Tuesday, December 9, 2025

အပိုင်း (၆) - အလောင်းကျင်း

 အပိုင်း ၆ - အလောင်းကျင်း



ကျွန်တော်တို့ လှေကိုရပ်လိုက်ကြတယ် ။ ဒါက ဂူရဲ့ အန္တရာယ်အရှိဆုံး အပိုင်း ဖြစ်လိမ့်မယ် ။ ကျွန်တော်တို့ ဘာမှ သေချာ မပြင်မဆင်ဘဲ ဝင်မသွားသင့်ဘူး ။ တတိယဦးလေးက လက်ပတ်နာရီကို ကြည့်လိုက်ပြီး ပြောတယ် ။ “ ဒီအလောင်းဂူက ဝင်သွားပြီးရင် ပြန်ထွက်မလာနိုင်တော့တဲ့ ဂူမျိုးပဲ ငါတို့ သဲကျင်လာတာ ဒီလောက်ကြာပြီ ဒီလိုနေရာမျိုးကို ဒါပထမဆုံး ဝင်လာဖူးတာပဲ ငါ့အထင် ဒီဂူမှာ တကယ် ထူးဆန်းတာတွေ ရှိနိုင်တယ်”


ဖန်းကျစ်က လေသံတိုးတိုးနဲ့ တခွန်းထပြောတယ် ။ 


“ အကျိုးနဲ ၊ အဲဒါပြောဖို့ လိုနေသေးလို့လား”


တတိယဦးလေးက သူ့ကို မျက်လုံးတစ်ချက် ထောင့်ကပ်ကြည့်လိုက်ပြီး ဆက်ပြောတယ် ။ “ ဒါပေမဲ့ ဒါက ဟိုအဘိုးကြီးရဲ့ တဖက်သတ်ပြောစကားပဲ ၊ ဒီဂူက ဟိုလှေထိုးသမားပဲ ဝင်ထွက်လို့ရတယ် တခြားသူသွားလို့ မရဘူးဆိုတာ ဟုတ်လား မဟုတ်လား ငါတို့ သိနိုင်ဖို့ရာ မဖြစ်နိုင်တော့ဘူး တကယ်လို့ ဒီဂူက…” သူက အလေးအနက်ထားပြီး ဆက်ပြောလာတယ် ။ “ တကယ်ပဲ အလောင်းဂူဆိုရင်တော့ ရှေ့မှာ သေချာပေါက် အန္တရာယ်ရှိလာနိုင်တယ် ဘာနဲ့တွေ့မယ်ဆိုတာ ငါတို့ဘယ်လိုမှ မသိနိုင်ဘူး ၊ တစ္ဆေလှည့်စားလို့ ဝင်္ကပါထဲ တဝဲလယ်လယ်ဖြစ်ပြီး လှေက ဘယ်ကိုရောက်မှန်းမသိ ရောက်သွားတာမျိုး ဖြစ်နိုင်သလို ရေသရဲတွေရာနဲ့ချီရောက်လာပြီး ငါတို့လှေကို တိုက်ခိုက်မှောက်လှန်ပစ်တာမျိုးလည်း ဖြစ်နိုင်တယ်”


သာ့ခွေက သက်ပြင်းတစ်ချက်ရှိုက်သွင်းလိုက်ပြီး ပြောတယ် ။ “ အဲဒီလောက်ကြီးတော့ မဖြစ်လောက်ဘူး မှတ်လား?”


“ အတိုချုပ်ပြောရရင် ဘယ်လိုကိစ္စမျိုးမဆို ဖြစ်သွားနိုင်တယ် ငါတို့ ဒီတစ်ခေါက် သင်္ချိုင်းဖောက်တာမှာ ဂူသင်္ချိုင်းနေရာကိုတောင် မရောက်သေးဘူး ဒီလောက်အန္တရာယ်များတဲ့ ကိစ္စကြီးနဲ့ ကြုံရတာက ကံမကောင်းတာပဲ ၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သင်္ချိုင်းဖောက်ရင် တစ္ဆေမကြောက်နဲ့ တစ္ဆေကြောက်ရင် သင်္ချိုင်းမဖောက်နဲ့ ဒါပဲ ဒီလုပ်ငန်းကို လုပ်ပြီဆိုမှတော့ ထူးဆန်းတဲ့အရာတွေနဲ့ မကြုံတွေ့ဘူးဆိုရင် ဘာအဓိပ္ပါယ်ရှိမှာလဲ” တတိယဦးလေးက ကျောပိုးအိတ်တစ်လုံးထဲက နှစ်လုံးပြူးပြောင်းချော သေနတ်ကိုထုတ်ယူဖို့ ဖန်းကျစ်ကို လက်ဟန်ပြလိုက်ရင်း ပြောတယ် ။ “အခု ငါတို့လက်ထဲမှာ နည်းပညာက ဟိုခေတ်က အရင်လူတွေထက် ပိုမြင့်မားနေပြီ တကယ်ရေသရဲသာဆိုရင်လည်း သူတို့ကံဆိုးတာပဲ!”


သာ့ခွေက ကြောက်လွန်းလို့ တုန်ယင်နေတယ် ။ ကျွန်တော်က တတိယဦးလေးကို ပြောလိုက်တယ် ။ “ ဦးလေးရဲ့ စစ်မထွက်ခင် လှုံဆော်စည်းရုံးစကားက ဘယ်လိုလုပ် သရဲပုံပြင်လိုဖြစ်နေရတာလဲ ? သက်ရောက်မှုက ပြောင်းပြန်ဖြစ်သွားပြီ”


တတိယဦးလေးက သေနတ်မောင်းခလုတ်ကိုဆွဲလိုက်ပြီး “ ဒီကောင်ကတော့ ဒီတစ်ခေါက် ငါ့မျက်နှာကို အိုးမည်းသုတ်လိုက်တာပဲ ဒီလောက်အသုံးမကျမှန်း မထင်ထားဘူး ၊ သူ့အမေကြီးတော်နဲ့မှ မလာခင်ကတော့ စွမ်းအားကြီးမား မဟာလူသားလိုလို ကြွားပြောနေပြီးတော့” လို့ ပြောတယ် ။ 


နောက်တော့ သေနတ်ကို မန့်ယိုဖျင်ဆီ ကမ်းပေးလိုက်ပြီး “ ဒီကောင်က တစ်ခါကို နှစ်ချက်ပစ်လို့ရတယ် ပြီးရင်တော့ ကျည်ပြန်ဖြည့်ရမယ် ဒါတွေအားလုံးက ပြောင်းချောသေနတ်တွေချည်းပဲ ဒါကြောင့် အဝေးကြီးက ပစ်မှတ်အတွက်ဆိုရင်တော့ အစွမ်းသိပ်မရှိဘူး သေချာချိန်ပြီးတော့မှ ပစ်ပါ” လို့ ပြောလိုက်တယ် ။


ကျွန်တော်က နှစ်လုံးပြူးပြောင်းချောသေနတ်နဲ့ အတော်လေးရင်းနှီးတယ် ။ ငယ်ငယ်က skeet and trap shooting မှာ ဆုတောင်ရဖူးတယ် ။ ဒါကြောင့် သေနတ်ကို ကောင်ကိုင်ထားလိုက်တယ် ။ တတိယဦးလေးနဲ့ သာ့ခွေတို့က လက်တစ်ဖက်မှာ စစ်သုံးဓားမြှောင်နဲ့ ကျန်လက်တစ်ဖက်က လှေလှော်ရာမှာသုံးတဲ့ ခေါက်ဂေါ်ပြားတွေကို ကိုင်ထားကြတယ် ။ ဖန်းကျစ် ၊ ကျွန်တော်နဲ့ မန့်ယိုဖျင်တို့က သေနတ်တွေကိုင်ထားရင်း မီးစုန်းအလင်းများရှိရာ အလောင်းကျင်းဆီကို ဖြည်းဖြည်းချင်း ဦးတည်လှော်ခတ်သွားကြတော့တယ် ။ 


သတ္တုတွင်းသုံးမီးအိမ်ရဲ့ ခပ်ဖျော့ဖျော့ အလင်းရောင်အောက်မှာ ဒီဂူက တဖြည်းဖြည်းနဲ့ ကြီးမားကျယ်ပြန့်လာတာကို ကျွန်တော်တွေ့လိုက်ရတယ် ။ အဲဒီမီးစုန်းအလင်းရောင်တွေနဲ့ ပိုနီးသထက်နီးလာတဲ့အခါ အရင်ဆုံး ဘေးက မန့်ယိုဖျင်ဆီက ကျွန်တော်နားမလည်တဲ့ ဘာသာစကားတစ်ခုနဲ့ တိုးတိုးရေရွတ်သံကို ကြားလာရပြီးနောက် ဖန်းကျစ်ရဲ့ ခပ်ကြမ်းကြမ်း ဆဲရေးသံကိုလည်း ကြားလိုက်ရပြန်တယ် ။ အဲဒီနောက် ကျွန်တော် တစ်သက်လုံး မေ့မရနိုင်တော့မယ့် မြင်ကွင်းမျိုးကို မြင်တွေ့လိုက်ရတော့တယ် ။ 


အစိမ်းရောင်အလင်းတွေ တောက်နေတဲ့ ဂူရဲ့ ဒီအစိတ်အပိုင်းက ပွင့်လန်းသာယာလာပြီး အင်မတန်ကြီးမားတဲ့ သဘာဝ ကျောက်လှိုဏ်ဂူကြီးအဖြစ် ပြောင်းလဲလာတယ် ။ ရေလမ်းကြောင်းလေးဟာလည်း ကျောက်လှိုဏ်ဂူအတွင်းက မြစ်တစ်စင်းအဖြစ် ပြောင်းလဲလာပြီး မြစ်ကြောင်းရဲ့ ဘေးနှစ်ဖက်က ရေတိမ်သောင်ပြင်ပေါ်မှာ လူလား တိရိစ္ဆာန်လားတောင် ခွဲခြားလို့ မရနိုင်တော့တဲ့ စိမ်းဖန့်ဖန့်အလောင်းကောင်တွေချည်းပဲ ။ ဂူရဲ့ အတွင်းကျကျအပိုင်းမှာ လူက သေသေချာချာ စုပုံစီရီပေးထားသလို ထင်ရတဲ့ လုံးဝ စီစီညီညီရှိနေတဲ့ အရိုးခေါင်းတွေ အတန်းလိုက် အတန်းလိုက် ရှိနေတာကို မြင်နိုင်တယ် ။ ဒါပေမဲ့ အပြင်ဘက်ပိုင်းမှာတော့ ပိုပြီး ရှုပ်ရှုပ်ထွေးထွေး စုပုံနေကြတယ် ။ အထူးသဖြင့် မြစ်ကမ်းဘေးတလျှောက်ပေါ်မှာပေါ့ ။ ပုံစံမျိုးစုံနဲ့ ရှိနေပြီး လုံးဝ ပုပ်သိုးမသွားသေးတဲ့ အလောင်းတွေလည်း အများကြီးရှိနေသေးတယ် ။ အဲဒီအလောင်းကောင်တွေရဲ့ အပြင်ဘက်ပိုင်းမှာ မီးခိုးရောင်အလွှာပါးပါးတစ်ထပ် ဖုံးလွှမ်းနေပြီး သူတို့ရဲ့ ကိုယ်ခန္ဓာပေါ်မှာ ပလက်စတစ်တစ်ထပ် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထုတ်ပိုးထားသလို ထင်ရတယ် ။ တစ်ခါတစ်လေ ဧရာမအလောင်းစားပိုးကောင်ကြီးတွေဟာ အလောင်းတွေထဲကနေ ဖောက်ထွက်လာတတ်ပြီး အဲဒီအလောင်းစားပိုးကောင်တွေဟာ ကျွန်တော်တို့ လှေဦးပေါ်က ကောင်ထက်တော့ အတော်လေး သေးငယ်ပေမဲ့ ပုံမှန်အလောင်းစားပိုးကောင်တွေထက်တော့ လေးငါးဆပိုကြီးမားတယ် ။ အလောင်းစားပိုးကောင်ငယ်လေးတွေဟာ အစာဝေစုလာယူကြပေမဲ့ အလောင်းကောင်ပေါ် တွယ်တက်လိုက်တာနဲ့ ဟိုအလောင်းစားပိုးကောင်ကြီးတွေက အကောင်ငယ်တွေကို ကိုက်သတ် စားသောက်ပစ်လိုက်တော့တယ် ။ 


“ ဒီအလောင်းတွေ အများစုက မြစ်အထက်ပိုင်းကနေ မျောပါလာပြီး ဒီမှာ လာသောင်တင်နေတာပဲ ။ အားလုံးသတိထားကြ ဘေးဘီဝဲယာမှာ ထူးခြားတဲ့ အရာတွေ ရှိမရှိ ကြည့်ကြည့်”


“ကြည့်လိုက်” သာ့ခွေက မျက်စိလျင်လျင်နဲ့ ဘေးက တောင်နံရံပေါ်ကို လက်ညိုးထိုးပြတယ် ။ ကျွန်တော်တို့ လှည့်ကြည့်လိုက်တဲ့အခါ စိမ်းရောင်သန်းသန်း ကြည်လင်နေတဲ့ သလင်းကျောက်အခေါင်းတစ်ခုကို တောင်နံရံမှာ ထောင့်မှန်အနေအထားနဲ့ ကျောက်နံရံထဲကို အနည်းငယ်ထည့်သွင်းမြှုပ်နှံ ချိတ်ဆွဲထားတာကိုတွေ့ရတယ် ။ မြင်ရပုံက အခေါင်းဟာ လေဟာနယ်ထဲမှာ မျောလွင့်နေသလိုလိုနဲ့ အခေါင်းထဲမှာ အဖြူရောင်ဝတ်ဆင်ထားတဲ့ အမျိုးသမီးအလောင်းတစ်ခု ရှိနေသလိုပဲ ။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ သိပ်ဝေးလွန်းတာကြောင့် သေသေချာချာ မမြင်ရဘူး ။ 


“ ဟိုဘက်မှာလည်း ရှိတယ်” ဖန်းကျစ်က အခြားတစ်ဖက်ကို လက်ညိုးထိုးပြတယ် ။ ကျွန်တော်တို့ ကြည့်လိုက်တော့ တောင်နံရံရဲ့ အခြားတစ်ဖက် တူညီတဲ့နေရာမှာပဲ အလားတူ ကျောက်သလင်းအခေါင်းတစ်ခု ရှိနေပြီး အထဲမှာတော့ ဗလာကျင်းနေခဲ့တယ် ။ 


တတိယဦးလေးက ပင့်သက်ရှိုက်လိုက်ပြီး ပြောတယ် ။ 


“အလောင်းက ဘယ်ရောက်သွားတုံး?”


“ဇမ်ဘီ ဖြစ်သွားတာလား?” သာ့ခွေက မေးတယ် ။ “ တတိယသခင် ဒီနေရာမှာ ဇမ်ဘီတော့ မရှိနိုင်လောက်ဘူးလေ ဟုတ်တယ်မဟုတ်လား?”


“ မင်းတို့တွေ အားလုံး သတိထားကြ တကယ်လို့ လှုပ်နေတဲ့ အရာတစ်ခုခုတွေ့ရင် ဘာမှမေးမနေနဲ့ အရင်ပစ်” လို့ တတိယဦးလေးက ပတ်ဝန်းကျင်ကို သတိနဲ့ ကြည့်ရှုရင်း ပြောလာတယ် ။


အဲဒီအချိန် မြစ်ကြောင်းက တစ်ဖက်ကို ချိုးကွေ့သွားပြီး အရိုးတွေပုံထပ်နေတဲ့ နေရာကို ကျွန်တော်တို့ ဖြတ်ကျော်လာခဲ့တယ် ။ သာ့ခွေက အသံကျယ်ကျယ်ထအော်ပြီး လှေပေါ်နောက်လန်လဲကျသွားချိန် အဖြူရောင်ဝတ်ရုံနဲ့ မိန်းမတစ်ယောက်ကို ကျွန်တော်တို့ မျက်စိနဲ့ တပ်အပ်မြင်လိုက်ကြရတယ် ။ သူက ကျွန်တော်တို့ကို ကျောပေးထားပြီး အနက်ရောင်ဆံပင်တွေက ကျောပေါ်ကနေ ခါးလောက်ထိ ဖြာကျနေတယ် ။ သူ့ရဲ့ ဝတ်ရုံ ခါးစည်းက အဆင်တန်ဆာတွေကိုကြည့်ပြီး  ရှီးကျိုးခေတ်က ဖြစ်မယ်လို့ ကျွန်တော် ကောက်ချက်ချလိုက်တယ် ။ ကျွန်တော် အလိုလို တံထွေးမြိုချလိုက်မိပြီး “ အလောင်းက ဒီမှာလေ___” လို့ ပြောလိုက်တယ် ။


“ရပ် ___ရပ်” တတိယဦးလေးက နဖူးကချွေးစေးတွေကို သုတ်လိုက်တယ် ။ “ သာ့ခွေ အိတ်ထဲက မြည်းနက်ရဲ့ခွာကိုထုတ်ပေးစမ်း ! ဒါက နှစ်ပေါင်းတစ်ထောင်လောက်ရှိနေတဲ့ ဇမ်ဘီဖြစ်နိုင်တယ် ၁၉၂၃လောက်က ခွာကို ယူလိုက် အသစ်ဆို သူက ရမှာမဟုတ်ဘူး”


နှစ်ခါလောက်ထပ်ပြောပေမဲ့ သာ့ခွေက လှုပ်ရှားမလာဘူး ။ ကျွန်တော်တို့ နောက်လှည့်ကြည့်လိုက်တဲ့အခါ သူက ပါးစပ်မှာ အမြှုပ်တစီစီနဲ့ အဲ့နားမယ် အကျောဆွဲနေပြီ။ ကျွန်တော့်မယ် အခြေအနေက ခွင့်မပြုလို့သာ မဟုတ်ရင် ထရယ်မိလောက်တယ် ။ 


“ဖန်းကျစ် မင်းသွားယူစမ်း ၊ သူ့အမေကြီးတော်နဲ့မှပဲ နောက်တခါ ငါသူ့ကို ထပ်ခေါ်သွားမိရင် ကိုယ့်ဟာကိုယ်ပဲ ဇမ်ဘီစားခံလိုက်တော့မယ်” 


တတိယဦးလေးက ဖန်းကျစ်ဆီက မြည်းနက်ခွာကို ယူလိုက်ပြီး သူ့လက်ဖဝါးပေါ် တံထွေးနှစ်ခါထွေးလိုက်ရင်း “ ဝူအိမ်က တတိယသခင်ရဲ့ လက်စွမ်းကို ကြည့် ၊ ငါ့တူကြီး သေချာကြည့်ထားနော် ဒီနှစ်တစ်ထောင်ဇမ်ဘီက တွေ့နိုင်ခဲတယ် ငါ မအောင်မြင်ရင် မင်းငါ့ငယ်ထိပ်ကိုသာ တစ်ချက်တည်း ပစ်ပြီး မင့်တတိယဦးလေးကို မြန်မြန်သေရအောင် လုပ်ပေးလိုက်” လို့ ပြောလာတယ် ။


ကျွန်တော်သူ့ကို ဆွဲထားလိုက်တယ် ။ “ ဦးလေးဟာက ပိုင်နိုင်မှုရော ရှိလို့လား” 


တကယ်တော့ ကျွန်တော်သိပ်ကြောက်မနေခဲ့ဘူး ။ အရင်က ဒီလိုအဖြစ်မျိုး မကြုံဖူးထားတော့ အဲဒီတကိုယ်လုံး အဖြူဝတ်ထားတဲ့ သွယ်သွယ်နွဲ့နွဲ့ အမျိုးသမီးရဲ့ ကျောပြင်က အနည်းငယ် ဝမ်းနည်းစရာကောင်းနေသလို ထင်မိတယ် ။ ဒါပေမဲ့ ပုံမှန် ထိတ်လန့်သည်းဖို ရုပ်ရှင်ကားတွေထဲမှာ အဲဒီလို ဆံပင်ရှည်နဲ့ အဖြူရောင်ဝတ် မိန်းမတွေ တစ်ဖက်လှည့်လာရင် ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး ။ ဒီနေရာမှာ စိတ်ကို လွှမ်းမိုးသက်ရောက်မှု ရှိနေပြီး ကျွန်တော့်နှလုံးက တဒိန်းဒိန်းခုန်နေခဲ့တယ် ။ 


အဲဒီအချိန် မန့်ယိုဖျင်ကလည်း တတိယဦးလေးရဲ့ ပုခုံးကို တစ်ချက်ပုတ်ပြီး ပြောလာတယ် ။ 


“ မြည်းနက်ခွာက အလောင်းကောင်တွေကို ရင်ဆိုင်ရာမှာ သုံးတာမှန်တယ် ဒါပေမဲ့ ဒီကောင်က အလောင်းကောင်မဟုတ်ဘူး ကျွန်တော်ကိုင်တွယ်လိုက်ပါ့မယ်”


သူက အိတ်ထဲကနေ ရှည်မျောမျောအရာတစ်ခုကို ထုတ်ယူလိုက်တယ် ။ အဲဒါဟာ ကျွန်တော့်တတိယဦးလေးဆီက သူဝယ်သွားခဲ့တဲ့ နဂါးကျောရိုးအဆင့် ရှေးဟောင်းပစ္စည်းမှန်း ကျွန်တော်မှတ်မိလိုက်တယ် ။ သူက အဲဒီအရာကို ပတ်ထားတဲ့ ပိတ်ကို ဖြေချလိုက်တဲ့အခါ အထဲမှာ နက်မှောင်နေတဲ့ ရှေးဟောင်းဓားတစ်ချောင်းရှိနေတယ် ။ ကြည့်ရတာ သံနက်နဲ့ ပြုလုပ်ထားပုံရတယ် ။ 


သူက ဓားနဲ့ သူ့လက်ခုံပေါ် တစ်ချက် ခြစ်လိုက်ပြီး လှေဦးမှာ ရပ်ကာ သွေးစက်တွေကို ရေထဲ တစ်စက်တစ်စက်ကျသွားစေတယ် ။ သွေးတစ်စက် ရေထဲကျလိုက်တာနဲ့ အလောင်းစားပိုးကောင်တွေအားလုံးဟာ တစ္ဆေတွေ့လိုက်သလို အလောင်းကောင်တွေထဲကထွက်ပြီး ကျွန်တော်တို့လှေနဲ့ ဝေးဝေးဆီကို အသည်းအသန် ပြေးသွားကုန်တော့တယ် ။ တခဏအတွင်းမှာပဲ ကျွန်တော်တို့ လှေပတ်ပတ်လည် ရေထဲကအလောင်းစားပိုးကောင်တွေရော အလောင်းတွေထဲက အလောင်းစားပိုးကောင်တွေရော အားလုံးဟာ အရိပ်တောင် မကျန်အောင် ထွက်ပြေးသွားကုန်ကြတော့တယ် ။ 


တစ်ခဏအတွင်းမှာပဲ မန့်ယိုဖျင်ရဲ့ လက်တစ်ခုလုံးဟာ သွေးတွေနဲ့ ရွှဲနစ်လာတယ် ။ သူက အဲဒီသွေးရွှဲစိုနေတဲ့လက်နဲ့ အဖြူရောင်ဝတ်အမျိုးသမီးဆီ လက်ညှိုးညွှန်လိုက်တယ် ။ အဲဒီအမျိုးသမီးဟာ ရုတ်ခြည်း ဒူးထောက်ကျသွားတော့တယ် ။ ကျွန်တော်တို့အားလုံး အံ့ဩတကြီးနဲ့ ငိုင်ကျသွားကုန်တယ် ။ မန့်ယိုဖျင်က တတိယဦးလေးကို ပြောလိုက်တယ် ။ 


“ မြန်မြန်သွား လုံးဝနောက်လှည့်မကြည့်နဲ့ !”


အဲဒီအမျိုးသမီးက ဘယ်လိုပုံစံလည်းလို့ ကျွန်တော်အရမ်း ကြည့်ကြည့်ချင်ပေမဲ့ လှည့်ကြည့်လိုက်ရင် မာတောင့်တောင့်အလောင်းကောင် မျက်နှာကြီးများ ဖြစ်နေမလား တွေးမိပြီး အရဲမစွံ့တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ။ တတိယဦးလေးနဲ့ ဖန်းကျစ်တို့ဟာ လှေကို အသည်းအသန်လှော်ခတ်လာလိုက်တာ နောက်ဆုံးတော့ ရှေ့မှာ တဖြည်းဖြည်းသေးငယ်သွားတဲ့  လှိုဏ်ခေါင်းဝတစ်ခုကို တွေ့လိုက်ရတယ် ။ အဲဒီလှိုဏ်ခေါင်းက ကျွန်တော်တို့ ဝင်လာခဲ့တုန်းက လှိုဏ်ခေါင်းနဲ့ သိပ်မကွာလှဘူး ။ ကြည့်ရတာ ဒီဂူကြီးက တောင်ရဲ့ အလယ်တည့်တည့် ဖြစ်လောက်တယ် ။ ဘေးနှစ်ဖက်က တူးလာပြီးတဲ့ နောက်မှ ဒီရေလမ်းကြောင်း ရှိလာခဲ့ပြီး နှစ်ဖက်လုံးမှာ ရှိတဲ့ ဝင်ပေါက်ထွက်ပေါက်တွေက သေးငယ်လွန်းတဲ့ ဆံခြည်မျှင်လို ဖွဲ့စည်းတည်ဆောက်ပုံမျိုးဖြစ်နေတာ ဖြစ်မယ် ။ နှစ်ဘက်လုံးက ရေမျက်နှာပြင်က လှိုဏ်ခေါင်းလမ်းကြောင်းကို လွှမ်းသွားရင်တောင် အတွင်းထဲမှာ ခြောက်သွေ့နေအောင် ထိန်းသိမ်းထားနိုင်သေးတယ် ။ 


ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ သင်္ချိုင်းဖောက်သမား လှိုဏ်ခေါင်းထဲ ဝင်လာကြပြီး ခေါင်းမငုံလို့ မရတော့ပြန်ဘူး ။ သင်္ချိုင်းဖောက်သမား လှိုဏ်ခေါင်းထဲ မဝင်ခင်မှာ ကျွန်တော် သတိထားခဲ့တယ် ။ နောက်လှည့်မကြည့်ရဘူးလို့ ပြောထားတယ် မဟုတ်လား ။ ကျွန်တော်တို့နောက်ကနေ သူလိုက်လာမလာ ကျွန်တော် ရေထဲက အရိပ်ကို ကြည့်လိုက်ရင် ဖြစ်တာပဲ ။ ဒါပေမဲ့ ကျွန်တော် မကြည့်လိုက်မိရင်ကောင်းသား ။ ကြည့်လိုက်မိတာ တစ်ခါတည်း နှလုံးရပ်ချင်သွားတယ် ။ ရေထဲက အရိပ်ထဲမှာ ဘာမှန်းမသိတဲ့ဟာကြီး ကျွန်တော့်ကျောပေါ်မှာ တလျှောက်လုံး တွယ်ကပ်ပါလာနေခဲ့တာ ။ ကျွန်တော် ထအော်မိတော့မလိုနဲ့ အလိုလိုနောက်လှည့်ကြည့်လိုက်မိလိုက်ချိန် ခေါင်းနောက်ကို ခပ်လေးလေးအရာတစ်ခုနဲ့ ရိုက်ခံလိုက်ရပြီး အရာရာဟာ မည်းမှောင်သွားကာ ဘာမှကို မသိနိုင်တော့ဘူး ။ 



TBC

Wednesday, December 3, 2025

အပိုင်း (၅) - ရေထဲက အရိပ်

 အပိုင်း ၅ - ရေထဲက အရိပ်




“ယိုး~ ငါ့ရဲ့ ဘိုးဘိုးလေးရယ် ၊ ငါ့ကို မခြောက်စမ်းပါနဲ့ ၊ ငါက လူကောင်သာကြီးတာ အဲဒီလိုဘာမှန်းမသိတဲ့အရာဆိုတာကို အကြောက်ဆုံးပဲ ၊ မင်းက ဓားပြတစ်သိုက်လို့ ပြောလာရင်တောင် ငါ သာ့ခွေက အာရုံထဲ မထည့်ဘူး ၊ ဒီဟာက ဘာမှန်းတောင် မသိဘူးဆိုတော့ မင်းကြည့် ငါ့ခြေထောက်တွေတောင် ပျော့ခွေလာပြီ”


ဒီနေရာမှာ ဆက်နေနေလို့ ဘာအကြောင်းမှ မရှိဘူးလို့ ကျွန်တော့်စိတ်ထဲတွေးမိလာတယ် ။ နောက်ပြီး ကျွန်တော့်စိတ်ထဲမှာ မသက်မသာ ခံစားချက်မျိုး တစ်လျှောက်လုံး ပေါ်တလှည့် ပျောက်တလှည့် ဖြစ်နေသေးတယ် ။ ဒီလှိုဏ်ဂူရဲ့ ဖိအားက ကျွန်တော်စိတ်အခြေအနေကို သက်ရောက်မှုဖြစ်စေတာပဲလား ဘာလားတော့ မသိဘူး ။ အဲဒါနဲ့ ကျွန်တော်လည်း ပြောလိုက်တယ် ။


“ဘာပဲဖြစ်ဖြစ် ဂရုစိုက်မနေနဲ့တော့ အခုအရေးအကြီးဆုံးက အမြန်ဆုံးထွက်ဖို့ပဲ ၊ ကျွန်တော်တို့ အခု ရေဆန်သွားနေတာဆိုတော့ နောက်ပြန်ထွက်လိုက်ရင် လာတုန်းကထက် အချိန်ပိုမြန်နိုင်မယ် ၊ ကျွန်တော့်အထင် ကျွန်တော်တို့ ဒီဂူထဲဝင်လာတာ ဆယ်မိနစ်တောင် မရှိတတ်သေးဘူး ၊  ပြန်ထွက်ရင် ဘာမှ ပြဿနာမရှိလောက်ဘူး”


“ဟုတ်တယ် ဟုတ်တယ် တတိယသခင်ငယ်လေး ပြောတာမှန်တယ်” သာ့ခွေက ခပ်မြန်မြန် သံယောင်လိုက်တယ် ။ “ တတိယသခင်လည်း နည်းနည်းပါးပါး ပြောပါဦး ၊ အလွန်ဆုံးမှ ကျွန်တော်တို့ ပြန်ထွက်ပြီးရင်လည်း တောင်ကို ပတ်သွားရရုံပေါ့ ၊ ပစ္စည်းတွေ အကုန်လုံး ကျွန်တော်သယ်မယ် ၊ ကျွန်တော်က အားကြီးပါတယ် ၊ တစ်ရက် နှစ်ရက်ဆိုတဲ့ အချိန်က ဘာမှ သိပ်မကွာပါဘူး ကျွန်တော်တို့ ဂူမြန်မြန်တူးလိုက်ရင် ပြန်ကာမိနိုင်တာပဲ  ဟုတ်တယ် မဟုတ်လား”


တတိယသခင်က မန့်ယိုဖျင်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်ပြန်တယ် ။


“အစ်ကိုလေး မင်းဘယ်လိုထင်လဲ?”


မန့်ယိုဖျင်က တည်ငြိမ်စွာနဲ့ ပြောတယ် ။ 


“အခုမှ ပြန်ထွက်ချင်လို့ မမှီတော့မှာ စိုးရိမ်ရတယ် ၊ ဟိုလူနှစ်ယောက် ကျွန်တော်တို့ကို ပေးဝင်လိုက်တာက ကျွန်တော်တို့ ပြန်ထွက်မရမှန်း သေချာနေလို့ ဖြစ်ရမယ်”


“မထွက်လို့ ဒီမှာပဲ အိုသေဖို့ စောင့်နေရမှာလား ?” 


ဖန်းကျစ်က သူ့ကို ကြည့်လိုက်တော့ မန့်ယိုဖျင်က တစ်ချက်ကြည့်ပြီး တစ်ဖက်လှည့်သွားကာ မျက်လုံးတွေမှိတ်ပြီး အနားယူနေတော့တယ် ။


ဖန်းကျစ်တစ်ယောက် ကြိုဆိုမခံရရှာဘဲ အိမ်ရှင်က တံခါးပါပိတ်သွားသလို ခံလိုက်ရတာကြောင့် မတတ်သာပဲ တတိယဦးလေးကိုသာ ပြောလိုက်ရတယ် ။


“ကျွန်တော်တို့ ဒီအတိုင်းဆိုရင် ရှေ့ဆက်သွားဖို့က မဖြစ်နိုင်ဘူး ၊ အားခွေကိုပဲကြည့် ကြောက်လို့သေတော့မယ် ၊ ကျွန်တော်တို့ နောက်ပြန်လှည့်ရင် အခုဝင်လာတဲ့ လမ်းက သိပ်မရှုပ်ထွေးသေးဘူး ထွက်လို့ ရကောင်းရနိုင်တယ် ၊ တကယ်ကြီး ချီမန်သွမ့်ကျာ (အံ့ဖွယ်တံခါး ဂမ္ဘီရဝင်္ကဘာ) တို့ဘာတို့နဲ့တွေ့တယ်ဆိုလည်း ကျွန်တော်တို့ နည်းလမ်းထပ်ရှာကြတာပေါ့”


“ဒီနည်းလမ်းပဲ ရှိတော့တယ်” တတိယဦးလေးက ခေါင်းညိတ်ရင်း ဖန်းကျစ်ကိုပြောလိုက်တယ် ။ 


“ရှေ့မှာရော နောက်မှာရော မီးအိမ်တစ်ခုစီထွန်း ၊ မင်း ဟိုအမဲလိုက် ရိုင်ဖယ်တွေအားလုံးကို ထုတ်ပိုးလိုက် ၊ ငါနဲ့ အားခွေနဲ့က အဲဒါတွေကို သုံးပြီး လှေထိုးမယ် ၊ ဖန်းကျစ်နဲ့ ငါ့တူနဲ့က နောက်ဘက်ကိုသေချာကြည့်ထား ၊ အစ်ကိုလေး မင်းက ငါ့ကို လမ်းညွှန်ပေး”


ကျွန်တော်တို့အားလုံး သဘောတူလိုက်ကြတယ် ။ ဖန်းကျစ်က သတ္ထုတွင်းသုံးမီးအိမ်တစ်လုံး ထုတ်ယူလိုက်ပြီး ကျွန်တော်တို့ရဲ့ နောက်မှာ ထွန်းလိုက်တဲ့အခါ နောက်ကလှေပေါ်က နွားဟာ မီးအလင်းရောင်စူးသွားတာကြောင့် တစ်ချက်အော်လိုက်တယ် ။ ဖန်းကျစ်တစ်ယောက် ဆဲရေးလိုက်မိတော့တယ် ။


“တတိယသခင် ဒီနွားကို ရေထဲတွန်းချလိုက်မှရမယ် မဟုတ်ရင် ဘယ်လိုမှ လှေထိုးလို့ရမှာ မဟုတ်ဘူးလေ”


စောစောက မီးကို ရှေ့ဘက်မှာပဲ ထွန်းထားခဲ့တာကြောင့် ကျွန်တော်တို့ဟာ သတိမပြုမိတော့ဘဲ မူလက လှေနောက်တစ်စီး နောက်မှာ ဆွဲလာခဲ့သေးတယ်ဆိုတာကို လုံးဝမေ့သွားခဲ့ကြတာလေ ။ အခုမြင်လိုက်တော့မှ အလန့်တကြားဖြစ်သွားကြတယ် ။ ကြည့်ရတာ ဟိုသူခိုးကြီးနှစ်ကောင်က စဉ်းစားတာ တကယ် အကွက်စိပုံပဲ ။ ဒီဂူရဲ့ အမြင့်ကဖြင့် အဲဒီနွားတောင် ထရပ်လို့ မရဘူး ။ နွားကို ရေထဲချဖို့ အသာထား အဲဒီလှေတစ်စီးစာ ပစ္စည်းတွေနဲ့  နွားနဲ့တင် လှေက ရေထဲတော်တော်နစ်ဝင်နေပြီ  ကျွန်တော်တို့ လူတွေပါ ထပ်တက်လိုက်ရင် လှေထိုးနိုင်ဖို့အသာထား လှေတောင်မြှုပ်သွားနိုင်တယ် ။ လက်ရှိပုံစံက နောက်ဖက်က ဒီလှေဟာ ဗူးဆို့ တစ်ခုလို ကျွန်တော်တို့ထွက်ပေါက်ကို ပိတ်ဆို့ထားသလို ဖြစ်နေတော့တယ် ။


အဲဒီအချိန် ဂူရဲ့ နက်ရှိုင်းတဲ့ အတွင်းပိုင်းဆီက ထွက်လာတဲ့ ထူးဆန်းတဲ့ အသံကို ကျွန်တော် နားနဲ့ဆတ်ဆတ်ကြားလိုက်ရတယ် ။ နောက်ပြီး အသံက အရင်တစ်ခေါက်ကြားခဲ့ရတာထက် ပိုပြီး နီးကပ်လာတာ သိသာလွန်းတယ် ။ အဲဒီအသံက မရေမတွက်နိုင်တဲ့ သရဲလေးတွေ ကွယ်ရာမှာ တိုးတိုးတိတ်တိတ် အတင်းပြောနေကြတဲ့ စကားသံတွေလိုပဲ ။ လူကိုအတော်လေး စိတ်မသက်မသာ ခံစားရစေတယ် ။ အားလုံး တိတ်ဆိတ်သွားကြပြီး တစ်ချိန်တည်း ခြောက်ချားဖွယ်ရာ အခြေအနေက အထွပ်ထိတ်ကို ရောက်ရှိလာတယ် ။  ရုတ်တရက်ဆိုသလို ကျွန်တော့်ရဲ့ အာရုံတွေအားလုံးက အဲဒီအသံဆီကိုပဲ ရောက်သွားခဲ့တယ် ။ အကြိမ်ပေါင်းများစွာ အာရုံကို ပြန်စုစည်းဖို့ကြိုးစားပေမဲ့ ချက်ချင်း ပြန်ဆွဲယူသွားခံရပြန်တယ် ။ စိတ်ထဲ မဟန်ဘူး  ဒီအသံက ထူးဆန်းတယ် ! လို့ အော်လိုက်မိသွားတယ် ။ ကျွန်တော့်မှာ သိပေမဲ့လည်း ဘယ်လိုမှ အာရုံပြန်စုစည်းလို့ မရနိုင်ဘူး ။ တစ်ချိန်လုံး ခေါင်းထဲမှာ အဲဒီအသံတွေချည်းပြည့်နေတယ် ။ အဲဒီအချိန် ဘယ်သူက ကျွန်တော့်ကို ခြေထောက်နဲ့ ခပ်ပြင်းပြင်းကန်ထည့်လိုက်တယ်မသိဘူး ကျွန်တော်ဟန်ချက်ပျက်ပြီး ရေထဲပြုတ်ကျသွားတော့တယ် ။  


ချက်ချင်းဆိုသလို ခေါင်းထဲက ထူးဆန်းတဲ့ အသံဟာ ပျောက်ကွယ်သွားတယ် ။ တစ်ချိန်တည်းမှာ ဖန်းကျစ်လည်း ပြုတ်ကျလာတာကို ကျွန်တော် မြင်လိုက်ရတယ် ။ နောက်တော့ တတိယဦးလေးနဲ့ သာ့ခွေ ။ နောက်ဆုံးမှာ မန့်ယိုဖျင်က မီးအိမ်တစ်လုံးနဲ့ ခုန်ချလာတယ် ။ ရေအောက်ထဲမှာဆိုရင် အဲဒီအသံက အတော်လေး ဝေဝါးသွားပြီး ကျွန်တော်တို့အားလုံးအပေါ် ဘာသက်ရောက်မှုမှမရှိတော့ဘူး ။ ဒါပေမဲ့ ရေအောက်ထဲမှာ ရိုးရိုးမျက်စိနဲ့ ဘေးဘီကိုကြည့်ရတာ အတော်လေး မှုန်ဝါးဝါးနဲ့ ။ ကျွန်တော် မျက်လုံးကို မှေးကျဉ်းပြီး ကြည့်တာတောင် ဒူးခေါင်းပဲ မြင်ရတယ် ။ မန့်ယိုဖျင်က ကျွန်တော်တို့ကို ရေအောက်ထဲ လက်ညိုးထိုးပြတယ် ။ ပြီးတော့ မီးထိုးပြတယ် ။ ရေက သိပ်မနက်လှဘူး ။ ရေအောက်ကြမ်းပြင်က သဲဖြူဖြူတွေကိုတောင် မြင်နေရတယ် ။ သူက နေရာတဝိုက်ကို မီးထိုးပြတဲ့အခါ ဘာအပင်မှ မရှိသလို ဘာငါးဘာပုဇွန်မှလည်း ရှိမနေဘူး ။ ကျွန်တော် အသက်အကြာကြီး မအောင့်နိုင်တာကြောင့် ရေပေါ်တက်ပြီး အသက်ရှုလိုက်ရတယ် ။ ကျွန်တော့် မျက်လုံးပေါ်က ရေကို သုတ်ချလိုက်တဲ့ အချိန်မှာပဲ သွေးအလိမ်းလိမ်းနဲ့ မျက်နှာတစ်ခု ဇောက်ထိုးဆွဲထားတာကို ကျွန်တော် မြင်လိုက်ရတယ် ။ မျက်လုံးနှစ်လုံးဟာ ကျွန်တော့်ကို အသေကြီး စိုက်ကြည့်လို့ ။


ကျွန်တော် ဒီတိုင်း သူ့ကို စိုက်ကြည့်နေတော့ သူကလည်း ကျွန်တော့်ကို စိုက်ကြည့်နေတယ် ။


အဲဒီလူက ကျွန်တော့်တို့ကို လှေထိုးပေးတဲ့ သက်လတ်ပိုင်းအရွယ် လှေထိုးသမားမှန်း ကျွန်တော် မှတ်မိလိုက်တယ် ။ ကျွန်တော် ခေါင်းမော့ကြည့်လိုက်တဲ့အခါ သူ့မှာ ကိုယ်ခန္ဓာအပေါ်တစ်ပိုင်းပဲရှိတော့တာကို တွေ့လိုက်ရတယ် ။ ဂူရဲ့ မျက်နှာကျက်ကနေ အမည်းရောင် ပိုးကောင်ကြီးက သူ့ရဲ့ အူတွေကို ကိုက်ဖြတ်နေပြီး အချိန်မရွေး ပစ်ချလိုက်နိုင်တယ် ။ ကျွန်တော် ချက်ချင်းတောင့်ခဲသွားခဲ့တယ် ။ ဒါက ကြောက်စရာဧရာမ အလောင်းစားပိုးကောင်ကြီး မဟုတ်လား ? ဘုရားရေ လူသေကောင်တွေ ဘယ်လောက်များ စားထားလို့ ဒီလောက်ကြီးမားနေရတာတုံး ! ?


အဲဒီအချိန် ဖန်းကျစ်ရဲ့ ခေါင်းကလည်း တစ်ဖက်မှာပေါ်လာတယ် ။ ဒါပေမဲ့ သူက ကျွန်တော့်လောက် ကံမကောင်းရှာဘူး ။ ဘာတွေဖြစ်နေမှန်း သူနားမလည်သေးခင်မှာတင် အဲဒီပိုးကောင်ဟာ “ကွိ”ခနဲ တစ်ချက်အော်ပြီး အလောင်းကို ပစ်ထားခဲ့ကာ သူ့ခေါင်းပေါ်ကို ခုန်တက်လိုက်ပြီးတာနဲ့ ကြီးမားတဲ့ ညှပ်လက်မကြီးနှစ်ခုက ဖန်းကျစ်ရဲ့ ဦးရေပြားပေါ်ကို “ရွှား”ခနဲ ထိုးစိုက်ချလိုက်တော့တယ် ။


အဲဒီ ဖန်းကျစ်ကလည်း ခေသူတော့ မဟုတ်ဘူး ။ အဲဒီလို အခြေအနေမျိုးမှာ သူ့ရဲ့ဘယ်လက်က ဖတ်ခနဲ လှုပ်ရှားပြီးသား ဖြစ်နေခဲ့တယ် ။ လက်ထဲမှာလည်း စစ်သုံးဓားက ဘယ်အချိန်ကတည်းကမှန်းမသိ ရှိနေခဲ့ပြီး ဓားနဲ့ အဲဒီပိုးကောင်ရဲ့ ခြေထောက်အောက်ခြေပိုင်းကို ထိုးစိုက်ချလိုက်ကာ ညှပ်လက်မတစ်ခုကို ဆွဲဖြတ်ပစ်လိုက်တယ် ။ သူ့နေရာမှာ ကျွန်တော်သာဆိုရင်တော့ ပိုးကောင်ကြီး တိုက်ခိုက်တာ ခံရတာနဲ့တင် ယမမင်းကြီး ရှေ့တော်မှောက်မှာ သတင်းပို့နေရလောက်ပြီ ။ အဲဒီပိုးကောင်က ဘယ်ကမှန်းမသိ “ကွိ”ခနဲ အသံတစ်ချက်ထုတ်အော်လိုက်ပြီး ကျန်ညှပ်လက်မတစ်ဖက်နဲ့ အားကို မထိန်းထားနိုင်ဖြစ်နေချိန် ဖန်းကျစ်က အခွင့်ကောင်းယူကာ လက်သီးတစ်ချက်နဲ့ အဝေးကို ရိုက်ထုတ်ပစ်လိုက်တယ် ။ ဒီအဖြစ်အပျက်တစ်ခုလုံးဟာ လျပ်တပြက် မီးတခတ်အတွင်း ဖြစ်ပျက်သွားခဲ့တာဖြစ်ပြီး ဖန်းကျစ်က ကျွန်တော့်ကို မမြင်ဘဲ အဲဒီပိုးကောင်ကို ကျွန်တော့်မျက်နှာပေါ် ပစ်ထုတ်လိုက်တယ် ။ 


ကျွန်တော် စိတ်ထဲက ပစ်ပစ်နှစ်နှစ် ဆဲရေးပစ်လိုက်မိတယ် ။ ဒီဖန်းကျစ်က တော်တော်သစ္စာမဲ့တာပဲ ၊ နေ့တိုင်းတော့ ကျွန်တော့်ကို ဘယ်လို ဘယ်လို ကာကွယ်ပေးမယ်‌ ပြောနေခဲ့ပြီး အခုပြဿနာရှိလာတော့ အသက်ကို နှုတ်ယူမဲ့ဟာကြီး ကျွန်တော်မျက်နှာပေါ် တိုက်ရိုက် ပစ်ပေါက်လိုက်တယ်တဲ့လား ။ ခင်ဗျားမှာမှ စစ်သုံးဓားရှိနေသေးတယ် ဒီဘိုးအေမှာက လက်ဗလာနဲ့ သေပြီပေါ့ ။ အဲဒီပိုးကောင်ကလည်း တကယ် ရက်ရက်စက်စက်ပဲ ။ သူ့ရဲ့ ချွန်ထက်လှတဲ့ လက်သည်းကို သုံးပြီး ကျွန်တော့်မျက်နှာပေါ်မှာ အရေပြားတပိုင်းကို ထိုးခွဲလှီးဖြတ်သွားခဲ့တယ် ။ ကျွန်တော် အံတင်းတင်းကြိတ်လိုက်ပြီး ပိုးကောင်ကို ခါထုတ်ဖို့ကြိုးစားလိုက်တယ် ။ ဒါပေမဲ့ သူ့လက်သည်းတွေမှာ ဆူးထစ်တွေပါမှန်း မသိလိုက်ဘူး ။ သူက ကျွန်တော်အင်္ကျီပေါ်မှာ မြဲမြဲမြန်မြန် တွယ်ချိတ်ထားပြီး လက်သည်းတချို့က ကျွန်တော့်အသားထဲကို တိုက်ရိုက်စိုက်ဝင်သွားတယ် ။ နာလွန်းလို့ ကျွန်တော့်မှာ မျက်ရည်တွေတောင်ထွက်ကျလာတော့တယ် ။


အဲဒီအချိန် မန့်ယိုဖျင်လည်း ရေမျက်နှာပြင်ပေါ် ပေါ်လာတယ် ။ ကျွန်တော် တောင့်မခံနိုင်တော့မှန်း မြင်လိုက်တာနဲ့ အပြေးရောက်လာပြီး ချက်ချင်း ရှည်လျားတဲ့ လက်ချောင်းနှစ်ချောင်းနဲ့ ပိုးကောင်ရဲ့ ကျောဘက်ကို ထိုးစိုက်ချလိုက်တယ် ။ အားတစ်ချက်သုံးလိုက်ပြီး ဆွဲထုတ်လိုက်တာနဲ့ မကာရိုနီဆန်ဆန် ဖြူတူတူ အမျှင်တမျှင်ပါလာခဲ့တယ် ။ သနားစရာ ပိုးကောင်ခမျာ စောစောကလေးတင် အသာစီးအနေအထား ရှိနေခဲ့ရာက တစ်မိနစ်တောင်မကြာလိုက်ဘူး တစ်ချက်တည်း ရပ်ဆိုင်းသွားတော့တယ် ။ ကျွန်တော်က အဲဒီပိုးကောင် အသေကောင်ကို လှေပေါ် ပစ်တင်လိုက်တယ် ။ ခံစားချက်ကတော့ အိပ်မက်တစ်ခုကနေ ပြန်နိုးထလာခဲ့သလိုပါပဲ ။ 


သာ့ခွေက မန့်ယိုဖျင်ကို လက်မထောင်ပြလိုက်ပြီး “အစ်ကိုလေး ၊ ကျွန်တော် သာ့ခွေကတော့ ခင်ဗျားကို တကယ်လေးစားတယ်ဗျာ ၊ ဒီလောက်ကြီးတဲ့ ပိုးကောင်ကြီးကို ခင်ဗျားက အူတွေတောင် ဆွဲထုတ်လာနိုင်တာ မလေးစားပဲ မနေနိုင်ဘူး”


“သွားစမ်း” ဖန်းကျစ်ရဲ့ ခေါင်းပေါ်မှာ သွေးစို့နေရဲ့ အပေါက်ရာနှစ်ခုရှိနေတယ် ။ တော်သေးတာက ဒဏ်ရာက သိပ်မနက်ဘူး ။ သူက အံကြိတ်ထားရင်းနဲ့ပြောတယ် ။ “ မင်းရဲ့ ပညာအရည်အချင်းကတော့လေ အဲဒါကို ပိုးကောင်ရဲ့ အာရုံကြောစနစ်က အာရုံကြောကလာပ်စည်းလို့ ခေါ်တယ် ၊ ဒီကောင်က ပိုးကောင်ကို တစ်ချက်တည်းနဲ့ အကြောသေသွားအောင်လုပ်လိုက်တာ”


“ မင်းပြောတဲ့သဘောက ဒီပိုးကောင်က မသေသေးဘူးပေါ့?” သာ့ခွေက လှေပေါ်ကို ခြေတစ်ဖက်တက်ပြီးပြီ ။ ဒါပေမဲ့ သူဒါကိုကြားတော့ ခြေထောက်ကိုရေထဲပြန်ချလိုက်တယ် ။ 


မန့်ယိုဖျင်က ကိုယ်ကိုယ်တပတ်လှည့်လိုက်ပြီး လှေပေါ်တက်လိုက်တယ် ။ သူက ပိုးကောင်ကို တစ်ဖက်ကို ကန်ထုတ်လိုက်ပြီး ပြောတယ် ။


“သူ့ကို သတ်လို့မရသေးဘူး ၊ ဒီအလောင်းဂူထဲက ထွက်ဖို့ သူ့ကို အားကိုးရဦးမယ်”


“ မင်းပြောတော့ စောစောက အသံက ဒီပိုးကောင်ဆီက ထွက်လာတာဆို?” တတိယဦးလေးက သူ့ကို မေးလိုက်တယ် ။ စောစောက ဒီပိုးကောင်ဟာ အကြိမ်များစွာ အော်ခဲ့ပေမဲ့ မတူသလိုပဲ ။


မန့်ယိုဖျင်က ပိုးကောင်ကို ပက်လက်လှန်လိုက်တယ် ။ သူ့ရဲ့ အမြီးပေါ်မှာ လက်သီးဆုတ်လောက်အရွယ် ချိတ်ပိတ်ထားတဲ့ ဆဋ္ဌဂံကြေးနီခေါင်းလောင်းတစ်လုံးကို ကျွန်တော်တို့ တွေ့လိုက်ရတယ် ။ ဘယ်အချိန်ကတည်းက ပိုးကောက်ရဲ့ ကိုယ်ထဲမှာ ထည့်သွင်းချိတ်ဆွဲထားခဲ့မှန်းမသိနိုင်ဘဲ လက်ရှိမှာတော့ ကြေးနီက အစိမ်းရောင်တောင်သန်းနေပြီး ကြေးညှိတက်ကာ ရစရာမရှိဖြစ်နေခဲ့ပြီ ။ အဲဒီခေါင်းလောင်းရဲ့ မျက်နှာပြင် ခြောက်ခုလုံးမှာ မန္တာန်စာသားတွေ ပြွတ်သိပ်စွာ ထွင်းထုထားတယ် ။ ဖန်းကျစ်က ဒဏ်ရာကို ပတ်တီးစည်းရင်း ခြေထောက်နဲ့ တစ်ချက်ကန်လိုက်တယ် ။ အဲဒီဆဋ္ဌဂံကြေးနီခေါင်းလောင်းဟာ ရုတ်တရက် သူ့ဟာသူ ထလှုပ်လာတော့တယ် ။ 


ခေါင်းလောင်းက ထွက်လာတဲ့ အသံဟာ စောစောက ကြားရတဲ့ အသံနဲ့ အတူတူပဲ ။ ဒါပေမဲ့ စောစောက ကြားရတဲ့ အသံဟာ သိပ်ကိုညင်သာဝေဝါးလွန်းပြီး ငရဲပြည်ကနေ လွင့်မျောထွက်လာခဲ့သလိုနဲ့ အခု ဒါကို နားထောင်ကြည့်လိုက်တော့ သိပ်ကို ရှင်းလင်းပြတ်သားလွန်းနေတယ် ။ ကြည့်ရတာ ဒီခေါင်းလောင်းက အဲဒီအသံရဲ့ ရင်းမြစ်ဖြစ်ပေမဲ့ ကျယ်ပြောလှတဲ့ လှိုဏ်ဂူတွင်းက ပဲ့တင်သံနဲ့ပေါင်းစပ်မှ လူစိတ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိလာနိုင်တာဖြစ်ရမယ် ။ အဲဒီဆဋ္ဌဂံကြေးနီခေါင်းလောင်းထဲမှာ အင်မတန်သေသပ်လွန်းတဲ့ စက်ယန္တရားမျိုး သေချာပေါက်ရှိလိမ့်မယ် ။ နောက်ပြီး နှစ်ထောင်ပေါင်းများစွာကြာသည့်တိုင်အောင် မဆွေးမြေ့ဘဲ ရှိနေတာဟာ ရွှေငွေ သတ္ထုတမျိုးမျိုးနဲ့ လုပ်ထားလိမ့်မယ်လို့ ခန့်မှန်းရတယ် ။ ဒါပေမဲ့ သူက ဘယ်လိုလုပ် သူ့ဟာသူ အသံမြည်လာအောင် လုပ်နိုင်တာလဲ ?


ကျွန်တော် တွေးရခက်နေချိန်မှာပဲ အဲဒီကြေးနီခေါင်းလောင်းဟာ ပိုပြီး ကြမ်းကြမ်းတမ်းတမ်းမြည်လာတယ် ။ကြည့်ရတာ အထဲက ပြဿနာရှိတဲ့ ဝိညာဉ်တစ်ကောင်က သူ့ကို ချုပ်နှောင်ပိတ်လှောင်ထားတဲ့ မှော်ပစ္စည်းထဲက လွတ်မြောက်အောင် ကြိုးစားနေသလိုပဲ ။ စိတ်မကောင်းစရာက ဒီပစ္စည်းက သိပ်သေးလွန်းတာကြောင့် ကျွန်တော့်ကို ရယ်ချင်စိတ်ပေါက်လာစေတယ် ။ ဖန်းကျစ်တစ်ယောက် သူ့ဘဝမှာ ဒီလို နေ့တိုင်း ဒဏ်ရာရနေကျလို ပုံစံမျိုးနဲ့ ဒဏ်ရာကို ကိုယ့်ဟာကိုယ် ကျွမ်းကျင်စွာ ပတ်တီးစည်းလို့ ပြီးသွားတယ် ။ ခေါင်းလောင်းထဲက ကလင်ကလင် ကလောင်ကလောင် နဲ့ အဆက်မပြတ် အသံတွေ ထွက်နေတဲ့အခါ သူက စိတ်ရှုပ်လာဟန်နဲ့ ခေါင်းလောင်းကို ခြေထောက်နဲ့ နင်းဖိထားဖို့ စိတ်ကူးလိုက်တယ် ။ ဒါပေမဲ့ မထင်မှတ်ဘဲ ဒီကြေးနီရဲ့ အပြင်အခွံက သိပ်ကို သက်တမ်းကြာလွန်းနေပြီ ဖြစ်ပြီး အထိအခိုက်မခံတော့ဘူး ။ သူတက်နင်းလိုက်တဲ့အခါ ခေါင်းလောင်းဟာ ခွပ်ခနဲ ကွဲကြေသွားပြီး အထဲက အင်မတန် နံဟောင်တဲ့ စိမ်းရွှင်ရွှင် အရည်တွေ ပန်းထွက်လာတယ် ။ 


တတိယဦးလေးဟာ ဒေါသထွက်သွားပြီး ဖန်းကျစ်ရဲ့ ခေါင်းကို တစ်ချက် ထုပစ်ချင်သွားတယ် ။ ဒါပေမဲ့ သူ့ခေါင်းပေါ်က လတ်လတ်ဆတ်ဆတ် ဒဏ်ရာနှစ်ခုကို သတိရလိုက်ပြီး သူထုလိုက်မှ ခေါင်းလောင်းလို အဖြစ်ဆိုးသွားမှာ စိုးတာကြောင့် မရိုက်ဘဲ ထားလိုက်ပြီး ဆူဆဲလိုက်တော့တယ် ။


“ မင်းဆိုတဲ့ကောင်ကတော့ ခြေထောက်ကို နည်းနည်းပါးပါး သတိထားပါဦးလား ! ဒီပစ္စည်းက အနည်းဆုံးတော့ ရှေးဟောင်းမှော်ပစ္စည်းတစ်ခုပဲ မင်းက ဒီလိုပဲ ခြေထောက်နဲ့ တစ်ချက်တည်း ငါ့ကို ဖြုန်းတီးပေးနေရလား”


“ တတိယသခင်ကလည်း ဒီပစ္စည်းက အဲ့လောက် အထိအခိုက်မခံမှန်း ကျွန်တော်ဘယ်လိုလုပ်သိပါ့မလဲ” 

 

ဖန်းကျစ်ခမျာ မတရားခံရတယ်လို့ ခံစားနေရရှာတယ် ။ တတိယဦးလေးက စိတ်တိုတိုနဲ့ ခေါင်းကိုခါယမ်းလိုက်ပြီး စစ်သုံးဓားမြှောင်ကိုယူကာ ကွဲကြေသွားတဲ့ ကြေးနီခေါင်းလောင်းရဲ့ အပိုင်းအစတွေကို ဖယ်ကြည့်လိုက်တဲ့အခါ အထဲမှာ ပျားအုံသဖွယ် အရွယ်အစားအမျိုးမျိုးနဲ့ ချူလုံးလေးတွေကို တွေ့လိုက်ရတယ် ။ ချူလုံးတွေဟာ အပေါ်ဘက်က သိပ်အနုစိတ်တဲ့ အခေါင်းပွစက်လုံးပုံအရာတစ်ခုဆီမှာ တွယ်ချိတ်ထားပြီး အဲဒီစက်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အပေါက်လေးတွေနဲ့ ပြည့်နှက်နေတယ် ။ အခုတော့ အဲဒီစက်လုံးဟာ နင်းမိလို့ ကွဲကြေသွားခဲ့ပြီး အထဲမှာ နင်းမိလို့ ခေါင်းပြားနေတဲ့ အစိမ်းရောင် ကင်းခြေများတစ်ကောင်ကို တွေ့ရတယ် ။ အဲဒီ ကင်းခြေများဟာ လက်ညှိုးလုံးလောက်ရှိပြီး အစိမ်းရောင်အရည်တွေဟာ အဲဒီကင်းခြေများကိုယ်ထဲက ထွက်လာခဲ့တာပဲ ။ 


တတိယဦးလေးက ဓားဖျားလေးနဲ့ အခေါင်းပွ စက်လုံး အပိုင်းအစကို လှန်လိုက်တဲ့အခါ စက်လုံးရဲ့ ထိပ်က ထွက်လာတဲ့ ပြွန်တစ်ခုကို တွေ့လိုက်ရပြီး အဲဒီပြွန်က စောစောက ဧရာမအလောင်းစားပိုးကောင်နဲ့ တိုက်ရိုက် ဆက်သွယ်ထားတာကို တွေ့လိုက်ရတယ် ။ သူက ပြောတယ် ။


“ဒီကင်းခြေများ ဗိုက်ဆာလာတဲ့အခါ ဒီပြွန်အတိုင်း အလောင်းစားပိုးကောင်ရဲ့ အစာအိမ်ထဲဝင်သွားပြီး အထဲမှာ အစာစားတာဖြစ်ရမယ် ၊ ဒီလို သဟဇီဝ စနစ်မျိုးကို ဘယ်လိုများတီထွင်နိုင်ရတာလဲ?”


လှေထိုးသမားရဲ့ ကိုယ်တပိုင်းပြတ်အလောင်းဟာ ရေပေါ်မှာ ပေါလောမျောနေပြီး မြုပ်ချည် ပေါ်ချည်နဲ့ ။ တတိယဦးလေးက သက်ပြင်းချလိုက်ပြီး “ ဒါက ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန် ဆိုတာမျိုးပဲ သူတို့က ငါတို့ကို ဒီအလောင်းဂူထဲမှာ ပစ်ထားခဲ့ပြီး ငါတို့သေမဲ့အချိန်ကို စောင့်နေမှာ သေချာတယ် ပြီးမှ ပြန်လာပြီး ငါတို့ပစ္စည်းတွေကို သိမ်းယူမှာ ၊ ဒီနေ့တော့ ထင်မထားတဲ့ ဘယ်လိုကိစ္စရပ်မျိုးနဲ့ ကြုံတယ်မသိဘူး ကိုယ့်ဟာကိုယ်ပဲ ဒီအလောင်းစားပိုးကောင်ရဲ့ လက်ထဲမှာ သေသွားရတယ် တကယ် သူ့ထိုက်နဲ့သူ့ကံပဲ ”


“ဒါကို တိုက်ဆိုင်မှု မရှိဘဲနဲ့ ဇာတ်လမ်းတွေ ဖြစ်မလာဘူးလို့လည်း ခေါ်တယ် ၊ ကြည့်ရတာ ကျွန်တော်တို့ ကံက သိပ်ဆိုးပုံမရဘူးပဲ” လို့ ကျွန်တော်ဝင်ပြောလိုက်တယ် ။ 


ဖန်းကျစ်က ခေါင်းကို ခါယမ်းလိုက်ပြီး ပြောတယ် ။


“ အဲ့ဒီအကောင်ရဲ့ ညှပ်လက်မအားက အချိန်တိုအတွင်း လူကိုယ်ခန္ဓာကို နှစ်ပိုင်းပြတ်ထွက်သွားလောက်အောင် အားမရှိလောက်ဘူး ၊ သူ့မှာသာ အဲ့ဒီလောက်အားရှိရင် ငါ့ဦးနှောက်က သူနှိုက်ထုတ်သွားလောက်ပြီပဲ ၊ ငါ့အထင် အဲ့ကောင်မျိုး တစ်ကောင်တည်း မကလောက်ဘူး ဒီတစ်ကောင်က အလောင်းနှစ်ပိုင်းပြတ်သွားပြီးနောက် သူ့ဟာသူ တစ်ကောင်တည်းစားချင်လို့ သယ်လာတာဖြစ်ရမယ်”


လက်ရှိမှာ စိတ်အေးလက်အေး ဖြစ်နေပြီဖြစ်တဲ့ သာ့ခွေတစ်ယောက် ဒီစကားကြားတဲ့အခါ တံထွေးကို ဂလုခနဲ မျိုချမိသွားတယ် ။ 


“ မကြောက်နဲ့ ၊ စောစောက ဒီကအစ်ကိုလေး ပြောတယ်မဟုတ်လား ငါတို့ ဒီကောင်ကို အားကိုးပြီး ဂူအပြင်ကို ထွက်လို့ ရတယ်လို့ ! ငါတို့ ဒီအလောင်းစားပိုးကောင်ကို လှေဦးမှာ တင်ပြီး ငါတို့အတွက် သူ့ကို လမ်းဖွင့်ခိုင်းလိုက်တာပေါ့ ၊ ဒီကောင်က တသက်လုံး အလောင်းကောင်တွေစားလာတာ ယင်ဓာတ်က သိပ်ပြီး သိပ်သည်းလွန်းတော့ ဟိုအလောင်းကောင်တွေ ဘာတွေကို ဒုက္ခပေးနိုင်စွမ်းရှိတယ် ၊ ဒီဂူထဲမှာ သူတို့က အုပ်စိုးသူလို့ ယူဆရတော့ ဒီကောင်ငါတို့လှေပေါ်မှာ ရှိနေရင် သေချာပေါက် ငါတို့ ဒီကနေ ထွက်သွားနိုင်လိမ့်မယ်” လို့ တတိယဦးလေးက ပြောလာတယ် ။ 


“လာကြ ! ငါတို့ နောက်ပြန်မလှည့်တော့ဘူး ဒီလိုပိုးကောင်ကြီးမျိုး မွေးထုတ်ပေးနိုင်တာ ရှေ့က ဘယ်လို နေရာမျိုးလည်းလို့ ငါကြည့်ကြည့်လိုက်စမ်းမယ်”


တတိယဦးလေးပြောတာကို နားထောင်ပြီး ကျိုးကြောင်းသင့်တယ်လို့ ကျွန်တော်လည်း ထင်မိတယ် ။ တွက်ကြည့်ရင် ကျွန်တော်တို့ ဒီဂူထဲ ရောက်နေတာ အချိန် မနည်းတော့ဘူး ။ ဒီလို ခေါင်းတောင် မမတ်နိုင်တဲ့ နေရာမျိုးက သိပ်ဆိုးဝါးလွန်းတယ် ။ ကျွန်တော်တို့ဟာ နောက်က ပစ္စည်းထုတ်တွေထဲက ခေါက်ဂေါ်ပြားတွေ ထုတ်ယူပြီး လှော်တက်အဖြစ် အသုံးပြုကာ ကျောက်နံရံတစ်လျှောက် လှော်ခတ်ရင်း ဂူအတွင်းပိုင်းဆီသို့ ဦးတည် ချီတက်ခဲ့ကြတယ် ။ 


ကျွန်တော် လှေလှော်ရင်း ဘေးက ဂူနံရံတွေကိုကြည့်ရှုလေ့လာနေခဲ့ရာက ရုတ်တရက်ဆိုသလို မေးခွန်းတစ်ခု ပေါ်လာခဲ့တာကြောင့် တတိယဦးလေးကို မေးလိုက်တယ် ။


“ ဦးလေးကြည့် ဒီနံရံ တစ်ခုလုံးက ကျောက်သားတွေချည်းပဲကို ရှေးတုန်းက သင်္ချိုင်းဖောက်သမားတွေက ဘယ်လိုများ တူးခဲ့ကြတာတုံး? အခုနေဆိုရင်တောင် ဒီလောက်နက်တဲ့ ဂူမျိုးတူးဖို့ လူရာနဲ့ချီမက လိုလိမ့်မယ်ထင်တယ်”


တတိယဦးလေးကပြောတယ် ။


“ မင်းကြည့် ဂူက ဒီလောက်ဝိုင်းတာ တော်တော်ကို ရှေးကျနေပြီ ၊ အဲဒီတုန်းက ဒီဂူကို တူးတာ အထူးတလည် ​သင်္ချိုင်းတူးတဲ့ စစ်တပ်အဖွဲ့ အရာရှိမင်းတွေ ဖြစ်ရမယ် ၊ ဒီပုံစံအတိုင်းဆို ငါတို့ မြေပုံပေါ်မှာ မှတ်သားထားတဲ့ဂူကို ရှာဖို့က ထင်သလောက်မလွယ်ကူမှာ စိုးရတယ်”


“ တတိယသခင်က အဲဒီဂူရှိနေတုန်းပဲလို့ ဘာလို့ ဒီလောက်သေချာနေရတာလဲ ၊ သူများတွေကဖြင့် စစ်တပ်တစ်တပ်လုံးလာပြီး ဒီလောက်ရှည်တဲ့ ဂူကြီး တူးသွားတာကိုပဲကြည့် ၊ ပြောမရဘူး ပစ္စည်းတွေအားလုံး သူများယူသွားလို့ ပြောင်သလင်းခါနေလောက်ပြီ !” သာ့ခွေက ပြောလာတယ် ။ “ ကျွန်တော့် အထင်တော့ ကျွန်တော်တို့ ဝင်သွားတဲ့အခါကျ အခေါင်းဖုံးတောင် မရှိလောက်တော့ဘူးထင်တယ်”


တတိယဦးလေးက တစ်ချက်ညီးတွားလိုက်ပြီး ပြောတယ် ။


“ တကယ်လို့ ဒီဂူက လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက သူများ ခိုးယူသွားပြီးသားဆိုရင်တော့ ငါတို့လည်း ဘာမှ မပြောတတ်ဘူး ဒါပေမဲ့ မင်းသိရမှာက ဒီလှိုဏ်ဂူတွင်းက မြေပုံပေါ်မှာ တိတိကျကျကို ရှိနေတာ ၊ ဒါက ဘာကို ပြောသလဲဆိုရင် ဒီသင်္ချိုင်းတူးသမားဂူက ဂူသင်္ချိုင်းရှင်ကို မြှုပ်နှံတဲ့ အချိန်ကတည်းက ရှိနေနှင့်ပြီးသား ဆိုတာပဲ ၊ ဒီသင်္ချိုင်းတူးသမားဂူရဲ့ သက်တမ်းက ငါတို့ ရှာနေတဲ့ ရှေးဟောင်းဂူမတိုင်ခင်ကဖြစ်မယ် ၊ ပြီးတော့ အဲဒီနေရာမှာ သင်္ချိုင်းဂူ တစ်ခုတည်းလည်း ကချင်မှ ကမယ် ၊ ဘယ်သူသိမှာလဲ ဒီသင်္ချိုင်းတူးသမားဂူက အဲဒီတုန်းက သင်္ချိုင်းဖောက်ဖို့ တူးထားတာဖြစ်နေဦးမယ်”


“ အဲဒါဖြင့် ဆိုလိုတာက” တတိယဦးလေးရဲ့ စကားတွေက လူကို အလိုလို ကျောချမ်းစေမိတဲ့ သဘောရှိမှန်း ကျွန်တော် ခံစားမိတယ် ။ “ ကျွန်တော်တို့ အခု ကြုံတွေ့ရသမျှ အားလုံး ဧရာမအလောင်းစားကောင်ကြီး ဆဋ္ဌဂံကြေးနီခေါင်းလောင်း သူတို့ကို ထိန်းချုပ်တဲ့ အရှင်သခင် အဲဒါတွေအားလုံးက ထီးပြိုင်နန်းပြိုင် ခေတ်ထက် ပိုရှေးကျနေနိုင်တာလား ?”


တတိယဦးလေးက ခေါင်းကို ခါယမ်းလိုက်ပြီး “ ငါပိုပြီး စိတ်ပူတာက ငါတို့ရဲ့ ဒီဂူသင်္ချိုင်းရှင်က ဘာကြောင့် သူ့ရဲ့ သင်္ချိုင်းဂူကို သင်္ချိုင်းတူးသမားလှိုဏ်ခေါင်းတွေ ရှိနေပြီးသားနေရာကို ရွေးချယ်ခဲ့ရတာလဲ ဒါက ဘူမိကြန်အင်ပညာအရ ရှောင်ကျဉ်အပ်တဲ့ ကိစ္စကြီးကို ချိုးဖောက်နေသလိုဖြစ်မနေဘူးလား ?”


မန့်ယိုဖျင်က ရုတ်တရက် လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျွန်တော်တို့ကို တိတ်တိတ်နေခိုင်းကာ ရှေ့ကို လက်ညိုးညွှန်ပြတယ် ။ ကျွန်တော်တို့ရဲ့ သတ္ထုတွင်းသုံး မီးအိမ်အလင်းမရောက်နိုင်တဲ့ နက်ရှိုင်းတဲ့ ဂူအတွင်းပိုင်းဆီမှာ မီးစုန်းအလင်းရောင်တွေ ရှိနေတာကို ကျွန်တော်တို့ မြင်လိုက်ကြရတယ် ။ တတိယဦးလေးက သက်ပြင်းချလိုက်တယ် ။


“ အလောင်းကျင်းကိုတော့ ရောက်ပြီ”



TBC




Translator note 


奇门遁甲 - Qí mén dùnjiǎ - ချီမန်သွမ့်ကျာ - အံဖွယ်တံခါး ဂမ္ဘီရပညာ ဆိုတာ တရုတ်ရိုးရာ ဂမ္ဘီရဗေဒင် အတတ်ပညာ တစ်ခုဖြစ်ပြီးတော့ ရှေးခေတ်အခါက စစ်မဟာဗျူဟာ ၊ စစ်နည်းပရိယာယ်တွေ ရေးဆွဲရာမှာ အသုံးပြုကြပါတယ် ။ ဒီပညာက ရန်သူကို မျက်စိလည်အောင် ၊ မှားယွင်းပြီး ထောင်ချောက်အတွင်း သက်ဆင်းမိအောင် လုပ်နိုင်တဲ့ ပညာရပ်မျိုးပါ ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဒီဘက်ခေတ်မှာတော့ ချီမန်သွမ့်ကျာအတတ်ပညာကို အိမ်ထောင်ဘက်ရွေးချယ်မှု ၊ ကလေးမွေးခြင်း ၊ ခရီးထွက်ခြင်း နဲ့ ကံကြမ္မာတွက်ချက်မှု စတဲ့ နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ ။ 


ချီမန်သွမ့်ကျာ ပညာဟာ နက္ခတ်ဗေဒင်ပညာအပေါ်မှာ အခြေခံထားပြီး တရုတ်ရိုးရာ ရုပ်လွန်ပညာရှုထောင့်အမျိုးမျိုးပါဝင်ပါတယ် ။ ယင်နဲ့ ယန် အယူအဆတွေ ၊ ဓာတ်ကြီးငါးပါး ၊ ပါ့ကွ (八卦) နဲ့ တရုတ်ရိုးရာ အချိန်ပြသင်္ကေတ ၁၀မျိုး ( 天干) ၊ အချိန်ကာလပြအမှတ်လက္ခဏာ ၁၂မျိုး ( 地支 )၊ ရာသီချိန် ၂၄ခု စတာတွေ ပါဝင်ပါတယ် ။ နန်းတော်ကိုးခုက သူ့ရဲ့ အခြေခံဖြစ်ပြီးတော့ အဲဒီမှာ ကောင်းကင်နဲ့ မြေကြီးအပိုင်း ၊ ဝိညာဉ်အပိုင်း ၊ တံခါးရှစ်ပေါက်နဲ့ ကြယ်တာရာ အပိုင်းတို့ ပါဝင်ပါတယ် ။


တံခါးရှစ်ပေါက်မှာလည်း မရဏတံခါး ၊ ရှင်သန်ခြင်း တံခါး ၊ နားနေခြင်း တံခါး ၊ ဒဏ်ရာရခြင်း တံခါး ၊ ထိတ်လန့်ခြင်း တံခါး ၊ ဖွင့်လှစ်ခြင်း တံခါး ၊ ကြည့်ရှုခြင်း တံခါး နဲ့ ထင်ယောင်ထင်မှား တံခါးဆိုပြီး ရှိပါတယ် ။ အဲဒီအရာတွေကို ကြည့်ရှူပြီး အခြေအနေကို တွက်ချက်သုံးသပ်ရတဲ့ ပညာရပ်မျိုး ၊ တစ်ဖက်က ချီမန်သွမ့်ကျာနဲ့ ထောင်ချောက်ဆင်ထားရင်လည်း ဒါတွေအပေါ်ကြည့်ရှုတွက်ချက်ပြီး ချိုးဖျက်နိုင်တဲ့ ပညာရပ်မျိုးပါ ။ 



Sunday, November 23, 2025

အပိုင်း (၄) - အလောင်းဂူ

 အပိုင်း ၄ - အလောင်းဂူ



လာခဲ့တဲ့ လမ်းတစ်လျှောက်လုံး အန္တရာယ်များတဲ့ကိစ္စပေါင်းမနည်း ကြုံခဲ့ရပြီး ဒီအပေါင်းအဖော်တွေဟာ အမှန်တကယ်ကို ကျွမ်းကျင်ထက်မြက်လွန်းတယ် ။ ကျွန်တော် သူတို့ကို အတော်လေး ယုံကြည်မိတယ် ။ ဒါကြောင့် ဖန်းကျစ်ရဲ့ ဒီစကားတစ်ခွန်းက ကျွန်တော့်စိတ်ထဲ လက်ရှိကိစ္စရဲ့ အခြေအနေမှန်ကို သေသေချာချာ နားလည်သဘောပေါက်စေတယ် ။ လူထွားကြီး အားခွေကလည်း ကျွန်တော့်ကို မျက်ရိပ်ပြတယ် ။ အဓိပ္ပါယ်ကတော့ မင်းနောက်မှာပဲ ကျုံ့ဝင်နေ ဘာတွေဖြစ်လာဖြစ်လာ ခေါင်းထွက်မကြည့်နဲ့ ဆိုတာမျိုးပေါ့ ။ ကျွန်တော် ထိန်းမထားနိုင်ပဲ ခပ်မဲ့မဲ့ပြုံးလိုက်မိတယ် ။ ဘာလို့ ခေါင်းထွက်မကြည့်ဘဲ နေရမှာလဲ ? အားခွေဆိုတဲ့ ခင်ဗျားက လက်သီးတစ်ချက်နဲ့တင် နွားတစ်ကောင်ကိုတောင် လဲကျစေနိုင်တာ ၊ ဖန်းကျစ်ဆို ပြောစရာတောင် မလိုဘူး ။ စစ်ပြန် စစ်သားဟောင်းကြီး တစ်ကိုယ်လုံး အမာရွတ်တွေနဲ့ချည်း ပြည့်နေတာ ။ ကျွန်တော်တို့ တတိယဦးလေးကဆို ငယ်ငယ်ကတည်းက တိုက်ခိုက်သတ်ပုတ်ရာမှာ အကြောက်အလန့်မရှိဘူးလို့ ကျော်ကြားတဲ့သူမျိုး ။ နောက် ဟို အသံမထွက်တဲ့ ဝန်ထုတ်ဝန်ပိုး ဆီလုံပုလင်းလေး ၊ သူကိုတော့ ဘယ်လိုကြည့်ကြည့် လူကောင်းသူကောင်းလို့ကို မထင်မိဘူး ။ ပြီးတော့ ကျွန်တော် ။ ရှေးခေတ်က စာပေသမားလေးလိုပုံစံနဲ့ အသုံးမကျဆုံးပဲလေ ။ တတိယဦးလေး ကျွန်တော့်လက်ထဲ ထိုးထည့်ပေးထားတဲ့ စစ်သုံးဓားမြှောင်က  လက်ထဲမှာ အတော်လေးလံနေသလို ခံစားနေရပြီး ဘယ်လိုသုံးရမှန်း မသိနဲ့ စိတ်ထဲတော်တော် ကသိကအောက် မသက်မသာဖြစ်မိတယ် ။


ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဘာပစ္စည်းယူခဲ့ရမလဲ ကျွန်တော်စဉ်းစားနေတုန်းမှာဘဲ လွီတန့်တန့်က တဗွမ်းဗွမ်းနဲ့ ရေပြန်ကူးလာတယ် ။ အဘိုးကြီးက ဆေးတံကို သူ့ဘောင်းဘီပေါ် တစ်ချက်ခေါက်လိုက်ပြီး ပြောတယ် ။


“သွားကြစို့ ၊ လှေလာပြီ”


တကယ်ပဲ လှေကလေးနှစ်စင်းဟာ တောင်နောက်ကနေ ရှေ့နောက်အစဉ်လိုက်ထွက်လာခဲ့တယ် ။ ရှေ့ကလှေပေါ်မှာ သက်လတ်ပိုင်းလူတစ်ယောက် မတ်တပ်ရပ်လျှက်ရှိပြီး လှေထိုးရင်းနဲ့ ကျွန်တော်တို့ကို လှမ်းအော်ခေါ်တယ် ။ လှေက အတန်အသင့်ကြီးမားပြီး ကျွန်တော်တို့အားလုံးအပြင် ပစ္စည်းတွေပါ တင်လို့ ဆန့်နိုင်လောက်တယ် ။ အဘိုးကြီးက နွားရဲ့ လည်ပင်းကို တဖတ်ဖတ်ပုတ်လိုက်ရင်း ပြောတယ် ။


“အားလုံးပဲ ပစ္စည်းတွေ သယ်ပိုးထားစရာမလိုတော့ဘူး ကျုပ် ဒီနွားနဲ့ ပစ္စည်းတွေကို နောက်ကလှေပေါ်တင်လိုက်မယ် ကျုပ်တို့က ရှေ့ကလှေမှာ ထိုင်ကြမယ် လူလည်းသက်သာတာပေါ့”


ဖန်းကျစ်က ရယ်လိုက်တယ် ။


“တချို့ပစ္စည်းတွေက ရေထိလို့မရဘူးဗျ ကိုယ်နဲ့မကွာသယ်သွားတာ အကောင်းဆုံးပဲ ၊ ခဏနေ အဲဒီနွားက ရေထဲခုန်ချပြီး ကျွန်တော်တို့ အကျိုးနည်းကုန်ရင် ဘယ်လိုလုပ်မလဲ?”


အဘိုးကြီးက ပြုံးရင်း ခေါင်းတညိတ်ညိတ်လုပ်နေတယ် ။


“ မင်းပြောတာလည်း ဟုတ်သားပဲ ဒါပေမဲ့ ဒီနွားကလည်း ရေကျွဲမှ မဟုတ်တာ ရေထဲခုန်မချနိုင်ပါဘူး ၊ ခုန်ချသွားရင် ငါအဘိုးကြီး ကိုယ်တိုင် ပစ္စည်းတွေကို ပြန်ပြီးဆယ်ယူလာပေးမယ် မင်းတို့ပစ္စည်းတွေ တစ်ခုမှ မလျော့စေရဘူး”


ပြောရင်း အရင်ဆုံး နွားကိုဆွဲပြီး လှေဆိပ်ဆီဆင်းသွားတယ်  ။ ကျွန်တော်တို့တတွေလည်း ကိုယ့်ပစ္စည်းကိုယ်သယ်ရင်း နောက်က လိုက်ကြတယ် ။  အဲဒီ သက်လတ်ပိုင်းအရွယ်လူက လှေထိုးတာ အတော်လေးကျွမ်းကျင်တယ် ။ ခဏနဲ့တင် ကမ်းကိုဆိုက်လာတယ် ။ 


အဘိုးကြီးက နွားကို ဒုတိယလှေပေါ်တင်လိုက်သခိုက် လှေထိုးသမားကို ကျွန်တော် တစ်ချက်လှမ်းကြည့်လိုက်တယ် ။ သူ့အသားက ခပ်မည်းမည်းနဲ့ အသွင်အပြင်က အတော်လေး သာမန်ပဲ ။ ဒါပေမဲ့ စိတ်ထင်တာလား ဘာလားတော့ မသိဘူး အဲဒီလူကို ကြည့်ရတာ စိတ်ထဲ မသိုးမသန့် ဖြစ်မိတယ် ။ တတိယဦးလေးပြောတဲ့ လူသေအသားစားတဲ့ကိစ္စကို တွေးမိပြန်တော့ သူ့ကိုကြည့်ရတာ ပိုပြီး ကြောက်စရာကောင်းလာခဲ့တယ် ။ 


“ခဏနေ ဂူထဲရောက်တဲ့ အခါကျရင် အားလုံး စကားကို လုံးဝ တိုးတိုးလေးပဲ ပြောကြပါ မြစ်စောင့်နတ်ကို အနှောင့်အယှက် မဖြစ်ပါစေနဲ့”


အဲဒီလူက ပြောတယ် ။


“ အထူးသဖြင့် မြစ်စောင့်နတ်ကို မကောင်းစကား မပြောရပါဘူး”


“ဂူထဲကို ဖြတ်ဖို့ အချိန်ဘယ်လောက် ကြာနိုင်လောက်လဲ”

တတိယဦးလေးက သူ့ကို မေးလိုက်တယ် ။ 


“မြန်ရင်တော့ ငါးမိနစ်လောက်ဆို ရပြီ ၊ အထဲမှာ ရေစီးက အတော်သန်ပြီး အန္တရာယ်များတယ်”


“ ဘာလို့ နှေးတဲ့ အချိန်လို့ ရှိသေးရတာလဲ”


“ ဟုတ်တယ် တခါတလေကျတော့ ဒီရေက ရေဆန်သွားရတယ်လေ ခင်ဗျားကြည့် ကျုပ် စောစောက ရေစုန်အတိုင်း ထွက်လာတာ ဆိုတော့ အခု ကျုပ်တို့ ရေဆန်အတိုင်း ဝင်ရတော့မယ် အဲဒီတော့ အချိန်ကကြာသွားရော ခန့်မှန်းချေ 15မိနစ်လောက်ပေါ့ တချို့အကွေ့တွေက အတော်လေး အန္တရာယ်များတယ်”


“ အထဲမှာ အလင်းရောင်မရှိဘူးလား?”


အဲဒီလူက ခပ်ဟက်ဟက်ရယ်တယ် ။


“ မီးရောင်မရှိ မှောင်မည်းမည်းနဲ့ ဘယ်လိုလုပ် အလင်းရောင်ရှိမှာလဲ လုံးဝမှောင်ပိန်းနေတယ်လို့ ပြောလို့ရတယ်”


ဒါပေမဲ့ သူက သူ့ရဲ့ နားရွက်ကို လက်ညိုးထိုးပြပြီး… 

“ ကျုပ်လှေထိုးလာတာ ဆယ်စုနှစ်ကျော်လာပြီ ဒီလောက်ကတော့ နားသုံးရုံနဲ့ ရတယ်”


“ ဒါဖြင့် ကျုပ်တို့ ဓာတ်မီးသုံးလို့ရလား” 


ဖန်းကျစ်က သူ့လက်ထဲက မိုင်းတွင်းသုံး မီးအိမ်ကို ယမ်းပြပြီး “ ပြဿနာတော့ မရှိဘူး မှတ်လား?” လို့မေးလိုက်တယ် ။ 


“ပြဿနာတော့ မရှိပါဘူး” အဲဒီလူကပြောတယ် ။ “ဒါပေမဲ့ ရေထဲကိုတော့ မထိုးနဲ့ ခင်ဗျားတို့ လန့်သေသွားလိမ့်မယ်”


“ဘယ်လို ?” တတိယဦးလေးက တစ်ချက်ရယ်လိုက်တယ် ။ “ ရေသရဲရှိလို့လား?”


“ရေသရဲက ဘာဟုတ်ဦးမှာတုံး ၊ ဒီရေထဲက အရာက ကျုပ်လည်း မပြောရဲဘူး ၊ ခင်ဗျားတို့ သတ္တိအရမ်းကောင်းရင်တော့ ခဏနေကျ တစ်ချက် ကြည့်ကြည့် ၊ မှတ်ထား တစ်ချက်ကလေးပဲကြည့်နော် ၊ ခင်ဗျားတို့ ကံကောင်းရင် ပိန်းပိတ်အောင်မှောင်နက်နေတဲ့ ရေပြင်ကို မြင်ရမယ် .. ကံမကောင်းရင်တော့ ခင်ဗျားတို့ ကြောက်လန့်ပြီး ရူးသွပ်သွားစေလောက်တဲ့ အရာကို တွေ့ရလိမ့်မယ်”


ပြောနေရင်းနဲ့ အဲဒီဂူဝကို ကျွန်တော်တို့ မြင်လာရပြီ ။ အဲဒီဂူက တောင်နံရံရဲ့ နောက်မှာ ဖုံးကွယ်နေပြီး  ကျွန်တော်တို့ ကမ်းစပ်မှာ ရှိနေတုန်းက မမြင်ရဘူး ။ တလျှောက်လုံး ဂူကြီးတစ်လုံးလို့ တွေးထင်ထားခဲ့သမျှ တကယ်တမ်း မျက်စိနဲ့ တပ်အပ်မြင်လိုက်ရမှ ဒုက္ခပဲလို့တောင် အသံထွက်အော်မိသွားတယ် ။ ဒီဂူက တော်တော်သေးလိမ့်မယ်လို့ မထင်ထားဘူး ။ သေးတာမှ ဒီလှေထက် လေးလက်မလောက်ပဲ ပိုမယ် ။ ထိတ်လန့်စရာ အကောင်းဆုံးက သူ့အမြင့်ပဲ ။ လူက ထိုင်လျှက်နဲ့တောင် ဝင်သွားလို့မရဘူး ။ ကျောကို ကုန်းကွေး ငုံ့ကိုင်းချလိုက်မှ ဝင်နိုင်ရုံလောက်ရှိတယ် ။ ဒီလောက်အကျယ်အဝန်းနဲ့ အထဲမှာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ချုံခိုတိုက်ရင်တောင် ကျွန်တော်တို့ လက်တွေခြေထောက်တွေ ကောင်းကောင်းလှုပ်ရှားလို့တောင် ရမှာမဟုတ်ဘူး ။ ဖန်းကျစ်က ထအော်တော့တယ် ။


“သောက်ကျိုးနဲ ! ဒီဂူက ယုတ်မာလှချည်လား”


“ဒါကကြီးတယ်ပြောရဦးမှာ အထဲမှာ ပိုနိမ့်တဲ့ တဖြတ်ရှိသေးတယ်” လို့ နောက်က အဘိုးကြီးက ပြောလာတယ် ။


တတိယဦးလေးက ဖန်းကျစ်ကို တစ်ချက်ကြည့်လိုက်တဲ့အခါ ဖန်းကျစ်က ဟန်လုပ်ရယ်လိုက်ပြီး “အိုင်းယား .. ဒီလောက်သေးတဲ့ဂူပေါက်နဲ့ အထဲမှာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို လုယက်မယ်ဆိုရင် ထွက်ပြေးချင်တောင် ပြေးလို့လွတ်မယ် မထင်ဘူး”


အဲဒီစကားပြောလိုက်တာနဲ့ လှေထိုးသမားက မသိမသာ လက်အမူအရာတစ်ခုလုပ်လိုက်ပြီး အဘိုးကြီးရဲ့ မျက်နှာအမူအရာပြောင်းလဲသွားတာကို ကျွန်တော်မြင်လိုက်ရတယ် ။ တကယ်ကို ပြဿနာရှိနေတာပဲလို့ ကျွန်တော့်စိတ်ထဲ ပြောလိုက်မိတယ် ။ အဲဒီအချိန် ဝေါခနဲ အသံတစ်ချက်ကြားလိုက်ရပြီး လှေက ဂူထဲကို ဝင်လာခဲ့ပြီ ။ 


ဖန်းကျစ်က သတ္ထုတွင်းသုံးမီးအိမ်ကို ဖွင့်လိုက်တယ် ။ ဂူက ဝင်လာကာစမှာ အလင်းရောင်ရှိနေသေးပေမဲ့ မကြာခင်မှာပဲ အဲဒီအလင်းရောင်က ပျောက်ကွယ်သွားပြီး သတ္ထုတွင်းသုံး မီးအိမ်ရဲ့ အလင်းရောင်သာ ကျန်နေခဲ့တော့တယ် ။


“တတိယသခင် ဒီဂူက သာမန်တော့မဟုတ်ဘူး” အားခွေကပြောတယ် ။ “ဒါက သင်္ချိုင်းတူးသမားတွေရဲ့ ဂူပဲ”


“ရေသင်္ချိုင်းတူးသမားတွေရဲ့ ဂူ ၊ ရှေးကျရင် အဝိုင်း ဒီဘက်ခေတ်နီးရင် လေးထောင့်ပုံတဲ့ ၊ မင်းဒီအက်ကြောင်းရာတွေကိုကြည့် ဒီဂူက သက်တမ်းတော်တော်ကြာနေပြီ ၊ ကြည့်ရတာ ဒီဂူထဲမှာ တခြားကမ္ဘာတစ်ခုလို ထူးဆန်းတဲ့ အရာတွေ ရှိနေနိုင်တယ်”


“အာ .. ဒီကလူကြီးမင်းက အတွေ့အကြုံ တော်တော်လေးများတာပဲ ၊ သူပြောတာမှန်တယ်”


သက်လတ်ပိုင်းလူက လှေဦးမှာ ဒူးတစ်ဖက်ထောက်ရင်း လက်တစ်ဖက်နဲ့ ထိုးဝါးကိုကိုင်ပြီး ဒီနား အစက်ကလေးတစ်စက်ဆွဲသလို ဒီတစ်ဖက်မှာ စုတ်ချက်တစ်ချက်ဆွဲသလိုနဲ့ လှုပ်ရှားနေတယ် ။ ဒါပေမဲ့ ထူးဆန်းတာက သူ့ထိုးဝါးက ရေပြင်နဲ့ မထိသလို သူ့အသက်ရှူသံကလည်း ရေဆန်မှာ လှေထိုးနေရတဲ့သူလို ပြင်းထန်မနေဘူး ။ သူကလှေထိုးရင်းနဲ့ပဲ ဆက်ပြောလာတယ် ။ 


“ပြောသံကြားတာတော့ ဒီတောင်ကြီးတစ်ခုလုံးက ရှေးဟောင်းသင်္ချိုင်းဂူကြီး တစ်ခုပဲတဲ့ ၊ ဒီပတ်ဝန်းကျင်မှာ ရေသင်္ချိုင်းတူးသမားတွေတူးထားတဲ့ ဂူတွေ အရွယ်အစားအမျိုးမျိုး အများကြီးရှိတယ် ၊ ဒီဟာက အကြီးဆုံးနဲ့ အနက်ဆုံးပဲ ခင်ဗျားလည်းမြင်မှာပါ ၊ အဲဒီတုန်းက ရေပြင်က ဒီလောက်မမြင့်လောက်သေးတော့ ဒီလို စိုစွတ်တဲ့ ဂူမဟုတ်လောက်ဘူးထင်တယ် ”


“အာ , ကြည့်ရတာ ခင်ဗျားလည်း ကျွမ်းကျင်သူတစ်ယောက်ပါပဲလား” တတိယဦးလေးက လှေသမားကို ယဉ်ကျေးစွာနဲ့ စီးကရက် ကမ်းပေးလိုက်တယ် ။ သူက ခေါင်းကို ခါယမ်းလိုက်ပြီး ပြောတယ် ။


“ဘယ်က ကျွမ်းကျင်သူကမှာတုံး ကျုပ်လည်း အရင် ဒီကလူတွေပြောတာကြားဖူးတာပါ ၊ အများကြီး ကြားဖူးထားတော့ တစ်ခုနှစ်ခု ပြန်ပြောပြတတ်သွားတာပေါ့.. သိတာကလည်း ဒီလောက် ရိုးရိုးတိမ်တိမ် နည်းနည်းပါးပါးလေးပါပဲ ကျုပ်ကို ကျွမ်းကျင်သူလို့ မပြောစမ်းပါနဲ့ဗျာ”


ဖန်းကျစ်နဲ့ သာ့ခွေတို့ လက်တွေက ကိုယ်စီကိုယ်စီ ဓားတွေပေါ်မှာ တိတ်တဆိတ်တင်ထားရင်းနဲ့ တစ်ဖက်မှာလည်း ဟိုလူနဲ့ ရယ်ကာမောကာ စကားပြောဆိုနေကြတယ် ။ ကြည့်လိုက်ရင် အငွေ့အသက်က လုံးဝ လက်ပွန်းတတီး ရင်းရင်းနှီးနှီး ရှိနေကြဟန်ပေါက်ပေမဲ့ တကယ်တမ်းတော့ လူတိုင်းက အတော်လေး အခြေအနေတင်းမာနေကြတယ် ။ ကျွန်တော်စိတ်ထဲ တွေးနေမိတယ် ။ ကျွန်တော်တို့က ငါးယောက် သူတို့က နှစ်ယောက်တည်း တကယ်တိုက်ခိုက်ကြမယ်ဆို ရှုံးမှာမဟုတ်ဘူးလို့ ။ ဒါပေမဲ့ သူတို့တကယ် လှုပ်ရှားရဲတယ်ဆိုရင်တော့ သေချာပေါက် ပြင်ဆင်လာတာရှိလိမ့်မယ် ။


အဲဒီအချိန် ရုတ်တရက်ဆိုသလို မန့်ယိုဖျင် ( ဆီလုံပုလင်း) က လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီးပြောတယ် ။


“ရှူး ! နားထောင် ၊ တစ်ယောက်ယောက် စကားပြောနေတယ်”


ကျွန်တော်တို့ ချက်ချင်း အသက်အောင့်လိုက်ကြတယ် ။ တကယ်ကိုပဲ ဂူအတွင်းပိုင်းဆီကနေ ရွှီးရွှီးရှဲရှဲ အသံတွေ ထွက်လာတာကိုကြားလိုက်ရတယ် ။ သူတို့ ဘာတွေပြောနေကြလဲဆိုတာ ကျွန်တော်ကြိုးစား နားထောင်ကြည့်ပေမဲ့ နားလည်မလိုလိုနဲ့ နားမလည်ဘူး ။ တခဏမျှ နားထောင်ကြည့်ပြီးတဲ့နောက် သက်လတ်ပိုင်းလှေထိုးသမားကို အဲဒီအသံက ဒီလိုပဲ ဂူထဲကနေ မကြာမကြာ ကြားရလေ့ရှိလားလို့ မေးကြည့်ဖို့ လှည့်ကြည့်လိုက်တဲ့အခါ အဲဒီလူကို ရုတ်တရက်ကြီး မတွေ့ရတော့ဘူး ! နောက်ပြန်လှည့်လိုက်ပြန်တော့ …အကျိုးနဲ … ဟိုအဘိုးကြီးကိုလည်း မတွေ့တော့ဘူး ။


“ဖန်းကျစ် သူတို့ ဘယ်ရောက်သွားတာလဲ” တတိယဦးလေးက အလောတကြီး အော်မေးလိုက်တယ်။


“ မသိဘူး ရေထဲခုန်ချတဲ့ အသံလည်း မကြားမိဘူး” ဖန်းကျစ်လည်း ပြာယာခတ်နေတယ် ။


“စောစောက အသံကြားတာနဲ့ လူက ချက်ချင်း ပျောက်ခြင်းမလှပျောက်သွားတာပဲ”


“သွားပြီ ငါတို့ကိုယ်ပေါ်မှာ အလောင်းကောင်အနံ့မရှိဘူး ၊ ဘာတွေဖြစ်လာမယ်မှန်း မသိဘူး” တတိယဦးလေးက မချင့်မရဲနဲ့ ပြောတယ် ။ 


“ဖန်းကျစ် မင်းဗီယက်နမ်မှာ စစ်တိုက်ခဲ့တုန်းက လူသေအသားတွေဘာတွေ စားဖူးခဲ့သေးလား?”


“နောက်နေပြန်ပါပြီ တတိယသခင်ကလည်း ကျွန်တော် အဲဒီတုန်းက စားဖိုတပ်စိတ်မှာ နေ့တိုင်း ပန်းကန်ဆေးနေရတာပါ” ဖန်းကျစ်က အားခွေကို လက်ညိုးထိုးလိုက်ပြီး ပြောတယ် ။ “ ဖန့်ခွေ (ခွေဝတုတ်) မင်းပဲပြောတော့ မင်းတို့အိမ်က အရင်က လူသားပေါက်စီရောင်းတာဆို မင်းအငယ်တုန်းက အများကြီးစားဖူးမှာသေချာတယ်” 


“ပေါက်ကရတွေ ! ငါ့ဟာငါ လျှောက်လုပ်ကြံထားတဲ့ ဇာတ်ဟ ၊ နောက်ပြီး အဲဒီလူသားပေါက်စီတွေက သူများတွေစားဖို့ရောင်းတာ ၊ ဘယ်သူကရော လူသားပေါက်စီရောင်းပြီး ကိုယ်ဟာကိုယ်ပြန်စားတာမျိုး မင်းတွေ့ဖူးလို့လဲ”


ကျွန်တော် အလျင်အမြန် လက်တွေဝှေ့ယမ်းပြီး ရပ်ခိုင်းလိုက်ရတယ် ။ 


“ခင်ဗျားတို့ သုံးယောက်ပေါင်း အသက်တွေကဖြင့် တစ်ရာ့ငါးဆယ်ကျော်နေပြီ မရှက်ကြဘူးလား”


ကျွန်တော့်စကား ဆုံးဆုံးခြင်း လှေက ရုတ်တရက်လှုပ်ခါသွားတယ် ။ ဖန်းကျစ်က သတ္ထုတွင်းသုံးမီးအိမ်ကို ချက်ချင်းကောက်ယူပြီး ရေထဲထိုးကြည့်လိုက်တယ် ။ ကျွန်တော်တို့ဟာ မီးအလင်းရောင်နဲ့ ရေထဲမှာ ဧရာမ အရိပ်ကြီးတစ်ခု ဖြတ်ကူးသွားတာကို တွေ့လိုက်ကြရတယ် ။


ဖန့်ခွေတစ်ယောက် ကြောက်လန့်တကြားနဲ့ မျက်နှာ ဖြူဆုတ်သွားလေရဲ့ ။ သူက ရေထဲကို လက်ညိုးထိုးပြီး ပါးစပ်အဟောင်းသားနဲ့ စကားတစ်လုံးမှ ထွက်မလာနိုင်ဘူး ။ တတိယဦးလေးက သူလန့်ပြီးမေ့လဲသွားမှာစိုးတာကြောင့် ပါးကို တချက်ရိုက်လိုက်ပြီး အော်ဟစ် ဆူပူလိုက်တယ် ။


“အသုံးကို မကျဘူး ! ဘာမေးရိုက်နေတာတုံး ဟိုကလေးနှစ်ယောက်တောင် ဘာသံမှ မထွက်တာ သူ့အမေကြီးတော်နဲ့မှပဲ ငါ့နောက်လိုက်လာတာဖြင့် နှစ်ပေါင်းကြာနေပြီ ချီးသွားစားနေတာလား ?”


“ အမလေး အမေရေ______ တတိယသခင် ဒီဟာကြီးက ကြီးလွန်းအားကြီးတယ် ၊ ကျွန်တော်တို့အားလုံးကိုဆိုရင်တောင်  သူက စားလို့မဝလောက်ဘူးထင်တယ်”


ဖန့်ခွေက ကြောက်စိတ်မကုန်သေးဘဲ ရေပြင်ကို စိုက်ကြည့်နေတယ် ။ မူလက သူဟာ လှေဘေးဘောင်နားမှာ ထိုင်နေတာ ဖြစ်ပေမဲ့ အခုတော့ ရုတ်တရက် ရေထဲက တစ်စုံတစ်ရာထွက်လာပြီး သူ့ကို ဆွဲသွားမှာ ကြောက်သည့်နှယ် သူ့တင်ပါးကို လှေရဲ့ အလယ်တည့်တည့်ဆီ ရွှေ့လာလိုက်ပြီ ။ 


“ဖွီ” တတိယဦးလေးက သူ့ကို ခပ်ဆိုးဆိုးကြည့်လိုက်ပြီး “ ငါတို့ ဒီမှာ ပစ္စည်းလိုလည်း ပစ္စည်းအပြည့်အစုံ လူဆိုလည်း လူရှိတယ် ၊ ငါ ဝူအိမ်က တတိယသားက သဲကျင်လာတာဖြင့် ကြာကြာလှပြီ ဘယ်လို မကောင်းဆိုးဝါးမျိုး မတွေ့ဖူးလို့လဲ? မင်းဒီမှာ ပေါက်တတ်ကရတွေ လာပြောမနေနဲ့”


ဖန်းကျစ်လည်း အတော်လေးလန့်သွားတယ် ။ ဒါပေမဲ့ သူ့အတွက်က ကြောက်ရွံ့သွားတယ်လို့ ဆိုတာထက် တုန်လှုပ်သွားတယ်လို့ ပြောတာ ပိုမှန်မယ် ။ ဒီလောက်ကျဉ်းမြောင်းတဲ့ နေရာအဝန်းအဝိုင်းထဲမှာ ဒီလောက်ကြီးမားတဲ့ အရာကြီးတစ်ခု ရေအောက်ထဲက ဖြတ်သွားတယ်ဆိုတော့ တခဏတော့ အားလုံး ခေါင်းထဲ ထူထုံသွားကြမှာပါပဲ ။ ဒါလည်း မထူးဆန်းပါဘူး ။ 


ဖန်းကျစ်က ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ပြောတယ် ။


“ တတိယသခင် ဒီဂူထဲက ထူးထူးဆန်းဆန်းနဲ့ ကျွန်တော့်စိတ်ထဲ တမျိုးကြီးပဲ ၊ ဘာပဲဖြစ်ဖြစ် ဒီကနေထွက်ပြီးမှ ဆက်ပြောကြရအောင်ပါ ဟုတ်လား?”


ဖန့်ခွေက ချက်ချင်း သဘောတူဟန်ပြတယ် ။ တကယ်တော့ ကျွန်တော့်စိတ်ထဲမှာလည်း အပြင်ထွက်ဖို့ မျှော်လင့်နေခဲ့တာ ။ ဒါပေမဲ့ ကျွန်တော်က တတိယဦးလေးရဲ့ အိမ်ကလူဆိုတော့ စိတ်ထဲရှိတာ မပြောသေးခင် သူ့အရိပ်အကဲကို စောင့်ရဦးမှာပေါ့ ။ 


အဲဒီအချိန် တတိယဦးလေးက ဟိုမန့်ယိုဖျင်ကို လှမ်းကြည့်လိုက်တယ် ။ သူ့ရဲ့ အကြံဉာဏ်ကို တောင်းခံချင်သလိုပဲ ။ အရင်က တတိယဦးလေးရဲ့ အမူအကျင့်က သိကြားမင်းကိုတောင် မျက်လုံးထဲ ထည့်တာမဟုတ်ဘူး ။ အခုတော့ သူက အဲဒီကောင်လေးကို သတိထားတယ် ။ ကျွန်တော် မအံ့ဩဘဲ မနေနိုင်တာကြောင့် သူဘယ်လို အမူအရာမျိုး ရှိနေမလဲလို့ နောက်လှည့်ကြည့်လိုက်တော့ သူက ကျွန်တော်တို့ ပြောနေတာတွေကို လုံးဝ နားထောင်မနေတာ တွေ့လိုက်ရတယ် ။ ဒါအပြင် သူ့ရဲ့ မူလက ကျောက်ရုပ်လို အသက်မပါတဲ့ ဗလာကျင်းအမူအရာပါ မရှိတော့ဘူး ။ သူ့မျက်လုံး နှစ်လုံးက ရေထဲကို စူးစူးစိုက်စိုက်ကြည့်နေပြီး တစ်စုံတစ်ခုကို အာရုံစူးစိုက်ကာ ရှာဖွေနေသလိုပဲ ။ 


အဲဒီလူက ဘယ်လိုနောက်ခံကလည်းလို့ တတိယဦးလေးကို ကျွန်တော် မေးကြည့်ချင်ပေမဲ့ အခုက အချိန်ကောင်း မဟုတ်သေးဘူး ။ ဒါကြောင့် ဖန်းကျစ်ကိုပဲ တိုးတိုးမေးရတယ် ။ ဖန်းကျစ်ကလည်း ခေါင်းကို အသာယမ်းရင်း မသိကြောင်းပြောတယ် ။ သိသလောက်ကတော့ အဲဒီလူက တော်တော် တော်တယ်ဆိုတာပဲ ။ သူက အဲဒီလူရဲ့ လက်ကို မေးငေါ့ပြရင်း ပြောတယ် ။ 


“ မင်းကြည့် ၊ အဲဒီလက် ၊ နှစ်ပေါင်း ဘယ်လောက်ကြာမှ အဲဒီပုံစံဖြစ်အောင် လေ့ကျင့်လို့ ရနိုင်မှာလဲ?”


အဲဒီအရင်က ကျွန်တော် တကယ်ပဲ အဲဒီလူရဲ့လက်ကို သတိမထားမိခဲ့ဘူး ။ အခုကြည့်လိုက်တော့မှ တကယ်ကို ပုံမှန်မဟုတ်တာ တွေ့လိုက်ရတယ် ။


သူ့ရဲ့လက် ၊ လက်ညိုးနဲ့ လက်ခလယ်က အတော်လေးရှည်လျားတယ် ။ ကျွန်တော် ချက်ချင်းပဲ ရှေးခတ်တုန်းက ပေါ်ထွက်ခဲ့တဲ့ သင်္ချိုင်းဖောက်သမား စစ်ဘက်အရာရှိရဲ့ လက်ချောင်းနှစ်ချောင်းနဲ့ မြေကို စူးစမ်းရှာဖွေတဲ့ စွမ်းရည်ကို သတိရသွားတယ် ။ ကျွန်တော့်အဘိုးရဲ့ မှတ်တမ်းထဲမှာ အဲဒီအကြောင်းနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ မှတ်သားထားတာ ဖတ်ရဖူးတယ် ။ အဲဒီ သင်္ချိုင်းဖောက်သမား စစ်ဘက်အရာရှိတွေကြားမှာ အထူးစွမ်းရည်မြင့်မားသူက ဒီလက်ချောင်းနှစ်ချောင်းပိုင်ရှင်ပဲ ။ အဲဒီလူစွမ်းကောင်းက ထိုက်ရှန်းတောင်လို မြင့်မားတည်ငြိမ်လှပြီး စွမ်းအားလည်း အင်မတန်ကြီးမားတယ် ။ သင်္ချိုင်းဂူထဲက တော်ရုံတန်ရုံ ထောင်ချောက်လေးတွေကို အလွယ်တကူပဲ ချိုးဖျက်နိုင်စွမ်းရှိတယ် ။ ဒီလိုစွမ်းရည်မျိုးကို တဖက်ကမ်းခတ်ကျွမ်းကျင်အောင် လေ့ကျင့်မယ်ဆိုရင် ငယ်စဉ်ကတည်းက လေ့ကျင့်မှရမယ် ။ အဲဒီလေ့ကျင့်မှုကလည်း ဖော်မပြနိုင်လောက်အောင် ပင်ပန်းဆင်းရဲ ခက်ခဲမှုတွေနဲ့ ပြည့်နေမှာ သေချာတယ် ။


သူ့ရဲ့ ဒီလက်ချောင်းတွေမှာ ဘယ်လိုလုပ်နိုင်စွမ်းတွေ ရှိနေလိမ့်မလဲလို့ ကျွန်တော် တွေးနေတုန်းမှာပဲ သူက သူ့ရဲ့ ညာလက်ကို မြှောက်လိုက်ပြီး အလင်းအလျင်နဲ့ ရေထဲကို ထိုးစိုက်ချလိုက်တယ် ။ အဲဒီလှုပ်ရှားမှုက လျင်မြန်လွန်းပြီး လျပ်တပြက်အချိန်အတွင်းမှာပဲ သူ့လက်က ရေပေါ် ပြန်ရောက်လာတယ် ။ သူ့ရဲ့ထူးဆန်းစွာ ရှည်လျားနေတဲ့ လက်ချောင်းနှစ်ချောင်းကြားမှာ မည်းတူးတူး ပိုးကောင်တစ်ကောင်း ညှပ်ပါလာတယ် ။ သူက အဲဒီပိုးကောင်ကို လှေဝမ်းထဲပစ်ချလိုက်ပြီး ပြောတယ် ။


“စောစောကဟာ ဒီဟာ”


ကျွန်တော် ငုံ့ကြည့်မိတော့ သက်မချလိုက်မိတယ် ။ 


“ဒါက ရေပိုးမဟုတ်ဘူးလား ! ဒါဖြင့် စောစောက အရိပ်ကြီးက ဒီရေပိုးတွေအများကြီး ဖြတ်ကူးသွားတာပေါ့”


“ဟုတ်တယ်” အဲဒီလူက သူ့လက်ကို အင်္ကျီနဲ့ သုတ်လိုက်ရင်းပြောတယ် ။


ကျွန်တော်တို့တတွေဟာ သိပ်မယုံကြပေမဲ့လို့ စိတ်အေးသက်သာစွာနဲ့ သက်မချမိလိုက်ကြတယ် ။ ဖန့်ခွေက အဲဒီပိုးကောင်ကို ခြေထောက်နဲ့ တစ်ချက်နင်းလိုက်ပြီးပြောတယ် ။ 


"မင့်မေကြီးတော်နဲ့မှ ငါ့လန့်လို့သေတော့မယ်”


ဒါပေမဲ့ ကျွန်တော်ပြန်စဉ်းစားကြည့်တော့… မဟုတ်သေးပါဘူး ၊ ဒီလောက်ရေပိုးတွေအများကြီး ဘာလို့ တစ်ချိန်တည်း လှုပ်ရှားလာရတာလဲ ? နောက်ပြီး ဒီရေပိုးရဲ့ အရွယ်အစားက ကြီးလွန်းလှချည်လား ! ဟိုမန့်ယိုဖျင်ကလည်း အတော်လေး သံသယမကင်းဟန်ပေါက်နေတယ် ။ ကြည့်ရတာ ဒီပြဿနာကို စဉ်းစားနေသေးသလိုပဲ ။


ဖန့်ခွေက ပိုးကောင်အသေကောင်ကို ဖနောင့်နဲ့ ပေါက်နေတာ အပိုင်းပိုင်းဖြစ်နေပြီ ။ စောစောက သူမျက်နှာပျက်ခဲ့ရတာကို ပြန်ပြီး အဖတ်ဆယ်ချင်ပုံရတယ် ။ တတိယဦးလေးက ပြုတ်ထွက်လာတဲ့ ခြေထောက်တစ်ချောင်းကို ကောက်ယူ နမ်းကြည့်ပြီး အလန့်တကြားနဲ့ ပြောလာတယ် ။ 


“ဒါက ရေပိုးမဟုတ်ဘူး အလောင်းစားပိုးကောင်”


ကျွန်တော်တို့ ကြောင်အ,သွားကြပြီး အခြေအနေမဟန်မှန်း အားလုံးတွေးမိလိုက်ကြတယ် ။ ဒီနာမည်က ကြားရတာနဲ့တင် မင်္ဂလာရှိမနေဘူး ။


“အမလေး ဘွားဘွားရေ ! အဲဒီဟာက အပုတ်အသိုးအသားတွေကို စားတာ အသေကောင်တွေရှိတဲ့နေရာဆို သိပ်ပေါတယ် ၊ ကောင်းကောင်းစားရလေလေ ကြီးထွားလေလေပဲ ၊ ဒီပုံအတိုင်းဆိုရင်တော့ ရေညာပိုင်းဘက်မှာ အလောင်းတွေ စုပုံ မြှုပ်နှံထားတဲ့ နေရာရှိလိမ့်မယ် ၊ ပြီးတော့ နေရာက အရမ်းလည်းကြီးလိမ့်မယ်”


တတိယဦးလေးက ပိန်းပိတ်အောင်မှောင်နေတဲ့ ဂူဘက်ကို စိုက်ကြည့်ရင်းပြောတယ် ။


“အဲဒီဟာက အသက်ရှင်နေတဲ့ လူကိုရော ကိုက်တတ်လား?”


သာ့ခွေက ရွံ့တွန့်တွန့်နဲ့ မေးတယ် ။


“ပုံမှန်အရွယ်အစားဆိုရင်တော့ လူကို မကိုက်ဘူးပေါ့ ဒါပေမဲ့ မင်း ဒီအရွယ်အစားကိုလည်း ကြည့်ဦး သူလူကို ကိုက်လားမကိုက်လားတော့  ငါလည်းမသေချာဘူး” 

တတိယဦးလေးက တွေးရခက်စွာနဲ့ ကြည့်ရင်း … “ဒီကောင်တွေက အမြဲလိုလို လူသေကောင်တွေ ပေါများတဲ့ နေရာမှာပဲ ကပ်နေတတ်တာ ဟိုကူးဒီကူး သွားတတ်တာမျိုး မဟုတ်ဘူး ၊ ဘာလို့ အခု အုပ်လိုက်ကြီး အတူတူ ရွှေ့ပြောင်းလာရတာလဲ?”


မန့်ယိုဖျင်က ဂူအတွင်းပိုင်းဘက်ဆီ မျက်နှာမူလိုက်ရင်း ပြောတယ် ။


“ကျွန်တော့်အထင် စောစောက သူတို့ အသက်လုပြေးလာရတာဖြစ်မယ်”


“ ဟမ် ? အသက်လုပြေးလာတယ်?” ဝတုတ်တစ်ယောက် ထိတ်လန့်တကြားဖြစ်သွားပြီး “ ဒါဖြင့် ဂူထဲမှာက…..”


မန့်ယိုဖျင်က ခေါင်းညိတ်လိုက်ပြီး… 


“ အထဲထဲက အရာတစ်ခု ကျွန်တော်တို့ဆီ ဦးတည်လာနေတယ်လို့ ကျွန်တော် ခံစားမိနေတယ် ၊ ပြီးတော့ အဲဒါက အတော်လေးကြီးမားတယ်”



TBC



Translator note 

闷油瓶 - Mèn yóu píng - မန့်ယိုဖျင် - ဆီလုံပုလင်း ဆိုတာက လုံးဝ မျက်နှာသေနဲ့ စကားလည်းလုံးဝမပြောတဲ့ သူကိုခေါ်တဲ့ နာမည်ပြောင်လေးတစ်ခုပါ ။ ဒီဝတ္ထုထဲမှာ အဲဒီ ထူးဆန်းတဲ့ အစွမ်းရှိတဲ့ လူငယ်လေးကို တလျှောက်လုံးနီးပါ ဒီနာမည်ပြောင်လေးသုံးထားပါတယ် ။ အစကတော့ သူအဓိပ္ပါယ်အတိုင်း ဆီလုံပုလင်းလို့ ဘာသာပြန်ပြီး ရေးဖို့ စိတ်ကူးခဲ့ပါသေးတယ် ။ နောက်တော့ အသံထွက်ကိုပဲ ဖလှယ်ပြီး ရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဒီဝတ္ထုကို live action ရိုက်ထားတဲ့ ဇာတ်ကားတွေထဲမှာ “မျက်နှာသေ” ဆိုတဲ့ ဘာသာပြန်ချက်မျိုးလည်း တွေ့ခဲ့ဖူးပါတယ် ။ ဒီဝတ္ထုရဲ့ official english translation မှာတော့ poker face လို့ ပြန်ထားပါတယ် ။ အဲဒီ poker face ကို ရုပ်သေးမျက်နှာလို့ ဘာသာပြန်ရင်လည်း ရပေမဲ့ ကျွန်တော်ကတော့ သူ့မူရင်း အဓိပ္ပါယ်လေးကို ပိုသဘောကျနေတာကြောင့်ပါ ။ ဆီဆိုတာ အတော်အပေါက်ရှာပြီး ထွက်တတ်တဲ့ သဘောမဟုတ်လား ။ အဲဒီ ဆီတောင်လုံတဲ့ ပုလင်းဆိုမှတော့ ဘယ်လောက်တောင် လုံနေလိုက်မလဲ ။ ဒီလိုပဲ အဲဒီ ဇာတ်ကောင်လူငယ်လေးဟာ သူ့အမူအရာတွေကို လုံးဝထိန်းချုပ်ထားသလိုမျိုး သူဘာတွေးနေတယ် ဘာခံစားနေတယ် ဆိုတာ လုံးဝ မပြတတ်တဲ့ ပုံစံပါ ။ ဒါကြောင့် မူရင်းကို ပိုပြီး ထင်ဟပ်စေဖို့ ဆီလုံပုလင်းလို့ အဓိပ္ပါယ်ရတဲ့ မန့်ယိုဖျင် ဆိုတာလေးပဲ အသံထွက်တိုင်း ဖလှယ်ပြီး ရေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြောပြချင်တာပါ ။  ကျွန်တော်တို့ ဆီလုံပုလင်းလေး မန့်ယိုဖျင်နဲ့ အတူတူ ဂူဆက်တူးလိုက်ကြရအောင် ^ ^

Saturday, November 22, 2025

အပိုင်း (၃) - ကွားဇီ ဘုရားကျောင်း

 အပိုင်း ၃ - ကွားဇီ ဘုရားကျောင်း



စာလုံးတွေနဲ့ပြည့်နေတဲ့ ပုံနှိပ်ပိုးစာလိပ်ကို ကျွန်တော် ကြည့်လိုက်ပြီး တတိယဦးလေးရဲ့ မျက်နှာအမူအရာကို ထပ် ကြည့်လိုက်မိပြန်တယ် ။ သူ့ပုံစံက နောက်ပြောင်နေဟန်မတူဘူး။ မဟုတ်မှလွဲရော တတိယဦးလေးက စာလုံးတွေထဲကနေ မြေပုံကို မြင်နိုင်စွမ်းရှိတဲ့ အဆင့်အထိကို ရောက်သွားခဲ့ပြီများလား ? ဘယ်လိုပဲကြည့်ကြည့် ပုံမှန်ဆို စားလိုက်သောက်လိုက် လောင်းကစားနဲ့ မိန်းမလိုက်စားလုပ်နေခဲ့တဲ့ ဒီလူလိမ်လူကောက်ကြီးက ဘယ်လိုမှ နတ်ဘုရားဖြစ်မဲ့ အလားအလာ မရှိနိုင်ဘူးလေ ။ 


တတိယဦးလေးဟာ စိတ်လှုပ်ရှားတက်ကြွနေပြီး တုန်ယင်နေတာကိုတောင် မထိန်းချုပ်နိုင်တော့ဘူး ။ သူ့ဟာသူလည်း တတွတ်တွတ်ရေရွတ်နေသေးတယ် ။ 


“ဒီလူတွေ ဒီလောက်ကောင်းတဲ့ ပစ္စည်းကို ဘယ်ကနေများ ရလာတာလဲ ? ငါဖြင့် တစ်ခါမှ မကြုံဖူးဘူး ဒီတစ်ခေါက်တော့ တကယ်ကံကောင်းတာပဲ ၊ ကြည့်ရတာ ဒါကဘာလဲဆိုတာကို သူတို့ကောင်းကောင်းသိသေးဟန်မတူဘူး ငါတို့ သူတို့အရင် ဒီသဲကို စစ်ထုတ်လို့ရနိုင်တယ်”


ကျွန်တော် တော်တော်လေး အံ့ဩသွားရတယ်။“ တတိယဦးလေး ၊ ကျွန်တော် နည်းနည်း အ,တယ်ပဲထားပါတော့ ဒါပေမဲ့ ဦးလေးက ဒီလောက်သေးတဲ့ စာလုံးလေးတွေထဲကနေ မြေပုံကို ကြည့်လို့တတ်တယ်ပေါ့”


“ မင်းဘာနားလည်လို့လဲ ၊ ဒါကို အက္ခရာပန်းချီလို့ခေါ်တယ် နေရာတစ်ခုရဲ့ ပထဝီဝင် အနေအထား တည်နေရာအတိအကျကို စာလုံးတွေနဲ့ ရေးမှတ်ထားတာ ၊ ဒါကို တခြားသူတွေ ကြည့်လို့ နားမလည်ရင်နေမယ် ကံကောင်းထောက်မစွာပဲ မင့်တတိယဦးလေး ငါက အတွေ့အကြုံနည်းနည်းရှိတယ် ၊ ဒီလောကကြီးထဲမှာ ဒီဟာမျိုးကို ကြည့်တတ်တဲ့သူ ငါကလွဲလို့ ဆယ်ယောက်အပြင် ပိုမရှိနိုင်ဘူး”


ကျွန်တော့် တတိယဦးလေးက တခြားအရာတွေ အဖြစ်မရှိပေမဲ့ ငယ်ငယ်ကတည်းက အဲဒီထူးဆန်းအံ့ဩဖွယ်ရာကောင်းပြီး အရိုးအစဉ်အတိုင်းမဟုတ်တဲ့ ရှေးဟောင်းစာလုံးတွေနဲ့ ဝှက်စာတွေကို အတော်လေး လေ့လာခဲ့တာ ။ အချုပ်ပြောရရင် ဘယ်ဟာက အသုံးနည်း တွေ့ရခဲလဲ သူအဲဒါကို လေ့လာတော့တာပဲ ။ ရှီးရှမင်းဆက်ရဲ့ ဝူမုအက္ခရာလိုမျိုး ၊ နွေဇင်လူမျိုး ( မန်ချူးလူမျိုးတို့၏ ဘိုးဘွားများ) တွေရဲ့  အစောပိုင်းကာလ ယာအက္ခရာ မျိုးတွေကို သူအားလုံး သေသေချာချာပြောနိုင်တယ် ။ ဒါကြောင့် ဒီလျို့ဝှက်ဆန်းကြယ် အက္ခရာပန်းချီကို သူသိနိုင်တာ ကျွန်တော် သိပ်တော့ မအံ့ဩတော့ပါဘူး ။ 


ဒါပေမဲ့ သူက တစ်ယောက်ယောက်အပေါ်မှာ အခွင့်ကောင်းယူပြီး သူဘယ်လောက်လိမ္မာပါးနပ်ကြောင်း တော်ကြောင်းပြရတာကို သိပ်ကျေနပ်တတ်တဲ့ သူမျိုးပဲ ။ သူ့ရှေ့မှာဆိုရင် အ,ချင် န,ချင်ယောင်ဆောင်ရမယ် ။ မဟုတ်ရင် သူက တစ်ခွန်းမှ ဟမှာမဟုတ်ဘူး ။ ဒါကြောင့် ကျွန်တော်က အရမ်းနုံအဟန်ဆောင်ပြီး သူ့ကိုမေးလိုက်တယ် ။


“အာ .. ဒါဖြင့် အဲဒီမှာရေးထားတာက ဘယ်ဘက်ကိုသွား နောက် ညာကိုသွား ၊ ရှေ့မှာ သစ်ပင်ကြီးတွေ့ရင် ညာကိုချိုး ၊ ရေတွင်းတွေ့ရင် ခုန်ချလိုက် ? အဲ့လိုမျိုးလား?”


တတိယဦးလေးက သက်ပြင်းချလိုက်တော့တယ် ။


“ကောင်လေးက သင်ပေးလို့ကို မရဘူးပဲ မင်းရဲ့ သဘောပေါက်နားလည်နိုင်စွမ်းက ဒီလောက်ချာနေတာ ကြည့်ရတာ ငါတို့အိမ်တော့ မင်းရဲ့ ဒီမျိုးဆက်မှာ ယိုယွင်းနိမ့်ဆင်းသွားတော့မှာပဲ”


ကျွန်တော် သူ့ရဲ့ ဒီလို စိတ်ထဲက လာသယောင်ယောင် တကယ်ကြီး ဖြစ်မှဖြစ်ရလေဆိုတဲ့ သက်ပြင်းချသံကို ကြည့်ရင်း ရယ်စရာကောင်းတယ်လို့ မတွေးဘဲ မနေနိုင်ဘူး ။


“အဲဒါဖြင့် ဘယ်လိုလဲဆိုတာ ဦးလေးပြောပြလေ ၊ ကျွန်တော့်အဖေကလည်း သင်ပေးတာမဟုတ်ဘူး ၊ ဒါမျိုးက မွေးရာပါတာမျိုးမှ မဟုတ်တာ”


သူက ပီတိတဖွားဖွားနဲ့ ကျေနပ်အားရစွာ ကျွတ်ခနဲ စုတ်သတ်လိုက်ပြီး ပြောတယ် ။


“ဒီလို အက္ခရာပန်းချီမျိုးက တကယ်တော့ ဝှက်စာတစ်မျိုးပဲ ၊ သူ့မှာ တင်းကျပ်တဲ့ စံပုံစံရှိတယ် ၊ အထဲမှာ ရေးထားတဲ့ အရာတွေကို သူ့ရဲ့စံပုံစံအတိုင်း ရေးဆွဲထုတ်လိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ မြေပုံတစ်ချပ်ဖြစ်လာလိမ့်မယ် ၊ အဲဒါကြောင့် ဒီပိုးစာလိပ်ပေါ်က စာလုံးနည်းနည်းလေးလောက်ကို မင်းအထင်မသေးနဲ့ အထဲက သတင်းအချက်အလက်တွေက ဘယ်လောက်ရှုပ်ထွေးနေမယ်ဆိုတာ မသိနိုင်ဘူး ၊ ပြောမရဘူး အဲဒီနေရာမှာ အုတ်ခဲဘယ်နှစ်ချပ်သုံးထားတယ်ဆိုတာကိုတောင် ဖော်ပြရင် ဖော်ပြထားနိုင်လောက်တယ်”


ကျွန်တော် ကြားရတာနဲ့တင် စိတ်ဝင်စားလာတယ် ။ ကျွန်တော်တွေးမိတယ် ။ ငယ်ငယ်ကတည်းက အခုချိန်ထိ အိမ်မှာ ကျွန်တော့်ကို သင်္ချိုင်းဂူဖောက်တဲ့ ခရီးတွေ ဘယ်တော့မှပေးမလိုက်ခဲ့ဘူး ။ ဒီတစ်ခေါက်တော့ အမြင်လည်းကျယ်ရအောင် တတိယဦးလေးကို ခေါ်သွားခိုင်းရမယ် ။ ကျွန်တော့်ရဲ့ စီးပွားရေးကပ်ဆိုက်မှုကြီး လွန်မြောက်သွားနိုင်မဲ့ ရတနာလေးဘာလေးလည်း ရှာတွေ့နိုင်မယ်လေ ။ အဲဒီလိုတွေးရင်း ကျွန်တော် သူ့ကို မေးလိုက်တယ် ။ 


“ဒါဖြင့် အဲဒီထဲမှာရေးထားတာ ဘယ်သူ့ရဲ့ ဂူသင်္ချိုင်းလဲဆိုတာ ကြည့်လို့သိနိုင်လား ၊ ဒါမှမဟုတ် ပိုင်ရှင်က ထူးခြားတဲ့ နောက်ခံရှိတဲ့ သူလား ဘာလား ?”


တတိယဦးလေးက ကျေနပ်စွာနဲ့ ပြုံးလိုက်တယ် ။


“အခုတော့ ငါအားလုံး နားမလည်သေးဘူး ၊ ဒါပေမဲ့ ဒီသင်္ချိုင်းဂူက ထီးပြိုင်နန်းပြိုင်ခေတ်ကာလ လူနိုင်ငံရဲ့ မှူးမျိုးမတ်နွယ် တစ်ယောက်ရဲ့ဟာပဲ ၊ သူ့ရဲ့ သင်္ချိုင်းဂူကို ဒီလို လျို့ဝှက်ဖုံးကွယ်ထားတဲ့ အက္ခရာပန်းချီမျိုးသုံးပြီး ဒီပိုးစာလိပ်ပေါ်မှာ မှတ်တမ်းတင်ခဲ့တယ်ဆိုတာကို ကြည့်ချင်းအားဖြင့် ဒီလူက သေချာပေါက် တော်တော်လေး အဆင့်အတန်းမြင့်တဲ့အထဲက ဖြစ်မယ် ၊ ပြီးတော့ ဒီသင်္ချိုင်းဂူနေရာက သိပ်လျို့ဝှက်လွန်းပြီး ဖောက်ထွင်းလို့ကောင်းမဲ့ဟာမျိုးပဲ သေချာပေါက်သွားသင့်တယ်”


သူ့ရဲ့ မျက်လုံးတွေထဲမှာ တကယ်ပဲ အရောင်တွေ တဖျပ်ဖျပ်လက်နေတာကို မြင်ရတော့ ထူးဆန်းတယ်လို့ ကျွန်တော်ထင်မိတယ် ။ ဒီလူကြီးက ပုံမှန်ဆို အိမ်အပြင် ခြေတစ်လှမ်းထွက်ရမှာတောင် ပျင်းတာ မဟုတ်မှလွဲရော ဒီတစ်ခေါက် တကယ်ပဲ သူကိုယ်တိုင်သွားမလို့ စီစဉ်နေတာလား? တကယ်ကို မကြုံစဖူးပဲ ။ ကျွန်တော် ခပ်မြန်မြန်ပဲ မေးလိုက်တယ် ။


“ဘာလဲ? တတိယဦးလေးက ဒီသဲကို ကိုယ်တိုင်သွားကျင်ဖို့ စဉ်းစားနေတာလား?”


သူက ကျွန်တော့်ပုခုံးကို တဖတ်ဖတ်ပုတ်လိုက်ပြီး “ဒါကျ မင်းနားမလည်တော့ဘူး ၊ ငါမင်းကို ပြောမယ် ထန် , စုန့် , ယွမ် , မင် , ချင် မင်းဆက်ငါးဆက်က သင်္ချိုင်းဂူတွေထဲမှာ ရတနာတွေရှိတယ် ဒါပေမဲ့ အများစုက သဘာဝကတောင် မမှီနိုင်တဲ့ အလွန်လက်ရာမြောက်တဲ့အရာတွေလို့ပဲ သတ်မှတ်လို့ရတယ် ၊ ဒါပေမဲ့ ထီးပြိုင်နန်းပြိုင်ခေတ်ကာလကကျတော့ အဲဒီအချိန်က တော်ဝင်မျိုးနွယ်တွေရဲ့ ဂူတွေက ခေတ်ကာလက အရမ်းရှေးကျသွားပြီ အထဲမှာ ဘာတွေရှိတယ်ဆိုတာကို မင်းဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး ၊ အဲဒီ ထီးပြိုင်နန်းပြိုင်ခေတ်က သင်္ချိုင်းဂူတွေက အံ့ဖွယ်ထူးတဲ့ လက်ရာတွေထွက်တဲ့ နေရာတွေပဲ ၊ လူ့လောကမှာ မရှိနိုင်တဲ့ အရာတွေပေါ့ ၊ မင်းပြောကြည့် ငါ မမြင်ချင်ပဲ နေနိုင်ပါ့မလား?” 


“ဦးလေးက အဲဒီလောက်တောင်ပဲ သေချာလား? အထဲမှာ ဘာမှ မရှိတာမျိုးလည်း ဖြစ်နေဦးမယ်”


“မဖြစ်ဘူး ၊ မင်း ဒီပုံသဏ္ဌာန်ကို မမြင်ဘူးလား?” သူက ထူးဆန်းတဲ့ မြေခွေးမျက်နှာပုံကို ထောက်ပြရင်း “ဒါက လူနိုင်ငံ အစောပိုင်းကာလတုန်းက ပုံစံ ၊ အဲဒီမျက်နှာဖုံးက ဈာပနအခမ်းအနားတွေမှာ ယဇ်ပူဇော်တဲ့အခါ တပ်တဲ့ မျက်နှာဖုံး ၊ ဒီဂူသင်္ချိုင်းထဲမှာ မြှုပ်နှံထားတဲ့သူက သိပ်ထူးခြားတဲ့ အခွင့်ထူးခံ အဆင့်အတန်းမျိုးပဲ ဖြစ်မယ် ၊ ဖြစ်နိုင်တာက အဲဒီအချိန်က ဘုရင်မင်းမြတ်ထက်ကို ပိုပြီး လေးစားရတဲ့သူမျိုးဖြစ်နိုင်တယ်”


ကျွန်တော့်ပါးစပ်က လွှတ်ခနဲ ထွက်သွားမိတယ် ။


“ ဘုရင့်အဖေ”


တတိယဦးလေးက ကျွန်တော့်ကို မျက်လုံးတစ်ချက်လှန်ကြည့်ပြီး ပရင့်ထုတ်ထားတဲ့ စာရွက်ကို သိမ်းဖို့ကြိုးစားလိုက်တယ် ။ ကျွန်တော်က လက်နဲ့ ဖိချထားလိုက်ပြီး သူ့ကို ပြုံးပြလိုက်တယ် ။ 


“ တတိယဦးလေး သိမ်းဖို့ မလောပါနဲ့ဦး ဘယ်လိုပဲ ပြောပြော ဒီပစ္စည်းက ကျွန်တော် ရလာတာလေ ဒီတစ်ခေါက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဦးလေး ကျွန်တော့်ကို ခေါ်သွားပြရမယ်”


သူက အကျယ်ကြီး ထအော်တော့တယ် ။


“ မဖြစ်ဘူး ! ဒီသဲကျင်တယ်ဆိုတာက ဒီလောက် လွယ်ကူနေတာမဟုတ်ဘူး ၊ အဲဒီမှာ လေဝင်လေထွက် ကောင်းတာမဟုတ်ဘူး ပြီးတော့ ထောင်ချောက်တွေကလည်း များသေးတယ် ကြိုက်တဲ့အချိန် နားနေလို့ ရတာမျိုး မဟုတ်ဘူး ၊ မင်းက မင်းအဖေရဲ့ တစ်ဦးတည်းသော မျိုးဆက် ၊ မင်းသာ တစ်ခုခုဖြစ်သွားရင် မင်းအဖေက ငါ့ကို အရှင်လတ်လတ် အရေခွံနွှာလိမ့်မယ်”


ကျွန်တော်လည်း ခပ်ကျယ်ကျယ် အော်လိုက်တယ် ။


“ အဲဒါဖြင့် နေပလေ့စေတော့ ! ကျွန်တော် မလာခဲ့ဘူးလို့ပဲ မှတ်လိုက် !”


ပြောပြီးတာနဲ့ သူ့လက်ထဲက အဲဒီစာရွက်ကို ဆွဲယူပြီး လှည့်ထွက်လာခဲ့လိုက်တယ် ။ 


တတိယဦးလေးလိုလူမျိုးကို ကျွန်တော်ကောင်းကောင်းသိတာပေါ့ ။ ကိုယ်သဘောကျနှစ်ခြိုက်တဲ့ အရာမျိုးနဲ့ တွေ့တဲ့အခါတိုင်း မူဝါဒ စည်းမျဉ်းဆိုတာမျိုး တစက်ကလေးမှ မရှိတော့တာလေ ။ ရှေးဟောင်းပစ္စည်းတွေ့ရင်လည်း အဲ့ဒီလိုပဲ ။ မိန်းမတွေ့ရင်လည်း အဲဒီလိုပဲ ။ ကျွန်တော် ဒီပြစ်ချက် အတိအကျကို နည်းနည်းလောက် လှုပ်ကိုင်လိုက်တာနဲ့ တကယ်ပဲ ဘယ်နှစ်လှမ်းမှ မလှမ်းရသေးဘူး သူက လက်နက်ချ အရှုံးပေးလိုက်ပြီး ပြေးလိုက်လာကာ ကျွန်တော့်လက်ထဲက စာရွက်ကို လှမ်းဆွဲလိုက်ရင်း : “ အေးပါ အေးပါ အေးပါ မင်းပဲ တော်ပါပေတယ် ၊ ဒါပေမဲ့ ငါတို့ သေချာပြောထားမယ်နော် ငါတို့ ဂူထဲကို ဆင်းတဲ့အခါကျ မင်းအပေါ်မှာပဲ နေခဲ့ရမယ် နားလည်လား?”


ကျွန်တော် ချက်ချင်း ကျေနပ်ပီတိ ဂွမ်းဆီထိသွားပြီး စိတ်ထဲက ပြောလိုက်မိတယ် ။ 


[ အဲဒီအချိန်ကျတော့ ကျွန်တော်လိုက်ဆင်းရင် ဦးလေး ဆွဲထားနိုင်မှာ မလို့လား?]


အပြင်ပန်းကတော့ ခေါင်းမြန်မြန်ညိတ်ပြီး : “ တခွန်းဆို တခွန်းပဲ ! ခရီးထွက်တာနဲ့ ဦးလေးပြောတာ အားလုံး နားထောင်မယ် ၊ ဦးလေး လုပ်ခိုင်းတာ အကုန်လုပ်မယ်”


တတိယဦးလေးက ကူကယ်ရာမဲ့ဟန် သက်ပြင်းဖွဖွထပ်ချလိုက်ပြီး ပြောတယ် ။ 


“ ငါတို့ နှစ်ယောက်တည်းနဲ့တော့ အလုပ်မဖြစ်ဘူး ၊ ငါ မနက်ဖြန် အတွေ့အကြုံရှိတဲ့ သူတချို့ ထပ်ဆက်သွယ်လိုက်မယ် ၊ ငါ ဒီရက်ပိုင်း ဒီအက္ခရာပန်းချီကို ဝှက်စာဖော်မယ် မင်းငါ့ကို ပစ္စည်းတွေ ဝယ်ခြမ်းပေး”


သူက ပြောရင်း မှတ်စုတစ်ရွက် ခပ်မြန်မြန်ရေးပြီး ကျွန်တော့်ကိုပေးတယ် ။ 


သူကပြောလာတယ် ။ “ အတုတွေ လုံးဝ ဝယ်မလာနဲ့နော် ပြီးတော့ အပျော်ခရီးထွက်မဲ့ အဝတ်အစားအသုံးအဆောင် ပစ္စည်းအစုံ ပြင်ဆင် မဟုတ်ရင် နေရာမရောက်ခင်ကို ငါတို့ အရင် အဖမ်းခံရလိမ့်မယ်” 


ကျွန်တော် သဘောတူကြောင်း ခေါင်းညိတ်လိုက်ပြီးနောက် ကိုယ်စီကိုယ်စီ အလုပ်တွေကို ခွဲဝေရင်း အလုပ်များကြတော့တယ် ။ 


တတိယဦးလေး လိုချင်တဲ့ ပစ္စည်းတွေက တော်တော်ဆိုးတယ် ။ ကျွန်တော့်ကို တမင်တကာ အခက်တွေ့အောင် လုပ်တာလားလို့တောင် ထင်မိတယ် ။ ဘာလို့လဲဆိုတော့ ဒီစာရင်းပေါ်မှာ ရှိနေတဲ့ ပစ္စည်းတွေက သာမန် ဆိုင်တွေပေါ်မှာ တကယ်မရှိဘူး ။ ဥပမာ split-type ရေစိမ်ခံ သတ္တုတွင်းသုံး မီးအိမ် ၊ စပရိန် စတီးပိုက် ၊ မြေစစ်တဲ့ တူရွင်းပြား ၊ ဘက်စုံသုံး စစ်သုံးဓား ၊ ခေါက်ဂေါ်ပြား ၊ လက်ကိုင်တို တူ ၊ ပတ်တီးလိပ် ၊ နိုင်လွန်ကြိုး စသည် စသည် ။ ပစ္စည်း တစ်ဝက်လောက် ဝယ်ပြီးချိန် ကျွန်တော့်မှာ ယွမ် တစ်သောင်းနီးနီးကုန်သွားခဲ့တယ် ။ စိတ်ထဲမှာတော့ ဒါက ရင်နာရတာလို့ ခေါ်တယ်လို့ တွေးမိရင်း ဟိုမြေခွေးအိုကြီးကို ဆဲရေးလိုက်မိတယ် ။ သူ့အမေကြီးတော်နဲ့မှ ဒီလောက်ပိုက်ဆံရှိနေတာတောင် ဒီလောက် ကပ်စေးနဲနေသေးတယ် !


သုံးရက်ကြာပြီးတဲ့နောက် ကျွန်တော်ရယ် ကျွန်တော့်တတိယဦးလေးရဲ့ သဲကျင်တဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း နှစ်ယောက်ရယ် ၊ နောက် ဟိုနေ့က တတိယဦးလေးဆီက နဂါးကျောရိုးပစ္စည်းကို ဝယ်သွားတဲ့ လူငယ်လေးရယ် စုစုပေါင်း ငါးယောက်ဟာ ရှန်းတုံးက ကွားဇီဘုရားကျောင်းရဲ့ အနောက်ဘက် လီတစ်ရာကျော်ပိုပိုလောက်ဝေးတဲ့ နေရာဆီကို ရောက်လာခဲ့ကြတယ် ။ 


ဒီနေရာအကြောင်းကို ပြောမှ… ဘယ်လိုပြောရမလဲ ၊ ဘာမှမရှိတဲ့ နေရာတစ်ခုလို့ပဲ ပြောရတော့မယ် ။ ကျွန်တော်တို့ အရင်ဦးဆုံး ကားအကြာကြီး စီးခဲ့ရတယ် ။ နောက်တော့ mini bus အကြာကြီး စီးရတယ် ။ နောက်တော့ မော်တော်ဆိုင်ကယ် အကြာကြီးစီးရတယ် ။ နောက်တော့ နွား ။ ကျွန်တော်တို့ နောက်ဆုံး နွားလှည်းပေါ်ကနေ ဆင်းလိုက်ပြီးတဲ့အချိန် ရှေ့တူရူကို ကြည့်လိုက်တဲ့အခါ ဘယ်ကိုကြည့်ကြည့် ညာကိုကြည့်ကြည့် ဘာမှမရှိဘူး ။ အဲဒီနောက် ဟိုးအရှေ့ကနေ ခွေးတစ်ကောင်ပြေးလာတာကို တွေ့လိုက်ရတယ် ။ ကျွန်တော့် တတိယဦးလေးက သူခေါ်လာတဲ့ လမ်းပြကို ပုခုံးတစ်ချက်ပုတ်ပြီး ပြောလိုက်တယ် ။ 


“ အဘိုး နောက်ခရီးက ဒီခွေးစီးသွားရမှာလား ? ဒီခွေးကတော့ မနိုင်လောက်ဘူးထင်တယ်”


“ မဟုတ်ပါဘူး” အဘိုးကြီးက ရယ်တယ် ။ “ ဒီခွေးက သတင်းလာပေးတာပါ ဒါက နောက်ဆုံးခရီးပဲ ဘာကားမှမရှိတော့ဘူး လှေပဲစီးရတော့မှာ အဲဒီခွေးက လှေခေါ်လာပေးမှာလေ”


“ဒီခွေးက ရေကူးတတ်တယ်လား?”


“ရေကောင်းကောင်းကူးတတ်တယ် ရေကောင်းကောင်းကူးတတ်တယ်” အဘိုးကြီးက ခွေးကို ကြည့်လိုက်ရင်း “ လွီတန့်တန့် ရေကူးပြလိုက်စမ်း”


အဲဒီခွေးက တကယ် အကင်းအညှာပါးတယ် ။ မြစ်ထဲ တကယ်ခုန်ချလိုက်ပြီး တပတ်ကူးပြလိုက်တယ် ။ ပြန်တက်လာပြီးနောက် အမွှေးတွေကို ခါလိုက်ပြီး မြေပေါ်ဝပ်ကာ လျှာကို အပြားလိုက်ထုတ်ပြထားတယ် ။ 


“ အခုက သိပ်စောနေသေးတယ် ၊ လှေသမားက အလုပ်မစသေးဘူးထင်တယ် ငါတို့ခဏနားပြီး ဆေးလိပ်လေးဘာလေး သောက်တာပေါ့”


ကျွန်တော်က နာရီကိုကြည့်လိုက်ပြီး “ နေ့လည် နှစ်နာရီတောင်ဖြစ်နေပြီ အလုပ်မစသေးဘူးဆိုတော့ အဘိုးလှေသမားက ဘယ်ချိန်လုပ်ပြီး ဘယ်ချိန်နားတာတုံး?”


“ငါတို့ ဒီမှာ လှေသမားက သူတစ်ယောက်ပဲရှိတာ သူက တော်တော်တော့ တော်တယ် ၊ သူထတဲ့အချိန်က အလုပ်လုပ်တဲ့အချိန်ပဲ တခါတလေ တနေကုန် အလုပ်မလုပ်တာလည်း ရှိတယ် လူကို တကယ်ပဲ အလောသုံးဆယ် ဖြစ်စေတယ်”


အဘိုးကြီးက ရယ်မောရင်း : “ မတတ်နိုင်ဘူးလေ ဒီမြစ်စောင့်နတ်မင်းကြီးက သူ့ကိုပဲ မျက်နှာသာပေးတာကို ကျန်တဲ့သူတွေကိုဆို လှိုဏ်ထဲဝင်သွားတာနဲ့ ပြန်ထွက်မလာနိုင်တော့ဘူး သူပဲ ဘာမှမဖြစ်တာ ၊ တကယ်လို့ မင်းတို့ လားစီးနိုင်ရင်တော့ တောင်ပေါ်ကနေ ပတ်သွားလို့ရတယ် ၊ နောက်တစ်ရက်နေတော့ ရောက်မှာပေါ့ ၊ ဒါပေမဲ့ မင်းတို့ ပစ္စည်းဒီလောက်အများကြီးနဲ့ကျ ငါတို့ရွာက လားတွေနဲ့ မလောက်နိုင်လောက်ဘူး”


“ဪ”


တတိယဦးလေးက လှိုဏ်ဂူလို့ကြားလိုက်တာနဲ့ ချက်ချင်း လှုပ်ရှားလာပြီး သေသေချာချာ ဘာသာပြန်ထားတဲ့ မြေပုံကို ထုတ်ယူလိုက်တယ် ။ အဲဒီမြေပုံကို သူက ရတနာတပါးလို သဘောထားပြီး ကျွန်တော့်ကို တချက်ကလေးတောင် ပေးကြည့်ခဲ့တာ မဟုတ်ဘူး ။ သူထုတ်လာတာနဲ့ ကျွန်တော်တို့ဟာ ချက်ချင်း သွားဝိုင်းကြည့်ကြတယ် ။ ဟိုကောင်လေး တစ်ယောက်တည်းသာ အသံမထွက် မတုန်မလှုပ် ကျောက်ရုပ်ပမာ ဘေးတစ်ဖက်မှာ ထိုင်ကျန်နေခဲ့တယ် ။ 


အမှန်အတိုင်းပြောရရင် ကျွန်တော့် တတိယဦးလေးရဲ့ အပေါင်းအဖော်နှစ်ယောက်က သိပ်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတယ် ။ တကယ် စိတ်ရင်းမှန်တဲ့သူတွေပဲ ။ အဲဒီလူကဖြင့် ဘာဆိုဘာမှ ထွက်ကျမလာနိုင်တဲ့ ဆီလုံပုလင်းလိုလိုနဲ့ တလမ်းလုံး ဘာသံမှကို မထွက်ဘူး ။ ကောင်းကင်ကြီးကိုပဲ တစိုက်မတ်မတ်မော့ကြည့်နေတာ ကောင်းကင်ပြိုကျလာမှာကို စိုးရိမ်နေသလိုလိုနဲ့ ။ တော်တော် အမြင်ကပ်စရာကောင်းတယ် ။ ကျွန်တော် အစောပိုင်းကတော့ သူနဲ့ စကားနည်းနည်း သွားပြောသေးတယ် ။ နောက်တော့ လုံးဝကို အာရုံမထားတော့ဘူး ။ တတိယဦးလေးက သူ့ကို ဘာလုပ်ဖို့ခေါ်လာမှန်း တကယ် နားကိုမလည်ဘူး ။ 


“လှိုဏ်ဂူရှိတယ်.. တကယ်မြစ်ထဲက ဂူတစ်လုံးပဲ ၊ ဒီတောင်ရဲ့ နောက်ဘက်မှာ”


တတိယဦးလေးကပြောတယ် ။


“ ဘယ်လိုလဲ အဘိုး ဒီလှိုဏ်ဂူက လူစားတယ်လား?”


အဘိုးကြီးက ခပ်ဟက်ဟက်ရယ်တယ် ။ 


“ ဒါက ဟိုးအရင် ရှေးက မျိုးရိုးစဉ်ဆက်လိုက် ပြောလာကြတဲ့ စကားတွေပါပဲ ငါလည်း သေသေချာချာ မမှတ်မိတော့ပါဘူး ၊ အဲဒီမြစ်ကြောင်းလမ်းမပေါက်သေးတဲ့ အချိန်တုန်းကပေါ့ ရွာထဲက အားလုံးပြောကြတာတော့ အထဲမှာ မြွေမိစ္ဆာရှိတယ်တဲ့ ဝင်သွားတဲ့သူတိုင်း ပြန်ထွက်မလာနိုင်ကြဘူး ၊ နောက်တော့ တနေ့မှာ လှေသမားအဘိုးကြီး တစ်ယောက် အဲဒီဂူထဲကနေ လှေလေးနဲ့ ထွက်လာခဲ့တယ် ပြောတာတော့ အပြင်ဘက်ကလာတဲ့ နယ်လှည့်စျေးသည်ပါတဲ့ မင်းပဲပြောကြည့် ဘယ်နယ်လှည့်စျေးသည်က ဒီလိုလှေလေးနဲ့ အပြင်ကနေ လာရောင်းမှာမလို့လဲ ? အားလုံးကတော့ သူက မြွေမိစ္ဆာ အယောင်ဆောင်ထားတာလို့ ပြောကြတာပဲ ၊ အဘိုးကြီးက ရယ်မောပြီး ဒီလှေလေးက သူ ဘေးရွာကနေဝယ်လာတာလို့ ပြောတယ် ၊ မယုံရင် ဘေးရွာကို သွားမေးကြည့်တဲ့ ၊ သူတို့တွေ သွားမေးကြည့်ကြတော့ တကယ်ပဲ အဲဒီလိုဖြစ်နေတယ် ၊ အဲဒီတော့မှ တခြားသူတွေက ယုံသွားကြတယ် ၊ ဂူထဲမှာရှိတဲ့ မြွေမိစ္ဆာလည်း ပျောက်ကွယ်သွားပြီလို့ ထင်သွားကြတယ် ၊ အကျိုးဆက်ကတော့ သတ္တိကောင်းတဲ့ လူငယ်တသိုက် ဂူထဲကို စူးစမ်းဖို့ ဝင်သွားကြတာ ပြန်ထွက်မလာတော့ပြန်ဘူး ၊ အဲဒီအချိန်ကစပြီး သူ့အိမ်ကလူပဲ ဝင်လို့ ထွက်လို့ရတယ် ၊ မင်းပြောကြည့် ဒါက မထူးဆန်းလွန်းဘူးလား ? နောက်တော့ သူတို့အိမ်က အဲဒီလုပ်ငန်းတစ်ခုပဲ လုပ်ကြတော့တာ ဒီနေ့အချိန်အထိပဲ”


“ ဒါဖြင့် အဲဒီခွေးကရော ဘာမှ မဖြစ်ဘူးလား ?”


ကျွန်တော် နားမလည်နိုင်ဖြစ်သွားပြီး မေးလိုက်တယ်။ 


“ သူ့ကို သတင်းပေးအဖြစ်သုံးနေတာ မဟုတ်ဘူးလား?”


“ အဲဒီခွေးကလည်း သူတို့အိမ်က မွေးထားတာပဲလေ တခြားအိမ်ကဆို ခွေးမပြောနဲ့ နွားဝင်သွားတောင် ပြန်ထွက်မလာဘူး”


“ဒီလောက်ထူးဆန်းတဲ့ ကိစ္စကြီးကို အစိုးရကို ဘယ်သူမှ သတင်းမပို့ဘူးလား?”


“ပြောရင်လည်း ယုံကြဦးမှကိုး”


အဘိုးကြီးက ဆေးတံကို မြေကြီးပေါ် ခေါက်ချလိုက်တယ် ။ 


တတိယဦးလေးက မျက်မှောင်ကြုတ်ရင်း လက်ခုပ်တီးခေါ်လိုက်တယ် ။ 


“ လွီတန့်တန့် လာခဲ့”


အဲဒီခွေးက အတော်လေးစကားနားထောင်တယ် ။ ဖင်လေး ယမ်းတန်း ယမ်းတန်းနဲ့ ပြေးလာတယ် ။ တတိယဦးလေးက သူ့ကို ကောက်ချီ နမ်းကြည့်လိုက်ပြီးနောက် မျက်နှာ အမူအရာပြောင်းလဲသွားတယ် ။ 


“ မဟုတ်လောက်ပါဘူး…  ဂူထဲမှာ အဲဒါ ရှိနေတာလား ?”


ကျွန်တော်လည်း ကောက်ချီပြီး နမ်းကြည့်လိုက်တော့ ခွေးရဲ့ အနံ့ဆိုးကြောင့် ကျွန်တော့်မှာ ချောင်း တဟွတ်ဟွတ်ဆိုးသွားရတယ် ။ ခွေးပိုင်ရှင်ကလည်း တော်တော် အပျင်းကြီးတာပဲ ခွေးကို ရေမချိုးပေးတာ ဘယ်လောက်တောင် ကြာနေပြီလဲမသိဘူး ။ 


ဖန်းကျစ်လို့ခေါ်တဲ့ တတိယဦးလေးရဲ့ နောက်လိုက် တစ်ယောက်က တဟားဟားနဲ့ ထရယ်တယ် ။


“ မင်းက မင်းရဲ့ တတိယဦးလေးဆီက သင်ယူချင်ပေမဲ့ သိပ်နုသေးတယ်”


“ ဒီခွေးက ဘာလို့ ဒီလောက်နံနေရတာတုံး”


ကျွန်တော်က အော်ကလီဆန်စွာနဲ့ ဗျစ်တောက် ဗျစ်တောက် ပြောမိတယ် ။ 


“ ဒီခွေးက ငယ်ငယ်တုန်းက လူသေအသားတွေစားပြီး ကြီးလာတာ” တတိယဦးလေးက ပြောတယ် ။ 


“အဲဒါက အလောင်းဂူပဲ ၊ သွားလို့ရမဲ့ အချိန်ကို စောင့်ရတာ မအံ့ဩတော့ပါဘူး ပြောမရဘူး အဲဒီလှေသမားလည်းပဲ ငယ်တုန်းက… .”


“ မဟုတ်လောက်ပါဘူး!”


ကျွန်တော် လန့်လွန်းလို့ ကြက်သီးမွေးညှင်းတွေတောင် ထောင်ထလာတယ် ။ ကျွန်တော့်ရဲ့ အဲဒီစကားတစ်ခွန်းကြောင့် ဟိုအသံတစ်စက်မှ မထွက်တဲ့ ကောင်လေးတောင်မှ မျက်နှာ အမူအရာပြောင်းသွားခဲ့တယ် ။ 


ကျွန်တော့် တတိယဦးလေးရဲ့ နောက်လိုက် နောက်တစ်ယောက်က လူထွားကြီးတစ်ယောက်ပဲ ။ ကျွန်တော်တို့က သူ့ကို အားခွေလို့ခေါ်ကြတယ် ။ သူ့ ကိုယ်ခန္ဓာ အရပ်အမောင်းကဖြင့် လှည်းဆွဲတဲ့ နွားတစ်ကောင်လောက်ကို ထွားကြိုင်းတာကို သတ္တိကတော့ နည်းလွန်းတယ် ။ သူက လေသံတိုးတိုးလေးနဲ့ မေးတယ် ။


“ အဲဒီအလောင်းဂူဆိုတာ ဘာကြီးတုံး ? ဝင်သွားရင် ပြဿနာဖြစ်မှာလား?”


“ မသိဘူး ၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတော့ ငါ ရှန်းရှီးက ထိုက်ယွမ်မှာ ရှိတုန်းက ဒီလို ဂူမျိုး တခုတွေ့ခဲ့ဖူးတယ် ၊ အဲဒီနေရာက ဂျပန်တွေ အစုလိုက်အပြုံလိုက် သတ်ပြီး စုပုံထားတဲ့ နေရာပဲ ဘယ်လိုပဲ ပြောပြော အလောင်းဂူရှိတဲ့ နေရာတွေကတော့ အစုလိုက်အပြုံလိုက် သတ်တာတွေ ရှိတာပဲ ၊ အဲဒါကတော့ သေချာတယ် ၊ အဲဒီတုန်းက အဲဒီမှာ လက်တွေ့စမ်းသပ်မှုတွေ လုပ်ခဲ့ကြတယ် ၊ ခွေးတို့ ဘဲတို့ ဖောင်ပေါ်တင် ကင်မရာတပ်ပြီး တွန်းလွှတ်လိုက်ကြတာ ဂူပေါက်က အလွန်ဆုံးရှိလှ ကီလိုမီတာ အနည်းငယ်လောက်ပေါ့ ငါလည်း ကေဘယ်ကြိုးကို လုံလောက်အောင်ကို အရှည်ထားထားတာပဲ ဒါပေမဲ့ ကေဘယ်သာကုန်သွားတယ် ဖောင်ကထွက်မလာသေးဘူး ၊ အထဲမှာလည်း မည်းလိုက်တာမှောင်လို့ ဘယ်ကိုထိမျောသွားမှန်းလည်း မသိဘူး နောက်တော့ ဖောင်ကို ပြန်ဆွဲထုတ်ဖို့ပဲ စဉ်းစားကြပြီး ဆွဲထုတ်တာ ဘယ်လောက်မှတောင် မဆွဲရသေးဘူး ဖောင်က ရုတ်တရက် မှောက်သွားတာ နောက်တော့…..”


တတိယဦးလေးက ပုခုံးတွန့်လိုက်ပြီး “ နောက်ဆုံးမှာ မျက်နှာ တစ်ဝက်ပဲ တွေ့လိုက်ရတယ် ကင်မရာနဲ့ သိပ်ကပ်လွန်းအားကြီးနေတော့ ခွေးလား ဘာလား ဆိုတာကို သေချာမမြင်လိုက်ရဘူး ၊ ဒီလိုဂူမျိုးကိုဖြတ်ဖို့ဆိုရင် ရှေးတုန်းကတော့ သေသူနဲ့ ရှင်သူ အတူတူသွားရတယ် ၊ သက်ရှိပဲ သွားမယ်ဆိုရင်တော့ ထွက်မလာနိုင်ဘူး ! ဒါပေမဲ့ ပြောသံကြားဖူးတာက ရှန်းရှီးဘက်က နေရာတစ်ခုမှာ လူတွေက ကလေးတွေကို ငယ်ငယ်ကတည်းက လူသေအသားကို ကျွေးပြီး သူတို့ရဲ့ ကိုယ်ခန္ဓာထဲမှာ အလောင်းကောင်ရဲ့ အငွေ့အသက်ကို စုထားလေ့ရှိတယ်တဲ့ ကြီးပြင်းလာတော့ သေသူနဲ့ မခြားတော့ဘူး တစ္ဆေတောင် သူတို့ကို မမြင်တွေ့နိုင်ဘူးတဲ့ ၊ အဘိုး ခင်ဗျားရဲ့ လှေသမားက ရှန်းရှီးက လာတာလား?”


အဘိုးကြီးရဲ့ မျက်နှာ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ခေါင်းကို ခါယမ်းလိုက်ရင်း ပြောတယ် ။ 


“မသိဘူးလေ အဲဒါက လှေသမားရဲ့ ဘိုးဘေးခေတ်တုန်းက ကိစ္စတွေ ငါတို့နဲ့က ခေတ်ကာလချင်းလည်း မတူကြတော့ဘူးကိုး”


ပြောရင်းနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ခွေး လှမ်းခေါ်လိုက်တယ် ။ 


“ လွီတန့်တန့် မင်းအိမ်ကလှေကို သွားခေါ်ချည်သွား !”


ခွေးက တစ်ချက်ဟောင်ကာ ရေထဲခုန်ချပြီး တောင်နောက်ဘက်ကို ရေကူးသွားတော့တယ် ။ 


အဲဒီအချိန် တတိယဦးလေးက ဖန်းကျစ်ကို မျက်ရိပ်ပြလိုက်တာ ကျွန်တော်မြင်လိုက်တယ် ။ ဖန်းကျစ်က ခရီးဆောင်ပစ္စည်းအထုတ်အပိုးတွေကြားက ကျောပိုးအိတ်တစ်လုံးကို တိတ်တဆိတ်သွားယူပြီး ကျောမှာ ပိုးထားလိုက်တယ် ။ တစ်ဖက်မှာ ထိုင်နေတဲ့ လူငယ်လေးကလည်း ထရပ်လာပြီး ပစ္စည်းထုတ်တွေကြားက သူ့ရဲ့ အိတ်ကို ယူလိုက်တယ် ။ ဖန်းကျစ်က ကျွန်တော့်နားက ဖြတ်သွားချိန် ဟန်ကျိုးလေသံနဲ့ စကားတစ်ခွန်း တိုးတိုး ပြောလာတယ် ။ 


“ ဒီအဘိုးကြီးက ပြဿနာရှိတယ် သတိထား”




TBC 



အပိုင်း (၆) - အလောင်းကျင်း

  အပိုင်း ၆ - အလောင်းကျင်း ကျွန်တော်တို့ လှေကိုရပ်လိုက်ကြတယ် ။ ဒါက ဂူရဲ့ အန္တရာယ်အရှိဆုံး အပိုင်း ဖြစ်လိမ့်မယ် ။ ကျွန်တော်တို့ ဘာမှ သေချာ မပ...