ်ကို ခေါ်လိုက်တဲ့အသံ ကြားလိုက်တယ် ကျုပ်ပြန်လှည့်ကြည့်လိုက်တော့ သူတို့အဖွဲ့ထဲက မိန်းမတစ်ယောက် ကျုပ်ကို လက်လှမ်းပြနေတာ ၊ ကျုပ်တကယ်ဆဲလိုက်ချင်တာ မနက်စောစောစီးစီးကို ဘာကိစ္စ တစ်ယောက်မကျန်ပျောက်သွားရတာတုန်းလို့ ၊ အဲဒီမှာ ရုတ်တရက် သူ့နောက်မှာ သစ်ပင်ကြီးတစ်ပင်ကို ကျုပ်တွေ့လိုက်ရတယ် မာန်စွယ်တငေါငေါနဲ့ ယိမ်းထိုးနေတဲ့ သစ်ကိုင်းတွေကလည်း လက်သည်းချွန်တွေလိုပဲ ၊ အဲဒီသစ်ပင်ကြီးပေါ် မော့ကြည့်လိုက်တော့ အမလေး ! အဲဒီသစ်ပင်ပေါ်မှာ လူသေအလောင်းတွေ တွဲလောင်းကျနေတာ ပြွတ်သိပ်လို့ပဲ ကျုပ်မြင်လိုက်ရတာ မျက်လုံးတွေတောင် ပြူးပြီး လန့်လွန်းလို့ သေးတောင်ထွက်တယ် ၊ ကျုပ်မယ် တစ်ရက်တစ်ညပြေးပြီးတော့မှ ရွာကို ပြန်ရောက်တာ ၊ ခင်ဗျားတို့ပြောကြည့် အဲဒါ မိစ္ဆာသစ်ပင်ကြီးပဲ သေချာတယ် ကျုပ်သာ ငယ်ငယ်ကတည်းက အလောင်းအသားခြောက်စားပြီး ကြီးလာတာမဟုတ်ရင် ကျုပ်လည်း မိစ္ဆာကြီးက ဝိညာဉ်နှုတ်သွားတာ ခံရလောက်ပြီ”
တတိယဦးလေးက သက်မချလိုက်တယ် ။
“ ခင်ဗျားကလည်း အလောင်းအသားခြောက် စားတဲ့သူပဲကိုး”
နောက်တော့ ဖန်းကျစ်ကို လက်ဟန်ပြလိုက်တယ် ။ ဖန်းကျစ်က အဘိုးကြီးကို ကြိုးနဲ့ တုတ်ထားလိုက်တော့တယ် ။ သူ့ကိုသာ လမ်းပြခေါ်သွားလိုက်ရင် ကျွန်တော်တို့ ကိစ္စတွေ တော်တော်များများ အလုပ်ရှုပ် သက်သာသွားနိုင်တယ်လေ ။
အဘိုးကြီးက လုံးဝ ဆန္ဒမရှိဘူး ။ ဒါပေမဲ့ ဘာမှလည်း မတတ်နိုင်ရှာဘူး ။ သူ့အပြောအရဆိုရင် သူပြောတဲ့ အဲဒီနေရာကို ရောက်ဖို့ တစ်ရက်ကြာလိမ့်မယ် ။ သာ့ခွေက ရှေ့ဆုံးကနေ လမ်းရှင်းသွားတယ် ။ ကျွန်တော်တို့တွေ ခြေလှမ်းသွက်သွက်နဲ့ မြေပုံကြည့်ရင်းသွားကြတယ် ။ မြေပုံနဲ့ အဘိုးကြီးရဲ့ မှတ်ဉာဏ်ကို အားကိုးပြီး အဲဒီနေရာကို မမှောင်ခင် ရောက်နိုင်ဖို့ မျှော်လင့်နေခဲ့ကြတယ် ။ ကျွန်တော်တို့ နေ့ဝက်လောက် လမ်းလျှောက်ခဲ့ကြပြီး အစပိုင်းမှာတော့ စကားပြောနိုင်ကြသေးတယ် ။ နောက်တော့ မြင်မြင်သမျှ ပတ်ပတ်လည်က စိမ်းစိမ်းစိုစိုတွေချည်းဖြစ်တာကြောင့် မျက်လုံးတွေ ပြာဝေဝါးလာပြီး လူက ဆက်တိုက်သန်းဝေလာကာ အိပ်ငိုက်လာကြတော့တယ် ။ ရုတ်တရက် အဘိုးကြီးက ရပ်လိုက်ပြီး ဆက်မသွားတော့ဘူး ။
ဖန်းကျစ်က “ ခင်ဗျားဘာတွေ လှည့်စားဖို့ကြံပြန်တာတုံး” လို့ ဆူဆဲပြောဆိုလိုက်တယ် ။
အဘိုးကြီးက ဘေးက ခြုံပုတ်တွေဘက်ကြည့်ပြီး အသံတုန်တုန်ရီရီနဲ့ “ ဟို………ဟာက……..ဘာလဲ?” လို့ပြောတယ် ။
ကျွန်တော်တို့ ပြန်လှည့်ပြီး ကြည့်ကြည့်လိုက်တော့ အဲဒီမြက်ပေါင်းပင်တွေကြားမှာ တလက်လက်ဖြစ်နေတဲ့ အရာတစ်ခုကို တွေ့လိုက်ရတယ် ။ အဲဒါက လက်ကိုင်ဖုန်းတစ်လုံးပဲ ။
TBC
Translator Note
ဒီကနေ့ အပိုင်းလေးမှာ သာ့ခွေမှားပြောတဲ့ စကားပုံလေးက 人为财死,鸟为食亡 ( Rénwéi cái sǐ, niǎo wèi shí wáng) ပါ ။ လူတွေက စည်းစိမ်ချမ်းသာအတွက် အသက်ပေးရတယ် ၊ ငှက်တွေက အစားအစာအတွက် အသက်ပေးရတယ် ။ လူတွေဟာ ငွေကြေးအတွက် စွန့်စားနိုင်ပြီး ငှက်တွေကလည်း အစားအစာအတွက် အသက်ပေးနိုင်တယ်လို့ တင်စားပြောတာပါ ။ ဒီစကားပုံလေးကတော့ လူတွေ သတ္တဝါတွေရဲ့ ရှင်သန်လိုစိတ်ဆန္ဒကို ချီးကျူးထားပြီး လောဘကို သတိပေးထားတဲ့ ဖော်ပြချက် တစ်ခုဖြစ်ပါတယ် ။
No comments:
Post a Comment