Sunday, November 23, 2025

အပိုင်း (၄) - အလောင်းဂူ

 အပိုင်း ၄ - အလောင်းဂူ



လာခဲ့တဲ့ လမ်းတစ်လျှောက်လုံး အန္တရာယ်များတဲ့ကိစ္စပေါင်းမနည်း ကြုံခဲ့ရပြီး ဒီအပေါင်းအဖော်တွေဟာ အမှန်တကယ်ကို ကျွမ်းကျင်ထက်မြက်လွန်းတယ် ။ ကျွန်တော် သူတို့ကို အတော်လေး ယုံကြည်မိတယ် ။ ဒါကြောင့် ဖန်းကျစ်ရဲ့ ဒီစကားတစ်ခွန်းက ကျွန်တော့်စိတ်ထဲ လက်ရှိကိစ္စရဲ့ အခြေအနေမှန်ကို သေသေချာချာ နားလည်သဘောပေါက်စေတယ် ။ လူထွားကြီး အားခွေကလည်း ကျွန်တော့်ကို မျက်ရိပ်ပြတယ် ။ အဓိပ္ပါယ်ကတော့ မင်းနောက်မှာပဲ ကျုံ့ဝင်နေ ဘာတွေဖြစ်လာဖြစ်လာ ခေါင်းထွက်မကြည့်နဲ့ ဆိုတာမျိုးပေါ့ ။ ကျွန်တော် ထိန်းမထားနိုင်ပဲ ခပ်မဲ့မဲ့ပြုံးလိုက်မိတယ် ။ ဘာလို့ ခေါင်းထွက်မကြည့်ဘဲ နေရမှာလဲ ? အားခွေဆိုတဲ့ ခင်ဗျားက လက်သီးတစ်ချက်နဲ့တင် နွားတစ်ကောင်ကိုတောင် လဲကျစေနိုင်တာ ၊ ဖန်းကျစ်ဆို ပြောစရာတောင် မလိုဘူး ။ စစ်ပြန် စစ်သားဟောင်းကြီး တစ်ကိုယ်လုံး အမာရွတ်တွေနဲ့ချည်း ပြည့်နေတာ ။ ကျွန်တော်တို့ တတိယဦးလေးကဆို ငယ်ငယ်ကတည်းက တိုက်ခိုက်သတ်ပုတ်ရာမှာ အကြောက်အလန့်မရှိဘူးလို့ ကျော်ကြားတဲ့သူမျိုး ။ နောက် ဟို အသံမထွက်တဲ့ ဝန်ထုတ်ဝန်ပိုး ဆီလုံပုလင်းလေး ၊ သူကိုတော့ ဘယ်လိုကြည့်ကြည့် လူကောင်းသူကောင်းလို့ကို မထင်မိဘူး ။ ပြီးတော့ ကျွန်တော် ။ ရှေးခေတ်က စာပေသမားလေးလိုပုံစံနဲ့ အသုံးမကျဆုံးပဲလေ ။ တတိယဦးလေး ကျွန်တော့်လက်ထဲ ထိုးထည့်ပေးထားတဲ့ စစ်သုံးဓားမြှောင်က  လက်ထဲမှာ အတော်လေးလံနေသလို ခံစားနေရပြီး ဘယ်လိုသုံးရမှန်း မသိနဲ့ စိတ်ထဲတော်တော် ကသိကအောက် မသက်မသာဖြစ်မိတယ် ။


ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဘာပစ္စည်းယူခဲ့ရမလဲ ကျွန်တော်စဉ်းစားနေတုန်းမှာဘဲ လွီတန့်တန့်က တဗွမ်းဗွမ်းနဲ့ ရေပြန်ကူးလာတယ် ။ အဘိုးကြီးက ဆေးတံကို သူ့ဘောင်းဘီပေါ် တစ်ချက်ခေါက်လိုက်ပြီး ပြောတယ် ။


“သွားကြစို့ ၊ လှေလာပြီ”


တကယ်ပဲ လှေကလေးနှစ်စင်းဟာ တောင်နောက်ကနေ ရှေ့နောက်အစဉ်လိုက်ထွက်လာခဲ့တယ် ။ ရှေ့ကလှေပေါ်မှာ သက်လတ်ပိုင်းလူတစ်ယောက် မတ်တပ်ရပ်လျှက်ရှိပြီး လှေထိုးရင်းနဲ့ ကျွန်တော်တို့ကို လှမ်းအော်ခေါ်တယ် ။ လှေက အတန်အသင့်ကြီးမားပြီး ကျွန်တော်တို့အားလုံးအပြင် ပစ္စည်းတွေပါ တင်လို့ ဆန့်နိုင်လောက်တယ် ။ အဘိုးကြီးက နွားရဲ့ လည်ပင်းကို တဖတ်ဖတ်ပုတ်လိုက်ရင်း ပြောတယ် ။


“အားလုံးပဲ ပစ္စည်းတွေ သယ်ပိုးထားစရာမလိုတော့ဘူး ကျုပ် ဒီနွားနဲ့ ပစ္စည်းတွေကို နောက်ကလှေပေါ်တင်လိုက်မယ် ကျုပ်တို့က ရှေ့ကလှေမှာ ထိုင်ကြမယ် လူလည်းသက်သာတာပေါ့”


ဖန်းကျစ်က ရယ်လိုက်တယ် ။


“တချို့ပစ္စည်းတွေက ရေထိလို့မရဘူးဗျ ကိုယ်နဲ့မကွာသယ်သွားတာ အကောင်းဆုံးပဲ ၊ ခဏနေ အဲဒီနွားက ရေထဲခုန်ချပြီး ကျွန်တော်တို့ အကျိုးနည်းကုန်ရင် ဘယ်လိုလုပ်မလဲ?”


အဘိုးကြီးက ပြုံးရင်း ခေါင်းတညိတ်ညိတ်လုပ်နေတယ် ။


“ မင်းပြောတာလည်း ဟုတ်သားပဲ ဒါပေမဲ့ ဒီနွားကလည်း ရေကျွဲမှ မဟုတ်တာ ရေထဲခုန်မချနိုင်ပါဘူး ၊ ခုန်ချသွားရင် ငါအဘိုးကြီး ကိုယ်တိုင် ပစ္စည်းတွေကို ပြန်ပြီးဆယ်ယူလာပေးမယ် မင်းတို့ပစ္စည်းတွေ တစ်ခုမှ မလျော့စေရဘူး”


ပြောရင်း အရင်ဆုံး နွားကိုဆွဲပြီး လှေဆိပ်ဆီဆင်းသွားတယ်  ။ ကျွန်တော်တို့တတွေလည်း ကိုယ့်ပစ္စည်းကိုယ်သယ်ရင်း နောက်က လိုက်ကြတယ် ။  အဲဒီ သက်လတ်ပိုင်းအရွယ်လူက လှေထိုးတာ အတော်လေးကျွမ်းကျင်တယ် ။ ခဏနဲ့တင် ကမ်းကိုဆိုက်လာတယ် ။ 


အဘိုးကြီးက နွားကို ဒုတိယလှေပေါ်တင်လိုက်သခိုက် လှေထိုးသမားကို ကျွန်တော် တစ်ချက်လှမ်းကြည့်လိုက်တယ် ။ သူ့အသားက ခပ်မည်းမည်းနဲ့ အသွင်အပြင်က အတော်လေး သာမန်ပဲ ။ ဒါပေမဲ့ စိတ်ထင်တာလား ဘာလားတော့ မသိဘူး အဲဒီလူကို ကြည့်ရတာ စိတ်ထဲ မသိုးမသန့် ဖြစ်မိတယ် ။ တတိယဦးလေးပြောတဲ့ လူသေအသားစားတဲ့ကိစ္စကို တွေးမိပြန်တော့ သူ့ကိုကြည့်ရတာ ပိုပြီး ကြောက်စရာကောင်းလာခဲ့တယ် ။ 


“ခဏနေ ဂူထဲရောက်တဲ့ အခါကျရင် အားလုံး စကားကို လုံးဝ တိုးတိုးလေးပဲ ပြောကြပါ မြစ်စောင့်နတ်ကို အနှောင့်အယှက် မဖြစ်ပါစေနဲ့”


အဲဒီလူက ပြောတယ် ။


“ အထူးသဖြင့် မြစ်စောင့်နတ်ကို မကောင်းစကား မပြောရပါဘူး”


“ဂူထဲကို ဖြတ်ဖို့ အချိန်ဘယ်လောက် ကြာနိုင်လောက်လဲ”

တတိယဦးလေးက သူ့ကို မေးလိုက်တယ် ။ 


“မြန်ရင်တော့ ငါးမိနစ်လောက်ဆို ရပြီ ၊ အထဲမှာ ရေစီးက အတော်သန်ပြီး အန္တရာယ်များတယ်”


“ ဘာလို့ နှေးတဲ့ အချိန်လို့ ရှိသေးရတာလဲ”


“ ဟုတ်တယ် တခါတလေကျတော့ ဒီရေက ရေဆန်သွားရတယ်လေ ခင်ဗျားကြည့် ကျုပ် စောစောက ရေစုန်အတိုင်း ထွက်လာတာ ဆိုတော့ အခု ကျုပ်တို့ ရေဆန်အတိုင်း ဝင်ရတော့မယ် အဲဒီတော့ အချိန်ကကြာသွားရော ခန့်မှန်းချေ 15မိနစ်လောက်ပေါ့ တချို့အကွေ့တွေက အတော်လေး အန္တရာယ်များတယ်”


“ အထဲမှာ အလင်းရောင်မရှိဘူးလား?”


အဲဒီလူက ခပ်ဟက်ဟက်ရယ်တယ် ။


“ မီးရောင်မရှိ မှောင်မည်းမည်းနဲ့ ဘယ်လိုလုပ် အလင်းရောင်ရှိမှာလဲ လုံးဝမှောင်ပိန်းနေတယ်လို့ ပြောလို့ရတယ်”


ဒါပေမဲ့ သူက သူ့ရဲ့ နားရွက်ကို လက်ညိုးထိုးပြပြီး… 

“ ကျုပ်လှေထိုးလာတာ ဆယ်စုနှစ်ကျော်လာပြီ ဒီလောက်ကတော့ နားသုံးရုံနဲ့ ရတယ်”


“ ဒါဖြင့် ကျုပ်တို့ ဓာတ်မီးသုံးလို့ရလား” 


ဖန်းကျစ်က သူ့လက်ထဲက မိုင်းတွင်းသုံး မီးအိမ်ကို ယမ်းပြပြီး “ ပြဿနာတော့ မရှိဘူး မှတ်လား?” လို့မေးလိုက်တယ် ။ 


“ပြဿနာတော့ မရှိပါဘူး” အဲဒီလူကပြောတယ် ။ “ဒါပေမဲ့ ရေထဲကိုတော့ မထိုးနဲ့ ခင်ဗျားတို့ လန့်သေသွားလိမ့်မယ်”


“ဘယ်လို ?” တတိယဦးလေးက တစ်ချက်ရယ်လိုက်တယ် ။ “ ရေသရဲရှိလို့လား?”


“ရေသရဲက ဘာဟုတ်ဦးမှာတုံး ၊ ဒီရေထဲက အရာက ကျုပ်လည်း မပြောရဲဘူး ၊ ခင်ဗျားတို့ သတ္တိအရမ်းကောင်းရင်တော့ ခဏနေကျ တစ်ချက် ကြည့်ကြည့် ၊ မှတ်ထား တစ်ချက်ကလေးပဲကြည့်နော် ၊ ခင်ဗျားတို့ ကံကောင်းရင် ပိန်းပိတ်အောင်မှောင်နက်နေတဲ့ ရေပြင်ကို မြင်ရမယ် .. ကံမကောင်းရင်တော့ ခင်ဗျားတို့ ကြောက်လန့်ပြီး ရူးသွပ်သွားစေလောက်တဲ့ အရာကို တွေ့ရလိမ့်မယ်”


ပြောနေရင်းနဲ့ အဲဒီဂူဝကို ကျွန်တော်တို့ မြင်လာရပြီ ။ အဲဒီဂူက တောင်နံရံရဲ့ နောက်မှာ ဖုံးကွယ်နေပြီး  ကျွန်တော်တို့ ကမ်းစပ်မှာ ရှိနေတုန်းက မမြင်ရဘူး ။ တလျှောက်လုံး ဂူကြီးတစ်လုံးလို့ တွေးထင်ထားခဲ့သမျှ တကယ်တမ်း မျက်စိနဲ့ တပ်အပ်မြင်လိုက်ရမှ ဒုက္ခပဲလို့တောင် အသံထွက်အော်မိသွားတယ် ။ ဒီဂူက တော်တော်သေးလိမ့်မယ်လို့ မထင်ထားဘူး ။ သေးတာမှ ဒီလှေထက် လေးလက်မလောက်ပဲ ပိုမယ် ။ ထိတ်လန့်စရာ အကောင်းဆုံးက သူ့အမြင့်ပဲ ။ လူက ထိုင်လျှက်နဲ့တောင် ဝင်သွားလို့မရဘူး ။ ကျောကို ကုန်းကွေး ငုံ့ကိုင်းချလိုက်မှ ဝင်နိုင်ရုံလောက်ရှိတယ် ။ ဒီလောက်အကျယ်အဝန်းနဲ့ အထဲမှာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ချုံခိုတိုက်ရင်တောင် ကျွန်တော်တို့ လက်တွေခြေထောက်တွေ ကောင်းကောင်းလှုပ်ရှားလို့တောင် ရမှာမဟုတ်ဘူး ။ ဖန်းကျစ်က ထအော်တော့တယ် ။


“သောက်ကျိုးနဲ ! ဒီဂူက ယုတ်မာလှချည်လား”


“ဒါကကြီးတယ်ပြောရဦးမှာ အထဲမှာ ပိုနိမ့်တဲ့ တဖြတ်ရှိသေးတယ်” လို့ နောက်က အဘိုးကြီးက ပြောလာတယ် ။


တတိယဦးလေးက ဖန်းကျစ်ကို တစ်ချက်ကြည့်လိုက်တဲ့အခါ ဖန်းကျစ်က ဟန်လုပ်ရယ်လိုက်ပြီး “အိုင်းယား .. ဒီလောက်သေးတဲ့ဂူပေါက်နဲ့ အထဲမှာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို လုယက်မယ်ဆိုရင် ထွက်ပြေးချင်တောင် ပြေးလို့လွတ်မယ် မထင်ဘူး”


အဲဒီစကားပြောလိုက်တာနဲ့ လှေထိုးသမားက မသိမသာ လက်အမူအရာတစ်ခုလုပ်လိုက်ပြီး အဘိုးကြီးရဲ့ မျက်နှာအမူအရာပြောင်းလဲသွားတာကို ကျွန်တော်မြင်လိုက်ရတယ် ။ တကယ်ကို ပြဿနာရှိနေတာပဲလို့ ကျွန်တော့်စိတ်ထဲ ပြောလိုက်မိတယ် ။ အဲဒီအချိန် ဝေါခနဲ အသံတစ်ချက်ကြားလိုက်ရပြီး လှေက ဂူထဲကို ဝင်လာခဲ့ပြီ ။ 


ဖန်းကျစ်က သတ္ထုတွင်းသုံးမီးအိမ်ကို ဖွင့်လိုက်တယ် ။ ဂူက ဝင်လာကာစမှာ အလင်းရောင်ရှိနေသေးပေမဲ့ မကြာခင်မှာပဲ အဲဒီအလင်းရောင်က ပျောက်ကွယ်သွားပြီး သတ္ထုတွင်းသုံး မီးအိမ်ရဲ့ အလင်းရောင်သာ ကျန်နေခဲ့တော့တယ် ။


“တတိယသခင် ဒီဂူက သာမန်တော့မဟုတ်ဘူး” အားခွေကပြောတယ် ။ “ဒါက သင်္ချိုင်းတူးသမားတွေရဲ့ ဂူပဲ”


“ရေသင်္ချိုင်းတူးသမားတွေရဲ့ ဂူ ၊ ရှေးကျရင် အဝိုင်း ဒီဘက်ခေတ်နီးရင် လေးထောင့်ပုံတဲ့ ၊ မင်းဒီအက်ကြောင်းရာတွေကိုကြည့် ဒီဂူက သက်တမ်းတော်တော်ကြာနေပြီ ၊ ကြည့်ရတာ ဒီဂူထဲမှာ တခြားကမ္ဘာတစ်ခုလို ထူးဆန်းတဲ့ အရာတွေ ရှိနေနိုင်တယ်”


“အာ .. ဒီကလူကြီးမင်းက အတွေ့အကြုံ တော်တော်လေးများတာပဲ ၊ သူပြောတာမှန်တယ်”


သက်လတ်ပိုင်းလူက လှေဦးမှာ ဒူးတစ်ဖက်ထောက်ရင်း လက်တစ်ဖက်နဲ့ ထိုးဝါးကိုကိုင်ပြီး ဒီနား အစက်ကလေးတစ်စက်ဆွဲသလို ဒီတစ်ဖက်မှာ စုတ်ချက်တစ်ချက်ဆွဲသလိုနဲ့ လှုပ်ရှားနေတယ် ။ ဒါပေမဲ့ ထူးဆန်းတာက သူ့ထိုးဝါးက ရေပြင်နဲ့ မထိသလို သူ့အသက်ရှူသံကလည်း ရေဆန်မှာ လှေထိုးနေရတဲ့သူလို ပြင်းထန်မနေဘူး ။ သူကလှေထိုးရင်းနဲ့ပဲ ဆက်ပြောလာတယ် ။ 


“ပြောသံကြားတာတော့ ဒီတောင်ကြီးတစ်ခုလုံးက ရှေးဟောင်းသင်္ချိုင်းဂူကြီး တစ်ခုပဲတဲ့ ၊ ဒီပတ်ဝန်းကျင်မှာ ရေသင်္ချိုင်းတူးသမားတွေတူးထားတဲ့ ဂူတွေ အရွယ်အစားအမျိုးမျိုး အများကြီးရှိတယ် ၊ ဒီဟာက အကြီးဆုံးနဲ့ အနက်ဆုံးပဲ ခင်ဗျားလည်းမြင်မှာပါ ၊ အဲဒီတုန်းက ရေပြင်က ဒီလောက်မမြင့်လောက်သေးတော့ ဒီလို စိုစွတ်တဲ့ ဂူမဟုတ်လောက်ဘူးထင်တယ် ”


“အာ , ကြည့်ရတာ ခင်ဗျားလည်း ကျွမ်းကျင်သူတစ်ယောက်ပါပဲလား” တတိယဦးလေးက လှေသမားကို ယဉ်ကျေးစွာနဲ့ စီးကရက် ကမ်းပေးလိုက်တယ် ။ သူက ခေါင်းကို ခါယမ်းလိုက်ပြီး ပြောတယ် ။


“ဘယ်က ကျွမ်းကျင်သူကမှာတုံး ကျုပ်လည်း အရင် ဒီကလူတွေပြောတာကြားဖူးတာပါ ၊ အများကြီး ကြားဖူးထားတော့ တစ်ခုနှစ်ခု ပြန်ပြောပြတတ်သွားတာပေါ့.. သိတာကလည်း ဒီလောက် ရိုးရိုးတိမ်တိမ် နည်းနည်းပါးပါးလေးပါပဲ ကျုပ်ကို ကျွမ်းကျင်သူလို့ မပြောစမ်းပါနဲ့ဗျာ”


ဖန်းကျစ်နဲ့ သာ့ခွေတို့ လက်တွေက ကိုယ်စီကိုယ်စီ ဓားတွေပေါ်မှာ တိတ်တဆိတ်တင်ထားရင်းနဲ့ တစ်ဖက်မှာလည်း ဟိုလူနဲ့ ရယ်ကာမောကာ စကားပြောဆိုနေကြတယ် ။ ကြည့်လိုက်ရင် အငွေ့အသက်က လုံးဝ လက်ပွန်းတတီး ရင်းရင်းနှီးနှီး ရှိနေကြဟန်ပေါက်ပေမဲ့ တကယ်တမ်းတော့ လူတိုင်းက အတော်လေး အခြေအနေတင်းမာနေကြတယ် ။ ကျွန်တော်စိတ်ထဲ တွေးနေမိတယ် ။ ကျွန်တော်တို့က ငါးယောက် သူတို့က နှစ်ယောက်တည်း တကယ်တိုက်ခိုက်ကြမယ်ဆို ရှုံးမှာမဟုတ်ဘူးလို့ ။ ဒါပေမဲ့ သူတို့တကယ် လှုပ်ရှားရဲတယ်ဆိုရင်တော့ သေချာပေါက် ပြင်ဆင်လာတာရှိလိမ့်မယ် ။


အဲဒီအချိန် ရုတ်တရက်ဆိုသလို မန့်ယိုဖျင် ( ဆီလုံပုလင်း) က လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီးပြောတယ် ။


“ရှူး ! နားထောင် ၊ တစ်ယောက်ယောက် စကားပြောနေတယ်”


ကျွန်တော်တို့ ချက်ချင်း အသက်အောင့်လိုက်ကြတယ် ။ တကယ်ကိုပဲ ဂူအတွင်းပိုင်းဆီကနေ ရွှီးရွှီးရှဲရှဲ အသံတွေ ထွက်လာတာကိုကြားလိုက်ရတယ် ။ သူတို့ ဘာတွေပြောနေကြလဲဆိုတာ ကျွန်တော်ကြိုးစား နားထောင်ကြည့်ပေမဲ့ နားလည်မလိုလိုနဲ့ နားမလည်ဘူး ။ တခဏမျှ နားထောင်ကြည့်ပြီးတဲ့နောက် သက်လတ်ပိုင်းလှေထိုးသမားကို အဲဒီအသံက ဒီလိုပဲ ဂူထဲကနေ မကြာမကြာ ကြားရလေ့ရှိလားလို့ မေးကြည့်ဖို့ လှည့်ကြည့်လိုက်တဲ့အခါ အဲဒီလူကို ရုတ်တရက်ကြီး မတွေ့ရတော့ဘူး ! နောက်ပြန်လှည့်လိုက်ပြန်တော့ …အကျိုးနဲ … ဟိုအဘိုးကြီးကိုလည်း မတွေ့တော့ဘူး ။


“ဖန်းကျစ် သူတို့ ဘယ်ရောက်သွားတာလဲ” တတိယဦးလေးက အလောတကြီး အော်မေးလိုက်တယ်။


“ မသိဘူး ရေထဲခုန်ချတဲ့ အသံလည်း မကြားမိဘူး” ဖန်းကျစ်လည်း ပြာယာခတ်နေတယ် ။


“စောစောက အသံကြားတာနဲ့ လူက ချက်ချင်း ပျောက်ခြင်းမလှပျောက်သွားတာပဲ”


“သွားပြီ ငါတို့ကိုယ်ပေါ်မှာ အလောင်းကောင်အနံ့မရှိဘူး ၊ ဘာတွေဖြစ်လာမယ်မှန်း မသိဘူး” တတိယဦးလေးက မချင့်မရဲနဲ့ ပြောတယ် ။ 


“ဖန်းကျစ် မင်းဗီယက်နမ်မှာ စစ်တိုက်ခဲ့တုန်းက လူသေအသားတွေဘာတွေ စားဖူးခဲ့သေးလား?”


“နောက်နေပြန်ပါပြီ တတိယသခင်ကလည်း ကျွန်တော် အဲဒီတုန်းက စားဖိုတပ်စိတ်မှာ နေ့တိုင်း ပန်းကန်ဆေးနေရတာပါ” ဖန်းကျစ်က အားခွေကို လက်ညိုးထိုးလိုက်ပြီး ပြောတယ် ။ “ ဖန့်ခွေ (ခွေဝတုတ်) မင်းပဲပြောတော့ မင်းတို့အိမ်က အရင်က လူသားပေါက်စီရောင်းတာဆို မင်းအငယ်တုန်းက အများကြီးစားဖူးမှာသေချာတယ်” 


“ပေါက်ကရတွေ ! ငါ့ဟာငါ လျှောက်လုပ်ကြံထားတဲ့ ဇာတ်ဟ ၊ နောက်ပြီး အဲဒီလူသားပေါက်စီတွေက သူများတွေစားဖို့ရောင်းတာ ၊ ဘယ်သူကရော လူသားပေါက်စီရောင်းပြီး ကိုယ်ဟာကိုယ်ပြန်စားတာမျိုး မင်းတွေ့ဖူးလို့လဲ”


ကျွန်တော် အလျင်အမြန် လက်တွေဝှေ့ယမ်းပြီး ရပ်ခိုင်းလိုက်ရတယ် ။ 


“ခင်ဗျားတို့ သုံးယောက်ပေါင်း အသက်တွေကဖြင့် တစ်ရာ့ငါးဆယ်ကျော်နေပြီ မရှက်ကြဘူးလား”


ကျွန်တော့်စကား ဆုံးဆုံးခြင်း လှေက ရုတ်တရက်လှုပ်ခါသွားတယ် ။ ဖန်းကျစ်က သတ္ထုတွင်းသုံးမီးအိမ်ကို ချက်ချင်းကောက်ယူပြီး ရေထဲထိုးကြည့်လိုက်တယ် ။ ကျွန်တော်တို့ဟာ မီးအလင်းရောင်နဲ့ ရေထဲမှာ ဧရာမ အရိပ်ကြီးတစ်ခု ဖြတ်ကူးသွားတာကို တွေ့လိုက်ကြရတယ် ။


ဖန့်ခွေတစ်ယောက် ကြောက်လန့်တကြားနဲ့ မျက်နှာ ဖြူဆုတ်သွားလေရဲ့ ။ သူက ရေထဲကို လက်ညိုးထိုးပြီး ပါးစပ်အဟောင်းသားနဲ့ စကားတစ်လုံးမှ ထွက်မလာနိုင်ဘူး ။ တတိယဦးလေးက သူလန့်ပြီးမေ့လဲသွားမှာစိုးတာကြောင့် ပါးကို တချက်ရိုက်လိုက်ပြီး အော်ဟစ် ဆူပူလိုက်တယ် ။


“အသုံးကို မကျဘူး ! ဘာမေးရိုက်နေတာတုံး ဟိုကလေးနှစ်ယောက်တောင် ဘာသံမှ မထွက်တာ သူ့အမေကြီးတော်နဲ့မှပဲ ငါ့နောက်လိုက်လာတာဖြင့် နှစ်ပေါင်းကြာနေပြီ ချီးသွားစားနေတာလား ?”


“ အမလေး အမေရေ______ တတိယသခင် ဒီဟာကြီးက ကြီးလွန်းအားကြီးတယ် ၊ ကျွန်တော်တို့အားလုံးကိုဆိုရင်တောင်  သူက စားလို့မဝလောက်ဘူးထင်တယ်”


ဖန့်ခွေက ကြောက်စိတ်မကုန်သေးဘဲ ရေပြင်ကို စိုက်ကြည့်နေတယ် ။ မူလက သူဟာ လှေဘေးဘောင်နားမှာ ထိုင်နေတာ ဖြစ်ပေမဲ့ အခုတော့ ရုတ်တရက် ရေထဲက တစ်စုံတစ်ရာထွက်လာပြီး သူ့ကို ဆွဲသွားမှာ ကြောက်သည့်နှယ် သူ့တင်ပါးကို လှေရဲ့ အလယ်တည့်တည့်ဆီ ရွှေ့လာလိုက်ပြီ ။ 


“ဖွီ” တတိယဦးလေးက သူ့ကို ခပ်ဆိုးဆိုးကြည့်လိုက်ပြီး “ ငါတို့ ဒီမှာ ပစ္စည်းလိုလည်း ပစ္စည်းအပြည့်အစုံ လူဆိုလည်း လူရှိတယ် ၊ ငါ ဝူအိမ်က တတိယသားက သဲကျင်လာတာဖြင့် ကြာကြာလှပြီ ဘယ်လို မကောင်းဆိုးဝါးမျိုး မတွေ့ဖူးလို့လဲ? မင်းဒီမှာ ပေါက်တတ်ကရတွေ လာပြောမနေနဲ့”


ဖန်းကျစ်လည်း အတော်လေးလန့်သွားတယ် ။ ဒါပေမဲ့ သူ့အတွက်က ကြောက်ရွံ့သွားတယ်လို့ ဆိုတာထက် တုန်လှုပ်သွားတယ်လို့ ပြောတာ ပိုမှန်မယ် ။ ဒီလောက်ကျဉ်းမြောင်းတဲ့ နေရာအဝန်းအဝိုင်းထဲမှာ ဒီလောက်ကြီးမားတဲ့ အရာကြီးတစ်ခု ရေအောက်ထဲက ဖြတ်သွားတယ်ဆိုတော့ တခဏတော့ အားလုံး ခေါင်းထဲ ထူထုံသွားကြမှာပါပဲ ။ ဒါလည်း မထူးဆန်းပါဘူး ။ 


ဖန်းကျစ်က ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ပြောတယ် ။


“ တတိယသခင် ဒီဂူထဲက ထူးထူးဆန်းဆန်းနဲ့ ကျွန်တော့်စိတ်ထဲ တမျိုးကြီးပဲ ၊ ဘာပဲဖြစ်ဖြစ် ဒီကနေထွက်ပြီးမှ ဆက်ပြောကြရအောင်ပါ ဟုတ်လား?”


ဖန့်ခွေက ချက်ချင်း သဘောတူဟန်ပြတယ် ။ တကယ်တော့ ကျွန်တော့်စိတ်ထဲမှာလည်း အပြင်ထွက်ဖို့ မျှော်လင့်နေခဲ့တာ ။ ဒါပေမဲ့ ကျွန်တော်က တတိယဦးလေးရဲ့ အိမ်ကလူဆိုတော့ စိတ်ထဲရှိတာ မပြောသေးခင် သူ့အရိပ်အကဲကို စောင့်ရဦးမှာပေါ့ ။ 


အဲဒီအချိန် တတိယဦးလေးက ဟိုမန့်ယိုဖျင်ကို လှမ်းကြည့်လိုက်တယ် ။ သူ့ရဲ့ အကြံဉာဏ်ကို တောင်းခံချင်သလိုပဲ ။ အရင်က တတိယဦးလေးရဲ့ အမူအကျင့်က သိကြားမင်းကိုတောင် မျက်လုံးထဲ ထည့်တာမဟုတ်ဘူး ။ အခုတော့ သူက အဲဒီကောင်လေးကို သတိထားတယ် ။ ကျွန်တော် မအံ့ဩဘဲ မနေနိုင်တာကြောင့် သူဘယ်လို အမူအရာမျိုး ရှိနေမလဲလို့ နောက်လှည့်ကြည့်လိုက်တော့ သူက ကျွန်တော်တို့ ပြောနေတာတွေကို လုံးဝ နားထောင်မနေတာ တွေ့လိုက်ရတယ် ။ ဒါအပြင် သူ့ရဲ့ မူလက ကျောက်ရုပ်လို အသက်မပါတဲ့ ဗလာကျင်းအမူအရာပါ မရှိတော့ဘူး ။ သူ့မျက်လုံး နှစ်လုံးက ရေထဲကို စူးစူးစိုက်စိုက်ကြည့်နေပြီး တစ်စုံတစ်ခုကို အာရုံစူးစိုက်ကာ ရှာဖွေနေသလိုပဲ ။ 


အဲဒီလူက ဘယ်လိုနောက်ခံကလည်းလို့ တတိယဦးလေးကို ကျွန်တော် မေးကြည့်ချင်ပေမဲ့ အခုက အချိန်ကောင်း မဟုတ်သေးဘူး ။ ဒါကြောင့် ဖန်းကျစ်ကိုပဲ တိုးတိုးမေးရတယ် ။ ဖန်းကျစ်ကလည်း ခေါင်းကို အသာယမ်းရင်း မသိကြောင်းပြောတယ် ။ သိသလောက်ကတော့ အဲဒီလူက တော်တော် တော်တယ်ဆိုတာပဲ ။ သူက အဲဒီလူရဲ့ လက်ကို မေးငေါ့ပြရင်း ပြောတယ် ။ 


“ မင်းကြည့် ၊ အဲဒီလက် ၊ နှစ်ပေါင်း ဘယ်လောက်ကြာမှ အဲဒီပုံစံဖြစ်အောင် လေ့ကျင့်လို့ ရနိုင်မှာလဲ?”


အဲဒီအရင်က ကျွန်တော် တကယ်ပဲ အဲဒီလူရဲ့လက်ကို သတိမထားမိခဲ့ဘူး ။ အခုကြည့်လိုက်တော့မှ တကယ်ကို ပုံမှန်မဟုတ်တာ တွေ့လိုက်ရတယ် ။


သူ့ရဲ့လက် ၊ လက်ညိုးနဲ့ လက်ခလယ်က အတော်လေးရှည်လျားတယ် ။ ကျွန်တော် ချက်ချင်းပဲ ရှေးခတ်တုန်းက ပေါ်ထွက်ခဲ့တဲ့ သင်္ချိုင်းဖောက်သမား စစ်ဘက်အရာရှိရဲ့ လက်ချောင်းနှစ်ချောင်းနဲ့ မြေကို စူးစမ်းရှာဖွေတဲ့ စွမ်းရည်ကို သတိရသွားတယ် ။ ကျွန်တော့်အဘိုးရဲ့ မှတ်တမ်းထဲမှာ အဲဒီအကြောင်းနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ မှတ်သားထားတာ ဖတ်ရဖူးတယ် ။ အဲဒီ သင်္ချိုင်းဖောက်သမား စစ်ဘက်အရာရှိတွေကြားမှာ အထူးစွမ်းရည်မြင့်မားသူက ဒီလက်ချောင်းနှစ်ချောင်းပိုင်ရှင်ပဲ ။ အဲဒီလူစွမ်းကောင်းက ထိုက်ရှန်းတောင်လို မြင့်မားတည်ငြိမ်လှပြီး စွမ်းအားလည်း အင်မတန်ကြီးမားတယ် ။ သင်္ချိုင်းဂူထဲက တော်ရုံတန်ရုံ ထောင်ချောက်လေးတွေကို အလွယ်တကူပဲ ချိုးဖျက်နိုင်စွမ်းရှိတယ် ။ ဒီလိုစွမ်းရည်မျိုးကို တဖက်ကမ်းခတ်ကျွမ်းကျင်အောင် လေ့ကျင့်မယ်ဆိုရင် ငယ်စဉ်ကတည်းက လေ့ကျင့်မှရမယ် ။ အဲဒီလေ့ကျင့်မှုကလည်း ဖော်မပြနိုင်လောက်အောင် ပင်ပန်းဆင်းရဲ ခက်ခဲမှုတွေနဲ့ ပြည့်နေမှာ သေချာတယ် ။


သူ့ရဲ့ ဒီလက်ချောင်းတွေမှာ ဘယ်လိုလုပ်နိုင်စွမ်းတွေ ရှိနေလိမ့်မလဲလို့ ကျွန်တော် တွေးနေတုန်းမှာပဲ သူက သူ့ရဲ့ ညာလက်ကို မြှောက်လိုက်ပြီး အလင်းအလျင်နဲ့ ရေထဲကို ထိုးစိုက်ချလိုက်တယ် ။ အဲဒီလှုပ်ရှားမှုက လျင်မြန်လွန်းပြီး လျပ်တပြက်အချိန်အတွင်းမှာပဲ သူ့လက်က ရေပေါ် ပြန်ရောက်လာတယ် ။ သူ့ရဲ့ထူးဆန်းစွာ ရှည်လျားနေတဲ့ လက်ချောင်းနှစ်ချောင်းကြားမှာ မည်းတူးတူး ပိုးကောင်တစ်ကောင်း ညှပ်ပါလာတယ် ။ သူက အဲဒီပိုးကောင်ကို လှေဝမ်းထဲပစ်ချလိုက်ပြီး ပြောတယ် ။


“စောစောကဟာ ဒီဟာ”


ကျွန်တော် ငုံ့ကြည့်မိတော့ သက်မချလိုက်မိတယ် ။ 


“ဒါက ရေပိုးမဟုတ်ဘူးလား ! ဒါဖြင့် စောစောက အရိပ်ကြီးက ဒီရေပိုးတွေအများကြီး ဖြတ်ကူးသွားတာပေါ့”


“ဟုတ်တယ်” အဲဒီလူက သူ့လက်ကို အင်္ကျီနဲ့ သုတ်လိုက်ရင်းပြောတယ် ။


ကျွန်တော်တို့တတွေဟာ သိပ်မယုံကြပေမဲ့လို့ စိတ်အေးသက်သာစွာနဲ့ သက်မချမိလိုက်ကြတယ် ။ ဖန့်ခွေက အဲဒီပိုးကောင်ကို ခြေထောက်နဲ့ တစ်ချက်နင်းလိုက်ပြီးပြောတယ် ။ 


"မင့်မေကြီးတော်နဲ့မှ ငါ့လန့်လို့သေတော့မယ်”


ဒါပေမဲ့ ကျွန်တော်ပြန်စဉ်းစားကြည့်တော့… မဟုတ်သေးပါဘူး ၊ ဒီလောက်ရေပိုးတွေအများကြီး ဘာလို့ တစ်ချိန်တည်း လှုပ်ရှားလာရတာလဲ ? နောက်ပြီး ဒီရေပိုးရဲ့ အရွယ်အစားက ကြီးလွန်းလှချည်လား ! ဟိုမန့်ယိုဖျင်ကလည်း အတော်လေး သံသယမကင်းဟန်ပေါက်နေတယ် ။ ကြည့်ရတာ ဒီပြဿနာကို စဉ်းစားနေသေးသလိုပဲ ။


ဖန့်ခွေက ပိုးကောင်အသေကောင်ကို ဖနောင့်နဲ့ ပေါက်နေတာ အပိုင်းပိုင်းဖြစ်နေပြီ ။ စောစောက သူမျက်နှာပျက်ခဲ့ရတာကို ပြန်ပြီး အဖတ်ဆယ်ချင်ပုံရတယ် ။ တတိယဦးလေးက ပြုတ်ထွက်လာတဲ့ ခြေထောက်တစ်ချောင်းကို ကောက်ယူ နမ်းကြည့်ပြီး အလန့်တကြားနဲ့ ပြောလာတယ် ။ 


“ဒါက ရေပိုးမဟုတ်ဘူး အလောင်းစားပိုးကောင်”


ကျွန်တော်တို့ ကြောင်အ,သွားကြပြီး အခြေအနေမဟန်မှန်း အားလုံးတွေးမိလိုက်ကြတယ် ။ ဒီနာမည်က ကြားရတာနဲ့တင် မင်္ဂလာရှိမနေဘူး ။


“အမလေး ဘွားဘွားရေ ! အဲဒီဟာက အပုတ်အသိုးအသားတွေကို စားတာ အသေကောင်တွေရှိတဲ့နေရာဆို သိပ်ပေါတယ် ၊ ကောင်းကောင်းစားရလေလေ ကြီးထွားလေလေပဲ ၊ ဒီပုံအတိုင်းဆိုရင်တော့ ရေညာပိုင်းဘက်မှာ အလောင်းတွေ စုပုံ မြှုပ်နှံထားတဲ့ နေရာရှိလိမ့်မယ် ၊ ပြီးတော့ နေရာက အရမ်းလည်းကြီးလိမ့်မယ်”


တတိယဦးလေးက ပိန်းပိတ်အောင်မှောင်နေတဲ့ ဂူဘက်ကို စိုက်ကြည့်ရင်းပြောတယ် ။


“အဲဒီဟာက အသက်ရှင်နေတဲ့ လူကိုရော ကိုက်တတ်လား?”


သာ့ခွေက ရွံ့တွန့်တွန့်နဲ့ မေးတယ် ။


“ပုံမှန်အရွယ်အစားဆိုရင်တော့ လူကို မကိုက်ဘူးပေါ့ ဒါပေမဲ့ မင်း ဒီအရွယ်အစားကိုလည်း ကြည့်ဦး သူလူကို ကိုက်လားမကိုက်လားတော့  ငါလည်းမသေချာဘူး” 

တတိယဦးလေးက တွေးရခက်စွာနဲ့ ကြည့်ရင်း … “ဒီကောင်တွေက အမြဲလိုလို လူသေကောင်တွေ ပေါများတဲ့ နေရာမှာပဲ ကပ်နေတတ်တာ ဟိုကူးဒီကူး သွားတတ်တာမျိုး မဟုတ်ဘူး ၊ ဘာလို့ အခု အုပ်လိုက်ကြီး အတူတူ ရွှေ့ပြောင်းလာရတာလဲ?”


မန့်ယိုဖျင်က ဂူအတွင်းပိုင်းဘက်ဆီ မျက်နှာမူလိုက်ရင်း ပြောတယ် ။


“ကျွန်တော့်အထင် စောစောက သူတို့ အသက်လုပြေးလာရတာဖြစ်မယ်”


“ ဟမ် ? အသက်လုပြေးလာတယ်?” ဝတုတ်တစ်ယောက် ထိတ်လန့်တကြားဖြစ်သွားပြီး “ ဒါဖြင့် ဂူထဲမှာက…..”


မန့်ယိုဖျင်က ခေါင်းညိတ်လိုက်ပြီး… 


“ အထဲထဲက အရာတစ်ခု ကျွန်တော်တို့ဆီ ဦးတည်လာနေတယ်လို့ ကျွန်တော် ခံစားမိနေတယ် ၊ ပြီးတော့ အဲဒါက အတော်လေးကြီးမားတယ်”



TBC



Translator note 

闷油瓶 - Mèn yóu píng - မန့်ယိုဖျင် - ဆီလုံပုလင်း ဆိုတာက လုံးဝ မျက်နှာသေနဲ့ စကားလည်းလုံးဝမပြောတဲ့ သူကိုခေါ်တဲ့ နာမည်ပြောင်လေးတစ်ခုပါ ။ ဒီဝတ္ထုထဲမှာ အဲဒီ ထူးဆန်းတဲ့ အစွမ်းရှိတဲ့ လူငယ်လေးကို တလျှောက်လုံးနီးပါ ဒီနာမည်ပြောင်လေးသုံးထားပါတယ် ။ အစကတော့ သူအဓိပ္ပါယ်အတိုင်း ဆီလုံပုလင်းလို့ ဘာသာပြန်ပြီး ရေးဖို့ စိတ်ကူးခဲ့ပါသေးတယ် ။ နောက်တော့ အသံထွက်ကိုပဲ ဖလှယ်ပြီး ရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဒီဝတ္ထုကို live action ရိုက်ထားတဲ့ ဇာတ်ကားတွေထဲမှာ “မျက်နှာသေ” ဆိုတဲ့ ဘာသာပြန်ချက်မျိုးလည်း တွေ့ခဲ့ဖူးပါတယ် ။ ဒီဝတ္ထုရဲ့ official english translation မှာတော့ poker face လို့ ပြန်ထားပါတယ် ။ အဲဒီ poker face ကို ရုပ်သေးမျက်နှာလို့ ဘာသာပြန်ရင်လည်း ရပေမဲ့ ကျွန်တော်ကတော့ သူ့မူရင်း အဓိပ္ပါယ်လေးကို ပိုသဘောကျနေတာကြောင့်ပါ ။ ဆီဆိုတာ အတော်အပေါက်ရှာပြီး ထွက်တတ်တဲ့ သဘောမဟုတ်လား ။ အဲဒီ ဆီတောင်လုံတဲ့ ပုလင်းဆိုမှတော့ ဘယ်လောက်တောင် လုံနေလိုက်မလဲ ။ ဒီလိုပဲ အဲဒီ ဇာတ်ကောင်လူငယ်လေးဟာ သူ့အမူအရာတွေကို လုံးဝထိန်းချုပ်ထားသလိုမျိုး သူဘာတွေးနေတယ် ဘာခံစားနေတယ် ဆိုတာ လုံးဝ မပြတတ်တဲ့ ပုံစံပါ ။ ဒါကြောင့် မူရင်းကို ပိုပြီး ထင်ဟပ်စေဖို့ ဆီလုံပုလင်းလို့ အဓိပ္ပါယ်ရတဲ့ မန့်ယိုဖျင် ဆိုတာလေးပဲ အသံထွက်တိုင်း ဖလှယ်ပြီး ရေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြောပြချင်တာပါ ။  ကျွန်တော်တို့ ဆီလုံပုလင်းလေး မန့်ယိုဖျင်နဲ့ အတူတူ ဂူဆက်တူးလိုက်ကြရအောင် ^ ^

Saturday, November 22, 2025

အပိုင်း (၃) - ကွားဇီ ဘုရားကျောင်း

 အပိုင်း ၃ - ကွားဇီ ဘုရားကျောင်း



စာလုံးတွေနဲ့ပြည့်နေတဲ့ ပုံနှိပ်ပိုးစာလိပ်ကို ကျွန်တော် ကြည့်လိုက်ပြီး တတိယဦးလေးရဲ့ မျက်နှာအမူအရာကို ထပ် ကြည့်လိုက်မိပြန်တယ် ။ သူ့ပုံစံက နောက်ပြောင်နေဟန်မတူဘူး။ မဟုတ်မှလွဲရော တတိယဦးလေးက စာလုံးတွေထဲကနေ မြေပုံကို မြင်နိုင်စွမ်းရှိတဲ့ အဆင့်အထိကို ရောက်သွားခဲ့ပြီများလား ? ဘယ်လိုပဲကြည့်ကြည့် ပုံမှန်ဆို စားလိုက်သောက်လိုက် လောင်းကစားနဲ့ မိန်းမလိုက်စားလုပ်နေခဲ့တဲ့ ဒီလူလိမ်လူကောက်ကြီးက ဘယ်လိုမှ နတ်ဘုရားဖြစ်မဲ့ အလားအလာ မရှိနိုင်ဘူးလေ ။ 


တတိယဦးလေးဟာ စိတ်လှုပ်ရှားတက်ကြွနေပြီး တုန်ယင်နေတာကိုတောင် မထိန်းချုပ်နိုင်တော့ဘူး ။ သူ့ဟာသူလည်း တတွတ်တွတ်ရေရွတ်နေသေးတယ် ။ 


“ဒီလူတွေ ဒီလောက်ကောင်းတဲ့ ပစ္စည်းကို ဘယ်ကနေများ ရလာတာလဲ ? ငါဖြင့် တစ်ခါမှ မကြုံဖူးဘူး ဒီတစ်ခေါက်တော့ တကယ်ကံကောင်းတာပဲ ၊ ကြည့်ရတာ ဒါကဘာလဲဆိုတာကို သူတို့ကောင်းကောင်းသိသေးဟန်မတူဘူး ငါတို့ သူတို့အရင် ဒီသဲကို စစ်ထုတ်လို့ရနိုင်တယ်”


ကျွန်တော် တော်တော်လေး အံ့ဩသွားရတယ်။“ တတိယဦးလေး ၊ ကျွန်တော် နည်းနည်း အ,တယ်ပဲထားပါတော့ ဒါပေမဲ့ ဦးလေးက ဒီလောက်သေးတဲ့ စာလုံးလေးတွေထဲကနေ မြေပုံကို ကြည့်လို့တတ်တယ်ပေါ့”


“ မင်းဘာနားလည်လို့လဲ ၊ ဒါကို အက္ခရာပန်းချီလို့ခေါ်တယ် နေရာတစ်ခုရဲ့ ပထဝီဝင် အနေအထား တည်နေရာအတိအကျကို စာလုံးတွေနဲ့ ရေးမှတ်ထားတာ ၊ ဒါကို တခြားသူတွေ ကြည့်လို့ နားမလည်ရင်နေမယ် ကံကောင်းထောက်မစွာပဲ မင့်တတိယဦးလေး ငါက အတွေ့အကြုံနည်းနည်းရှိတယ် ၊ ဒီလောကကြီးထဲမှာ ဒီဟာမျိုးကို ကြည့်တတ်တဲ့သူ ငါကလွဲလို့ ဆယ်ယောက်အပြင် ပိုမရှိနိုင်ဘူး”


ကျွန်တော့် တတိယဦးလေးက တခြားအရာတွေ အဖြစ်မရှိပေမဲ့ ငယ်ငယ်ကတည်းက အဲဒီထူးဆန်းအံ့ဩဖွယ်ရာကောင်းပြီး အရိုးအစဉ်အတိုင်းမဟုတ်တဲ့ ရှေးဟောင်းစာလုံးတွေနဲ့ ဝှက်စာတွေကို အတော်လေး လေ့လာခဲ့တာ ။ အချုပ်ပြောရရင် ဘယ်ဟာက အသုံးနည်း တွေ့ရခဲလဲ သူအဲဒါကို လေ့လာတော့တာပဲ ။ ရှီးရှမင်းဆက်ရဲ့ ဝူမုအက္ခရာလိုမျိုး ၊ နွေဇင်လူမျိုး ( မန်ချူးလူမျိုးတို့၏ ဘိုးဘွားများ) တွေရဲ့  အစောပိုင်းကာလ ယာအက္ခရာ မျိုးတွေကို သူအားလုံး သေသေချာချာပြောနိုင်တယ် ။ ဒါကြောင့် ဒီလျို့ဝှက်ဆန်းကြယ် အက္ခရာပန်းချီကို သူသိနိုင်တာ ကျွန်တော် သိပ်တော့ မအံ့ဩတော့ပါဘူး ။ 


ဒါပေမဲ့ သူက တစ်ယောက်ယောက်အပေါ်မှာ အခွင့်ကောင်းယူပြီး သူဘယ်လောက်လိမ္မာပါးနပ်ကြောင်း တော်ကြောင်းပြရတာကို သိပ်ကျေနပ်တတ်တဲ့ သူမျိုးပဲ ။ သူ့ရှေ့မှာဆိုရင် အ,ချင် န,ချင်ယောင်ဆောင်ရမယ် ။ မဟုတ်ရင် သူက တစ်ခွန်းမှ ဟမှာမဟုတ်ဘူး ။ ဒါကြောင့် ကျွန်တော်က အရမ်းနုံအဟန်ဆောင်ပြီး သူ့ကိုမေးလိုက်တယ် ။


“အာ .. ဒါဖြင့် အဲဒီမှာရေးထားတာက ဘယ်ဘက်ကိုသွား နောက် ညာကိုသွား ၊ ရှေ့မှာ သစ်ပင်ကြီးတွေ့ရင် ညာကိုချိုး ၊ ရေတွင်းတွေ့ရင် ခုန်ချလိုက် ? အဲ့လိုမျိုးလား?”


တတိယဦးလေးက သက်ပြင်းချလိုက်တော့တယ် ။


“ကောင်လေးက သင်ပေးလို့ကို မရဘူးပဲ မင်းရဲ့ သဘောပေါက်နားလည်နိုင်စွမ်းက ဒီလောက်ချာနေတာ ကြည့်ရတာ ငါတို့အိမ်တော့ မင်းရဲ့ ဒီမျိုးဆက်မှာ ယိုယွင်းနိမ့်ဆင်းသွားတော့မှာပဲ”


ကျွန်တော် သူ့ရဲ့ ဒီလို စိတ်ထဲက လာသယောင်ယောင် တကယ်ကြီး ဖြစ်မှဖြစ်ရလေဆိုတဲ့ သက်ပြင်းချသံကို ကြည့်ရင်း ရယ်စရာကောင်းတယ်လို့ မတွေးဘဲ မနေနိုင်ဘူး ။


“အဲဒါဖြင့် ဘယ်လိုလဲဆိုတာ ဦးလေးပြောပြလေ ၊ ကျွန်တော့်အဖေကလည်း သင်ပေးတာမဟုတ်ဘူး ၊ ဒါမျိုးက မွေးရာပါတာမျိုးမှ မဟုတ်တာ”


သူက ပီတိတဖွားဖွားနဲ့ ကျေနပ်အားရစွာ ကျွတ်ခနဲ စုတ်သတ်လိုက်ပြီး ပြောတယ် ။


“ဒီလို အက္ခရာပန်းချီမျိုးက တကယ်တော့ ဝှက်စာတစ်မျိုးပဲ ၊ သူ့မှာ တင်းကျပ်တဲ့ စံပုံစံရှိတယ် ၊ အထဲမှာ ရေးထားတဲ့ အရာတွေကို သူ့ရဲ့စံပုံစံအတိုင်း ရေးဆွဲထုတ်လိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ မြေပုံတစ်ချပ်ဖြစ်လာလိမ့်မယ် ၊ အဲဒါကြောင့် ဒီပိုးစာလိပ်ပေါ်က စာလုံးနည်းနည်းလေးလောက်ကို မင်းအထင်မသေးနဲ့ အထဲက သတင်းအချက်အလက်တွေက ဘယ်လောက်ရှုပ်ထွေးနေမယ်ဆိုတာ မသိနိုင်ဘူး ၊ ပြောမရဘူး အဲဒီနေရာမှာ အုတ်ခဲဘယ်နှစ်ချပ်သုံးထားတယ်ဆိုတာကိုတောင် ဖော်ပြရင် ဖော်ပြထားနိုင်လောက်တယ်”


ကျွန်တော် ကြားရတာနဲ့တင် စိတ်ဝင်စားလာတယ် ။ ကျွန်တော်တွေးမိတယ် ။ ငယ်ငယ်ကတည်းက အခုချိန်ထိ အိမ်မှာ ကျွန်တော့်ကို သင်္ချိုင်းဂူဖောက်တဲ့ ခရီးတွေ ဘယ်တော့မှပေးမလိုက်ခဲ့ဘူး ။ ဒီတစ်ခေါက်တော့ အမြင်လည်းကျယ်ရအောင် တတိယဦးလေးကို ခေါ်သွားခိုင်းရမယ် ။ ကျွန်တော့်ရဲ့ စီးပွားရေးကပ်ဆိုက်မှုကြီး လွန်မြောက်သွားနိုင်မဲ့ ရတနာလေးဘာလေးလည်း ရှာတွေ့နိုင်မယ်လေ ။ အဲဒီလိုတွေးရင်း ကျွန်တော် သူ့ကို မေးလိုက်တယ် ။ 


“ဒါဖြင့် အဲဒီထဲမှာရေးထားတာ ဘယ်သူ့ရဲ့ ဂူသင်္ချိုင်းလဲဆိုတာ ကြည့်လို့သိနိုင်လား ၊ ဒါမှမဟုတ် ပိုင်ရှင်က ထူးခြားတဲ့ နောက်ခံရှိတဲ့ သူလား ဘာလား ?”


တတိယဦးလေးက ကျေနပ်စွာနဲ့ ပြုံးလိုက်တယ် ။


“အခုတော့ ငါအားလုံး နားမလည်သေးဘူး ၊ ဒါပေမဲ့ ဒီသင်္ချိုင်းဂူက ထီးပြိုင်နန်းပြိုင်ခေတ်ကာလ လူနိုင်ငံရဲ့ မှူးမျိုးမတ်နွယ် တစ်ယောက်ရဲ့ဟာပဲ ၊ သူ့ရဲ့ သင်္ချိုင်းဂူကို ဒီလို လျို့ဝှက်ဖုံးကွယ်ထားတဲ့ အက္ခရာပန်းချီမျိုးသုံးပြီး ဒီပိုးစာလိပ်ပေါ်မှာ မှတ်တမ်းတင်ခဲ့တယ်ဆိုတာကို ကြည့်ချင်းအားဖြင့် ဒီလူက သေချာပေါက် တော်တော်လေး အဆင့်အတန်းမြင့်တဲ့အထဲက ဖြစ်မယ် ၊ ပြီးတော့ ဒီသင်္ချိုင်းဂူနေရာက သိပ်လျို့ဝှက်လွန်းပြီး ဖောက်ထွင်းလို့ကောင်းမဲ့ဟာမျိုးပဲ သေချာပေါက်သွားသင့်တယ်”


သူ့ရဲ့ မျက်လုံးတွေထဲမှာ တကယ်ပဲ အရောင်တွေ တဖျပ်ဖျပ်လက်နေတာကို မြင်ရတော့ ထူးဆန်းတယ်လို့ ကျွန်တော်ထင်မိတယ် ။ ဒီလူကြီးက ပုံမှန်ဆို အိမ်အပြင် ခြေတစ်လှမ်းထွက်ရမှာတောင် ပျင်းတာ မဟုတ်မှလွဲရော ဒီတစ်ခေါက် တကယ်ပဲ သူကိုယ်တိုင်သွားမလို့ စီစဉ်နေတာလား? တကယ်ကို မကြုံစဖူးပဲ ။ ကျွန်တော် ခပ်မြန်မြန်ပဲ မေးလိုက်တယ် ။


“ဘာလဲ? တတိယဦးလေးက ဒီသဲကို ကိုယ်တိုင်သွားကျင်ဖို့ စဉ်းစားနေတာလား?”


သူက ကျွန်တော့်ပုခုံးကို တဖတ်ဖတ်ပုတ်လိုက်ပြီး “ဒါကျ မင်းနားမလည်တော့ဘူး ၊ ငါမင်းကို ပြောမယ် ထန် , စုန့် , ယွမ် , မင် , ချင် မင်းဆက်ငါးဆက်က သင်္ချိုင်းဂူတွေထဲမှာ ရတနာတွေရှိတယ် ဒါပေမဲ့ အများစုက သဘာဝကတောင် မမှီနိုင်တဲ့ အလွန်လက်ရာမြောက်တဲ့အရာတွေလို့ပဲ သတ်မှတ်လို့ရတယ် ၊ ဒါပေမဲ့ ထီးပြိုင်နန်းပြိုင်ခေတ်ကာလကကျတော့ အဲဒီအချိန်က တော်ဝင်မျိုးနွယ်တွေရဲ့ ဂူတွေက ခေတ်ကာလက အရမ်းရှေးကျသွားပြီ အထဲမှာ ဘာတွေရှိတယ်ဆိုတာကို မင်းဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး ၊ အဲဒီ ထီးပြိုင်နန်းပြိုင်ခေတ်က သင်္ချိုင်းဂူတွေက အံ့ဖွယ်ထူးတဲ့ လက်ရာတွေထွက်တဲ့ နေရာတွေပဲ ၊ လူ့လောကမှာ မရှိနိုင်တဲ့ အရာတွေပေါ့ ၊ မင်းပြောကြည့် ငါ မမြင်ချင်ပဲ နေနိုင်ပါ့မလား?” 


“ဦးလေးက အဲဒီလောက်တောင်ပဲ သေချာလား? အထဲမှာ ဘာမှ မရှိတာမျိုးလည်း ဖြစ်နေဦးမယ်”


“မဖြစ်ဘူး ၊ မင်း ဒီပုံသဏ္ဌာန်ကို မမြင်ဘူးလား?” သူက ထူးဆန်းတဲ့ မြေခွေးမျက်နှာပုံကို ထောက်ပြရင်း “ဒါက လူနိုင်ငံ အစောပိုင်းကာလတုန်းက ပုံစံ ၊ အဲဒီမျက်နှာဖုံးက ဈာပနအခမ်းအနားတွေမှာ ယဇ်ပူဇော်တဲ့အခါ တပ်တဲ့ မျက်နှာဖုံး ၊ ဒီဂူသင်္ချိုင်းထဲမှာ မြှုပ်နှံထားတဲ့သူက သိပ်ထူးခြားတဲ့ အခွင့်ထူးခံ အဆင့်အတန်းမျိုးပဲ ဖြစ်မယ် ၊ ဖြစ်နိုင်တာက အဲဒီအချိန်က ဘုရင်မင်းမြတ်ထက်ကို ပိုပြီး လေးစားရတဲ့သူမျိုးဖြစ်နိုင်တယ်”


ကျွန်တော့်ပါးစပ်က လွှတ်ခနဲ ထွက်သွားမိတယ် ။


“ ဘုရင့်အဖေ”


တတိယဦးလေးက ကျွန်တော့်ကို မျက်လုံးတစ်ချက်လှန်ကြည့်ပြီး ပရင့်ထုတ်ထားတဲ့ စာရွက်ကို သိမ်းဖို့ကြိုးစားလိုက်တယ် ။ ကျွန်တော်က လက်နဲ့ ဖိချထားလိုက်ပြီး သူ့ကို ပြုံးပြလိုက်တယ် ။ 


“ တတိယဦးလေး သိမ်းဖို့ မလောပါနဲ့ဦး ဘယ်လိုပဲ ပြောပြော ဒီပစ္စည်းက ကျွန်တော် ရလာတာလေ ဒီတစ်ခေါက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဦးလေး ကျွန်တော့်ကို ခေါ်သွားပြရမယ်”


သူက အကျယ်ကြီး ထအော်တော့တယ် ။


“ မဖြစ်ဘူး ! ဒီသဲကျင်တယ်ဆိုတာက ဒီလောက် လွယ်ကူနေတာမဟုတ်ဘူး ၊ အဲဒီမှာ လေဝင်လေထွက် ကောင်းတာမဟုတ်ဘူး ပြီးတော့ ထောင်ချောက်တွေကလည်း များသေးတယ် ကြိုက်တဲ့အချိန် နားနေလို့ ရတာမျိုး မဟုတ်ဘူး ၊ မင်းက မင်းအဖေရဲ့ တစ်ဦးတည်းသော မျိုးဆက် ၊ မင်းသာ တစ်ခုခုဖြစ်သွားရင် မင်းအဖေက ငါ့ကို အရှင်လတ်လတ် အရေခွံနွှာလိမ့်မယ်”


ကျွန်တော်လည်း ခပ်ကျယ်ကျယ် အော်လိုက်တယ် ။


“ အဲဒါဖြင့် နေပလေ့စေတော့ ! ကျွန်တော် မလာခဲ့ဘူးလို့ပဲ မှတ်လိုက် !”


ပြောပြီးတာနဲ့ သူ့လက်ထဲက အဲဒီစာရွက်ကို ဆွဲယူပြီး လှည့်ထွက်လာခဲ့လိုက်တယ် ။ 


တတိယဦးလေးလိုလူမျိုးကို ကျွန်တော်ကောင်းကောင်းသိတာပေါ့ ။ ကိုယ်သဘောကျနှစ်ခြိုက်တဲ့ အရာမျိုးနဲ့ တွေ့တဲ့အခါတိုင်း မူဝါဒ စည်းမျဉ်းဆိုတာမျိုး တစက်ကလေးမှ မရှိတော့တာလေ ။ ရှေးဟောင်းပစ္စည်းတွေ့ရင်လည်း အဲ့ဒီလိုပဲ ။ မိန်းမတွေ့ရင်လည်း အဲဒီလိုပဲ ။ ကျွန်တော် ဒီပြစ်ချက် အတိအကျကို နည်းနည်းလောက် လှုပ်ကိုင်လိုက်တာနဲ့ တကယ်ပဲ ဘယ်နှစ်လှမ်းမှ မလှမ်းရသေးဘူး သူက လက်နက်ချ အရှုံးပေးလိုက်ပြီး ပြေးလိုက်လာကာ ကျွန်တော့်လက်ထဲက စာရွက်ကို လှမ်းဆွဲလိုက်ရင်း : “ အေးပါ အေးပါ အေးပါ မင်းပဲ တော်ပါပေတယ် ၊ ဒါပေမဲ့ ငါတို့ သေချာပြောထားမယ်နော် ငါတို့ ဂူထဲကို ဆင်းတဲ့အခါကျ မင်းအပေါ်မှာပဲ နေခဲ့ရမယ် နားလည်လား?”


ကျွန်တော် ချက်ချင်း ကျေနပ်ပီတိ ဂွမ်းဆီထိသွားပြီး စိတ်ထဲက ပြောလိုက်မိတယ် ။ 


[ အဲဒီအချိန်ကျတော့ ကျွန်တော်လိုက်ဆင်းရင် ဦးလေး ဆွဲထားနိုင်မှာ မလို့လား?]


အပြင်ပန်းကတော့ ခေါင်းမြန်မြန်ညိတ်ပြီး : “ တခွန်းဆို တခွန်းပဲ ! ခရီးထွက်တာနဲ့ ဦးလေးပြောတာ အားလုံး နားထောင်မယ် ၊ ဦးလေး လုပ်ခိုင်းတာ အကုန်လုပ်မယ်”


တတိယဦးလေးက ကူကယ်ရာမဲ့ဟန် သက်ပြင်းဖွဖွထပ်ချလိုက်ပြီး ပြောတယ် ။ 


“ ငါတို့ နှစ်ယောက်တည်းနဲ့တော့ အလုပ်မဖြစ်ဘူး ၊ ငါ မနက်ဖြန် အတွေ့အကြုံရှိတဲ့ သူတချို့ ထပ်ဆက်သွယ်လိုက်မယ် ၊ ငါ ဒီရက်ပိုင်း ဒီအက္ခရာပန်းချီကို ဝှက်စာဖော်မယ် မင်းငါ့ကို ပစ္စည်းတွေ ဝယ်ခြမ်းပေး”


သူက ပြောရင်း မှတ်စုတစ်ရွက် ခပ်မြန်မြန်ရေးပြီး ကျွန်တော့်ကိုပေးတယ် ။ 


သူကပြောလာတယ် ။ “ အတုတွေ လုံးဝ ဝယ်မလာနဲ့နော် ပြီးတော့ အပျော်ခရီးထွက်မဲ့ အဝတ်အစားအသုံးအဆောင် ပစ္စည်းအစုံ ပြင်ဆင် မဟုတ်ရင် နေရာမရောက်ခင်ကို ငါတို့ အရင် အဖမ်းခံရလိမ့်မယ်” 


ကျွန်တော် သဘောတူကြောင်း ခေါင်းညိတ်လိုက်ပြီးနောက် ကိုယ်စီကိုယ်စီ အလုပ်တွေကို ခွဲဝေရင်း အလုပ်များကြတော့တယ် ။ 


တတိယဦးလေး လိုချင်တဲ့ ပစ္စည်းတွေက တော်တော်ဆိုးတယ် ။ ကျွန်တော့်ကို တမင်တကာ အခက်တွေ့အောင် လုပ်တာလားလို့တောင် ထင်မိတယ် ။ ဘာလို့လဲဆိုတော့ ဒီစာရင်းပေါ်မှာ ရှိနေတဲ့ ပစ္စည်းတွေက သာမန် ဆိုင်တွေပေါ်မှာ တကယ်မရှိဘူး ။ ဥပမာ split-type ရေစိမ်ခံ သတ္တုတွင်းသုံး မီးအိမ် ၊ စပရိန် စတီးပိုက် ၊ မြေစစ်တဲ့ တူရွင်းပြား ၊ ဘက်စုံသုံး စစ်သုံးဓား ၊ ခေါက်ဂေါ်ပြား ၊ လက်ကိုင်တို တူ ၊ ပတ်တီးလိပ် ၊ နိုင်လွန်ကြိုး စသည် စသည် ။ ပစ္စည်း တစ်ဝက်လောက် ဝယ်ပြီးချိန် ကျွန်တော့်မှာ ယွမ် တစ်သောင်းနီးနီးကုန်သွားခဲ့တယ် ။ စိတ်ထဲမှာတော့ ဒါက ရင်နာရတာလို့ ခေါ်တယ်လို့ တွေးမိရင်း ဟိုမြေခွေးအိုကြီးကို ဆဲရေးလိုက်မိတယ် ။ သူ့အမေကြီးတော်နဲ့မှ ဒီလောက်ပိုက်ဆံရှိနေတာတောင် ဒီလောက် ကပ်စေးနဲနေသေးတယ် !


သုံးရက်ကြာပြီးတဲ့နောက် ကျွန်တော်ရယ် ကျွန်တော့်တတိယဦးလေးရဲ့ သဲကျင်တဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း နှစ်ယောက်ရယ် ၊ နောက် ဟိုနေ့က တတိယဦးလေးဆီက နဂါးကျောရိုးပစ္စည်းကို ဝယ်သွားတဲ့ လူငယ်လေးရယ် စုစုပေါင်း ငါးယောက်ဟာ ရှန်းတုံးက ကွားဇီဘုရားကျောင်းရဲ့ အနောက်ဘက် လီတစ်ရာကျော်ပိုပိုလောက်ဝေးတဲ့ နေရာဆီကို ရောက်လာခဲ့ကြတယ် ။ 


ဒီနေရာအကြောင်းကို ပြောမှ… ဘယ်လိုပြောရမလဲ ၊ ဘာမှမရှိတဲ့ နေရာတစ်ခုလို့ပဲ ပြောရတော့မယ် ။ ကျွန်တော်တို့ အရင်ဦးဆုံး ကားအကြာကြီး စီးခဲ့ရတယ် ။ နောက်တော့ mini bus အကြာကြီး စီးရတယ် ။ နောက်တော့ မော်တော်ဆိုင်ကယ် အကြာကြီးစီးရတယ် ။ နောက်တော့ နွား ။ ကျွန်တော်တို့ နောက်ဆုံး နွားလှည်းပေါ်ကနေ ဆင်းလိုက်ပြီးတဲ့အချိန် ရှေ့တူရူကို ကြည့်လိုက်တဲ့အခါ ဘယ်ကိုကြည့်ကြည့် ညာကိုကြည့်ကြည့် ဘာမှမရှိဘူး ။ အဲဒီနောက် ဟိုးအရှေ့ကနေ ခွေးတစ်ကောင်ပြေးလာတာကို တွေ့လိုက်ရတယ် ။ ကျွန်တော့် တတိယဦးလေးက သူခေါ်လာတဲ့ လမ်းပြကို ပုခုံးတစ်ချက်ပုတ်ပြီး ပြောလိုက်တယ် ။ 


“ အဘိုး နောက်ခရီးက ဒီခွေးစီးသွားရမှာလား ? ဒီခွေးကတော့ မနိုင်လောက်ဘူးထင်တယ်”


“ မဟုတ်ပါဘူး” အဘိုးကြီးက ရယ်တယ် ။ “ ဒီခွေးက သတင်းလာပေးတာပါ ဒါက နောက်ဆုံးခရီးပဲ ဘာကားမှမရှိတော့ဘူး လှေပဲစီးရတော့မှာ အဲဒီခွေးက လှေခေါ်လာပေးမှာလေ”


“ဒီခွေးက ရေကူးတတ်တယ်လား?”


“ရေကောင်းကောင်းကူးတတ်တယ် ရေကောင်းကောင်းကူးတတ်တယ်” အဘိုးကြီးက ခွေးကို ကြည့်လိုက်ရင်း “ လွီတန့်တန့် ရေကူးပြလိုက်စမ်း”


အဲဒီခွေးက တကယ် အကင်းအညှာပါးတယ် ။ မြစ်ထဲ တကယ်ခုန်ချလိုက်ပြီး တပတ်ကူးပြလိုက်တယ် ။ ပြန်တက်လာပြီးနောက် အမွှေးတွေကို ခါလိုက်ပြီး မြေပေါ်ဝပ်ကာ လျှာကို အပြားလိုက်ထုတ်ပြထားတယ် ။ 


“ အခုက သိပ်စောနေသေးတယ် ၊ လှေသမားက အလုပ်မစသေးဘူးထင်တယ် ငါတို့ခဏနားပြီး ဆေးလိပ်လေးဘာလေး သောက်တာပေါ့”


ကျွန်တော်က နာရီကိုကြည့်လိုက်ပြီး “ နေ့လည် နှစ်နာရီတောင်ဖြစ်နေပြီ အလုပ်မစသေးဘူးဆိုတော့ အဘိုးလှေသမားက ဘယ်ချိန်လုပ်ပြီး ဘယ်ချိန်နားတာတုံး?”


“ငါတို့ ဒီမှာ လှေသမားက သူတစ်ယောက်ပဲရှိတာ သူက တော်တော်တော့ တော်တယ် ၊ သူထတဲ့အချိန်က အလုပ်လုပ်တဲ့အချိန်ပဲ တခါတလေ တနေကုန် အလုပ်မလုပ်တာလည်း ရှိတယ် လူကို တကယ်ပဲ အလောသုံးဆယ် ဖြစ်စေတယ်”


အဘိုးကြီးက ရယ်မောရင်း : “ မတတ်နိုင်ဘူးလေ ဒီမြစ်စောင့်နတ်မင်းကြီးက သူ့ကိုပဲ မျက်နှာသာပေးတာကို ကျန်တဲ့သူတွေကိုဆို လှိုဏ်ထဲဝင်သွားတာနဲ့ ပြန်ထွက်မလာနိုင်တော့ဘူး သူပဲ ဘာမှမဖြစ်တာ ၊ တကယ်လို့ မင်းတို့ လားစီးနိုင်ရင်တော့ တောင်ပေါ်ကနေ ပတ်သွားလို့ရတယ် ၊ နောက်တစ်ရက်နေတော့ ရောက်မှာပေါ့ ၊ ဒါပေမဲ့ မင်းတို့ ပစ္စည်းဒီလောက်အများကြီးနဲ့ကျ ငါတို့ရွာက လားတွေနဲ့ မလောက်နိုင်လောက်ဘူး”


“ဪ”


တတိယဦးလေးက လှိုဏ်ဂူလို့ကြားလိုက်တာနဲ့ ချက်ချင်း လှုပ်ရှားလာပြီး သေသေချာချာ ဘာသာပြန်ထားတဲ့ မြေပုံကို ထုတ်ယူလိုက်တယ် ။ အဲဒီမြေပုံကို သူက ရတနာတပါးလို သဘောထားပြီး ကျွန်တော့်ကို တချက်ကလေးတောင် ပေးကြည့်ခဲ့တာ မဟုတ်ဘူး ။ သူထုတ်လာတာနဲ့ ကျွန်တော်တို့ဟာ ချက်ချင်း သွားဝိုင်းကြည့်ကြတယ် ။ ဟိုကောင်လေး တစ်ယောက်တည်းသာ အသံမထွက် မတုန်မလှုပ် ကျောက်ရုပ်ပမာ ဘေးတစ်ဖက်မှာ ထိုင်ကျန်နေခဲ့တယ် ။ 


အမှန်အတိုင်းပြောရရင် ကျွန်တော့် တတိယဦးလေးရဲ့ အပေါင်းအဖော်နှစ်ယောက်က သိပ်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတယ် ။ တကယ် စိတ်ရင်းမှန်တဲ့သူတွေပဲ ။ အဲဒီလူကဖြင့် ဘာဆိုဘာမှ ထွက်ကျမလာနိုင်တဲ့ ဆီလုံပုလင်းလိုလိုနဲ့ တလမ်းလုံး ဘာသံမှကို မထွက်ဘူး ။ ကောင်းကင်ကြီးကိုပဲ တစိုက်မတ်မတ်မော့ကြည့်နေတာ ကောင်းကင်ပြိုကျလာမှာကို စိုးရိမ်နေသလိုလိုနဲ့ ။ တော်တော် အမြင်ကပ်စရာကောင်းတယ် ။ ကျွန်တော် အစောပိုင်းကတော့ သူနဲ့ စကားနည်းနည်း သွားပြောသေးတယ် ။ နောက်တော့ လုံးဝကို အာရုံမထားတော့ဘူး ။ တတိယဦးလေးက သူ့ကို ဘာလုပ်ဖို့ခေါ်လာမှန်း တကယ် နားကိုမလည်ဘူး ။ 


“လှိုဏ်ဂူရှိတယ်.. တကယ်မြစ်ထဲက ဂူတစ်လုံးပဲ ၊ ဒီတောင်ရဲ့ နောက်ဘက်မှာ”


တတိယဦးလေးကပြောတယ် ။


“ ဘယ်လိုလဲ အဘိုး ဒီလှိုဏ်ဂူက လူစားတယ်လား?”


အဘိုးကြီးက ခပ်ဟက်ဟက်ရယ်တယ် ။ 


“ ဒါက ဟိုးအရင် ရှေးက မျိုးရိုးစဉ်ဆက်လိုက် ပြောလာကြတဲ့ စကားတွေပါပဲ ငါလည်း သေသေချာချာ မမှတ်မိတော့ပါဘူး ၊ အဲဒီမြစ်ကြောင်းလမ်းမပေါက်သေးတဲ့ အချိန်တုန်းကပေါ့ ရွာထဲက အားလုံးပြောကြတာတော့ အထဲမှာ မြွေမိစ္ဆာရှိတယ်တဲ့ ဝင်သွားတဲ့သူတိုင်း ပြန်ထွက်မလာနိုင်ကြဘူး ၊ နောက်တော့ တနေ့မှာ လှေသမားအဘိုးကြီး တစ်ယောက် အဲဒီဂူထဲကနေ လှေလေးနဲ့ ထွက်လာခဲ့တယ် ပြောတာတော့ အပြင်ဘက်ကလာတဲ့ နယ်လှည့်စျေးသည်ပါတဲ့ မင်းပဲပြောကြည့် ဘယ်နယ်လှည့်စျေးသည်က ဒီလိုလှေလေးနဲ့ အပြင်ကနေ လာရောင်းမှာမလို့လဲ ? အားလုံးကတော့ သူက မြွေမိစ္ဆာ အယောင်ဆောင်ထားတာလို့ ပြောကြတာပဲ ၊ အဘိုးကြီးက ရယ်မောပြီး ဒီလှေလေးက သူ ဘေးရွာကနေဝယ်လာတာလို့ ပြောတယ် ၊ မယုံရင် ဘေးရွာကို သွားမေးကြည့်တဲ့ ၊ သူတို့တွေ သွားမေးကြည့်ကြတော့ တကယ်ပဲ အဲဒီလိုဖြစ်နေတယ် ၊ အဲဒီတော့မှ တခြားသူတွေက ယုံသွားကြတယ် ၊ ဂူထဲမှာရှိတဲ့ မြွေမိစ္ဆာလည်း ပျောက်ကွယ်သွားပြီလို့ ထင်သွားကြတယ် ၊ အကျိုးဆက်ကတော့ သတ္တိကောင်းတဲ့ လူငယ်တသိုက် ဂူထဲကို စူးစမ်းဖို့ ဝင်သွားကြတာ ပြန်ထွက်မလာတော့ပြန်ဘူး ၊ အဲဒီအချိန်ကစပြီး သူ့အိမ်ကလူပဲ ဝင်လို့ ထွက်လို့ရတယ် ၊ မင်းပြောကြည့် ဒါက မထူးဆန်းလွန်းဘူးလား ? နောက်တော့ သူတို့အိမ်က အဲဒီလုပ်ငန်းတစ်ခုပဲ လုပ်ကြတော့တာ ဒီနေ့အချိန်အထိပဲ”


“ ဒါဖြင့် အဲဒီခွေးကရော ဘာမှ မဖြစ်ဘူးလား ?”


ကျွန်တော် နားမလည်နိုင်ဖြစ်သွားပြီး မေးလိုက်တယ်။ 


“ သူ့ကို သတင်းပေးအဖြစ်သုံးနေတာ မဟုတ်ဘူးလား?”


“ အဲဒီခွေးကလည်း သူတို့အိမ်က မွေးထားတာပဲလေ တခြားအိမ်ကဆို ခွေးမပြောနဲ့ နွားဝင်သွားတောင် ပြန်ထွက်မလာဘူး”


“ဒီလောက်ထူးဆန်းတဲ့ ကိစ္စကြီးကို အစိုးရကို ဘယ်သူမှ သတင်းမပို့ဘူးလား?”


“ပြောရင်လည်း ယုံကြဦးမှကိုး”


အဘိုးကြီးက ဆေးတံကို မြေကြီးပေါ် ခေါက်ချလိုက်တယ် ။ 


တတိယဦးလေးက မျက်မှောင်ကြုတ်ရင်း လက်ခုပ်တီးခေါ်လိုက်တယ် ။ 


“ လွီတန့်တန့် လာခဲ့”


အဲဒီခွေးက အတော်လေးစကားနားထောင်တယ် ။ ဖင်လေး ယမ်းတန်း ယမ်းတန်းနဲ့ ပြေးလာတယ် ။ တတိယဦးလေးက သူ့ကို ကောက်ချီ နမ်းကြည့်လိုက်ပြီးနောက် မျက်နှာ အမူအရာပြောင်းလဲသွားတယ် ။ 


“ မဟုတ်လောက်ပါဘူး…  ဂူထဲမှာ အဲဒါ ရှိနေတာလား ?”


ကျွန်တော်လည်း ကောက်ချီပြီး နမ်းကြည့်လိုက်တော့ ခွေးရဲ့ အနံ့ဆိုးကြောင့် ကျွန်တော့်မှာ ချောင်း တဟွတ်ဟွတ်ဆိုးသွားရတယ် ။ ခွေးပိုင်ရှင်ကလည်း တော်တော် အပျင်းကြီးတာပဲ ခွေးကို ရေမချိုးပေးတာ ဘယ်လောက်တောင် ကြာနေပြီလဲမသိဘူး ။ 


ဖန်းကျစ်လို့ခေါ်တဲ့ တတိယဦးလေးရဲ့ နောက်လိုက် တစ်ယောက်က တဟားဟားနဲ့ ထရယ်တယ် ။


“ မင်းက မင်းရဲ့ တတိယဦးလေးဆီက သင်ယူချင်ပေမဲ့ သိပ်နုသေးတယ်”


“ ဒီခွေးက ဘာလို့ ဒီလောက်နံနေရတာတုံး”


ကျွန်တော်က အော်ကလီဆန်စွာနဲ့ ဗျစ်တောက် ဗျစ်တောက် ပြောမိတယ် ။ 


“ ဒီခွေးက ငယ်ငယ်တုန်းက လူသေအသားတွေစားပြီး ကြီးလာတာ” တတိယဦးလေးက ပြောတယ် ။ 


“အဲဒါက အလောင်းဂူပဲ ၊ သွားလို့ရမဲ့ အချိန်ကို စောင့်ရတာ မအံ့ဩတော့ပါဘူး ပြောမရဘူး အဲဒီလှေသမားလည်းပဲ ငယ်တုန်းက… .”


“ မဟုတ်လောက်ပါဘူး!”


ကျွန်တော် လန့်လွန်းလို့ ကြက်သီးမွေးညှင်းတွေတောင် ထောင်ထလာတယ် ။ ကျွန်တော့်ရဲ့ အဲဒီစကားတစ်ခွန်းကြောင့် ဟိုအသံတစ်စက်မှ မထွက်တဲ့ ကောင်လေးတောင်မှ မျက်နှာ အမူအရာပြောင်းသွားခဲ့တယ် ။ 


ကျွန်တော့် တတိယဦးလေးရဲ့ နောက်လိုက် နောက်တစ်ယောက်က လူထွားကြီးတစ်ယောက်ပဲ ။ ကျွန်တော်တို့က သူ့ကို အားခွေလို့ခေါ်ကြတယ် ။ သူ့ ကိုယ်ခန္ဓာ အရပ်အမောင်းကဖြင့် လှည်းဆွဲတဲ့ နွားတစ်ကောင်လောက်ကို ထွားကြိုင်းတာကို သတ္တိကတော့ နည်းလွန်းတယ် ။ သူက လေသံတိုးတိုးလေးနဲ့ မေးတယ် ။


“ အဲဒီအလောင်းဂူဆိုတာ ဘာကြီးတုံး ? ဝင်သွားရင် ပြဿနာဖြစ်မှာလား?”


“ မသိဘူး ၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတော့ ငါ ရှန်းရှီးက ထိုက်ယွမ်မှာ ရှိတုန်းက ဒီလို ဂူမျိုး တခုတွေ့ခဲ့ဖူးတယ် ၊ အဲဒီနေရာက ဂျပန်တွေ အစုလိုက်အပြုံလိုက် သတ်ပြီး စုပုံထားတဲ့ နေရာပဲ ဘယ်လိုပဲ ပြောပြော အလောင်းဂူရှိတဲ့ နေရာတွေကတော့ အစုလိုက်အပြုံလိုက် သတ်တာတွေ ရှိတာပဲ ၊ အဲဒါကတော့ သေချာတယ် ၊ အဲဒီတုန်းက အဲဒီမှာ လက်တွေ့စမ်းသပ်မှုတွေ လုပ်ခဲ့ကြတယ် ၊ ခွေးတို့ ဘဲတို့ ဖောင်ပေါ်တင် ကင်မရာတပ်ပြီး တွန်းလွှတ်လိုက်ကြတာ ဂူပေါက်က အလွန်ဆုံးရှိလှ ကီလိုမီတာ အနည်းငယ်လောက်ပေါ့ ငါလည်း ကေဘယ်ကြိုးကို လုံလောက်အောင်ကို အရှည်ထားထားတာပဲ ဒါပေမဲ့ ကေဘယ်သာကုန်သွားတယ် ဖောင်ကထွက်မလာသေးဘူး ၊ အထဲမှာလည်း မည်းလိုက်တာမှောင်လို့ ဘယ်ကိုထိမျောသွားမှန်းလည်း မသိဘူး နောက်တော့ ဖောင်ကို ပြန်ဆွဲထုတ်ဖို့ပဲ စဉ်းစားကြပြီး ဆွဲထုတ်တာ ဘယ်လောက်မှတောင် မဆွဲရသေးဘူး ဖောင်က ရုတ်တရက် မှောက်သွားတာ နောက်တော့…..”


တတိယဦးလေးက ပုခုံးတွန့်လိုက်ပြီး “ နောက်ဆုံးမှာ မျက်နှာ တစ်ဝက်ပဲ တွေ့လိုက်ရတယ် ကင်မရာနဲ့ သိပ်ကပ်လွန်းအားကြီးနေတော့ ခွေးလား ဘာလား ဆိုတာကို သေချာမမြင်လိုက်ရဘူး ၊ ဒီလိုဂူမျိုးကိုဖြတ်ဖို့ဆိုရင် ရှေးတုန်းကတော့ သေသူနဲ့ ရှင်သူ အတူတူသွားရတယ် ၊ သက်ရှိပဲ သွားမယ်ဆိုရင်တော့ ထွက်မလာနိုင်ဘူး ! ဒါပေမဲ့ ပြောသံကြားဖူးတာက ရှန်းရှီးဘက်က နေရာတစ်ခုမှာ လူတွေက ကလေးတွေကို ငယ်ငယ်ကတည်းက လူသေအသားကို ကျွေးပြီး သူတို့ရဲ့ ကိုယ်ခန္ဓာထဲမှာ အလောင်းကောင်ရဲ့ အငွေ့အသက်ကို စုထားလေ့ရှိတယ်တဲ့ ကြီးပြင်းလာတော့ သေသူနဲ့ မခြားတော့ဘူး တစ္ဆေတောင် သူတို့ကို မမြင်တွေ့နိုင်ဘူးတဲ့ ၊ အဘိုး ခင်ဗျားရဲ့ လှေသမားက ရှန်းရှီးက လာတာလား?”


အဘိုးကြီးရဲ့ မျက်နှာ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ခေါင်းကို ခါယမ်းလိုက်ရင်း ပြောတယ် ။ 


“မသိဘူးလေ အဲဒါက လှေသမားရဲ့ ဘိုးဘေးခေတ်တုန်းက ကိစ္စတွေ ငါတို့နဲ့က ခေတ်ကာလချင်းလည်း မတူကြတော့ဘူးကိုး”


ပြောရင်းနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ခွေး လှမ်းခေါ်လိုက်တယ် ။ 


“ လွီတန့်တန့် မင်းအိမ်ကလှေကို သွားခေါ်ချည်သွား !”


ခွေးက တစ်ချက်ဟောင်ကာ ရေထဲခုန်ချပြီး တောင်နောက်ဘက်ကို ရေကူးသွားတော့တယ် ။ 


အဲဒီအချိန် တတိယဦးလေးက ဖန်းကျစ်ကို မျက်ရိပ်ပြလိုက်တာ ကျွန်တော်မြင်လိုက်တယ် ။ ဖန်းကျစ်က ခရီးဆောင်ပစ္စည်းအထုတ်အပိုးတွေကြားက ကျောပိုးအိတ်တစ်လုံးကို တိတ်တဆိတ်သွားယူပြီး ကျောမှာ ပိုးထားလိုက်တယ် ။ တစ်ဖက်မှာ ထိုင်နေတဲ့ လူငယ်လေးကလည်း ထရပ်လာပြီး ပစ္စည်းထုတ်တွေကြားက သူ့ရဲ့ အိတ်ကို ယူလိုက်တယ် ။ ဖန်းကျစ်က ကျွန်တော့်နားက ဖြတ်သွားချိန် ဟန်ကျိုးလေသံနဲ့ စကားတစ်ခွန်း တိုးတိုး ပြောလာတယ် ။ 


“ ဒီအဘိုးကြီးက ပြဿနာရှိတယ် သတိထား”




TBC 



အပိုင်း (၂) - နှစ်ပေါင်းငါးဆယ် ကြာပြီးသည့်နောက်

 အပိုင်း ၂ - နှစ်ပေါင်းငါးဆယ် ကြာပြီးသည့်နောက်



နှစ်ပေါင်းငါးဆယ် ကြာပြီးတဲ့နောက် ဟန်ကျိုး ရှီးလင် ပုံနှိပ်တိုက်မှာ ကျွန်တော်ရဲ့ အတွေးစတွေဟာ အဘိုးကြီးတစ်ယောက်ရဲ့ နှောင့်ယှက်မှုကြောင့် ပြတ်တောက်သွားခဲ့ရတယ် ။ ကျွန်တော့်အဘိုးရဲ့ မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး တဖက်လူကို ကျွန်တော် အကဲခတ်ကြည့်လိုက်တယ် ။ 


“ မင်းတို့ဒီမှာ မင်စာလိပ်တွေ ဝယ်လား?” သူကမေးလာတယ် ။ ပုံစံက ဒီတိုင်း မေးစမ်းကြည့်လိုက်သလိုပဲ ။ ကျွန်တော်က ဒီစီးပွားရေးနဲ့ပတ်သတ်လို့ အတော်လေး ပါရမီဓာတ်ခံရှိပြီးသား ။ ဒါကြောင့် သူ့ကို ဝတ်ကျေတမ်းကျေပဲ ပြန်ဖြေလိုက်တယ် ။ 


“ ဝယ်တယ် ဒါပေမဲ့ စျေးတော့ သိပ်များများမပေးဘူးဗျ”


အဓိပ္ပါယ်ကတော့ ခင်ဗျားမှာ ပစ္စည်းကောင်းမရှိဘူးဆိုရင် သွားလိုက်တော့ ၊ သခင်ကြီး စာဖတ်နေတာကို မနှောင့်ယှက်စမ်းနဲ့ ဆိုတာပဲ ။ 


ကျွန်တော်တို့ ဒီအလုပ်မျိုးက သုံးနှစ်သုံးမိုး မဖွင့်ဘဲနေ ၊ ဖွင့်လိုက်ရင်လည်း သုံးနှစ်ထိုင်စားစမ်းပဲ ။ ပုံမှန်အချိန်တွေဆို အေးဆေးအားလပ်နေလေ့ရှိပြီး သည်လို တတ်ယောင်ကား ဧည့်သည်မျိုးတွေကို အမုန်းဆုံးပဲလေ ။ တစတစပြောင်းလဲလာပြီးတဲ့နောက် အဲဒီလို လမ်းကြုံဝင်လာတဲ့ ဧည့်သည်မျိုးတွေ့ရင် အသုဘဆိုင်း တီးပြီး ပေါ်တင်နှင်လွှတ်ပစ်လိုက်ဖို့သာရှိတယ် ။ ဒါပေမဲ့ လတ်တလော အားလပ်နေတဲ့အချိန်ကလည်း တော်တော်များ ၊ ကုန်ရောင်းကောင်းတဲ့ ကာလကလည်း လွန်မြောက်ခါနီး ၊ ပစ္စည်းကောင်းလေးတွေလည်း အဝင်နည်း ဆိုတော့ကာ နည်းနည်းတော့ စိတ်မရှည်ဖြစ်မိတာပေါ့ ။


“ ဒါဖြင့် ငါနည်းနည်းလောက် စုံစမ်းကြည့်ချင်တယ် ၊ ဒီမှာ ထီးပြိုင်နန်းပြိုင်ခေတ်က ပိုးမင်စာလိပ်ရှိလား ? လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ချန်ရှားမှာ ဂူဖောက်သမားတွေ ခိုးထုတ်လာပြီး အမေရိကန်တွေ လိမ်ယူသွားခံရတဲ့ဟာလေ?” အဲဒီလူက ကောင်တာထဲမှာ ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေကို ကြည့်ရင်း မေးလာတယ် ။


“ ခင်ဗျားပဲ အမေရိကန်တွေ လိမ်ယူသွားပါတယ်ပြောနေပြီးတော့ ရှိပါ့ဦးမလား” 


ကျွန်တော် ကြားလိုက်တာနဲ့ ဒေါသထွက်လာတယ် ။ 


“မင်စာလိပ်ရှာချင်ရင် ရှေးဟောင်းဈေးတန်းထဲသွားရွေးမှ ရမှာပေါ့ ၊ အဲဒီလို အတိအကျဟာမျိုးက ဘယ်လိုလုပ်ရှာတွေ့နိုင်မှာလဲ?”


သူက လေသံကို နှိမ့်လိုက်ပြီး “ မင်းမှာ နည်းလမ်းတွေ ရှိတယ်လို့ ငါကြားတယ် ၊ ငါက လောင်ယန်မိတ်ဆက်ပေးလို့ လာတာပါ”


ကျွန်တော် သတိအနေအထားနဲ့ ဖြစ်သွားပြီး စိတ်ထဲထိတ်ခနဲ ဖြစ်သွားတယ် ။ လောင်ယန်က အရင်နှစ်ကပဲ ထောင်ကျသွားပြီမဟုတ်ဘူးလား ။ ဘယ်လိုလုပ် ကျွန်တော့်အကြောင်းကို ပြောနိုင်ရတာလဲ ။ စိတ်ထဲ ပူပင်လာရင်း ကျောပြင်တလျှောက်ချွေးတွေ စီးကျလာတော့တယ် ။ 


“ဘယ်… ဘယ်က လောင်ယန်လဲ ? မသိဘူး”


“ငါသဘောပေါက်ပါတယ် ငါသဘောပေါက်တယ်” သူက ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး သူ့အိတ်ကပ်ထဲက လက်ပတ်နာရီတစ်လုံးကို ထုတ်ယူလိုက်တယ် ။


“ကြည့် ၊ မင်းဒါကို တချက်ကြည့်လိုက်တာနဲ့ သဘောပေါက်လိမ့်မယ်လို့ လောင်ယန်ကပြောလိုက်တယ်”


အဲဒီနာရီက ဟိုအရင် လောင်ယန် အရှေ့မြောက်မှာ နေခဲ့တုန်းက သူ့အချစ်ဦး လက်ဆောင်ပေးထားခဲ့တဲ့ဟာပဲ ။ သူ့က အဲဒီနာရီကို အသက်လို တန်ဖိုးထားတာ ။ မူးလာတိုင်း အဲဒီနာရီကို ထုတ်လာပြီး ကြည့်ရင်း “ကျန်းအာ” “လိအာ”နဲ့ ခေါ်တော့တာပဲ ။ ကျွန်တော် သူ့ကို မေးကြည့်တယ် ။ အဲဒီ အမျိုးသမီးတွေ နာမည်က တကယ်က ဘယ်လိုခေါ်တာလဲလို့ ။ အဲဒီတော့ သူကအကြာကြီးစဉ်းစားပြီး ရုတ်တရက်ကြီး ထငိုတော့တယ် ။ နောက်တော့ သူ့အမေကြီးတော်နဲ့မှပဲ မေ့သွားပြီ လို့ပြောတယ် ။ အဲဒီလောင်ယန်က ဒီလူ့ကို အဲဒီနာရီပေးလိုက်တယ်ဆိုတော့ ပြောရရင် ဒီလူက နည်းနည်းတော့ အကြောင်းရှိပုံပဲ ။ 


ဒါပေမဲ့ ကျွန်တော် ဘယ်လိုပဲ အကဲခတ်ကြည့်ကြည့် ဒီလူရဲ့ ပုံစံက မုန်းစရာကောင်းတယ်လို့ ခံစားနေရတယ် ။ ဒါပေမဲ့လည်း သူများက ကိုယ့်ဆိုင်ပေါက်ဝရောက်လာပြီဆိုမှတော့ ကိုယ်က ဖြောင့်ဖြောင့်မှန်မှန် ကောင်းကောင်းမွန်မွန်ပြောတာကောင်းမယ်လို့ တွေးမိတာကြောင့် အလေးပေးဟန် လက်ဟန်ပြုလိုက်ပြီး ပြောလိုက်တယ် ။


“ ဒါဖြင့် ခင်ဗျားက လောင်ယန်ရဲ့ မိတ်ဆွေလို့ ဆိုရမှာပေါ့ ၊ ကျွန်တော်ကို ရှာတာ ဘာကိစ္စများလဲ?”


သူက သွားတွေပေါ်အောင်ပြုံးရယ်လိုက်ပြီး ရွှေသွားကြီးတစ်ချောင်းကို ပေါ်ထွက်လာစေတယ် ။


“ငါ့မိတ်ဆွေတစ်ယောက် ရှန်းရှီးက ပြန်လာတော့ ပစ္စည်းတချို့ပါလာတာမှာ အဲဒီပစ္စည်းက အစစ်ဟုတ်မဟုတ် ငါမင်းကို ပြကြည့်ကြည့်ချင်တာ”


“ခင်ဗျားရဲ့ ဘေကျင်းလေသံကိုပဲကြည့်ဦး ၊ ခင်ဗျားလို ဘေကျင်းဂျင်ကလည်က တောင်ပိုင်းလာ ကျွန်တော့်ကိုရှာပြီး အကြံဉာဏ်တောင်းတယ်ဆိုတော့ ကျွန်တော့်ကို သိပ်ချီးမြှောက်လွန်းနေပြီပဲ ၊ ဘေကျင်းမှာ လူတော်တွေ သိပ်များတာ ခင်ဗျားရဲ့ အရက်သမားဆန္ဒက အရက်ပေါ်မှာ မရှိ ဖြစ်နေမှာစိုးရတယ်”


သူက တဟဲဟဲရယ်တယ် ။


“တောင်ပိုင်းသားတွေ ထက်မြက်ချက်ချာတယ် ပြောကြတာ တကယ် မမှားဘူးပဲ မင်းလို လူငယ်လေးတောင်မှ သိပ်ပြီးအကင်းပါးတယ် ၊ အမှန်တိုင်းပြောရရင် ငါဒီတစ်ခေါက်လာတာက တကယ်တော့ မင်းကိုရှာတာမဟုတ်ဘူး ငါမင်းတို့အိမ်က လူကြီးမင်းကို တွေ့ချင်တာ”


ကျွန်တော့်ရဲ့ မျက်နှာအမူအရာက ချက်ချင်းပြောင်းသွားခဲ့တယ် ။


 “ကျွန်တော့်အဘိုးကိုရှာတာ ဘာလုပ်ဖို့လဲ?”


“ဟိုနှစ်တွေတုန်းက မင်းရဲ့အဘိုး  ချန်ရှား ပျောင်းဇီတောင်တန်းကနေ ထီးပြိုင်နန်းပြိုင်ခေတ်က ပိုးစာလိပ်ကို ခိုးယူသွားပြီးတဲ့နောက် မင်စာလိပ်တစ်လိပ်နှစ်လိပ်လောက် ချန်ခဲ့သေးလား? ငါ့မိတ်ဆွေက သိချင်တာ ငါတို့လက်ထဲမှာရှိတဲ့ တစ်လိပ်နဲ့ အတူတူပဲလားလို့?”


သူပြောလို့ မပြီးသေးခင်မှာပဲ ကျွန်တော်က ဘေးနားမှာ အိပ်ငိုက်နေတဲ့ ဆိုင်ဝန်ထမ်းကောင်လေးကို အော်ပြောလိုက်တယ် ။


“ဝမ်မောင် ဧည့်သည်ကို ပြန်ပို့လိုက်!”


ရွှေသွားနဲ့ လူကြီးက စိတ်လောလာတယ် ။


 “ဘယ်လိုလုပ် ပြောရင်းဆိုရင်း လူကို မောင်းထုတ်ရပြန်တာလဲ?”


“ခင်ဗျားပြောတာ မမှားပါဘူး ဒါပေမဲ့ ခင်ဗျားလာတာ နောက်ကျသွားပြီ ၊ ကျွန်တော့် အဘိုးက ပြီးခဲ့တဲ့ နှစ်ကပဲ ဆုံးသွားတာ ခင်ဗျားသူ့ကိုရှာချင်ရင် အိမ်ပြန်ပြီး လက်ကောက်ဝတ်သွေးကြောသာ ဖြတ်လိုက်ပါတော့”


ကျွန်တော် စိတ်ထဲက ဆက်တွေးလိုက်မိတယ် ။ 


( အဲဒီတုန်းက ကိစ္စတွေက ဗဟိုအစိုးရထိ အလန့်တကြားဖြစ်သွားခဲ့တာ ၊ အဲဒါက ကိစ္စကြီးပဲ ၊ ခင်ဗျားကို  ဘယ်လိုလုပ် ဒီစာရင်းဟောင်းကို ပြန်ဖော်ထုတ်ခွင့်ပေးရမှာတုံး ၊ ကျုပ်တို့အိမ်ရော ကောင်းကျိုးရှိနိုင်ပါ့မလား?)


“ငါပြောမယ် ကောင်လေး ၊ စကားပြောတာက ဘာလို့နားဝင်မချိုရတာတုံး?” ရွှေသွားကြီးနဲ့ အဘိုးကြီးက မရိုးမသားနဲ့ ပြုံးလိုက်ပြီး “ လူကြီးမင်း မရှိတော့ဘူးဆိုလည်း ကိစ္စမရှိပါဘူး ငါလည်း ဘာမှ မပြောပါဘူး ၊ တစ်ခုပဲ ငါယူလာတဲ့ ပစ္စည်းလေး မင်းတစ်ချက်လောက် ကြည့်ကြည့်ပါလား လောင်ယန်ကိုလည်း မျက်နှာသာပေးရာ ရောက်တာပေါ့”


ကျွန်တော် သူ့ကို တစ်ချက်ကြည့်လိုက်တော့ သူ့အပြုံးတွေက တကယ်မရိုးမသားနဲ့ ။ ကြည့်ရတာ မကြည့်ပေးရင် ပြန်မဲ့ပုံမပေါ်ဘူး ။ ကျွန်တော့် စိတ်ထဲက လောင်ယန်ကို မျက်နှာသာပေးလိုက်တာပေါ့လေ ဒါမှ သူထွက်လာရင် အပြစ်တင်တာ မခံရမှာလို့ တွေးလိုက်ရင်း ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်တယ် ။ 


“ကြည့်ဆိုလည်း ကြည့်တာပေါ့ ဒါပေမဲ့ ဟုတ်တယ် မဟုတ်ဘူးကတော့ ကျွန်တော် သေချာမပြောနိုင်ဘူး”


တကယ်တော့ အဲဒီ ထီးပြိုင်နန်းပြိုင်ခေတ်က ပိုးစာလိပ်တွေက အလိပ်နှစ်ဆယ်ကျော်လောက်ရှိတာ ။ အလိပ်တိုင်းက မတူကြဘူး ။ ကျွန်တော့်အဘိုး အဲဒီတုန်းက မင်စာကူးထားတဲ့ အပိုင်းက အဲဒီထဲကမှ အရမ်းတိုတဲ့ အပိုင်းလေးတစ်ပိုင်း ဖြစ်ပေမဲ့ တော်တော်လေး အရေးကြီးတယ် ။ လက်ရှိလည်း ကျွန်တော့်မှာ သေတ္တာအောက်ခြေမှာ ထည့်သိမ်းထားသင့်တဲ့ ရတနာတွေလို သဘောထားရတဲ့ စာလိပ်တချို့ရှိတယ် ။ ဈေးကွက်ထဲမှာ ပိုက်ဆံရှိရင်တောင် ဝယ်လို့ မရနိုင်တာတွေပေါ့ ။ ရွှေသွားနဲ့အဘိုးကြီး အိတ်ထဲက ထုတ်ယူလာတဲ့ စာရွက်ဖြူတစ်စကို မြင်တာနဲ့ ကျွန်တော် ဒေါသထွက်သွားမိတော့တယ် ။ အံ့ရော ။ မိတ္တူပွားထားတဲ့ဟာကြီး ။


“ဟုတ်တယ်လေ အဲဒီလို ရတနာမျိုးက အပြင်ကို တပိုက်ပိုက်နဲ့ လျှောက်ယူသွားလို့ရတာမျိုးမဟုတ်ဘူး ဆွဲဖြန့်လိုက်တာနဲ့ ကြေမွသွားမှာ”  


သူက တမင်လုပ်ယူထားတဲ့ လျို့လျို့ဝှက်ဝှက်လေသံမျိုးနဲ့ အသံကို နှိမ့်လိုက်ပြီး ပြောတယ် ။ 


“ငါ့အဆက်အသွယ်တွေကြောင့်သာ မဟုတ်ရင် ဒီပစ္စည်းက အစောကြီးကတည်းက နိုင်ငံခြားရောက်သွားလောက်ပြီ ၊ ပြည်သူ့အကျိုးအတွက်ပဲ ဆိုပါတော့”


ကျွန်တော် ခပ်ဟက်ဟက်ရယ်လိုက်မိတယ် ။ 


“ခင်ဗျားပုံစံကြည့်ရတာ ခင်ဗျားလည်းပဲ သင်္ချိုင်းဖောက်သမားပဲ မဟုတ်လား ကျွန်တော့်အမြင်တော့ ခင်ဗျားမလုပ်ရဲတာပဲ နိုင်ငံတော်ပိုင် ရတနာပစ္စည်းလေ ခင်ဗျား ကိုယ့်ခေါင်းကိုယ် မလိုချင်တော့ဘူးလား?”


စကားတစ်ခွန်းတည်းနဲ့ ကျွန်တော်ရဲ့ ဖော်ထုတ်ခြင်းကို ခံလိုက်ရတဲ့အခါ အဘိုးကြီးရဲ့ မျက်နှာက စိမ်းရောင်သန်းသွားတယ် ။ ဒါပေမဲ့ သူ့မှာ ကျွန်တော့်အကူအညီ လိုအပ်နေသေးတာကြောင့် သည်းခံပြီး ပြောလာတယ် ။ 


“ အဲဒီလိုလည်း ပြောလို့မရဘူးလေ ၊ အရောင်းအဝယ်တိုင်းမှာ သူ့စည်းမျဉ်းနဲ့သူတော့ ရှိကြတာပဲ ၊ ဟိုတုန်းက မင်းအဘိုး ချန်ရှားမှာ သင်္ချိုင်းဖောက်သမားလုပ်ခဲ့တုန်းကလည်း ဂုဏ်သတင်းက အတော်လေးပျံ့နှံ့ခဲ့တာကို….”


ကျွန်တော့် မျက်နှာအသွေးအရောင်က အတော်လေးကြည့်ရဆိုးနေလောက်တယ် ။ ကျွန်တော် အံ့တင်းတင်းကြိတ်ရင်း ပြောလိုက်တယ် ။


“ခင်ဗျား ကျွန်တော့်အဘိုးအကြောင်းထပ်ပြောရင် ကျွန်တော် မကြည့်တော့ဘူး”


“ ဟုတ်ပါပြီ ဟုတ်ပါပြီ ၊ ဒီမှာတင် ရပ်လိုက်ပါပြီ ၊ မင်းငါ့ကို မြန်မြန်သာကြည့်ပေးစမ်းပါ ဒါမှ ငါလည်း မြန်မြန်သွားလို့ရမှာ”


ကျွန်တော် အဲဒီအဖြူရောင်စက္ကူကို ဖြေပြီး ကြည့်လိုက်တာနဲ့ ကောင်းကောင်း ကာကွယ်ထိန်းသိမ်းထားတဲ့ ထီးပြိုင်နန်းပြိုင်ခေတ်က ပိုးစာလိပ်မှန်း သိလိုက်တယ် ။ ဒါပေမဲ့ ကျွန်တော့်အဘိုး ခိုးယူလာခဲ့တဲ့ တစ်ခုတော့ မဟုတ်ဘူး ။ ဒီတစ်ခုက ပိုရှေးကျတယ်ဆိုပေမဲ့လို့ နောက်ပိုင်းမင်းဆက်တွေမှာ ပြန်ကူးထားတဲ့ အတုတစ်ခုဖြစ်လောက်တယ် ။ ပြောရရင် ရှေးဟောင်းပစ္စည်း အတုတစ်ခု ၊  အတော်လေး ကို့ယို့ကားယားနိုင်တဲ့ အထောက်အထားနဲ့ ပစ္စည်းတစ်ခုပဲ ။ ကျွန်တော် ပြုံးရင်းနဲ့ ပြောလိုက်တယ် ။


 “ ဒါက ဟန်ခေတ်က ရှေးဟောင်းပစ္စည်း အတုတစ်ခုဖြစ်မယ် ၊ ဘယ်လိုပြောရမလဲ အတုလို့ ပြောပေမဲ့လည်း အတုတော့ မဟုတ်ဘူး ၊ အစစ်လို့ ပြောရအောင်လည်း အစစ်မဟုတ်ပြန်ဘူး ၊ ဒါက လုပ်ကြံထားတာလား မူရင်းပဲလားဆိုတာတော့ ဘယ်သူသိနိုင်မှာလဲ ? အဲဒီတော့ ကျွန်တော်လည်း ဘယ်လိုပြောရကောင်းမှန်း မသိတော့ဘူး”


“ဒါဖြင့် ဒါက မင်းအဘိုးခိုးလာတဲ့ဟာပဲလား?”


“ ခင်ဗျားကို အမှန်အတိုင်းပြောရရင် ကျွန်တော်အဘိုးခိုးထုတ်လာခဲ့တဲ့တစ်ခုက သူကိုယ်တိုင်တောင် သေချာမကြည့်ရသေးဘူး အမေရိကန်တွေ လိမ်ယူသွားခံရတာ ၊ ခင်ဗျားရဲ့ ဒီမေးခွန်းကို ကျွန်တော် တကယ် အဖြေမပေးနိုင်ဘူး”


ကျွန်တော့်စိတ်ထဲက တွေးလိုက်မိတယ် ။ ခင်ဗျားကို လှည့်ဖျားဖို့က မလွယ်လှဘူး ။ မျက်နှာပေါ်မှာတော့ အရမ်းကို ရိုးသားဟန်ဆောင်ထားလိုက်တယ် ။ 


ရွှေသွားနဲ့ အဘိုးကြီးက တကယ်ပဲ ယုံကြည်သွားပြီး သက်ပြင်းချလိုက်ရင်း ပြောတယ် ။ 


“ တကယ်ကံမကောင်းတာပဲ ကြည့်ရတာ အဲဒီအမေရိကန်ကိုမှ သွားမရှာရင် မျှော်လင့်ချက်မရှိနိုင်တော့ဘူးပဲ”


“ ဘာလို့လဲ ၊ ခင်ဗျားတို့က ဘာလို့ အဲဒီစာလိပ်ကို သိပ်အာရုံစိုက်နေရတာလဲ?” ကျွန်တော်မေးလိုက်တယ် ။


ဒါက သိပ်ထူးဆန်းလွန်းတယ် ။ ဒီရှေးဟောင်းစာလိပ်တွေ သိမ်းဆည်းနိုင်ဖို့က ကံနဲ့လည်း သိပ်ဆိုင်တယ် ။ ထီးပြိုင်နန်းပြိုင်ခေတ်က စာလိပ် နှစ်ဆယ်ရှိတဲ့ တစ်တွဲလုံးကို ရှာတွေ့နိုင်ဖို့ ကြိုးစားတာက သိပ်လောဘကြီးလွန်းတယ်လို့ ပြောရမှာပဲ ။ 


“ လူငယ်လေး ၊ မင်းကို အမှန်အတိုင်းပြောရရင် ငါက တကယ်သင်္ချိုင်းဖောက်သမား မဟုတ်ဘူး ၊ မင်းငါ့ရဲ့ အရိုးပြိုင်းပြိုင်းခန္ဓာကိုယ်ကိုပဲကြည့် လျင်မြန်ဖြတ်လတ်တာလည်း မဟုတ်ဘူး ၊ ဒါပေမဲ့ ငါ့ဟိုမိတ်ဆွေကတော့ တကယ် ကျွမ်းကျင်တဲ့သူပဲ ၊ သူဘယ်လိုဇာတ်ကွက်တွေ လုပ်နေလဲတော့ ငါလည်း မသိဘူး ခြုံပြောရရင် သူ့မှာလည်း သူ့အကြောင်းပြချက်သူရှိမှာပေါ့”


သူက ခပ်ဟက်ဟက်ရယ်ရင်း ခေါင်းကို ခါယမ်းလိုက်ပြီး ပြောတယ် ။ 


“ သိပ်လည်း မေးလို့မကောင်းဘူးလေ ဟုတ်တယ်မဟုတ်လား ၊ အခုတော့ သွားလိုက်ဦးမယ်”


ပြောပြီးတာနဲ့ လှည့်မကြည့်တော့ဘဲ ထွက်သွားတော့တယ် ။ 


ကျွန်တော် ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ မိတ္တူပွားထားတဲ့ စာရွက်က ကျွန်တော့်လက်ထဲမှာ ရှိနေသေးတယ် ။ ရုတ်တရက်ဆိုသလို အဲဒီစက္ကူပေါ်မှာ ဒီဇိုင်းပုံတစ်ခုကို ကျွန်တော် သတိထားမိလိုက်တယ် ။ အဲဒါက မြေခွေးနဲ့ တူတဲ့ လူမျက်နှာတစ်ခုပဲ ။ မျက်ဆန်မရှိတဲ့ မျက်လုံးနှစ်လုံးက သုံးဖက်မြင်ပုံလို ခံစားမိစေတယ် ။ ကြည့်ရတာ စာရွက်ပေါ်ကနေ ရုပ်လုံးကြွထွက်ပေါ်လာသလိုပဲ ။ ကျွန်တော် အံ့အားသင့်စွာနဲ့ ပင့်သက်ရှိုက်လိုက်မိတယ် ။ ဒီလိုပိုးစာလိပ်မျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး ။ ဒါက တန်ဘိုးကြီးပစ္စည်းတစ်ခု ဖြစ်နိုင်လောက်တယ် ။ ကျွန်တော် ဒါကို အနုစိတ် အချောသတ်ရင်း လောင်ယန် ထောင်ကထွက်လာတာကို စောင့်ပြီးတဲ့နောက် ဒီမိတ္တူပွားထားတဲ့ စာလိပ်ကနေ ကျွန်တော့်ကို စိတ်ပျော်ငွေရွှင်စေမဲ့ မင်စာလိပ် အတု တချို့ရနိုင်လောက်တယ် ။ ကျွန်တော် ကပြာကသီ အပြင်ကို တစ်ချက်လှမ်းကြည့်လိုက်တော့ ရွှေသွားနဲ့အဘိုးကြီး အလျင်စလို ပြန်လာနေတာကို တွေ့လိုက်ရတယ် ။


သူဒီပစ္စည်းကို ပြန်လာယူတာပဲ ဖြစ်ရမယ်လို့ ကျွန်တော်စိတ်ထဲတွေးမိလိုက်ရင်း အမြန်အထဲပြန်ဝင်ပြီး ဒစ်ဂျစ်တယ်ကင်မရာကိုယူကာ ပုံတချို့ရိုက်ယူထားလိုက်ပြီးနောက် စာရွက်လိပ်ကိုယူကာ အပြင်ကိုထွက်လာလိုက်တယ် ။ ရွှေသွားနဲ့အဘိုးကြီးနဲ့ တိုက်မိတော့မတတ် ရှေ့ကနေဆီးပြီး “ခင်ဗျား ပစ္စည်း ကျန်နေခဲ့တယ်” လို့ ကျွန်တော် ပြောလိုက်တယ် ။


ကျွန်တော့်အဘိုးက ချန်ရှားက မြေပညာရှင် ၊ တနည်းပြောရရင်တော့ သင်္ချိုင်းဂူဖောက်သမားပေါ့ ။


ကျွန်တော့်အဘိုး ဒီလုပ်ငန်းထဲ စဝင်လာတဲ့အကြောင်းအရင်းက အံ့ဩစရာတော့ မဟုတ်ဘူး ။ ဒီနေ့ခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ဒါက မိသားစုလုပ်ငန်းပေါ့လေ ။ ကျွန်တော့် အဘိုးရဲ့ အဘိုး ဆယ့်သုံးနှစ်တုန်းက တရုတ်ပြည်အလယ်ပိုင်း ဒေသတစ်ခုလုံး မိုးခေါင်ရေရှားမှု ဘေးအန္တရာယ်ကို ခံစားခဲ့ရတယ် ။ အဲဒီတုန်းက မိုးခေါင်ရေရှား ဘေးအန္တရာယ်က အငတ်ဘေးကို ဆိုက်ရောက်စေခဲ့တယ် ။ ခင်ဗျားမှာ ပိုက်ဆံရှိရင်တောင် ဝယ်စားစရာမရှိဘူး ။ အဲဒီတုန်းက ချန်ရှားရဲ့ ဘေးပတ်ပတ်လည် ထောင့်တိုင်းနေရာတိုင်းမှာ ရှေးဟောင်းဂူသင်္ချိုင်းတွေကလွဲလို့ ဘာမှရှိတာမဟုတ်ဘူး ။ အဲ့ဒီတော့ လူတွေကလည်း ထမင်းသုံးနပ်စားနိုင်ဖို့ တောင်ကို အမှီသဟဲပြုသလို သင်္ချိုင်းဂူရှိတော့လည်း သင်္ချိုင်းဂူကို အမှီသဟဲပြုရတော့တာပေါ့ ။ တရွာလုံး သင်္ချိုင်းဂူဖောက်ခိုးကြတော့တယ် ။ အဲဒီနှစ်တွေတုန်းက ချန်ရှားမှာ အငတ်ဘေးကြောင့် လူတွေ မရေမတွက်နိုင်အောင် သေကြေကြတယ် ။ ဒါပေမဲ့ သူတို့ရွာကတော့ တစ်ယောက်မှ မသေဘူး ။ နောက်ပြီး လူတိုင်းလူတိုင်းလည်း မျက်နှာတပြင်လုံး ဆီတဝင်းဝင်းဖြစ်နေလောက်အောင် စားနိုင်သောက်နိုင်ကြသေးတယ် ။ အဲဒါက တူးထုတ်လာတဲ့ ပစ္စည်းတွေကို နိုင်ငံခြားသားတွေဆီက အစားအစာနဲ့ လဲလှယ်လိုက်ကြလို့ ဒီလိုနေနိုင်ခဲ့ကြတာပဲ ။


အဲဒီနောက် အချိန်ကြာလာတာနဲ့အမျှ သင်္ချိုင်းဂူဖောက်ခြင်းကလည်း တခြားအရာတွေလိုပဲ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေ ဖြစ်တည်လာခဲ့တယ် ။ ကျွန်တော့်အဘိုးတို့ခေတ်မှာ လုပ်ငန်းဘုံအသင်းစည်းမျဉ်းတွေ ရှိလာခဲ့ပြီး ဂိုဏ်းဂဏတွေ ကွဲသွားကြတယ် ။ အဲဒီအချိန်က သင်္ချိုင်းဂူဖောက်တာကို တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး ဂိုဏ်းနှစ်ခုကွဲသွားတယ် ။ တောင်ပိုင်းဂိုဏ်းက ကျွန်တော့်အဘိုးရဲ့ ဂိုဏ်းပေါ့ ။ လော့ယန်ဂေါ်ပြားကိုသုံးပြီး မြေကြီးကို စူးစမ်းထောက်လှမ်းတဲ့နေရာမှာ ကျွမ်းကျင်တယ် ။ ပညာရှင်တွေဆိုရင် ဂေါ်ပြားထဲပါလာတဲ့ မြေကြီးကို အနံ့ခံကြည့်ရုံနဲ့ ဂူသင်္ချိုင်းရဲ့ အတိမ်အနက်နဲ့ မင်းဆက်ကိုပါ ဆုံးဖြတ်နိုင်ကြတယ် ။ လက်ရှိဝတ္ထုတွေထဲမှာ ဒီလော့ယန်ဂေါ်ပြားကို မကြာခဏ ထည့်သွင်း သရုပ်ဖော်ရေးသားလေ့ရှိကြတယ် ။ တကယ်တော့ မြောက်ပိုင်းဂိုဏ်းက လော့ယန်ဂေါ်ပြားကို မသုံးကြဘူး ။ သူတို့က ဂူသင်္ချိုင်းရဲ့ တည်နေရာ ၊ ဖွဲ့စည်းတည်ဆောက်ပုံရဲ့ စံချိန်စံညွှန်းတွေကိုကြည့်ပြီး အကဲဖြတ်ကြတယ် ။ အခေါ်အားဖြင့်တော့ “ နဂါးသွေးကြောကိုရှာပြီး အပ်စိုက်ခြင်း” ဆိုတဲ့ အတတ်ပညာပဲ ။ ဒါပေမဲ့ မြောက်ပိုင်းဂိုဏ်းက လူတွေက နည်းနည်းတော့ ထူးဆန်းတယ် ။ ဘယ်လိုပြောရမလဲ ။ ကျွန်တော့်အဘိုးရဲ့ အဆိုအရ သူတို့တွေက မရိုးမသားဘူး ၊ လှည့်ကွက်တွေကလည်း များတယ်တဲ့ ။ သင်္ချိုင်းဂူဖောက်တာပဲ ဘာကိစ္စ ဒီလောက်ပရိယာယ်တွေများနေစရာရှိလဲ ။ အထဲဝင် ပစ္စည်းယူပြီးရင် ပြန်ထွက်ပဲကို ဟိုဟာလုပ်ဦး ဒါလုပ်ဦးနဲ့ မလိုအပ်ဘဲ ရေးကြီးခွင်ကျယ် ဇာချဲ့နေရသေးတယ် ။ ယနေ့ခေတ်အခေါ်ဆိုရင်တော့ အရာရှိဆိုးဝါဒ ဗျူရိုကရေစီဆန်တာပဲပေါ့ ။ တောင်ပိုင်းဂိုဏ်းရဲ့ စည်းမျဉ်းတွေကတော့ မများလှပါဘူး ။ သေသူကို ရှောင်ရှားမနေနဲ့ ဒါပဲ ။ မြောက်ပိုင်းဂိုဏ်းကသူတွေက တောင်ပိုင်းဂိုဏ်းက သူတွေကို ဘာမှနားမလည်တဲ့ ငစနူတွေ ၊ ရိုးရာယဉ်ကျေးမှုတွေကို ပျက်စီးစေပြီး ဖောက်သွားတဲ့ ဂူတိုင်း မပြိုတဲ့ဂူမရှိဘဲ အလောင်းတွေကိုတောင် ထုတ်ယူလာပြီး ရောင်းစားကြတဲ့သူတွေလို့ ပြောဆိုကြတယ် ။ တောင်ပိုင်းဂိုဏ်းက သူတွေကတော့ မြောက်ပိုင်းဂိုဏ်းက သူတွေကို ကြောင်သူတော်ကောင်တွေ ၊ သူခိုးတွေပဲကို ကိုယ့်ကိုယ်ကိုယ် ဘာကြီးလိုလိုလုပ်နေကြသေးတယ်လို့ ပြောဆိုကြတယ် ။ နောက်တော့ ပဋိပက္ခက အတွင်းမီးထတဲ့ အဆင့်ထိရောက်လာပြီး အဲဒါတင်မကသေးဘဲ “အလောင်းကောင် တိုက်ပွဲ” မျိုးတွေတောင် ဖြစ်ပွားလာတယ် ။ နောက်ဆုံးတော့ ဂိုဏ်းနှစ်ခုကို ယန်ဇီမြစ်နဲ့ ပိုင်းခြားထားလိုက်တော့တယ် ။ မြောက်ပိုင်းဂိုဏ်းက သင်္ချိုင်းဖောက်ထွင်းခြင်းလို့ ခေါ်ဝေါ်ကြပြီး တောင်ပိုင်းဂိုဏ်းကတော့ သဲကျင်တယ် ဒါမှမဟုတ် မြေကျင်တယ်လို့ ခေါ်ကြတယ် ။ လော့ယန်ဂေါ်ပြားက နှစ်ပိုင်းခွဲလိုက်ပြီးမှ တီထွင်ခဲ့တာဖြစ်လို့ မြောက်ပိုင်းဂိုဏ်းကသူတွေက အသုံးပြုဖို့ စိတ်ကူးမရှိကြဘူး ။ 


ကျွန်တော့်အဘိုးက စာမတတ်ဘူး ။ နောက်တော့ အသုံးလုံးသင်တန်း ဝင်တက်ခဲ့တယ် ။ အဲဒီတုန်းက သူက သဲကျင်တာပဲ တတ်ကျွမ်းတာ စာလုံးတွေသင်ယူရတာက သူ့အတွက်တော့ သေလောက်အောင် ဒုက္ခရောက်စေခဲ့တယ် ။ သူစာပေတတ်မြောက်သွားပေလို့သာ သူ့ရဲ့ အဲဒီ ဘဝအတွေ့အကြုံတွေကို မှတ်တမ်းတင်ထားနိုင်ခဲ့တာပဲ ။ ချန်ရှား ပျောင်းဇီတောင်တန်းက လောင်စန်းက ကျွန်တော့်အဘိုးပေါ့ ။ အဲဒီကိစ္စရပ်တွေအားလုံးက သူ့ရဲ့ မှတ်စုစာအုပ်ဟောင်းပေါ်မှာ တစ်လုံးချင်း တစ်လုံးချင်း မှတ်တမ်းတင်ထားခဲ့တာတွေပဲ ။ ကျွန်တော့်အဘွားက အများလေးစားရတဲ့ လူကုံထံအသိုင်းအဝိုင်းက ပညာတတ် အမျိုးသမီးတစ်ယောက်ပါ ။ သူက အဘိုးရဲ့ ဒီဘဝဇာတ်လမ်းတွေနဲ့ ဆွဲဆောင်ခံလိုက်ရတာလေ ။ နောက်ဆုံးတော့ ကျွန်တော့်အဘိုးက ဟန်ကျိုးမှာရှိတဲ့ မိသားစုထဲ အိမ်ပါသားမက်အဖြစ်နဲ့ အိမ်ထောင်ပြုပြီး ဒီမှာ အခြေချနေလိုက်တာ ။ 


ဒီမှတ်စုစာအုပ်က ကျွန်တော်တို့ မိသားစုရဲ့ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းတစ်ခုပဲ ။ အဲဒီကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော့်အဘိုးရဲ့ နှာ‌ခေါင်းက လုံးဝပျက်စီးသွားခဲ့တယ် ။ နောက်တော့ သူက မြေကိုအနံ့ခံဖို့ ခွေးတစ်ကောင်ကို လေ့ကျင့်ပေးခဲ့တာကြောင့် လူတွေက သူ့ကို “ခွေးဘုရင်” လို့ နာမည်ပြောင်ပေးခဲ့ကြတယ် ။ ဒါတွေက တကယ့် ဖြစ်ရပ်မှန်တွေပါပဲ ။ လက်ရှိချန်ရှားမှာ သင်္ချိုင်းဂူဖောက်ခဲ့ကြတဲ့ မျိုးဆက်ဟောင်းကသူတွေအားလုံး ဒီနာမည်ကို သိကြပါတယ် ။


နောက်ဆုံး ကျွန်တော့်အဘိုး ဘယ်လို အသက်ရှင်ခဲ့တယ် ၊ ကျွန်တော့် ဒုတိယ ဘကြီး ၊ ဘိုးဘိုးကြီး နဲ့ ဘေးဘေးကြီးတို့ နောက်ဆုံးဘာဖြစ်သွားကြတယ်ဆိုတာတွေကို အဘိုးက ကျွန်တော့်ကို တလျှောက်လုံး မပြောပြခဲ့ဘူး ။ ကျွန်တော့်ရဲ့မှတ်ဉာဏ်ထဲမှာလည်း မျက်လုံးတစ်ဖက်လပ် နဲ့ လက်တစ်ဖက်တည်းရှိတဲ့ ဒုတိယဘကြီးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး ။ တကယ်ပဲ ကံမကောင်း အကြောင်းမလှခဲ့ဘူးနဲ့ တူပါရဲ့ ။ အဲဒီအကြောင်းမေးမိတဲ့ အခါတိုင်း အဘိုးက ငိုရင်း “ဒါက ကလေးတွေ နားထောင်ရမဲ့ ပုံပြင်မဟုတ်ဘူး” လို့ပဲ ပြောခဲ့တယ် ။ နောက်ပိုင်း ကျွန်တော်တို့တတွေ ကြီးပြင်းလာကြတော့လည်း ကလေးသဘာဝ စူးစမ်းစပ်စု သိချင်တဲ့ စိတ်တွေ လျော့ပါးလာတော့တယ် ။


ညနေစောင်းလာခဲ့ပြီး ဆိုင်လည်း ပိတ်လိုက်ပြီ ။ ပျင်းရိစရာကောင်းတဲ့ နေ့ရက်တစ်ရက် ကုန်ဆုံးသွားပြန်ပြီပေါ့ ။ ဘာပစ္စည်းမှလည်း အဝင်မရှိဘူး ။ ဆိုင်ဝန်ထမ်းကောင်လေးကို ကျွန်တော် ပြန်လွှတ်လိုက်တယ် ။ အဲဒီအချိန် စာတိုလေးတစ်စောင် ဖုန်းထဲဝင်လာခဲ့တယ် ။


“ကိုးနာရီ ငါးမျက်စိ သဲဝါ”


ဒါက အိမ်က တတိယဦးလေးပို့လိုက်တာပဲ ။ ဒါက ပစ္စည်းသစ်တစ်ခုရောက်တယ်ဆိုတဲ့ စကားဝှက်လေ ။ ချက်ချင်းဆိုသလို စာတိုနောက်တစ်စောင် ထပ်ရောက်လာပြန်တယ် ။ “နဂါးကျောရိုး မြန်မြန်လာ”


ကျွန်တော့်မျက်လုံးတွေ အရောင်တောက်သွားခဲ့တယ် ။ တတိယဦးလေးရဲ့ အမြင်က ထူးထူးခြားခြားကိုကောင်းတာ ။ ဒီနဂါးကျောရိုးဆိုတာလည်း ပစ္စည်းကောင်းရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ။ သူကပစ္စည်းကောင်းလို့ သတ်မှတ်မှတော့ ကျွန်တော်ကိုယ်တိုင် အကြားအမြင် ဗဟုသုတတိုးပွားအောင် တကယ် တချက် သွားကြည့်သင့်တယ် ။ 


ကျွန်တော် ဆိုင်တံခါးကိုသေချာပိတ်လိုက်ပြီး ကျွန်တော့်ရဲ့ ကျင်းပေး ဗန်ကားစုတ်လေးနဲ့ တတိယဦးလေးအိမ်ဘက်ကို မောင်းထွက်လာခဲ့တယ် ။ သူပြောတဲ့ “ပစ္စည်းကောင်း”ဆိုတာ ဘာများလဲလို့တွေးရင်း တစ်ဖက်ကလည်း ကျွန်တော်ဒီနေ့ ဓာတ်ပုံရိုက်ယူထားခဲ့တဲ့ ဟိုပိုးစာလိပ်ပေါ်က ပုံစံက ဘာလဲဆိုတာ သူ့ကို ကြည့်ခိုင်းမယ်လို့ တွေးနေမိတယ် ။ ဘာပဲပြောပြော သူက ကျွန်တော်တို့ ဒီမျိုးဆက်ထဲမှာ သင်္ချိုင်းဖောက်သမားတွေနဲ့ အဆက်အသွယ်ရှိတဲ့ တစ်ဦးတည်းသော သူပဲလေ ။


သူ့တိုက်ခန်းအောက် ကျွန်တော့်ကားလေး ရောက်ရောက်ချင်း သူအပေါ်ကနေ လှမ်းအော်ပြောသံကို ကြားလိုက်ရတယ် ။ 


“ကောင်စုတ်လေး သူ့အမေကြီးတော်နဲ့မှပဲ အမြန်လာပါဆိုမှ နေ့ဝက်လောက်ကြာနေတာ အခုမှလာတော့ ဘာလုပ်လို့ရတော့မှာတုံး !”


ကျွန်တော် တစ်ချက်ဆဲရေးလိုက်ပြီး : “တကယ်ကြီးလား ? ပစ္စည်းကောင်းလည်း ကျွန်တော့်အတွက် ချန်ပေးထားဦးလေ ရောင်းပစ်တာလည်း မြန်လှချည်လား ?”


ကျွန်တော်တို့ ပြောနေကြတုန်းမှာပဲ လူငယ်လေးတစ်ယောက် သူ့အိမ်ဝင်ပေါက်ဝကနေ ထွက်လာတာကို မြင်လိုက်ရတယ် ။ သူ့ရဲ့ကျောမှာ ခပ်ရှည်ရှည်အရာတစ်ခုကို ပိတ်စနဲ့ ခပ်ကျပ်ကျပ်ထုပ်ပိုးပြီး လွယ်ထားတယ် ။ ကြည့်လိုက်တာနဲ့ အဲဒါဟာ ရှေးဟောင်းလက်နက်တစ်ခု ဖြစ်မယ်ဆိုတာ သိသာလွန်းတယ် ။ အဲဒီပစ္စည်းက တကယ်အဖိုးတန်ပြီး သေချာသာရောင်းရင် ဈေးက ဆယ်ဆလောက် တက်သွားနိုင်တယ် ။


ကျွန်တော်က ဟိုလူငယ်လေးကို လက်ညိုးတထိုးထိုးလုပ်ပြတော့ ကျွန်တော့်တတိယဦးလေးကလည်း မတတ်နိုင်ဘူးလေဆိုတဲ့ အမူအရာနဲ့ ခေါင်းတဆတ်ဆတ် ညိတ်ပြတယ် ။ ကျွန်တော့် စိတ်ထဲတော်တော်ကြာကြာ ဝမ်းနည်းကြေကွဲသွားပြီး မဟုတ်မှလွဲရော ကျွန်တော့်ဆိုင်လေးတော့ ဒီနှစ်တကယ်ပဲ ဒေဝါလီခံရတော့မှာလားလို့ တွေးနေမိတော့တယ် ။


ကျွန်တော် အိမ်ပေါ်ကို တက်လာခဲ့ပြီး ကိုယ့်ဟာကိုယ်ကော်ဖီဖျော်ရင်း ဒီနေ့ရွှေသွားနဲ့လူကြီး ရောက်လာပြီး စုံစမ်းထောက်လှမ်းတဲ့ အကြောင်း တတိယဦးလေးကို ပြောပြနေခဲ့တယ် ။ အစကတော့ သူလည်း ကျွန်တော်နဲ့ အတူတူ ကျွန်တော့်ဘက်ကနေလိုက်ပြီး ရန်သူတော်ကြီးအပေါ် ဒေါသပုံချပြောဆိုပေးမယ်လို့ ထင်မိခဲ့ပေမဲ့ မမျှော်လင့်ဘဲ သူက လူတစ်ယောက်ပြောင်းလဲသွားခဲ့သလိုပဲ ။ သူက စကားတစ်ခွန်းမှ မပြောဘဲ ကျွန်တော့် ဒစ်ဂျစ်တယ်ကင်မရာထဲက ပုံတွေကို ပရင့်ထုတ်လိုက်တယ် ။ နောက် မီးရောင်အောက်မှာ ကြည့်တယ် ။ တတိယဦးလေးရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားတာကို ကျွန်တော် ချက်ချင်းမြင်တွေ့လိုက်ရတယ် ။ 


“ဘာဖြစ်လို့လဲ ?” ကျွန်တော် မေးလိုက်တယ် ။ “ ဒီပစ္စည်းမှာ ထူးခြားတာ ရှိနေလို့လား?”


သူက မျက်မှောင်တွေ ကြုတ်ထားရင်း ပြောလာတယ် ။


“ မဟုတ်သေးပါဘူး ၊ ဒါက ရှေးဟောင်းဂူသင်္ချိုင်းရဲ့ မြေပုံတစ်ခုလိုပဲ”



TBC



Translator Note : နဂါးသွေးကြောကို ရှာပြီး အပ်စိုက်ခြင်း : 寻龙点穴 ဆိုတာက ဖုန်းရွှေပညာရပ်ရဲ့ အခေါ်အဝေါ်တစ်ခုပဲ ဖြစ်ပါတယ် ။ အဓိပ္ပါယ်ကတော့ တောင်စဉ်တောင်တန်းတွေရဲ့ ဦးတည်ရာနဲ့ ပုံသဏ္ဌာန်ကို လေ့လာပြီး အသက်ဓာတ် အသက်စွမ်းအင်စုဆောင်းနိုင်တဲ့ မြေနေရာ ၊ နဂါးသွေးကြောပေါ်က နှလုံးသားနေရာကို  ရှာဖွေတဲ့ ပညာရပ်မျိုးပါ ။ ရှေးခေတ်အခါက ဘုရင်တွေ မှူးမတ်တွေဟာ သူတို့ရဲ့ ဂူသင်္ချိုင်းတွေကို အဲဒီလို အသက်ဓာတ်တွေစုဝေးရာ မြေနေရာကောင်းမျိုးမှာ ဆောက်လုပ်မြှုပ်နှံလေ့ရှိပါတယ် ။ ဒါကြောင့် ဒီနေရာမှာ နဂါးသွေးကြော ဆိုတာ တောင်စဉ်တောင်တန်းတွေရဲ့ ပုံသဏ္ဌာန်နဲ့ လမ်းကြောင်းတွေကို ရည်ညွှန်းတာမျိုး ဖြစ်ပြီး အပ်စိုက်တာကတော့ အဲဒီတောင်စဉ်တောင်တန်းတွေထဲကမှ တကယ့် အချက်အချာကျတဲ့ မြေကောင်း နေရာကောင်းကို သတ်မှတ်တာမျိုး ဖြစ်ပါတယ် ။ ဒီလိုနေရာတွေကို ရှာဖွေနိုင်ဖို့ ဖုန်းရွှေပညာရှင်တွေအနေနဲ့ နက်ရှိုင်းတဲ့ အတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေ ရှိဖို့လိုအပ်ပါတယ် ။ ဒါကြောင့် ရှေးလူများက “နဂါးကို ရှာဖွေရန် သုံးနှစ် ၊ အပ်စိုက်ရာနေရာကို ရှာဖွေနိုင်ရန် ဆယ်နှစ်” လို့ ပြောစမှတ်ပြုလေ့ရှိပါတယ်တဲ့ ။ 



အပိုင်း (၆) - အလောင်းကျင်း

  အပိုင်း ၆ - အလောင်းကျင်း ကျွန်တော်တို့ လှေကိုရပ်လိုက်ကြတယ် ။ ဒါက ဂူရဲ့ အန္တရာယ်အရှိဆုံး အပိုင်း ဖြစ်လိမ့်မယ် ။ ကျွန်တော်တို့ ဘာမှ သေချာ မပ...