Monday, March 2, 2026

အပိုင်း (၁၃) - 02200059

 အပိုင်း ၁၃ - 02200059




ကျွန်တော် အကျယ်ကြီး ထအော်မိပြီး လက်ကို ချက်ချင်းပြန်ရုတ်လိုက်တယ် ။ အမှောင်ကြီးထဲမှာ ကိုယ့်ဟာကိုယ် ရှင်းလင်းတင်ပြလို့ မရတဲ့ အရာမျိုးကို စမ်းမိတာဟာ လူကို တော်တော်လေး စိတ်ဒုက္ခရောက်စေတယ် ။ ပြီးတော့ အဲဒီလက်ကို စမ်းမိလိုက်တဲ့ အခိုက်အတန့် ဒီလက်ရဲ့ ပိုင်ရှင်က သေနှင့်ပြီးသား ဖြစ်နေပြီဆိုတာ ကျွန်တော် ခံစားမိလိုက်တယ် ။ ဘာကြောင့်ဆို အဲဒီအေးစက်ပြီး ဖောရောင်နေတဲ့ အရေပြားဆီက အသက်ဓာတ်နည်းနည်းလေးမှ မခံစားရလို့ပဲ ။


ရုတ်တရက် ကျွန်တော့်ကိုယ်ပေါ်မှာ မီးကျည်ချောင်းတချို့ ပါလာတာကို သတိရလိုက်ပြီး တစ်ခုကို အမြန်ထွန်းလိုက်တယ် ။ မီးအလင်းရောင်နဲ့ အဲဒီနေရာမှာ လဲနေတဲ့ အလောင်းတစ်လောင်းကို ကျွန်တော် မြင်လိုက်ရတယ် ။ သူ့ရဲ့ ဝမ်းဗိုက်ပေါ်မှာ အတော်လေးကြီးမားတဲ့ ဒဏ်ရာကြီး ရှိပြီး ဒဏ်ရာအနာဝပေါ်မှာ အလောင်းစားပိုးကောင်တွေ အများကြီး ဝိုင်းအုံနေတယ် ။ အဲဒီအလောင်းစားပိုးကောင်တိုင်းဟာ ကျွန်တော့် လက်ဖဝါးလောက်ကြီးပြီး အရောင်က စိမ်းပြာပြာနဲ့ ။ နည်းနည်းသေးတဲ့ အလောင်းစားပိုးကောင်လေးတွေကလည်း အချိန်တိုင်း သူ့ပါးစပ်နဲ့ မျက်လုံးပေါက်တွေထဲက တွားတက်လာနေသေးတယ် ။ 


ကျွန်တော် ချက်ချင်း ပျို့အန်ချင်လာတယ် ။ ဒီလူကြည့်ရတာ သေတာ တစ်ပတ်လောက်တော့ရှိလောက်ပြီ ။ ပြီးခဲ့တဲ့ သင်္ချိုင်းဖောက်သမားအဖွဲ့က နောက်ထပ်သားကောင်တစ်ယောက်ပဲ ဖြစ်ရမယ် ။ မဟုတ်မှလွဲရော သူလည်း စောစောက စက်ခလုတ်ကို တွေ့မိတာကြောင့် ဒီမှာသေသွားရတာလား ? ဒီအထိတွေးမိလာပြီးတဲ့နောက် ချက်ချင်း ငြိမ်းသွားတော့မဲ့ ခပ်မှိန်မှိန် မီးအလင်းရောင်လေးနဲ့ ဘက်ထရီကို အမြန်ရှာဖွေလိုက်ပြီး သတ္ထုတွင်းသုံးမီးအိမ်ထဲကို ပြန်ထည့်လိုက်တဲ့အခါ မီးပြန်လင်းလာခဲ့လို့ ကျွန်တော်မှာ အသက်ရှူချောင်သွားရတယ် ။  ဒီသတ္ထုတွင်းသုံးမီးအိမ်က အမြင့် သုံးမီတာအထက်ကနေ ပစ်ချရင်တောင် ခံနိုင်တယ်လို့ ဆိုင်ရှင်ကပြောလိုက်တဲ့ စကားက ကြည့်ရတာတော့ ညာတာ မဟုတ်လောက်ဘူး ။


မီးအိမ်ရှိလာတော့ ဘေးပတ်ဝန်းကျင်ကို ကျွန်တော် ကြည့်လိုက်တယ် ။ ဒီနေရာမှာ ဘာဆိုဘာမှ မရှိဘူး ။ တော်တော်လေးကို စုတ်ချာညံ့ဖျင်းတဲ့ လေးထောင့်စပ်စပ် မြေအောက်ခန်းပဲ ။ ဘေးပတ်ပတ်လည်က မညီမညာကျောက်တုံးတွေ ဆင့်ပုံထားတဲ့ ကျောက်သားနံရံတွေ ။ နံရံပေါ်မှာ လေဝင်လေထွက်ပေါက်လိုလို အပေါက်တွေ အများကြီး ရှိပြီး မှောင်မည်းမည်းနဲ့ ဘယ်လိုနေရာနဲ့ ဆက်သွယ်နေမှန်း မသိနိုင်ဘူး ။ မကြာခဏဆိုသလို လေအေးတသုတ်ကလည်း အဲဒီအပေါက်တွေကနေ ဖြတ်တိုက်လာနေသေးတယ် ။ 


ကျွန်တော် ချက်ချင်းပဲ အလောင်းကို စစ်ဆေးကြည့်လိုက်တယ် ။ အသက်လေးဆယ်ပတ်ချာလည်လောက်ရှိမဲ့ သက်လတ်ပိုင်းလူတစ်ယောက်ပဲ ။  ဝမ်းဗိုက်ပေါ်မှာ ပြတ်ရှရာတစ်ခုနဲ့ အဲဒါက သေစေလောက်တဲ့ ဒဏ်ရာပဲ ဖြစ်ရမယ် ။ သူက ပျောက်ကြားဝတ်စုံကို ဝတ်ထားပြီး အိတ်ကပ်တွေကလည်း ပြည့်ဖောင်းနေတယ် ။ အဲဒီထဲကနေ ပိုက်ဆံအိတ်တစ်လုံးကို ကျွန်တော်ဆွဲထုတ်လိုက်တော့ အထဲမှာ ပိုက်ဆံတချို့နဲ့ ရထားလက်မှတ်ဖြတ်ပိုင်း တစ်ရွက်တွေ့တယ် ။ ကျွန်တော် ဆက်ရှာဖွေကြည့်ပြန်တော့ သူ့ရဲ့ သားရေခါးပတ်ခေါင်းပေါ်မှာ 02200059 နံပတ်ထွင်းထားတဲ့ သံမဏိတံဆိပ်တစ်ခုကို တွေ့ရပြီး သူဘယ်သူဘယ်ဝါဆိုတာ သက်သေပြနိုင်မဲ့ တခြား ဘာပစ္စည်းမျိုးမှ မတွေ့ရဘူး ။


အပြင်ရောက်တော့မှ ကိုယ့်ဟာကိုယ် တစ်ချက် စုံစမ်းကြည့်မယ် စိတ်ကူးလိုက်ပြီး သူ့ရဲ့ ပိုက်ဆံအိတ်ကို ကျွန်တော့်အိတ်ကပ်ထဲ ထည့်လိုက်တယ် ။ 


ဒီနေရာရဲ့ ဗိသုကာဟန်က ရှီးကျိုးမင်းဆက်က သင်္ချိုင်းဂူတွေနဲ့ အတော်လေးဆင်တူပြီး အရေးပေါ် ထွက်ပြေးဖို့လမ်းကြောင်းတစ်ခုနဲ့လည်း အနည်းငယ်တူနေသေးတယ် ။ တစ်စုံတစ်ယောက်က တစ်ခြားသူရဲ့ ဂူသင်္ချိုင်းပေါ်မှာတော့ သင်္ချိုင်းတစ်ခု တည်ဆောက်လိမ့်မယ်လို့ ကျွန်တော် မထင်မိဘူး ။ ဒါက ဒီဂူသင်္ချိုင်းတည်ဆောက်တဲ့သူတွေ သူတို့ဟာသူတို့ ချန်ထားခဲ့တဲ့ ထွက်ပေါက်လမ်းကြောင်း ဖြစ်လိမ့်မယ် ။ 


ရှေးခေတ်ကာလတွေ ၊ အထူးသဖြင့် ထီးပြိုင်နန်းပြိုင် ခေတ်ကာလမှာ ခင်ဗျားအနေနဲ့ မင်းမျိုးမင်းနွယ်တွေရဲ့ ဂူသင်္ချိုင်းတည်ဆောက်မှုမှာ ပါဝင်လိုက်တာနဲ့ အလိုအလျှောက် သေမိန့်ကျပြီးသားပဲလေ ။ အဆိပ်ခတ်ခံရတာမဟုတ်ရင်  အရှင်လတ်လတ် အတူတကွ မြှုပ်နှံခံရလိမ့်မယ် ။ ဒါပေမဲ့ ပညာရှင်တွေရဲ့ ဥာဏ်ပညာကိုတော့ ဘယ်တော့မှ လျော့တွက်လို့မရဘူး ။ ပညာရှင် အများစုက သူတို့ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ လျို့ဝှက်လမ်းကြောင်းတွေကို သူတို့ဟာသူတို့ တည်ဆောက်ကြမှာပဲ ။ ကျွန်တော် မီးအိမ်နဲ့ အခန်းထဲ ဝေ့ကြည့်လိုက်တော့ တကယ်ကိုပဲ ဘေးတစ်ဖက်က နံရံပေါ်မှာ အတော်လေး ကျဉ်းမြောင်းသေးငယ်တဲ့ တံခါးတစ်ပေါက် တွေ့လိုက်ရတယ် ။ ဒါပေမဲ့ အဲဒီအပေါက်က မြေပြင်ကနေ အနည်းငယ် မြင့်နေပြီး အောက်မှာလည်း သစ်သားလှေကားတစ်ခုရှိပေမဲ့ ဆွေးမြေ့ ပြတ်ကျနေခဲ့ပြီ ။ အမြင့်အနေအထားကို တွက်ချက်ကြည့်လိုက်တော့ ကျွန်တော် ရောက်အောင် ခုန်မတက်နိုင်လောက်ဘူး ။ အဲဒီအချိန် အဲဒီလှိုဏ်ခေါင်းပေါက်ဝကနေ ရုတ်တရက် မျက်နှာတစ်ခု ပြူထွက်လာတာကို ကျွန်တော် မြင်လိုက်ရတယ် ။


ကျွန်တော် မြင်လိုက်တာနဲ့ အပျော်လုံးဆို့ပြီး အော်ခေါ်လိုက်တော့တယ် ။ “ ဖန်းကျစ် ! ကျွန်တော် !”


ဖန်းကျစ်က ထိတ်လန့်တကြားဖြစ်သွားပြီး ကျွန်တော့်ကိုလည်း မြင်ပေမဲ့ ဝမ်းသာဟန်ပြရမဲ့အစား ကြောက်မက်ဖွယ်ရာ တစုံတရာကို မြင်တွေ့လိုက်ရတဲ့ပုံနဲ့ ဥမင်ထဲကနေတောင် ပြုတ်ကျလုမတတ်ဖြစ်သွားတယ် ။ 


ကျွန်တော် အံ့ဩသွားခဲ့တယ် ။ ဖန်းကျစ်က ရုတ်တရက် သေနတ်ကိုဆွဲထုတ်ပြီး ကျွန်တော့်ကို ချိန်ထားလိုက်တာကို မြင်တဲ့အခါမှာတော့ မဟန်တော့မှန်း ကျွန်တော် သိလိုက်တယ် ။ ဖန်းကျစ်က ကျွန်တော်ကို ဘယ်လိုလုပ်ပြီး ဇမ်ဘီလို့ ထင်နေရတာလဲ ။ ဒါလုံးဝစွပ်စွဲခံရတာပဲ ! ကျွန်တော် အကျယ်ကြီး အော်လိုက်တယ် ။ “ကျွန်တော်လေ ! ဖန်းကျစ် ! သူ့အမေကြီးတော်နဲ့မှ ခင်ဗျားဘာလုပ်တာလဲ !” 


အဲဒီဖန်းကျစ်က လုံးဝမကြားတဲ့ ပုံနဲ့ ကျယ်လောင်တဲ့ အသံကြီး တစ်သံသာ မြည်ဟည်းသွားခဲ့တယ် ။ ဒီမြေတွင်းထဲမှာ အဲဒီသေနတ်သံက အံ့စရာကောင်းလောက်အောင် ကျယ်လောင်လွန်းလှပြီး ကျည်ဆံက ကျွန်တော့်နားရွက်နားကနေ ရွှီးခနဲ ဖြတ်သွားခဲ့တယ် ။ ကျွန်တော့်ရဲ့နောက်က ဘာကို ထိသွားသလဲတော့ မသိဘူး ညှီစို့စို့ ပုပ်အဲ့အဲ့အရာတွေ ကျွန်တော့်နောက်စိကို လာစင်တယ် ။ ကျွန်တော် အမြန်လှည့်ကြည့်လိုက်တော့ နံရံပေါ်မှာ တွယ်ကပ်နေတဲ့ အခွံမပါတဲ့ လိပ်လိုလို အစိမ်းရောင် အရာတွေ တော်တော်များများကို တွေ့လိုက်ရတယ် ။ အများစုက သွေးဆာလောင်နေတဲ့ ဟန်နဲ့ ။ တချို့က ကျွန်တော့် ခေါင်းပေါ်က မျက်နှာကျက်ပေါ်တောင် တွယ်တက်နေနှင့်ပြီးပြီ ။ ကျွန်တော့်ခေါင်းနဲ့ ဆယ်စင်တီမီတာလောက်ပဲ ကွာတော့တယ် ။ 


ပိုးကောင်ကြီးတွေနဲ့ ဝေးသွားအောင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ဖို့ ကျွန်တော် တွေးနေတုန်း ရှိသေးတယ် ရုတ်တရက် နံရံပေါ်က ပိုးကောင်ကြီး နှစ်ကောင်ဟာ စပရိန်တွေလို ပျံထွက်လာပြီး ကျွန်တော့်မျက်နှာရှေ့ကို ချက်ချင်းရောက်ရှိလာတယ် ။  အဲဒီအခိုက်အတန့်မှာပဲ ကျယ်လောင်တဲ့ အသံနှစ်သံ မြည်ဟိန်းလာပြီး ကျည်ဆံနှစ်ခုက ကျွန်တော်ငယ်ထိပ်ပေါ်ကနေ ဖြတ်သွားကာ ပိုးကောင်နှစ်ကောင်ကို လေထဲမှာတင် ပေါက်ကွဲသွားစေတယ် ။ အဲဒါတကယ်ကို ပေါက်ကွဲသွားတာ ။ ကျွန်တော့်ရဲ့မျက်နှာတပြင်လုံးကတော့ ပိုးကောင်က ထွက်လာတဲ့ အရည်တွေနဲ့ ဖုံးလွှမ်းသွားတော့တာပဲ ။ အဲဒီအချိန် ဖန်းကျစ် အော်ပြောလိုက်သံကို ကျွန်တော်ကြားလိုက်ရတယ် ။


 “ငါ့မှာကျည်ကုန်တော့မယ် မင့်မေကြီးတော်နဲ့မှ အဲဒီမှာ ကြောင်တောင်တောင်နဲ့ ဘာရပ်လုပ်နေတာလဲ ? ဒီကို အမြန်ပြေးလာခဲ့”


အားကိုးစရာ ဖန်းကျစ်ရှိလာတော့ ကျွန်တော့်စိတ်ထဲ အေးဆေးသွားခဲ့ပြီး တချိုးတည်း လှည့်ပြေးတော့တယ် ။ ဖန်းကျစ်က သေနတ်တစ်ချက်ထပ်ပစ်လိုက်ပြန်တယ် ။ နောက်တစ်ကောင်ထပ်ပေါက်ကွဲသွားပုံပဲ ။ အဲဒီအချိန် ကျွန်တော်က နံရံနားရောက်နေခဲ့ပြီ ။ ဖန်းကျစ်က လက်ကမ်းပေးတော့ ကျွန်တော်ခုန်ပြီး သူ့လက်ကို ဖမ်းဆွဲလိုက်တယ် ။ ဒီကျောက်သားနံရံက ကြမ်းတမ်းနေလို့တော်သေးတယ် ။ ကျွန်တော့်ခြေထောက်အားပြုစရာ နေရာရှိသွားတယ် ။ ဖန်းကျစ်က တစ်ချက်ဆွဲတင်လိုက်တာနဲ့ ကျွန်တော် အပေါ်ကို ရောက်သွားပြီး မတ်တပ် သေချာတောင် မရပ်ရသေးခင် သူရဲ့ ပစ်စတိုကိုင်ထားတဲ့ လက်က ကျွန်တော် ခြေထောက်နှစ်ချောင်းကြားက ဖြတ်ပြီး တစ်ချက်ပစ်ချလိုက်ပြန်တယ် ။ အဲဒီက ထွက်လာတဲ့ ကျည်ဆံခွံက ကျွန်တော့်ဘောင်းဘီခွကြားကို လာမှန်တာကြောင့် ကျွန်တော်ထအော်မိပြီး မေ့လဲတော့မတတ်ဖြစ်သွားကာ အော်ဆဲမိတော့တယ် ။ 


“ဘိုးအေတဲ့မှပဲ ! ခင်ဗျား ကျုပ်ကို သင်းကွပ်ချင်နေတာလား!!”


ဖန်းကျစ်ကလည်း ပြန်ဆဲတယ် ။


“မင့်မေမှပဲ ! မင့်ဟာနဲ့ အသက်နဲ့ဆို အသက်ကပိုအရေကြီးတယ်ဟ!”


ရုတ်တရက် ကျွန်တော့်လက်ထဲမှာ မီးအိမ်ပါမလာတာကို သတိရမိပြီး ပြန်လှည့်ကြည့်မိတော့ အောက်မှာ ကျခဲ့တာကို တွေ့လိုက်ရတယ် ။ အဲဒီအလင်းရောင်ရဲ့ လေးဘက်လေးတန်မှာ ဘယ်ကထွက်လာမှန်း မသိတဲ့ အရွယ်အစားစုံ အလောင်းစားကောင်တွေ အပြည့်တွားသွားနေပြီး စိမ်းပြာပြာ ပြင်လိုက်ကြီး ဖြစ်နေခဲ့ပြီ ။ ကျွန်တော် ဖန်းကျစ်ကို မေးလိုက်တယ် ။


“ခင်ဗျားမှာ ကျည်ဆံဘယ်နှစ်တောင့် ကျန်သေးလဲ?”


သူက အိတ်ကပ်ထဲမွှေနှောက်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်ရင်း ပြောတယ် ။


“သမိုင်းတွင်ရစ်ပြီး ဂုဏ်ရောင်ပြောင်မြောက်စေမဲ့ တစ်တောင့်ကျန်သေးတယ်” 


သူပြောလို့ မဆုံးခင်မှာတင် အလောင်းစားပိုးကောင်တစ်ကောင်ဟာ ကျောက်လမ်းပေါ်ကို  ခုန်တက်လာပြီး ကျွန်တော်တို့ဘက်လှည့်ကာ “ကျွိ ကျွိ” အသံတွေ ပေးလာတယ် ။ 


ဖန်းကျစ်က စစ်သားလုပ်ဖူးခဲ့သူပဲ ။ ဒီလိုအရေးပေါ် အခြေအနေမျိုးကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ သိတယ် ။ သူက ပစ်စတိုရဲ့ သေနတ်ပြောင်းကို ကိုင်ပြီး သစ်သားသေနတ်ဒင်ကို တူလို အသုံးပြုကာ ပိုးကောင်ကို ပြားအောင်ထုချလိုက်ပြီး အောက်ကို ပြန်ကန်ချလိုက်တယ် ။ ဒါပေမဲ့ ဒါက ရေရှည် ဖြေရှင်းလို့ရတဲ့ နည်းလမ်းတော့ မဟုတ်ဘူး ။ ပိုများတဲ့ ပိုးကောင်တွေ တွားတက်လာတဲ့အခါ ကျွန်တော်တို့ ထုရင်း ကန်ချနေရင်းနဲ့ကို တချို့အကောင်တွေက ကျွန်တော်တို့ကိုယ်ပေါ်ကို တွားတက်လာကာ သူတို့ရဲ့ လက်သည်းချွန်တွေနဲ့ အသားစတွေကို ဆွဲခွာ ဆုတ်ဖြဲယူသွားကုန်တယ် ။ 



“ကျွန်တော်တို့ ပြေးရအောင် ၊ ဒီလောက် အများကြီး ကျွန်တော်တို့ တားနိုင်မှာမဟုတ်ဘူး” လို့ ကျွန်တော် ဖန်းကျစ်ကို ပြောလိုက်တော့ ဖန်းကျစ်က ဘယ်ကိုပြေးမှာလဲလို့ ကျွန်တော့်ကိုမေးတယ် ။ ကျွန်တော်က နောက်ဘက်ကို လက်ညိုးထိုးပြလိုက်ပြီး “ ဒီနောက်ဘက်က သေချာပေါက် ထွက်ပေါက်ပဲဖြစ်ရမယ် ၊  ဒီဥမင်ကို ခင်ဗျားကြည့်လိုက် ဒါရှေးခေတ်တုန်းက တည်ဆောက်ရေးပညာရှင်တွေ ထွက်ပြေးဖို့ သုံးတဲ့ဟာပဲနေမှာ ၊ ဒီလမ်းအတိုင်းသာပြေးရင် အပြင်ကို သေချာပေါက်ထွက်နိုင်လောက်တယ်” လို့ ပြောလိုက်တယ် ။


ဖန်းကျစ်က ထဆဲတယ် ။


“ချီးမှပဲ ! ငါပြောမယ် မင်းတို့စာကြမ်းပိုးတွေက စာအုပ်ပေါ်ရေးထား အကုန်မှန်တယ် ထင်နေတာ ၊ ငါမင်းကိုပြောမယ် ဒီဥမင်တွေ အားလုံး ငါဒင်းကြမ်းသွားပြီးပြီ ၊ လုံးဝ ဝင်္ကပါကြီးပဲ ငါဒီနေရာကို ရောက်လာတာတောင်မှ ငါ့အစွမ်းအစတွေ အရောင်ထွက်လာလို့လို့ ပြောရမှာ နောက်ကိုသာ ပြန်သွားမယ်ဆိုရင် ဘယ်အချိန်ကျမှ ဒီနေရာကို ပြန်ရောက်လာနိုင်မလဲ မသိနိုင်ဘူး”


ကျွန်တော် ကြောင်အမ်းသွားပြီး ငါမှန်းတာမှားသွားလားနဲ့ စိတ်ထဲတွေးနေမိတယ် ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ တခြားနည်းလမ်းကို တွေးနေဖို့လည်း အချိန်မရှိဘူး ။ မျက်စိရှေ့တင် ပိုးကောင်တွေက ပိုပိုများလာတာကြောင့် ကျွန်တော် အော်ပြောလိုက်တယ် ။


“ဒီမှာ ပိုးကောင်စာကျွေးခံရတာထက်တော့ ကောင်းသေးတယ်လေ!!”


အဲ့ဒီအချိန် ရုတ်တရက် ဂလုံးဂလုံးမြည်သံ တစ်ချက်နဲ့အတူ ကျွန်တော်မိတဲ့ ထောင်ချောက်ကနေ လူတစ်ယောက် ပြုတ်ကျလာတယ် ။ သူ့ရဲ့ ဝတုတ်ခန္ဓာကိုယ်က အလောင်းစားပိုးကောင်တွေပေါ်ကို ဖိချပစ်ပြီး အချိန်တခဏတော့ ၎င်းတို့ကို ကြောက်လန့်တကြား ဘေးချဲသွားစေတယ် ။ အဲဒီလူက ကျိန်ဆဲပြောဆိုရင်း ထရပ်လိုက်တယ် ။ 


“အမလေး ငါ့ဖင်နာလိုက်တာ ! မင့်မေကလွှား ဘာတံခါးတုံး အောက်ကြီးကနေပွင့်သွားတာ!”


သူက လက်နှိပ်ဓာတ်မီးကို ယူလိုက်ပြီး ဘေးဘီဝဲယာကို ထိုးကြည့်လိုက်ရင်း ထအော်တော့တယ် ။


“ငါ -ိုး ! ဘာတွေလဲ ဘာလို့ပိုးကောင်တွေ ဒီလောက်များနေရတာလဲ?”


ကျွန်တော်တို့ ကြည့်လိုက်တာနဲ့ တကယ်ကို ရန်သူတော်ချင်း လမ်းကျဉ်းမှာ တွေ့ကြစမြဲ ဆိုတာလိုပဲလေ ။ အဲဒါစောစောက ပင်မသင်္ချိုင်းခန်းမဆောင်ထဲမှာ ကျွန်တော်တို့ကို ခြောက်လှန့်ခဲ့တဲ့ သင်္ချိုင်းဖောက်သမားကောင်ပဲ မဟုတ်လား ။


အလောင်းစားပိုးကောင်တွေဟာ အလျင်အမြန်ပဲ သူ့ကို ထပ်ပြီး ဝန်းရံလာပြန်တယ် ။ ဒါပေမဲ့ ဒီလူက အစွမ်းအစရှိတယ်လို့တော့ ပြောလို့ရတယ် ။ လက်ထဲက ဓာတ်မီးကို သံတူကြီးလို အသုံးပြုပြီး တစ်ကောင်ပြီး တစ်ကောင် ထုချပစ်လိုက်တော့တယ် ။ ဒါပေမဲ့ အဲဒါက လုံးဝအလုပ်မဖြစ်ဘူး ။ ချက်ချင်းဆိုသလို သူ့ရဲ့ ကျောပေါ်ကို ပိုးကောင်တွေ အပြည့်တွယ်ကပ်တက်လာကုန်တာကြောင့် ဝက်သတ်သလို အသံမျိုးနဲ့ စူးစူးဝါးဝါး အော်ဟစ်ပြီး သူ့လက်ကို နောက်ပစ်ကာ ပိုးကောင်တွေကို ဆွဲခွာချဖို့ ကြိုးစားနေတယ် ။ အဲဒီအချိန် ဖန်းကျစ်က ရုတ်တရက် သူ့အိတ်ကပ်ထဲက မီးကျည်ချောင်းတွေကို အကုန်ဆွဲထုတ်လိုက်ပြီး အကုန်လုံး တပြိုင်နက် မီးညှိလိုက်ကာ အောက်ထဲကို ခုန်ချသွားတော့တယ် ။ ကျွန်တော့်မယ် တားချိန်တောင် မရလိုက်ဘူး ။ 


သူက တစ်ချက်ကျွမ်းပစ်ပြီး ဟိုလူရဲ့ ဘေးကို ဆင်းသက်လိုက်တယ် ။ အလောင်းစားပိုးကောင်တွေက မီးကိုကြောက်တာကြောင့် တစ်ကောင်ပြီးတစ်ကောင် ခုန်ဆင်းသွားကုန်တယ် ။ ဒါပေမဲ့ မီးကျည်ချောင်းတွေက ကြာရှည်ကြာမြဲ မီးတောက်လောင်နေနိုင်တာမျိုး မဟုတ်ဘူး ။ ပြီးတော့ စောစောက ဆက်တိုက်လှုပ်ရှားမှုတွေကြောင့် မီးတောက်က သိသိသာသာ လျော့ပါးသွားခဲ့ပြီ ။ ဖန်းကျစ်က အော်မေးလာတယ် ။


“မင်းဆီမှာ ရှိသေးလား?”


ကျွန်တော့်အိတ်ကပ်ထဲစမ်းကြည့်တော့ တကယ်ပဲ အနည်းငယ်ရှိနေသေးတယ် ။ ကျွန်တော် အံတင်းတင်းကျိတ်ပြီး စိတ်ထဲကနေ  ‘ မင့်မေကြီးတော်မှပဲ လုပ်လိုက်စမ်းကွာ’ လို့ရေရွတ်လိုက်ပြီး ဖန်းကျစ်ကို နမူနာယူကာ လွှားခနဲ ခုန်ဆင်းသွားလိုက်တယ် ။ ဒါပေသိ နှမျောစရာကောင်းတာက ကိုယ်စွမ်းကိုယ်စက မကောင်းလေတော့ ခွေးချီးစားသလို မှောက်ခုံလဲကျသွားရတယ် ။ လက်ထဲက မီးကျည်ချောင်းကလည်း လွတ်ထွက်သွားပြီး အလောင်းစားပိုးကောင်အပုံလိုက်ထဲကို ကျသွားခဲ့တယ် ။ ဖန်းကျစ်တစ်ယောက် ဒေါသတကြီး အော်ဆဲတော့တယ် ။


“ အမလေး ငါ့အဘိုးလေးရယ် မင်းငါ့ကို သတ်ချင်နေတာလား !”


ကျွန်တော် အမြန်ကုန်းထပြီး သူတို့ဘေးကို ပြေးသွားလိုက်တယ် ။ အလောင်းစားပိုးကောင်တွေက မီးကိုကြောက်တာကြောင့် အဲဒီတခဏတော့ အုံမလာရဲဘူး ။ ဒါပေမဲ့ မီးအလင်းရောင် မှိန်လာတာနဲ့အမျှ သူတို့ ဝိုင်းထားတဲ့ စက်ဝန်းက ပိုပိုပြီး သေးငယ်လာတယ် ။ ကျွန်တော် တံထွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရင်း စိတ်ထဲက တွေးလိုက်မိတော့တယ် ။


“ကြည့်ရတာတော့ သောက်ပြဿနာတတ်ပြီထင်တယ်”




TBC


No comments:

Post a Comment

အပိုင်း (၁၄) - မန့်ယိုဖျင်

  အပိုင်း ၁၄ - မန့်ယိုဖျင် ဟိုကောင်လေးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလာတယ် ။ “ရဲဘော်တို့ ငါ မင်းတို့ကိုပါ အမှုပတ်စေမိပြီ ၊ ကြည့်ရတာတော့ င...